လောကလူ့ဘုံမှာ လူတွေ တွေ့ကြုံနေကြတဲ့ သောင်းပြောင်းရောရာ ကောင်းတာ၊ မကောင်း တာတွေကို အသေအချာ သတ္တုချကြည့်တဲ့အခါ သွားရင်းဟန်လွှဲ တွေ့ကြုံကြရတာပဲ များပါတယ်။ ကောင်းတာတွေကိုလည်း သွားရင်းဟန်လွှဲ တွေ့ကြုံကြရတာပါပဲ များသလို မကောင်းတာတွေကိုလည်း သွားရင်းဟန်လွှဲ တွေ့ကြုံကြရတာပဲ များပါတယ်။ အဲဒီလို သွားရင် ဟန်လွှဲတွေ့ကြုံကြရတဲ့အထဲမှာ ကလိယုတ်ဆုတ်ကပ်ဆိုတဲ့ ခေတ်အခါ အခြေအနေ အရ ကောင်းတာတွေထက် မကောင်းတာတွေကပဲ ပိုပြီးများနိုင်ပါတယ်။

 

ဒီတော့ ဒီနေရာမှာ ပြုသမျှ အသစ်၊ ဖြစ်သျှ အဟောင်းဆိုတဲ့ အကြောင်း အကျိုးသဘာဝ ကမ္မနိယာမအရ ဖြစ်သမျှ အဟောင်းတွေထဲက မကောင်းတာတွေ မှန်သမျှဟာ ကိုယ့်ကံ မကောင်း၊ ကိုယ့်အကြောင်း မလှခဲ့လို့သာ ဖြစ်ရတာပဲဆိုတာ လက်ခံရမှာဖြစ်သလို ဖြစ်လာသမျှ  အဟောင်းတွေထဲက ကောင်းတာတွေ မှန်သမျှဟာလည်း ကိုယ့်ကံကောင်းပြီး ကိုယ့်အကြောင်း လှခဲ့လို့သာ ဖြစ်ရတာပဲဆိုတာ ယုံကြည်ထားကြရမှာ ဖြစ်ပါတယ်။ အဲဒီလို အကြောင်းဖန်တဲ့ အဟောင်းကံကို လက်ခံယုံကြည်မှု မှန်ကန်လာရင် နောင်ထပ်တစ်ရစ် အသစ်ပြုမယ့် ကံတွေ ဟာလည်း ကောင်းလာမှာပါ။ အလုပ်ကောင်းတွေ လုပ်ဖြစ်၊ စကားကောင်းတွေ ပြောဖြစ်၊ အတွေးကောင်းတွေ တွေးဖြစ်၊ ဒီလိုဖြစ်လာမှာပါ။

ကြောင်းကျိုးသဘာဝ ကမ္မနိယာမကို လက်ခံ ယုံကြည်မှု အားနည်းခဲ့ရင် ဒါမှမဟုတ် လက်ခံ ယုံကြည်မှု လုံးဝမဲ့ခဲ့မယ် ဆိုရင်တော့ ပြုဖြစ် ပြောဖြစ် တွေးဖြစ်သမျှ ကံအသစ်တွေဟာ ကံဆိုး ကံညစ်၊ ကံညံ့တွေပဲ ဖြစ်သွားမှာပါ။ အဲဒီအခါ ‘မဟုတ်တာလုပ်တော့ လုပ်တာမဟုတ်၊ လုပ်တာမဟုတ်တော့ မဟုတ်တာလုပ် ” ဆိုသလို ယုတ်မာညစ်ကျူတဲ့ မကောင်းမှု အကြောင်း မကောင်းတဲ့ အကျိုးပေးတွေနဲ့ပဲ ထွေးလုံးရစ်ပတ် ဒုက္ခတွေ ထပ်ကြရမှာပါ။

ယေဘုယျအနေနဲ့ ပြောရရင် လောကမှာ မကောင်းပြေု၊ မကောင်းပြော၊ မကောင်းတွေး တွေဟာ “ငါတော့ မကောင်းတာတွေ လုပ်ဦးမှပဲ၊ မကောင်းတာတွေ ပြောဦးမှပဲ၊ မကောင်းတာ တွေ ကြံဦးမှပဲ”ဆိုတဲ့ တကူးတကကြီး ကြိုတင်စီမံမှုမပါဘဲ သွားရင်း ဟန်လွှဲနဲ့ပဲ ပြုဖြစ် ပြောဖြစ် ကြံစည်ဖြစ်သွားကြတာသာ များပါတယ်။ ဒါကြောင့် သွားရင်းဟန်လွှဲဆိုတဲ့ ဒီမြန်မာစကား လေးကို စဉ်းစားကြည့်တော့ ကံတရားနယ်မှာ အဓိပ္ပာယ် အတော်လေးနက်နေတာကို ဦးဇင်း စဉ်းစားမိလာတယ်။ အတော် လေးနက်ပါလားလို့ လေးလေးနက်နက် စဉ်းစားမိလဖို့ အတွေးစ ရပုံလေးက ဒီလိုပါ။

