တရားလုံးစုံ။ အကုန်သိမြင်၊ ဘုရားရှင်ဂုဏ်၊ စိတ်ဝယ်ထုံထား၊ နှလုံးသား ဘုရားတည်ပါ၏။

+လူ့နှလုံးသား၊ ဘုရားမတည်၊ စိတ်ရှုတ်ဖွယ်၊ တကယ်ပူလှ၏။

+ နှလုံးသားဝယ်၊ ဘုရားတည်ငြား၊  လူ့စွမ်းအား၊ ထူးခြားမြင့်တက်၏။

တစ်ခါတုံးက ရွာတစ်ရွာမှာ“ဖိုးထိန်”ဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ “ဘုရားတည်ရန်” ဆိုတဲ့ အတိတ်နဲ့ ထီထိုးသတဲ့၊ ထီဖွင့်တော့ တစ်သိန်းဆု ပေါက်တယ်၊ သူ့ရည်ရွယ်ချက်ရှိတဲ့အတိုင်း ဘုရားတည်ဖို့ စီစဉ်တယ်။ မြေတစ်နေရာ ငါးသောင်း ပေးဝယ်လိုက်တယ်။ ကျန်ငါးသောင်းနဲ့ မတည်ပြီး ဘုရားတည်မယ်ပေါ့။

 

မြေ၀ယ်ပြီးတာနဲ့ လူရှုတ်တစ်ယောက်က “ ဒီမြေနေရာ သူပိုင်ပါတယ်”ဆိုပြီး အမှုလာလုပ်တယ်၊ ဖိုးထိန်တစ်ယောက် အလုပ်တွေ ရှုပ်သွားတယ်၊ မခံချင်စိတ်နဲ့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အမှုရင်ဆိုင်လိုက်ရတာ ဘုရားတည်ဖို့ထားတဲ့ ငွေငါးသောင်း အကုန်ပြုတ်ပဲ၊ ဒါတင်မကဘူး၊ နောက်ထပ် လက်ထဲ မှာရှိတဲ့ ငွေငါးသောင်းလောက်လဲ ကုန်သွားပြန်တယ်။ ဖိုးထိန် တစ်ယောက် စိတ်ဓာတ်ကျလိုက်တာ၊ စိတ်ညစ်လိုက်တာ၊ “ဘုရားတည်ဖို့ ထီထိုးတာ ထီလဲပေါက် ရက်သားနဲ့ ငါကြံစည်သလို တစ်ခုမှ မဖြစ် အနှောင့်အယှက်တွေနဲ့သာ ရင်ဆိုင်နေ ရတယ်၊ အမှုတွေရှုတ် အလုပ်တွေရှုတ် တယ်လဲ စိတ်ညစ်ဘို့ကကောင်းပါလား”ဆိုပြီး အတော် စိတ်ဆင်းရဲနေ ရှာသတဲ့။

တစ်နေ့တော့ ဘုန်းကြီးကျောင်း ရောက်သွားတယ်။ ဘုန်းတော်ကြီးက ဦးတိဿတဲ့၊ လူဆိုတာ ကိုယ့်စိတ်ထဲ ရှိနေတဲ့ အလုံးအခဲတွေကို သူများ ရှေ့ပြော ချလိုက်ရရင် ရှင်းသွား သလို ဖြစ်တတ်တယ်။ ဖိုးထိန်လဲ သူ့စိတ်ထဲက အလုံးအခဲတွေကို ဘုန်းကြီးရှေ့ အန်ထုတ်တော့တာပဲ၊  သူ့အကြောင်း အရာကို လျှောက်ထားပြတယ်။

“ဘုန်းကြီးဘုရား.. တပည့်တော် ဘုရားတည်ဖို့ ထီထိုးတာ ထီပေါက်တယ်ဘုရာ့၊ ဘုရားတည်မည်လုပ်တော့ အမှုတွေဖြစ် အလုပ်တွေ ရှုတ်ကုန် တယ်ဘုရား၊ တပည့်တော် စိတ်ကူးသလို ဖြစ်မလာတော့ စိတ်ဆင်းရဲပြီး စိတ်ဓာတ်တွေ ကျနေတယ်ဘုရား၊ ဘုရားတည် ချင်စိတ်တောင် မရှိ တော့ပါဘူးဘုရား”။

