Resized_imagesဉာဏ်ဦးမောင်Resized_IMG_2491
သွားခဲ့တဲ့ခရီးရဲ့ စိတ်ဝင်စားဖွယ် တောတွေတောင်တွေအကြောင်း ရေးဖြစ်ခဲ့တယ် ခရီးစဉ်အတိုင်းဆိုလျင်ဖြင့် Hoover Dam  အကြောင်းဆီ ရောက်လာပြီပေါ့။ တစ်ချိန်က Boulder Damလို့ အမည်တွင်ခဲ့တဲ့ ဒီဆည်က ခုတော့ ဟူးဗားဒမ်ရယ်လို့ တရားဝင်အမည် တွင်နေပါပြီ။ ဟူးဗားဒမ် ရယ်လို့ အမည် ပေးခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်တွေ ရှိခဲ့ပေမယ့် ဆည်ရဲ့ အကျိုးရလဒ် အပေါ်မှာတော့ ငြင်းဆိုသူ ရှိမယ်မထင်ပါဘူး။ ဒီဆည်ကို အမှီပြုလို့ လယ်ကွင်းပြင်တွေ မြစိမ်းရောင် တောက်နေခဲ့သလို မြို့ရွာတွေလည်း မီးထိန်ထိန် လင်းလက်စေခဲ့ပါပြီ။

Resized_IMG_2492တောတောင်တွေ အကြောင်းရေးနေခဲ့လို့ တောတောင်မဟုတ်တဲ့ ဒီဆည်အကြောင်းက တမျိုးဖြစ်ဟန် ထင်ရပေမယ့်လည်း တကယ်တော့ ဆည်ဆိုတာကလဲ တောတောင် မြစ်ချောင်းတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အရာတစ်ခုပါ။

ရေမြေဒေသကို အမှီပြုကာ တည်ဆောက်ရတဲ့ ဆည်ဆိုတာ ရေမြေဒေသက ဆည်တစ်ခု တည်ဆောက်ဖို့ အခွင့်မသာ စေဘူးဆိုလျင် ဘယ်မှာ ဆည်ဆိုတာ ဖြစ်လာနိုင်ပါ့မလဲ။ ခုမှသာ ဟူးဗား ဆည်အကြောင်း ရေးဖြစ်ပေမယ့် ဒီဆည်ကို ရောက်ခဲ့တာက ဒါပါဆို လေးကြီမ်မြောက်။ ဟူးဗား ဆည်က အမေရိကရဲ့ သမိုင်းဝင် တစ်နေရာလေ။
နီဗားးဒါးပြည်နယ်နဲ့ အရီဇိုးနား နှစ်ပြည်နယ်ရဲ့ နယ်စပ်မှာ တည်ဆောက်ထားတဲ့ ဒီဆည်က အရီဇိုးနား၊ နီဗားဒါးနဲ့ ကာလီဖိုးနီးယား ပြည်နယ်သုံးခု မှာနေထိုင်ကြတဲ့ လူသန်းပေါင်းများစွာရဲ့ နေ့စဉ်လူမှုဘဝမှာ အလွန် အရေးပါတဲ့ အခန်းမှာ ရှိနေတာပါ။ ဒီဆည်က ရေကိုသောက်၊ ဒီဆည်က မီးကိုသုံး၊ ဒီဆည်ကရေနဲ့ပဲ သစ်ပင် ပန်းမာလ်တွေ ရှင်သန်နေနိုင်တာမို့ ဒီပြည်နယ်သားတွေ အတွက် အသက်သွေးကြောပမာ အရေးကြီးလှပါတယ်။