ဦးဇင်း သီတင်းသုံးတဲ့ ကျောင်းဆောင်က ကျောင်းတံတိုင်းနဲ့ကပ်လျှက်၊ တံတိုင်းအပြင် ဘက်မှာ ၀ါးနှစ်ရိုက်စာလောက် ကျယ်မယ့် ရေချေင်း ရှိတယ်။ ရေချောင်းပေါ်က ကားလမ်း၊ ကားလမ်းဟိုဘက်က အဝေးပြေးကားဝင်း။ အဝေးပြေးကားဝင်းသာ ပြောတာပါ၊ မြို့တွင်းလိုင်း ကား တော်တော်များများလည်း အဲဒီအဝေးပြေးကားဝင်းထဲကပဲ ထွက်တယ်။ ထားပါ၊ ပြောချင်တာက ကျောင်းတံတိုင်းဘေးက ရေချေင်းထဲမှာ ဟင်းစားလာရှာတဲ့ တံငါသည်တွေ ကို ကိုယ့်ခရီး ကိုယ်ဆက်မသွားဘဲ သွားရင်းဟန်လွှဲ ရပ်ရပ် ကြည့်ပြီး ချောင်းပေါင်ပေါ်ကနေ အချောင် အကုသိုလ်ဝင်ယူနေကြတဲ့  ခရီးသွားတွေကို ပြောချင်တာပါ။

တံငါသည်တွေက တစ်ခါတစ်ခါ ငါးမျှားတန်နဲ့မျှားတယ်။ တစ်ခါတစ်ခါ လျှော့တိုက်၊ တစ်ခါ တစ်ခါ ပိုက်ထောင်နဲ့ မျိုးစုံအောင် လုပ်တာပါ။ ဒါကိုပဲ သွားရင်းဟန်လွှဲ ကြည့်ြုပီး ဟော… ဟော ဟိုနားမှာ ငါးပွက်နေတယ်။ ရေပွက်ကြီးတယ် ငါးကြီးနေမှာ ။ အဲဒီနားရွှေ့လိုက်လေ နဲ့ ၀ိုင်းပြော တဲ့အခါ ပြောကြ၊ ပိုက်ဖြုတ်တာနဲ့များ ကြုံလိုက်ရင်လည်း မထားတဲ့ ငါးတွေကြည့်ပြီး ပြုံးစိပြုံးစိနဲ့  အကုသိုလ်ပီတိပွား ဟင်းစားလေးတောင် ကိုယ့်အတွက်မရဘဲနဲ့ အချောင် အကုသိုလ်တွေ များနေလိုက်ကြတာ။ တံငါက တစ်ယောက် နှစ်ယောက်ရယ်။ သွားရင်း ဟန်လွဲ ၀ိုင်းကြည့်နေ ကြတဲ့ သူတွေက တစ်ကျိတ် ကိုးယောက်၊ တစ်ခါ တစ်ခါ ကတောင် မကဘူး၊ ဗမာ့ထုံးစံလား တော့မသိဘူး။ ဗမာဆိုတာ မျိုးနဲ့ရိုးနဲ့ကို စည်းရုံးလာတာ တော်သလင်း ခွေးချင်းပူးလည်း စုပြုံတိုး ပြီး စည်းစည်းရုံးရုံးနဲ့ကို အားပေးတတ်ကြတာနော်။

အကုသိုလ်ဆိုတာ ကိုယ်တိုင်ပြုမှသာ အကုသိုလ်ဖြစ်တာ မဟုတ်ဘူး။ “ကိုယ်တိုင် ပြုငြား၊  သူများခိုင်းတုံ၊  ဂုဏ်ကို ပြောပြ၊  ၀မ်းမြောက်ကြပြန်”တဲ့၊ သူများ အကုသိုလ်လုပ်နေတာကို ၀မ်း မြောက် ၀မ်းသာ အားပေး နေရင်လည်း  အကုသိုလ်ဖြစ်တာပဲ၊ တကယ်ဆိုရင် လိုက်မယ့်ကားတာ၊ သွားမယ့်ကားစီး၊ ကိုယ့်ခရီး ကိုယ်နှင်ရမှာကို။ မဟုတ်ဘူးဗျ၊ ကိုယ်သည်နား သွားရပ်ပြီး သွားရင်း ဟန်လွှဲ အကုသိုလ် ၀င်ယူနေကြတယ်။