ဒီတော့ ဘုန်းကြီးဦးတဿက “ဟဲ့ ဖိုးထိန် ဘာလုပ်ဖို့ ဘုရားတည်ချင်ရတာလဲ” ”ကုသိုလ် လိုချင်လို့ဘုရား” ကုသိုလ်လိုချင်လို့ ဘုရားတည်ချင်ရင် လွယ်ပါတယ်ဖိုးထိန်ရယ်၊ ဘုရားတကယ်တည်ချင်ရင် ငွေလဲမလိုပါဘူး၊ မြေလဲ မလိုပါဘူးကွ၊ ငွေမပါဘဲ မြေမပါဘဲ ကုသိုလ်ရအောင် ဘုရားတည်လို့ ရတယ်ကွ” လို့ဆိုတော့ ဖိုးထိန်က “အား.. ဘုန်းကြီး ဘုရား ငွေမရှိဘဲ မြေမရှိဘဲ ဘယ်လိုလုပ်ပြီး ဘုရားတည်လို့ ဖြစ်မျာလဲဘုရား အမိန့်ရှိပါဦးဘုရား”

“သြော်… မင်းမှာ နှလုံးသားမြေကြီး ရှိသားပဲကွ၊ ဘယ်သွားဝယ်စရာလိုသေးလဲ၊ နှလုံးသား မြေကြီးကို သဒ္ဓါ ပညာ သတိနဲ့ ချက်ချင်း ရှင်းလိုက်စမ်းပါ။ ဘာမှမခက်ဘူး၊လွယ်လွယ်လေးရယ်၊ မင်း နမောတဿ ဆိုတတ်တယ်နော်”ဆိုတတ်ပါတယ်ဘုရား၊ တပည့်တော် ငယ်ငယ်ကလေး ကထဲက ရနေတာပဲ”

“အေး ဒါဆိုရင် ပါးစပ်ထဲတင် ပြန်ထွက် သွားမယ့် နမောတဿ မဖြစ်စေနဲ့ကွ၊ တကယ့် သက်တော်ထင်၇ှားဘုရားရဲ့ ဂုဏ်တွေထိ အာရုံပြုပြီး လေးလေး နက်နက် နှလုံးသားထဲ စွဲမြဲ အောင် အာရုံပြုလိုက်စမ်း၊ အဲဒါ ဘုရားတည်တာပဲကွ”

“သရဏဂုံ(၃)ပါးကော ဆိုတတ်ရဲ့လားဖိုးထိန်” “ တပည့်တော် ငယ်ငယ်ကလေးက စဆိုတတ်ပါတယ်ဘုရား” “ အေး… အဲဒီ သရဏဂုံလဲ ပါးစမ်းဖျား တင်ပြန်ထွက်သွားမယ့် သရဏဂုံ မဖြစ်စေရဘူးကွဲ့၊ သဒ္ဓါ၊ တ၇ားနဲ့ ယုံယုံကြည်ကြည် ပညာတရားနဲ့  လေးလေး နက်နက် သတိတ၇ားနဲ့ စူးစူးစိုက်စိုက် နှလုံးသားထဲမှာ အာရုံယူပြီးမှ ဆိုရတယ်၊ အဲဒါ ဘုရား တည်တာပဲဖိုးထိန်”။

“ပြီးတော့ ဣတိပိ သော ဘဂ၀ါလည်းရတယ် ထင်ပါရဲ့” “ ရပါတယ်ဘုရား၊ ကျောင်းသားက လေး ဘ၀ကစ ရနေတာပါ” “ဒါဖြင့် မင်းမှာ ဘာမှလည်း ထူးပြီး စာကျက်စရာလဲ မလိုပါလားကွ၊ သဒ္ဓါ ပညာ သတိ အရင်းအနှီးလေးစိုက်ပြီး စိတ်နှလုံးထဲ ရောက်အောင် လေးလေးနက်နက် အာရုံယူပြီးမှ ဆိုရင် နှလုံးသား ဘုရားတည်တာ ပဲကွဲ့”။