ဆည်ကြီး ပြီးကတည်းက လေ့လာလိုသူတွေ လေ့လာနိုင်အောင် ခွင့်ပြုပေးခဲ့လို့ လာရောက် လေ့လာ သူတွေဟာ တစ်နှစ်မှာ တစ်သန်းနီးပါး ရှိပါတယ်တဲ့။  လေ့လာသူတွေ အနေနဲ့တော့ အပေါ်ယံလွှာ မြင်ရတဲ့ မျှော်စင်ကြီးလေး ခု၊ ရေပိုလျံပေါက်တွေနဲ့ လျှပ်စစ်ထုပ်လုပ်တဲ့ အဆောက်အဦ များကပင် လျင်စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါ။ ဆည်ကြီး တည်ဆောက်ထားပုံက မြို့ပြအင်ဂျင်နီယာ နည်းပညာရဲ့ လှပဆန်းကြယ်ခြင်းနဲ့ ထယ်ဝါခန်းနား မှုကိုအချိုးညီ ပေါင်းစပ်ထားတဲ့ အနုပညာမြောက် လက်ရာတစ်ခု အဖြစ်လည်း ပြည့်ပြည့်ဝဝ ခံစားနိုင်မှာပါ။ ဒါတွင်မက ဆည်တွင်း အောက်ထဲမှာ ရှိတဲ့ကြီးမားတဲ့ ဂျင်နရေတာ စက်ယန္တရား များကိုလည်း အံ့မခန်းဖွယ် တွေ့မြင်နိုင်ပါတယ်။ ဗဟုသုတအဖြစ် ထည့်ပြောရလျင်ဖြင့် (၁၇) လုံးရှိတဲ့ဒီဂျင်နရေတာများရဲ့ စက်တလုံးစီကနေ အိမ်တစ်သောင်းရဲ့ လျှပ်စပ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ပါတယ်တဲ့။

လေးဘီလီယန် ကီလီဝပ်နာရီ လျှပ်စစ်အားက အိမ်ထောင်စုပေါင်း ငါးသိန်းရဲ့ လျှပ်စစ် လိုအပ်ချက်ကို လုံလောက် စေပါတယ်တဲ့လေ။ ဒီဆည်က အလှခံစားလို သူတွေအတွက်ရော၊ ဘဝစံစားသူတွေ အတွက်ရော အကျိုး များစေတာပါ။Resized_IMG_2502
အမေရိကန်နိုင်ငံရဲ့ အနဲကြီးမားဆုံးဖြစ်တဲ့ စီးပွားရေးပျက်ကပ်ခေတ် (Great Depression) ဖြစ်တဲ့ ၁၉၃ဝ ကျော် နှစ်များမှာ တည်ဆောက်ခဲ့တဲ့ ဒီဆည်ကြီးမှာ အဲဒီအချိန်ကတော့ ဆွေးနွေးငြင်းခုံစရာများနဲ့ ပြည့်နှက် နေမယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ စီးပွားရေးပျက်ကပ်မှာ ဟူးဗားဒမ် စီမံကိန်း အလုပ်အကိုင် အတွက် နိုင်ငံအဝှမ်းကနေ မျှော်လင့်ချက် အသီးသီးနဲ့ ရောက်လာခဲ့ကြသူတွေရဲ့ နောက်ဆွယ်က ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေ လည်း ဟူးဗားရဲ့ နောက်ခံသမိုင်းကို ဖတ်ကြည့်လျင်တော့ အထင်းသား မြင်နိုင်မှာပါ။

၁၉၃၁ ခုကနေ စတင် တည်ဆောက်ခဲ့တာ ၁၉၃၆ မှာမှ အပြီးသတ်ခဲ့လို့ မျှော်လင့်ထားတာထက် ပိုပြီးမြန်မြန် တည်ဆောက်နိုင်ခဲ့ ပါတယ်တဲ့။ ခက်ခဲပြီး အန္တရာယ်များတဲ့ တောင်ကြားနေရာမှာ အဲဒီအချိန်က ကမ္ဘာပေါ်မှာ အကြီးဆုံးဆည်ကြီး တစ်ခု တည်ဆောက်နိုင်ခဲ့တာ အမေရိကန်တွေအဖို့ အလွန် ဂုဏ်ယူဖွယ်ရာပါ။ ခုတိုင်လည်း နည်းပညာကြွယ်ဝမှု အထိမ်းအမှတ်တစ်ခု အဖြစ်ကမ္ဘာ့အလယ်မှာ ထယ်ဝါစွာ ရပ်တည်နေဆဲပါ။ ချောက်မဲ (Black Canyon) ဆိုတဲ့ ချောက်ကြားမှာ တည်ဆောက်ထားတဲ့ ဒီဆည်က ခုတော့လည်း ချောက်ကြားတခွင် ရေပြာပြာ ရေပြင်လွှာကျယ် ကျယ်က ဖုံးလွှမ်းနေခဲ့ပြီမို့ အပြာရောင်တောင်ကြား(Blue Canyon) လို့တောင် ခေါ်ရမလိုပါ။ ဆည်ကြီးရဲ့ ရေလှောက် တမံဖြစ်တဲ့ မိဒ်ရေကန်ရဲ့ ရေပြာပြာကနေ ကောင်းကင်ကို ပြန်လည် အရောင်ဟပ်နေလို့ ကောင်းကင်တစ်ခွင်လုံး လဲ့လဲ့ပြာစင် ဖြစ်နေတာကို သင်သာသဘာဝ ဝန်းကျင်ကို အမှတ်ပြုတတ်သူ တစ်ဦး ဆိုလျင်တော့ သတိထားမိမှာ မလွဲပါဘူး။