ဘာပဲပြောပြော “ တင်တက်ရင် ကျေးဇူးရှင်ချည်းပဲ” ဆိုတာလို သွားရင်း ဟန်လွှဲ တရားအတွေးစ ရတာမို့ သူတို့ကို ကျေးဇူးတင်မိပါတယ်။ တကယ်ဆို သူတို့ထဲမှာ တံငါသည် ငါးမျှားတာကြည့်ဖို့ လာတဲ့သူ တစ်ယောက်မှ မပါပါဘူး။ အဝေးပြေး ကားဆင်း၊ မြို့တွင်း လိုင်းကားတက် လိုရာခရီး ဆက်မယ့်သူတွေချည်းပဲ။ ဒါပေမယ့် လိုရာခရီးကို မဆက်သေးဘူး၊ ကိုယ့်ကားလာတာတောင် မတက်သေးဘူး။ သွားရင်း ဟန်လွှဲ ရမယ့်အကုသိုလ်လေး လက်လွတ်သွားမှာ စိုးလို့လားတော့ မသိဘူးနော်။ ပြောလိုတာက လူတွေ အဖို့ရာ အကုသိုလ် တွေဟာ တကူးတက မဟုတ်ဘဲ သွားရင်း ဟန်လွှဲကို ရရနေကြတယ်။ ဒါကို ပြောလိုတာပါ။

ဒါနဲ့ ဆက်တွေးမိတာက တစ်ခါတုန်းက အတွေ့အကြုံတစ်ခုပါ။ မင်္ဂလာဈေးထဲမှာ ဘာကိစ္စနဲ့ မှန်းမသိဘူး။ သွားဖြစ်တယ်။ ဦးဇင်းရှေ့မှာ ၉ နှစ်၊ ၁၀-နှစ်အရွယ် ကလေးမလေးတစ်ယောက်၊ လက်ထဲက ကြက်သွန်ထည့်ထားတဲ့ ကျွပ်ကျွပ်အိပ်ကလေး ဆွဲလို့ သူ့ရှေ ခပ်လှမ်းလှမ်းက ဈေး ၀ယ်လာတဲ့ ဒကာမကြီး တစ်ယောက်ကတော့ ဈေးဝယ်လာတဲ့ ဈေးခြင်းတောင်းကြီးဆွဲလို့၊ အဲဒီ မှာ ဒကာမကြီးရဲ့ ဈေးခြင်းတောင်းထဲကနေ ဖုန်ကနဲ ပိုက်ဆံအိပ် ပြုတ်ကျသွားတယ်။ ဒကာမကြီးက မသိဘူး။ ရှေ့ဆက်သွားနေတယ်။ နောက်က ကလေးကလေးက လှမ်းအော် တယ်။

“အဒေါ်..အဒေါ် ပိုက်ဆံအိတ် ကျနေရစ်တယ်”တဲ့။ နှစ်ခွန်းသုံးခွန်း အသံမြှင့်အော်တော့မှ အဒေါ်ကြီးက လှည့်ကြည့်ြုပီး သူ့ပိုက်ဆံအိတ် ပြန်လာကောက်တယ်။ ကလေးမလေးရဲ့ ၀တ်စား ဆင်ယင်မှုက နွမ်းနွမ်းပါးပါးမို့လား မပြောတတ်ဘူး၊ အဒေါ်ကြီးက စိန်နားကပ်ကြီးကသာ ပြောင် နေတာ ကျေးဇူးတင်တဲ့ အပြုံးလေး တစ်ချက်လောက်တောင် ၀င့်ပြမသွားဘူး။ ဘာဘဲပြောပြော ကလေးမလေးကတော့ သွားရင်းဟန်လွှဲ ကုသိုလ်ရလိုက်တာပေါ့။ ဒီကလေးမလေးဟာ ဈေးထဲ မှာ ပိုက်ဆံအိပ် ကျကျန်ခဲ့သူတွေကို ပြန်ကောက်ပေးရအောင်လို့ ဈေးကို လာတာ မဟုတ်တာ သေချာတယ်။ သူလည်း သူ့အမေက ကြက်သွန်အ၀ယ်ခိုင်းလိုက်လို့ ဈေးလာတာပဲ ဖြစ်မယ်။ ဈေးလာရင်းနဲ့ သွားရင်းဟန်လွှဲ ကုသိုလ်ယူတတ်တော့ ကလေးမလေးက ကုသိုလ်ရ သွားတယ်။