“မြေကြီးပေါ် ဘုရားတည်တာက အရင်းအနှီးအများကြီး စိုက်ရတယ်။ ကိရိယာ တန်ဆာ ပလာ အဆောက်အဦးတွေ အများကြီးစုဆောင်း ရှာဖွေရတယ်။ နှလုံးသားထဲ ဘုရားတည်တာက ကိရိယာ တန်ဆာ ပလာ ဘာမှမလိုဘူး၊ တကယ် ယုံတဲ့သဒ္ဓါ တရားရယ်၊ စွမ်းအားကို တကယ်သိမြင် တဲ့ ပညာရယ်၊ အာရုံကို စူးစိုးစိုက်စိုက် မိမိရရ ဖမ်းနိုင်တဲ့သတိရယ်၊ ဒီလောက် အရင်းအနှီး ကိရိယာ တန်ဆာပလာရှိရင် ဘုရားတည်လို့ ရနိုင်ပြီပဲကွ”

“မြေကြီးပေါ် ဘုရားတည်တာက ရက် လနဲ့ နှစ်နဲ့ချီပြီး အချိန်အများကြီးယူရတယ်၊ နှလုံးသားထဲ ဘုရားတည်တာက စက္ကန့်ပိုင်း၊မိနစ်ပိုင်း ဆိုပြီးသွား တာကွ. ပြီးတော့ စွမ်းအား တန်ခိုးကလည်း ချက်ချက်ရတာကွ၊ ဒါကြောင့် ကိုယ်မှာ နှလုံးသားမြေကြီးရှိနေမှတော့ သူများ မြေကြီး ၀ယ်မနေစမ်းပါနဲ့ကွာ။ အသိ သတိနဲ့ အာရုံယူလို့ ဘုရားဂုဏ်တွေ ထည့်လိုက် ပွားလိုက် ရင် နှလုံးသားထဲ ဘုရားတည်ရတာ လွယ်လွယ်လေးပါကွ”

“ဖိုးထိန်ရေ…. သာသနာနဲ့ တွေ့ရတဲ့ လူတစ်ယောက်အတွက် လုပ်ချင်ရင် လုပ်တတ်ရင် ယခု ချက်ချင်းလုပ်လို့ ဖြစ်ပါတယ်ကွာ၊ မနိုင်ဝန်ထုပ်ကြီးကို မနိုင်စိတ်နဲ့ လေးလံစွာ  ထမ်းနေမယ့်အစား တစ်စစီ ဖြုတ်ပြီး နိုင်တဲ့နေရာကစ နိုင်သလောက် ထမ်းလိုက်တာကပဲ လက်ငင်းအစွမ်း သတ္တိ ရစေ နိုင်ပါတယ်”

“ပြီးတော့ မေတ္တာကလေးပါ တွဲပို့ပေးနိုင်ရင် လူ့လောကမှာတော့ အတော်နေပျော်သွားပြီ ဖိုးထိန်ရဲ့” “ပစ္စပ္ပန်တိုင်း တန်ဖိုးထားပြီး လေးလေးစားစား ယုံယုံကြည်ကြည် လုပ်နိုင်၇င် ဘာစာမှ လည်းအရှည်ကြီး ကျက်စရာမလို၊ ကိုယ်ရပြီးသားကို သုံးရုံပဲ မဟုတ်လား”

“ဖိုးထိန်ရေ… ရတနာက ရတနာလိုယုံပြီး ရတနာလိုသုံးတတ်ရင် ရတနာလိုပဲ လူကို အစွမ်း ထက်မြက်အောင် လုပ်ပေးနိုင် ပါတယ်ကွာ”