ဆည်ကြီးရဲ့ အမြင့်က ၇၂၆ ပေ၊ အခြေက ပေ ၆၆ဝ ထူပြီး ထိပ်မှာက ၄၅ ပေကျယ်ပါတယ်။ ဒီဆည်ကြီး ပေါ်ကို တစ်နေ့တစ်နေ့ ကားအစီးပေါင်း နှစ်သောင်းခန့် ဖြတ်သန်း သွားလေ့ ရှိတယ်ဆိုတော့ ဆည်ကြီးက တံတားကြီးတစ်ခု တာဝန်ကိုလည်း ထမ်းဆောင်ပါတယ်။ ဆည်မှာ သုံးစွဲထားတဲ့ အင်္ဂတွေတွေကို(၁၆) ပေကျယ်ပြီး (ဂ) လက်မထူတဲ့ အဆင့်မီ အဝေးပြေးလမ်းမ တစ်ခု တည်ဆောက်မယ်ဆိုလျင် အမေရိကန် အနောက်ဖျား ဆန်ဖရန် စစ္စကိုကနေ အရှေ့ဖျားက နယူးယောက်မြို့အထိ ရှည်လျားတဲ့ ဖရီးဝေး လမ်းတစ်လမ်း တည်ဆောင် နိုင်ပါတယ်တဲ့။ မျဉ်းဖြောင့် ဆွဲရင် ၂၆ဝဝ ခန့် ဝေးတဲ့မြို့နှစ်မြို့၊ ကားလမ်း အကွာအဝေးမှာတော့ မိုင် ၂၉ဝဝ ဝေးသမို့ ဆည်မှာသုံးတဲ့ အင်္ဂတေထု ပမာဏဟာ မိုင် ၂၉ဝဝ ရှည်လျားတဲ့ လမ်းမတစ်ခု တည်ဆောက်နိုင် တယ်လို့ ပြောတာဖြစ်မှာပဲလို့ ယူဆပါတယ်။

Resized_IMG_2590၁၉၃၁ ခုကနေ ၁၉၃၆ ခုနှစ်အတွင်း တည်ဆောက်ခဲ့ရတဲ့ ဒီဆည်ကြီးမှာ မတော်တဆ သေကြေပျက်စီးရတဲ့ သူပေါင်းက ၉၆ ယောက်ရှိခဲ့ပါတယ်တဲ့။ အများထင်သလို ဒီဆည်ကြီးအတွင်းမှာ မြှုပ်နှံထားသူဆိုလို့ တစ် ယောက်မှ မရှိပါဘူး။ဒါပေမယ့် ဆည်ကြီးရဲ့ ဧည့်သည်အများစု လည်ပတ်ရာ တစ်နေရာရဲ့ ကျောက်နံရံမှာတော့ ဆည်ကြီး တည်ဆောက်စဉ်အတွင်း အသက်ဆုံးရှုံး  သွားခဲ့ကြသူတွေကို ကြေးပြားနဲ့ အမှတ်တရ ဂုဏ်ပြုမှတ်တမ်း ကမ္ပည်းထိုး ထားတာကိုတော့ ဟူးဗားကို သင်ရောက်ရင်ဖြင့် ထင်ထင် ရှားရှားတွေ့ရမှာပါ။  မှတ်တမ်းမှာရေး ထားတဲ့ "ဒီမြင့်မြတ်တဲ့ လူသားတွေဟာ ပူပြင်းတဲ့ကန္တာရကြီးကို ပန်းတွေပွင့်လာစေဖို့ သူတို့အသက်တွေကို စတေးပေးဆပ် သွားခဲ့ကြတယ်။ အမေရိကန်နိုင်ငံကြီးနဲ့ အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေက သူတို့ကို ထာဝရ အမှတ်ရနေ ကြပါလိမ့်မယ်။