“ချူတတ်ရင် ကျ၊ ယူတတ်ရင် ရ” ဆိုတာလို ကုသိုလ်ဆိုတာလည်း ယူတတ်တော့ သွားရင်း ဟန်လွှဲ ရသွားတာပဲ။ ချောင်းဘေးမှာ သွားရင်းဟန်လွှဲ အကုသိုလ်ကံအမည်း ၀င်ယူနေသူတွေနဲ့ ဈေးထဲမှာ သွားရင်းဟန်လွဲ ကုသိုလ်ကံအဖြူ ယူသွားတဲ့ ကလေးမလေးတို့ကနေ ဆက်စပ် တွေးမိရာက မြတ်ဗုဒ္ဓ ဟောပြတဲ့ တရားဓမ္မတွေ အကြောင်းဆက်ပြီး ဆက်ပြီး စဉ်းစားမိတော့ မြတ်စွာဘုရား တရားဦးဟောဖို့ မိဂဒါဝုန်တောအကြွ ဥပကဆိုတဲ့ တက္ကဒွန်း၊ ခေတ်လိုပြောရရင် တော့ ဥပက ရသေ့ကြီးနဲ့ သွားရင်းဟန်လွှဲ တွေ့ပုံလေးပြေးပြီး သတိရလိုက်မိတယ်။ ဒီနေရာမှာ တော့ သွားရင်းဟန်လွှဲ တွေ့တယ်ဆိုရာမှာ ဥပက ရသေ့အနေနဲ့သာ သွားရင်းဟန်လွှဲ တွေ့တယ်လို့ ပြောရတာ။ မြတ်ဗုဒ္ဓဘက်ကတော့ သွားရင်းဟန်လွှဲမဟုတ်ဘူး၊ ဥပကရသေ့နဲ့ တွေ့ဖို့ မူလရည်ရွယ်ချက်ရှိတော်မူပါတယ်။ ဥပကဘက်ကတော့ တကယ့်ကို သွားရင်းဟန်လွှဲပါ။ သွားရင်းဟန်လွှဲပဲ တွေ့တွေ့ တကူးတကပဲ တွေ့တွေ့ ဘုရားနဲ့သာတွေ့ပြီဟေ့ ဆိုရင်တော့ ထုံးစံ ပါပဲ။ ကောင်းကျိုးရှိဆို ကောင်းကြောင်းတွေကို လမ်းညွှန်ပြသတဲ့အနေနဲ့ မြတ်စွာဘုရားက တရားဟောတာကိုး။

ဥပကကိုဟောတဲ့ မြတ်စွာဘုရားရဲ့ တရားတွေထဲက “အနန္တဇိန”ဆိုတဲ့ စကားလုံးကို ဥပက ဟာ အသဲစွဲသွားပါတယ်။ အသွင်အပြင်နေအထားနဲ့ ဟောတရားဟာလည်း ယုံမှားစရာမရှိတာ မို့ ယုံကြည်မှုရှိသွားတယ်။ ဒါကြောင့် သူက မြတ်စွာဘုရားကို “သင်ပြောတဲ့အတိုင်း ဟုတ်လောက် ပါတယ်”လို့ပြောပြီး ခေါင်းလေးညိတ်ကာ လမ်းဖယ်ပေးလိုက်ပါတယ်။ ဥပက ရသေ့ဟာ ဗုဒ္ဓမြတ်စွာနဲ့  သွားရင်းဟန်လွှဲ တွေ့ရပြီး၊ ဗုဒ္ဓတရားတော်ကို သွားရင်းဟန်လွှဲ နာကြား ရပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ တ၇ားထူး တရားမြတ်ကိုတော့ ချက်ချင်းကြီး မရပါဘူး။  သို့သော် မဂ်မျိုးစေ့ ဖိုလ်မျိုးစေ့ ကျသွားတယ်လို့တော့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ မြတ်စွာဘုရားကို သွားရင်းဟန်လွှဲလေး တွေ့ရ၊ မြတ်စွာဘုရားနဲ့ စကားနှီးနှော ဖလှယ်ခွင့် ရလိုက်ခြင်းဟာ နှောင်းသောအခါ မြတ်စွာဘုရား ထံမှောက် အရောက်သွားပြီး  ရဟန်းပြုခွင့် ရဖို့ရန် အကြောင်းဖန်ခဲ့လို့ပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားနဲ့ မျက်မှန်းတန်းမိရုံမက စကားတောင် လက်ဆုံကျခဲ့ဖူးတဲ့အပြင်  ဘုရားရှင် ကို အသိအမှတ်ပြုကာ လမ်းဖယ်ပေးပြီး အရိုအသေ ပြုလိုက်နိုင်တဲ့ ဒီအချက်ဟာ ဥပက အတွက် သွားရင်း ဟန်လွှဲ ထူးကဲစွာ ရလိုက်တဲ့ ကုသိုလ်ထူးတစ်ခု ဖြစ်ပါတယ်။

ဒီလိုနဲ့ ဥပကကလည်း သူ့ခရီးသူနှင်၊ ဘုရားရှင်ကလည်း သူ့ခရီးသူဆက် ထွက်ခွါခဲ့ကြပါ တယ်။

ဘုရားရှင်က မိဂဒါဝုန်တော ရောက်တော်ူမပြီး ပဉ္စ၀ဂ္ဂီတို့နဲ့ တွေ့သလို ဥပကကလည်း မုဆိုး ရွာကြီးတစ်ရွာကို ရောက်သွားပြီး မုဆိုး သူကြီးနဲ့တွေ့ပါတယ်။ အံ့သြစရာကောင်းတာက ပဉ္စ၀ဂ္ဂီ တို့က မြတ်ဗုဒ္ဓကို တွေ့တွေ့ချင်း ဘုရားလို့ မသတ်မှတ်နိုင်ပေမယ့် မုဆိုးသူကြီးကတော့ ဥပကကို တွေ့တွေ့ချင်း ရဟန္တာအစစ်ပဲလို့ ယုံကြည်ကိုးကွယ်သွားပါသတဲ့။