အဲသလိုစသည်ဖြင့် ဘုန်းကြီးဦးတိဿက အသိမှေးမှိန်ပြီး စိတ်ဓာတ်ကျနေတဲ့ ဖိုးထိန် တစ်ယောက်ကို နှလုံးသားထဲ ဘုရားတည်နည်းကို သေသေချာချာ ပြောပြတော့ ဖိုးထိန်တစ် ယောက်  ရွှင်လန်းတက်ကြွ လာတယ်၊ ၀မ်းသာလို့လဲ မဆုံးနိုင်အောင် ဖြစ်သွားတယ်။

“အား.. ဘုန်းကြီးဘုရား၊ ဒီလိုနှလုံးသားထဲ ဘုရားတည်လို့ ဖြစ်မှန်းသိရင် တပည့်တော် ဘာလို့ စိတ်အပင်ပန်း အဆင်းရဲခံနေမလဲဘုရား၊ စောစောက ဒါမျိုးသိခဲ့ရင် ဒီပုံစံနဲ့ တည်မှာပေါ့၊ တပည့်တော် ငွေမလို၊ မြေမလိုဘဲ ဘုရားတည်နည်းကို သိသွားပြီ ဆိုတော့ ယနေ့ကစပြီး ချက်ချင်း နှလုံးသား ဘုရား တည်တော့မယ်ဘုရား။ ဘုန်းကြီးဘုရားဟာ တပည့်တော်ရဲ့ တစ်သက်တာသာမက တစ်သံသရာလုံးအတွက် အလွန်ကျေးဇူးကြီးလှတဲ့ ကျေးဇူးရှင်ကြီးပါ ဘုရား”လို့ လျှေက်ပြီး ရှိခိုးဝပ်ချ ကန်တော့ ပြန်သွားပါတယ်။

ဖိုးထိန်က အချိန်မဆိုင်းဘဲ ချက်ချင်း နှလုံးသားဘုရားတည်တော့တာပဲ။

“နမောတဿ”ဆိုတော့ လေးလေးနက်နက် စိတ်အစဉ်မှာ အာရုံယူပြီး ဆိုတတ်လာတယ်။ သရဏဂုံ(၃)ပါးဆိုတော့လည်း စူးစူးစိုက်စိုက် စိတ်ပါ လက်ပါ အာရုံယူလို့ ဆိုတတ်လာတယ်။ ဘုရားဂုဏ်တော်တွေ ပွားတော့လည်း သက်တော် ထင်ရှားဘုရားအထိ အာရုံပြုတတ်လာတယ်။ မိမိနှလုံးသားထဲ တကယ့်သက်တော်ထင်ရှား ဘုရားအစစ်ကြွရောက် သီတင်းသုံးနေသလိုပဲ လေးလေးနက်နက် အာရုံပြုတတ်တယ်၊ စိတ်နဲ့ အာရုံစွပ်မိလောက်အောင် စိုက်ကနဲ စိုက်ကနဲ အာရုံယူတတ်ပါတယ်။

မေတ္တာပါတွဲပြီး ပွားများတတ်လာတယ်၊ အလှုလပ်တဲ့ လူရှုပ်ကိုတောင် မုန်းစိတ်ကင်းအောင် မေတ္တာပွားပို့တတ်တယ်၊ “မင်းက စိတ်ရှုပ်လောက်အောင် အမှုလုပ်ဖော်ရပေလို့သာ ငါဟာ ဒီလို နှလုံးသား ဘုရားတည်နည်းသိရတာ၊ ကျေးဇူးကြီးလိုက်တာ ကိုလူရှုပ် ရယ်”လို့ ကောင်းကွက်ကို ရှာပြီး ကြည်လင်လေးနက်တဲ့ စိတ်နဲ့ မေတ္တာပို့ပေးပါတယ်။