ဆည်ကြီး တည်ဆောက်ရာမှာ ပါဝင်ခဲ့ကြတဲ့ ဇွဲနပဲကြီးတဲ့ လုပ်သားတွေနဲ့ ဆည်ကြီး တည်ဆောက်ဖို့ အမြင်ကျယ်ကျယ်နဲ့ စဉ်းစား လုပ်ကိုင်ခဲ့ကြတဲ့သူတွေ  အားလုံးကိုလည်း အမေရိကန်အားလုံးက အစဉ်အမြဲ ကျေးဇူး တင်စွာ သတိရနေကြမှာပါ" ဆိုတဲ့ စာတမ်းက ကိုယ့်ကိုယ် ကောင်းကောင်းဖမ်းစားနိုင်ခဲ့ပါ တယ်။ ဟုတ်ပါရဲ့။ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုခြင်းဆိုတာ လူယဉ်ကျေးတို့ရဲ့ ကောင်းမြတ်တဲ့ ဓလေ့အစဉ် အလာပဲလေ။

တစ်ချိန်က ကန္တာရဖြစ်ခဲ့တဲ့ နယ်မြေတွေမှာ ခုတော့ လယ်ယာစိုက်ခိုင်းတွေ၊ သစ်သီးသစ်ခြံတွေနဲ့ စိမ်းလန်း စို ပြည်လာခဲ့သလို ရောင်စုံပန်းမာလ်တွေနဲ့ ဖူးပွင့်မြိုင်ဆိုင်နေခဲ့ပြီ။ ကန္တာရကို ပန်းပွင့်စေရုံသာမက အမှောင်ညတွေကို လည်း ထိန်ထိန်ဝင်းပ စေနိုင်ခဲ့ပြီလေ။ သဘာဝရဲ့ အလှတရားအားကို လူသားတို့ရဲ့ ဉာဏစွမ်းပကားအားနဲ့ ပေါင်းစပ်လိုက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ်လာစေနိုင်ခဲ့ပုံဟာ လူသားစွမ်းရည်အတွက် ၈ုဏ်ယူကျေနပ်ဖွယ်ပါ။  ဒီဆည်ကြီး တည်ဆောက်ရာမှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ အမေရိကန်နိုင်ငံရဲ့ သုံး ဆယ့် တစ်ယောက်မြောက်  သမတကြီး ဟားဗတ်ဟူးဗားရဲ့ စကားကိုလည်း နားထဲမှာ ကြားယောင်လာမိပါတယ်။


"ပင်လယ်ပြင်ထဲကို အလဟဿ စီးဝင်သွားမယ့် ဒီကော်လိုရာဒို မဟာမြစ်ထဲက ရေတွေကိုခုတော့ လူသားတွေက သယ်ယူကာ အသုံးပြုကြတော့မယ်။ အသိဉာဏ်နဲ့ယှဉ်ကာ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုနဲ့အတူ ဒီနေရာ ဒေသမှာ ခုလိုဆည်ကြီးတစ်ခု  တည်ဆောက် နိုင်ခြင်းက လူ့ယဉ်ကျေးမှုကို တစ်ဆင့်တိုးတက် မြှင့်တင်လိုက်ခြင်း
ပါ။ ဒီတန်ဖိုးတွေ ပြန့်ပွားခြင်းဟာ လူသားတွေ ဘဝပျော်ရွှင်မှုအတွက် ရေတွက်ပိုင်းဖြတ်လို့ မရနိုင်တဲ့အရာတွေ ပါ"။     လူယဉ်ကျေးမှုရဲ့ အခြေခံဖြစ်တဲ့ သောက်ရေ၊သုံးရေနဲ့ လျှပ်စစ် ဓာတ်အားကို ဟူးဗားဆည်က ဖြည့်ပေးနေ တာမို့ ယဉ်ကျေးမှု တဆင့်တိုးစေခြင်းဆိုတဲ့ သမတကြီးရဲ့ စကားဟာ မှတ်သားစရာပါ။ ဟူးဗားက နီဗားဒါး၊ အရီ ဇိုးနားနဲ့ကာလီဖိုးနီးယား တောင်ပိုင်းသား  များစွာရဲ့ နေ့စဉ်လူမှုဘဝရဲ့  အစိတ်အပိုင်းလို့ ဆိုနိုင်မှာပါ။