ဒါနဲ့တိုအောင်ပြော၊ ဥပကရသေ့ တစ်နေ့မှာ ဆွမ်းခံရင်း ငှက်သင့်တယ်။ မုဆိုးသူကြီး တောလိုက်သွားတဲ့အခိုက် အိမ်မှာ ကျန်ရစ်တဲ့ သူကြီး သမီးအကြီးကို တမ်းတမ်းစွဲ ဖြစ်သွားတယ်။ ဒါလည်း သွားရင်းဟန်လွှဲ အကုသိုလ်ဝင်တာပဲ ပြောရမှာပေါ့။ သူ ဒီမုဆိုးရွာကို စရောက်လာတာဟာ သူကြီးသမီးကို လိုချင်လို့မှ မဟုတ်တာ။ ဒါပေမယ့် ဥပကဟာ ပုထုဇဉ်လေ၊ သူကြီးက ရဟန္တာထင်နေပေမယ့် အမှန်စစ်စ် ဥပကဟာ ပုထုဇဉ်ပါ။

ပုထုဇဉ်နယ်တစ်ခုက အဖိုအမဆိုတာ သစ်သီးချွေတဲ့လက်လို နီးရင် ရွယ်ချင်ကြတာလည်း အမှန်၊ ကန်ထဲက ရေနှယ် သွယ်ရင် စီးချင်ကြတာလည်း တစ်မျိုး၊ အိုးနဲ့ကြိုးလို အတူတူသာ ထားရင် ထိမှာငြိမျာလည်း ဓမ္မတာပဲ။ ဒါတွေဟာ တကယ်တော့ (၃၁)ဘုံနယ်အတွင်းမှာ ဘယ်ပုထုဇဉ်မှ မလွတ်ကင်းနိုင်တဲ့ မာရ်နတ်ရဲ့ မာယာကျော့ကွင်းတွေပါ။ အစပထမတော့ ဒီကျော့ကွင်းကို ရှိတဲ့နည်း ဖြစ်တဲ့လမ်းနဲ့ မရရအောင် “ရှောင်မယ်”လို့ ဥပကရသေ့ဟာ သစ္စာ ကို အရင်းထားပြီး စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကာလရှည်ကြာ တွေ့ဖန်မြင်ဖန်များတဲ့အခါ ဒီ “ရှောင်ရမယ်” အသိဉာဏ်၊ “ရှောင်မယ်”ဆိုတဲ့ အဓိဋ္ဌာန်၊ မရှောင်လို့ မဖြစ်ဆိုတဲ့ ကြွေးကြော် သံတွေဟာ မခိုင်ကျည်နိုင်တော့ဘူး။ ရေတိုက်စားပါများတဲ့ ကမ်းနားသစ်ငုတ်ပမာ ဥပကစိတ်တွေဟာ လှုပ်လှုပ်သာ လာပါတယ်။ နဲ့နဲ့သာ လာပါတယ်။ မလှုပ်ဘဲမနဲ့ဘဲလည်း ခံနိုင်ရိုးလား၊ မုဆိုးရွာ တစ်ရွာလုံးမှာ ဒီသူကြီးသမီးက အလှဆုံးကိုး၊ ရွာရဲ့ ကွန်းတောင်ကိုင်နော်။

မြတ်ဗုဒ္ဓဒေသနာတော် တစ်ခုအရ ပြောရရင် မြင့်မိုရ်တောင်ကို ကျွတ်ထွက်သွားစေ နိုင်တဲ့ လေမုန်တိုင်းကြီးဟာ ဆင်လောက်သာရှိတဲ့ တောင်ကတုံးကို တောင်တစ်လုံးပို့ပင် မမှတ်ထင် သလိုပဲ၊ အင်အားပြင်ထန်လှတဲ့ မိန်းမလှအာရုံ ကာမဂုဏ်ဟာ ပုထုဇဉ်ရဲ့ တော်ရိရော်ရိ သမာဓိ လောက်ကိုတော့ “ဖုတ်လေသည့်ငပိ ရှိတယ်တောင်မထင်”အောင် သွေးဆောင် ဖျားယောင်း နိုင်ပါတယ်။ တိုအောင်ပြောတော့ သူကြီးသမီး စာဝါက မနှစ်သက်လှသော်လည်း “စာဝါ”ကိုမှ မရရင် သေရပါတော့မယ်”ဖြစ်နေတဲ့  သူ့ဆရာကို အဖေဖြစ်သူက သဘောတူတော့ ဥပကကို ယူလိုက်ရတယ်။ ယူလိုက်ရပေမယ့် ရသေ့လူထွက်ဆိုတော့ တယ်မလေးစားချင်ဘူး၊ ပိုဆိုးတာက သူများလို သမင် ဒရယ် ချေငယ် ဆိုင်ဆန် မပြောနဲ့ ဖွတ်ကလေး ပဒတ်ကလေး တောင် ရအောင် မဖမ်းနိုင်ဘူး ဆိုတော့ စာဝါက သူ့ကို အထင်သေးတယ်။