နေ့စဉ် နှလုံးသားထဲ ဘုရားတည်လိုက်တော့ ဖိုးထိန်ဟာ စိတ်တွေကြည်ပြီး စိတ်အားတွေ ရွှင်လန်း တက်ကြွလာတယ်၊ စိတ်နှလုံးတွေ ရှင်လင်းရင့်  ကျက် လာတယ်၊ ရက်အတော်လေး များလာတော့ ရတနာသုံးပါ ကျေးဇူး၊  မေတ္တာ ကျေးဇူးကြောင့် အရှိန်တွေတက်၊ အလုပ်လုပ်ရ တာ တယ်ကောင်း၊ စီးပွားရေးလုပ်ရတာက အဆင်ပြေလို့၊ ပတ်ဝန်းကျင်ကလည်း ချစ်ခင် လေးစားလိုက်ကြတာ“ဒီအလုပ်မျိုး အသိနောက်ကျလိုက်တာ”လို့ စိတ်ထဲမှာ ဖြစ်လာတယ်။ ဒီလောက်ကောင်းမှန်း သိသွားတော့ ဒီအလုပ်ကို တစ်ရက်မှ မလွှတ်ချင်တော့ဘူး၊ တရားဆိုတာ ဒီလိုပါပဲ၊ လုပ်ဖြစ်ဖို့ပဲ လိုပါတယ်၊ လုပ်မိရင်တရားက အစွမ်းပြသွားတာဖြစ်လို့ မလွှတ်နိုင် လောက်အောင် ဆွဲဆောင်တတ်စမြဲပါ။

နောက်ဆုံး နှလုံးသားထဲ ဘုရားတည်တဲ့ ကျေးဇူးကြောင့် စောစောက မြေအမှုလုပ်ခဲ့တဲ့ လူရှုပ်ကတောင် ကိုယ်တိုင်လာပြီး တောင်းပန်ရပါတယ်။ “ ကိုဖိုးထိန်ရယ်… ဘုရားတည်မှာ မှန်း ကျွန်တော် စောစောက ဒီလိုမှန်းမှ မသိဘဲ။ ကဲ.. ကဲကို ဖိုးထိန် ဘုရားတည်မှာဆို မြေကြီးကို ယူပါဗျာ၊ ကျွန်တော် ပြောမှား ဆိုမှား ပြုမှား ရှိရင်လဲ အားလုံး ခွင့်လွှတ်ပါ။ လေးလေးစားစား တောင်းပန်ပါတယ်”တဲ့။ လောကမှာ တရားလောက်စွမ်းတာဟာ တရားပဲ ရှိပါတယ်။ အဆိုးကို အကောင်းအဖြစ် ပြောင်းပေးနိုင်ဖို့တရားပေါ်လာတာပဲ မဟုတ်လား။ တရားကလွဲလို့ လောကကို နိုင်တဲ့ အရာမရှိပါဘူး။

ဒီလိုဆိုတော့ ဖိုးထိန်က“ အား.. မြေမလိုတော့ပါဘူးဗျ၊ ကျွန်တော်ဘုရားတည်ပြီး ပါပြီ”လို့ ပြန်ပြောသတဲ့။

“သြော်…… ကိုဖိုးထိန်၊ ဘယ်နေရာများ သွားတည်လဲဗျာ၊ ခင်ဗျားတည်တဲ့ ဘုရားကိုလဲ ကျွန်တော်မမြင်ရပါလား”

“ကျုပ်နှလုံးသားထဲ ဘုရားတည်ပြီးပြီလေ၊ ကျုပ်နှလုံးသားထဲမှာ ဘုရားရှိတယ်၊ တရားရှိ တယ်၊ သံဃာလဲရှိတယ်၊ မေတ္တာတွေတောင် ထည့်ထား တယ်ဗျ၊ ကျွန်တော်ဟာ စောစောက ခင်ဗျားနဲ့ ရန်ဖြစ်ခဲ့တဲ့ ဗလချာ ဖိုးထိန် မဟုတ်တော့ဘူးဗျ၊ ရတနာဖိုးထိန် ဖြစ်နေပါပြီ၊ ခင်ဗျားအပေါ် ကျွန်တော်မှားခဲ့ တာရှိရင်လည်း အားလုံးခွင့်လွှတ်ဖို့ အနူးအညွတ်တောင်းပန်ပါ တယ်ခင်ဗျာ”