တချိန်တခါက ခြောက်ခန်းခဲ့တဲ့ နယ်မြေ ဒေသတွေလည်း ဆည်ရဲ့ ရေလှောင်ကန်ကနေ ရေအစိုဓာတ် ပေးခဲ့လို့ အသီးတွေနဲ့စိုပြေ၊ အရွက်တွေနဲ့ စိမ်းလန်း၊ပန်းတွေနဲ့ ဝေဖြာလန်းဆန်းတဲ့ နယ်မြေတွေလည်း ဖြစ်နေခဲ့ပါပြီ။ ဒါတွင်မက ဟူးဗားဆည်က ရေကိုရလို့ ပါလို ဗာဒီတောင်ကြား (the Palo Verde Valley)၊ကော်လိုရာဒိုမြစ် အင်ဒီယန် သီးသန့်နယ်မြေ (the Colorado River IndianReservation) ၊ အရီဇိုးနားပြည်နယ်ရဲ့ ယူမနဲ့ ဂီလာ စီမံကိန်း (the Yumaand Gila Projects in Arizona) ၊ ကာလီဖိုးနီးယားပြည်နယ်ရဲ့ အင်ပီရီယယ်နဲ့ ကိုရှီလာ တောင်ကြား (the Imperial and Coachella valleys inCalifornia)  စတဲ့ ဒေသတွေမှာလည်း တိုးတက် ဖွံ့ဖြိုးကာ လှပဝေဆာလို့နေခဲ့ပါပြီ။ ဆည်တွေက ကန္တာရအရိုင်းတောတွေကို အသီးအပွင့်တွေနဲ့  ယဉ်ပါးဝေဆာ
စေနိုင်သလို အရိုင်းသဘာဝ  တောတောင်တွေ သာယာနေမှလည်း ဆည်တွေမြစ်တွေ ရေပြည့်စေမှာမို့ အယဉ် တွေ ရှင်သန်ဖွံ့ထွား လာစေမှုနဲ့အတူ အရိုင်းတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပေလိမ့်မယ်။ ဒါမှသာအချိုးတကျ  ညီညွတ်မျှတစွာ ကမ္ဘာလောကြီး လှပပေလိမ့်မယ်။

တခါခါမှာ ဆည်တွေ တည်ဆောက်လို့ မြို့ရွာတွေ ရွှေ့ပြောင်းကြရ။ လူတွေရဲ့ လုပ်ကွက်တွေ ပျက်စီးဆုံးရှုံးကြရ လို့ ဘဝ ပျက်ကြရတာ တွေလည်း ရှိတတ်ပါတယ်။စနစ်တကျ လေ့လာတွက်ချက်မှု မရှိပဲ ပြုလုပ်တတ်ကြတာ ကြောင့်လည်း ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေတဲ့ တည်ဆောင်ခြင်းတွေလည်း ရှိတတ်ပါတယ်။

ဒီဟူးဗားဆည် ကတော့  လူသားပေါင်းများစွာရဲ့ ဘဝတွေကို ဖွံ့ထွားတိုးတက် စေနိုင်ခဲ့သလို ကမ္ဘာမြေကြီးကိုလည်း စိမ်းလန်း စိုပြေစေခဲ့ပါတယ်။ ကော်လိုရာဒိုမြစ်ကို ကာဆီးကာ တည်ဆောက်ထားတဲ့ ဒီဆည်ကမိဒ် ရေကန်ကြီးကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီရေကန်ထဲမှာပဲ လှေလှော်၊ရွက်တိုက်၊ ရေကူး၊ ရေပေါ်အပန်းဖြေ အိမ်မှာနား၊ ငှားမျှား။ လမ်း လျှောက်စတဲ့အပန်းဖြေဖွယ်ရာတွေကိုလည်း လုပ်နိုင်ကြတယ်။