ဥပက ဘာလုပ်ရတုန်းဆိုတော့ စာဝါ့အဖေတို့၊ ဦးလေးတို့ တောပစ်ထွက်လို့ ရလာတဲ့ သားကောင်တွေကို ထမ်းရတယ်။ ရောင်းဖို့ရာ ခုတ်ထား ပိုင်းထားတဲ့ အမဲသားတွေကို ထမ်းပြီး ရွာရိုးကိုးပေါက် လှည့်ရောင်းရတယ်။ ဒိလိုနဲ့ပဲ  သားလေးတစ်ယောက် ဖွားမြောက်လာတော့ မယားမစာဝါက ကလေးကို ချော့တဲ့အခါ ဥပကကို ရွဲ့ပြီး အထင်တသေး မလေးမစားနဲ့ သားချော့တေးကို ဆိုဆိုပြီး  ချော့တယ်။ မာန်လည်ဆရာတော်ကြီး ဘာသာပြန်ပြတဲ့  စာဝါရဲ့ သားချော့တေး ဘယ်မှာပါသလဲဆိုတော့ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီးရဲ့  မဟာဗုဒ္ဓ၀င် ဒုတိယတွဲမှာပါတယ်။ ကလေးကို ပုခက်လွဲရင်း တစ်ခါတစ်ခါ ရင်ခွင်ပိုက်ရင်း စာဝါက- အမဲသား ထမ်း၊ တက္ကတွန်း၊ ရဟန်းလူထွက်သား၊ မုဆိုးနောက်လိုက်၊ ငါ့ကိုကြိုက်၊ အမိုက်လူထွက်သား၊  အမေချော့သိပ်၊ အငိုတိတ်၊ သားအိပ်ပါတော့လား။

တစ်နေ့လည်းမဟုတ်ဘူး၊ နေ့တိုင်းလိုလို ဥပကကြီးကို မစာဝါက သားချော့တေးနဲ့ မလေးမစား လှောင်ပြောင်နေတော့ ဥပက ဒေါပွလာတယ်။ ဒါနဲ့ “ မင်း ငါ့ကို ရသေ့လူထွက် ပေါ့ပျက်ပျက်ဆိုပြီး မလေးမစားလှောင်နေပါလား။ ငါက ဒီကနေ ထွက်သွားရင် မှီခိုအားထားရာ မရှိ တစ်ကောက်ကြွက် တစ်မျက်နှာများ ထင်နေသလား၊ ငါ့မှာ မှီခိုအားထား ကိုးကွယ်ရာ “အနန္တဇိန” ဆိုသူ ရှိတယ်ကွ သိရဲ့လား”လို့ ပြန်ပြောတယ်။ “ဘုရားနဲ့သွားရင်းဟန်လွှဲ တွေ့ခဲ့ ရင်းနှီးခွင်း ရခဲ့တဲ့ ကုသိုလ်လေးက အထောက်အပံ့ပေးတယ်လို့ ကပ်ကပ်သပ်သပ်ပြောရင် ရမယ်ထင်တယ်နော်။ မယားက နှိမ်လို့ မယားကိုပြိုင် စကားနိုင်လုရာမှာတောင် မြတ်ဗုဒ္ဓနဲ့ ဆုံ ဆည်းမှုက အားကိုးတကြီး ပြုစရာဖြစ်လာတယ်။ စာဝါကလည်း ဥပက နာတတ်မှန်းသိလေ သားချော့တေးကို ဖိဆိုကာ သရောလေပဲ။

ဒီလိုနဲ့  အကြိမ်ကြိမ် အဖန်ဖန် အလှောင်မခံနိုင်တော့တဲ့ ဥပကဟာ အသဲနာနာနဲ့ စာဝါတို့ သားအမိကို ခွဲခွာပြီး မြတ်စွာဘုရားဆီ ထွက်လာခဲ့ ပါတော့တယ်။ ဒီလိုထွက်လာနိုင်ခဲ့ခြင်းကိုက မြတ်ဗုဒ္ဓ ချပေးခဲ့တဲ့ ဥပကအတွက် မျိုးစေ့ကလေးဟာ အညှောင့်ပြုလာတယ်လို့ ဆိုရမှာပဲ။

သူထွက်လာတော့ မြတ်စွာဘုရားက သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတေယ်မူတယ်။ မြတ်စွာဘုရားက ဇေတ၀န် သံဃာတော်တွေကို အစကတည်းက မှာထား တော်မူတဲ့ စကားရှိတယ်။ “အနန္တဇိန” ဘွဲ့အမည်နဲ့များ လူတစ်ယောက် ကျောင်းထဲမှာ လာရှာရင်  အဲဒီလူကို ငါ့ဆီ ခေါ်ခဲ့ကြ”တဲ့။ ကြိုမှာထားတယ်။ ဥပကကလည်း ဇေတ၀န်ကျောင်း ထဲရောက်လာပြီး “အနန္တဇိန ဆိုသူ ဘယ်မှာလဲ”လို့ မေးတော့ ရဟန်းတွေက မြတ်ဗုဒ္ဓထံမှောက် အရောက်ပို့ပေးလိုက်ကြတယ်။