သူတည်တဲ့ နှလုံးသားထဲ တိုက်ရိုက်တည်တယ်ဆိုတော့ ချက်ချင်း စွမ်းအားက တက်နေ တာကိုး၊ မြေကြီးပေါ်တည်တဲ့ဘုရားက အာရုံမပြုရင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဖိုးထိန်က “ ကျွန်တော်နှလုံးသားထဲ ဘုရားတည်ပြီးပြီ၊ ခင်ဗျားမြေကြီး ကျုပ်မလိုချင် တော့ဘူး”တဲ့။  “ဟာ… ဒီလို မလုပ်ပါနဲ့ ကိုဖိုးထိန်ရယ်၊ ကျွန်တော်လည်း ကုသိုလ်ရအောင် မြေကြီးကို ယူသာယူပါ၊ မြေကြီးပေါ်မှာလဲ ဘုရားတည် ပေးပါဦးဗျာ၊ ကျွန်တော်မှားတာလဲ ခွင့်လွှတ်ပါ”လို့ ပြောပြီး မြေကြီးကို အတင်းလာပေးသတဲ့၊ နှလုံးသာ ဘုရားမတည်ခင်တုန်းက ရန်လုပ်နေတဲ့ လူတောင်မှ နှလုံးသားမှာ ဘုရားတည်လိုက်တော့ လာပြီး ကျိုးကျိုးနွံနွံ ပေးရရှာ တယ်။

ဒီတော့ ဖိုးထိန်ကလဲ “ မြေကြီးရတော့လဲ တည်ရမှာပေါ့”ဆိုပြီး သူရည်မှန်းထားတဲ့အတိုင်း မြေပေါ်မှာလည်း ဘုရားတည်လိုက်ပါသတဲ့၊ ဖိုးထိန် မြေကြီးပေါ် ဘုရားတည်နိုင်တာဟာ နှလုံးသား ဘုရားတည်လိုက်တဲ့ စွမ်းအားကြောင့်ပါ၊ စောစောက နှလုံးသားဘုရားမတည်ဘဲ မြေကြီးပေါ် တည်မယ်လုပ်တုန်းက ရန်လုပ်နေခဲ့လို့ အလုပ်မှ မဖြစ်ခဲ့ဘဲ၊ မုန်းသူက ပြန်ချစ်လာ ရတာကလည်း မေတ္တာစွမ်းအားကြောင့်ပါ။ သူများအတွက် ပြောပြနေခြင်းဟာ ကိုယ့်အတွက် လမ်းညွှန် သင်ခန်းစာပါ။

ချုံးပြောလိုက်တော့ စိတ်နှလုံးထဲ ဘုရားဂုဏ်ကို စူးစူးစိုက်စိုက် လေးလေး နက်နက်ထားပြီး အာရုံယူနေ ပွားထုံနေရင် နှလုံးသားဘုရားတည်နေတာပါ။ မြေပေါ် ကျောင်းပေါ် အိမ်ပေါ်မှာ တည်ထားတဲ့ ဘုရားကို မိမိရဲ့ ခံတွင်းမှတစ်ဆင့် စိတ်နှလုံးထဲထိရောက်အောင် တည်ထား ရမှာပါ။

နှလုံးသား ဘုရားတည်နေရင် အကောင်းဆုံး အဆောင်ကို ဆောင်ထားတာဖြစ်လို့ ဘေးရန် အပူကင်းပြီး ကိုယ်ရော စိတ်ပါကြည်သာ ရွှင်လန်း ချမ်းမြေ့ရမှာ သေချာ ပေါက်ပါ။

အရှင်သိရိန္ဒာဘိဝံသ

( တိပိဋကဓရ-ယောဆရာတော်)

ထေရ၀ါဒဓမ္မစာဆောင်မှ  ပြန်လည် ဓမ္မဒါန ပြုပါသည်။

 
up
 
Back