မြတ်စွာဘုရားနဲ့ တွေ့တော့ “ဘုန်းတော်ကြီးတော်မူသော အနန္တဇိန… တပည့်တော်ကို မှတ်မိ သေးရဲ့လား…”တဲ့။ “မှတ်မိတာပေါ့ ဥပက…ဒါနဲ့ ခု သင်ဘယ်မှာနေတာလဲ”လို့ မေးတော်မူတော့ မုဆိုးရွာမှာ နေနေတဲ့အကြောင်းနဲ့ ခု ရဟန်းပြုချင်တဲ့ အကြောင်းကိုပါ လျှောက်လိုက်တော့ မြတ်စွာဘုရားက “ဥပက သင်ဟာ အသက်အရွယ်ကြီးရင့်နေပြီ၊ ရဟန်းပြုနိုင်ပါ့မလား”ဆိုတော့  တပည့်တော်“ပြုနိုင်ပါတယ်”၊ တပည့်တော် ရဟန်း ပြုပါရစေ”တဲ့၊ အဲဒီကျတော့မှ မြတ်ဗုဒ္ဓက  ဥပကကို ရဟန်းဝတ်စေကာ သူနဲ့ သင့်တော်မယ့် ကမ္မဋ္ဌာန်းတရား ပေးသနားတော်မူပါတယ်။ မြတ်စွာဘုရား ပေးသနားတော်မူတဲ့ ကမဋ္ဌာန်းနည်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်လိုက် တာ  ဥပက ဟာ အာနာဂါမ်အရိယာ ဖြစ်ခဲ့ပါတယ်။ အနာဂါမ်ဘ၀နဲ့ စုတေပြီး သုဒ္ဓါဝါသဗြဟ္မာ့ဘုံ အောက်ဆုံးထပ်ဖြစ်တဲ့ အ၀ိဟာဘုံမှာ ဗြဟ္မာသွားဖြစ်ပါတယ်။ သိပ်မကြာခင်မှာဘဲ ဗြဟ္မာဘ၀နဲ့ ရဟန္တာအအဖြစ်သို့ ရောက်ခဲ့ပါတယ်။

ဒီတော့ ဒီနေရာမှာ ဦးဇင်းတို့ပြောချင်တာက သွားရင်းဟန်လွှဲ နည်းနည်းလေးပဲ ဖြစ်ဖြစ် ကုသိုလ်အစစ်လေးတွေကို ပြုဖြစ်အောင် ပြုနိုင်ကြဖို့ပါ။ “သွားရင်းဟန်လွှဲ နည်းနည်းလေးပဲ ပြုတဲ့ ကုသိုလ်ဆိုတာ ဘာများဖြစ်လောက်မှာတုံး” ဆိုပြီး အမြင်မှိန် မှေးမှေးနဲ့ ကုသိုလ်ကို အထင်မသေးရဘူး။ နှမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်နိုင်ပေမယ့် စစ်မှန်တဲ့ ကုသိုလ်တစ်ချက်ဟာ မဂ်ဖိုလ်အထိ ကျေးဇူးပြုနိုင်ပါတယ်။ မြတ်စွာဘုရာ ဟောတော်မူထားတဲ့ ဒေသနာ တစ်ရပ် ရှိတယ်။

“ကုသိုလ်ကို သွားရင်းဟန်လွှဲ နည်းနည်းလေးပဲဟာ ဘာမှ မဖြစ်လောက်ပါဘူး”လို့ အမြင် တိမ်တိမ်လေးနဲ့  ကုသိုလ်ကို အထင်မသေးလိုက်ပါနဲ့၊ ကောင်းကင်ထက်က မိုးရေမိုးပေါက် တွေဟာ တစ်ဖျောက်ဖျောက်နဲ့ တစ်စက်ချင်းကျတာ မှန်ပေမယ့် ရာဝင်အိုးကြီးတွေ၊ တိုင်ကီ ကြီးတွေ၊ ချောင်းတွေ ကန်တွေဟာ ကြာတော့ ပြည့်လျှံသွားသလိုပဲ၊ ကုသိုလ် ပါရမီဆိုတာ သွားရင်းဟန်လွှဲ နည်းနည်းချင်း နည်းနည်းချင်း ကိုယ်နိုင်သလောက် ဖြည့်ရာက ဖြည့်ပါများရင် ပြည့်သွားမှာပဲတဲ့။

သွားရင်းဟန်လွှဲ နည်းနည်းချင်း ပြုဖြစ်တဲ့ ကိုယ့်ကောင်းမှုလေးတွေကို အထင်မသေးရသလို သွားရင်းဟန်လွှဲ နည်းနည်းချင်းပြုမိတဲ့ ကိုယ့်မကောင်းမှုကိုလည်း လျှော့တွက်လို့ မရဘူးနော်။ ပန်းဟာ တစ်ပွင့်တည်းပေမယ့် မွှေးသလို မစင်ဟာလည်း တစ်စက်တည်းပေမယ့် နံတာပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ အကုသိုလ်ကို အခုတ်တရ မလုပ်ကြပေမယ့် သွားရင်းဟန်လွှဲအနေနဲ့ လုပ်မိတတ်ကြတယ်။ တခုတ်တရ လုပ်လုပ်၊ သွားရင်းဟန်လွှဲ လုပ်လုပ်၊ အကုသိုလ် အလုပ်က တော့ မကောင်းကျိုးပဲ ပေးမှာနော်။

သွားရင်းဟန်လွှဲနဲ့ ပတ်သက်လို့ နောက်ထပ် အတွေးလေးတစ်ခုကို နောက်ဆုံးအနေနဲ့ ဘယ်ညာ လက်နှစ်ဖက်ဟာ ဟန်ချက်ညီအောင် လွှဲထား ရပါတယ်။ အတူတူပါပဲ။ ညာဘက် ခြေထောက်နဲ့ သွားနေလှမ်းနေတဲ့ အချိန်မှာ ဘယ်ဘက်ခြေထောက်နဲ့ ဘယ်ညာ လက်နှစ် ဖက်ဟာ ဟန်ချက်ညီအောင် လွှဲထားရပါတယ်။ အဲဒါဟာ သွားရင်း ဟန်လွှဲတာပါပဲ။

သွားသာသွားပြီး ဟန်မလွှဲရင် လဲသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟန်ချက်မညီ အားမပါ သွားနေတာမို့ ဖြစ်ပါတယ်။ တစ်ခါ ဟန်သာလွှဲပြီး မသွားရင်လည်း ရှေ့မရောက်ဘဲ မိုးတိုးမတ်တပ် ၀ဲလည်ခတ်ပြီး အရူးတစ်ယောက် လျှောက်လုပ်နေသလို လူရယ်စရာကြီး ဖြစ်နေမှာပါ။ ဆိုချင်တာက ဗုဒ္ဓဘာသာဝင် စစ်စစ်မှန်ရင် နိဗ္ဗာန်ကို သွားတဲ့အခါမှာ အခါသင့် အခွင့်သာသလို ဒါန သီလ ဘာဝနာ ကောင်းမှုစုံစွာနဲ့ သွားရမှာ ဖြစ်ပါတယ်။ ဒါန သက်သက် သီလ သက်သက် ဘာဝနာသက်သက်နဲ့သာ သွားရင် ခရီးမတွင်ဘူး။ ဘာနဲ့တူတုန်းဆိုတော့ ခြေတစ်ဘောင်ကျိုး သွားသလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့် ဒါနနဲ့ နိဗ္ဗာန်သွားနေခိုက်မှာ သွားရင်းဟန်လွှဲအနေနဲ့ သီလနဲ့ ဘာဝနာကို ဟန်ချက်ညီစွာ ပါဝင်စေရမှာ ဖြစ်ပါတယ်။ သီလ တည်ဆောက်ပြီး နိဗ္ဗာန်ရောက်အောင် သွားနေခိုက်မှာလည်း သွားရင်းဟန်လွှဲအနေနဲ့ ဒါနနဲ့ ဘာဝနာကို ဟန်ချက်ညီစွာ ပါဝင်စေရမှာ ဖြစ်ပါတယ်။ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ် နေတာဆိုပြီး၊ ဒါနနဲ့ သီလကို ပစ်ပယ်ထားလို့ မရပါဘူး။ ပစ်ပယ်တယ် ဆိုတာကတည်းက ဟန် မလွှဲတော့တာမို့ ဟန်ချက်မညီတော့ပါဘူး။ သွားနေပေမယ့် ဟန်ချက်ညီအော် ဟန်မလွှဲရင် လဲမှာပါပဲ။

ဒါကြောင့်  သွားရင်းဟန်လွှဲဆိုတဲ့ စကားလေးဟာ ဒီလို စဉ်းစားလိုက်တော့ ဦးဇင်းတို့ ဘာသာရေးနယ်ပယ်မှာ အတော်ကို အရေးပါ အရာ ရောက်နေတာကို တွေ့ရပါတယ်။

မျိုးသာကီ

ဓမ္မရိပ်မဂ္ဂဇင်း၊2010

မှတ်ချက်။ ဓမ္မရိပ်မဂ္ဂဇင်းအယ်ဒီတာချုပ်ကိုယ်တိုင် ယူဆောင်လာပြီး လှုဒါန်းသော ဓမ္မရိပ် မဂ္ဂဇင်းမှ ပြန်လည် ထုတ်ဖော် တင်ပြ ဓမ္မဒါန ပြုလိုက်ပါသည်။

 
up
 
Back