သင်ကတော့ သိချင်မှ သိမယ်။ သိခဲ့လျင်တောင်မှ သတိရချင်မှ ရမယ်။ တကယ်လို့ သင်ဟာ အနာဟိုင်မှာရှိတဲ့ ဒစ္စနေလင်းဒ်၊ ဆန်ဒီယေဂိုးက ဆီးဝါလ်မှာရှိတဲ့ရေဖောင်တိန်ပိုက်ခေါင်းလေး တစ်ခုကနေ အမောပန်းပြေ ရေ သောက်ခဲ့တယ် ဆိုရင် ဒါဟာ ကော်လိုရာဒိုမြစ်ကို ဆည်ထားတဲ့ ဟူးဗားရဲ့ ရေလှောင်ကန် မိဒ်ရေကန်(Lake Mead) က လာတဲ့ ရေကိုသောက်နေခြင်းပါ။ မိုင်သုံးရာ အဝေးကနေ သင့်ကိုအနွမ်းပြေစေဖို့ အပြေးလေးလာပြီး အားကူပေးတဲ့ ရေအေးအေးလေးတွေလေ။ ဟူးဗားနဲ့စပ်တဲ့ မှတ်သားဖွယ် လေးတွေကို ပြောပြဖို့ ကိုယ့်မှာ အများသားပါလေ။ ဒါပေမယ့် ဒီမှာတော့ ဒီလောက်နဲ့ နားမှတော်မယ်ထင်ပါတယ်။

ကိုယ်ကတော့ ၂ဝ၁ဝ ရဲ့နွေရာသီ ခရီး အဖြစ် နီဗားဒါး၊ အရီဇိုးနားနဲ့ ယူထပြည် နည်သုံးခုကို လေးညအိပ် ငါးရက်ခရီး သွားဖြစ်ခဲ့ပါတယ်။ ဒီစာတိုလေးတွေကတော့ ကိုယ်ရောက်ရှိခဲ့တဲ့ နေရာတွေရဲ့ အမှတ်ရဖွယ် မြင်ကွင်းကျယ်ကို အပေါ် ယံအမြင်နဲ့ပဲ ကိုယ်မြင်သမျှကို အခြေခံ ပြီး ကိုယ်ခံစားမိသမျှ ရေးသားလိုက်တာပါ။ နက်ရှိုင်းတဲ့ သမိုင်းနောက်ခံတွေ၊ အံ့ဖွယ်ဆန်းပြားတဲ့ အမိမြေကမ္ဘာရဲ့ တကယ့်အလှတွေ ကိုတော့ ဒီလောက် ရေးပြရုံနဲ့တော့လည်း ဘယ်မှာပြည့်ဝ ကုန်စင်နိုင်ပါ့မလဲ။ နောက်ပြီး တစ်ယောက်ထဲရဲ့ အမြင်နဲ့တင်ပြတဲ့ ဒီအမြင်က လည်း ဘယ်မှာ စုံလင်တဲ့အမြင် တစ်ခု ဖြစ်နိုင်ပါ့မလဲ။ သို့ပေမယ့်ခုလို မပြည့်မစုံတဲ့ ကိုယ့်ရဲ့စာတို အပိုင်းစလေး တွေကို ဖတ်ပြီးအမိမြေကမ္ဘာကို စိတ်ဝင်စားကာ ရေမြေသဘာဝ အလှတရားကို ချစ်မြတ်နိုးတတ်တဲ့စိတ်အနည်း ငယ်လေးမျှ ဖြစ်ခဲ့တယ်ဆိုရင် ကိုပဲ ကိုယ်ကတော့ဝမ်းမြောက်ဂုဏ်ယူနေမိမှာပါ။

တစ်ဦးတစ်ယောက် ချင်းစီရဲ့ အနည်းငယ်မျှသော မြေကမ္ဘာ ချစ်စိတ်တွေ စုပေါင်းခဲ့မယ် ဆိုရင်ကိုပဲ လူသန်းပေါင်း မှီတင်းနေထိုင်တဲ့ဒီကမ္ဘာာမြေကြီးပေါ်မှာ ချစ်စိတ်တွေက တောင်တွေ တောတွေ သမုဒ္ဒရာကြီးတွေမကကြီးမား လာမှာပါ။ ချစ်တတ်တဲ့စိတ်၊ ကြင်နာတတ်တဲ့စိတ်၊ ညှာတာစာနာ တတ်တဲ့စိတ်ဓာတ် ပိုင်ရှင်တွေနဲ့ ဒီကမ္ဘာကြီး ကို တည်ဆောက်ကြမယ်  ဆိုလျင်ဒီကမ္ဘာာမြေကြီးက ပိုမိုငြိမ်းချမ်းလာပြီး နေပျော်ဖွယ် ကမ္ဘာကြီးဖြစ်လာမှာမလွဲ ပါဘူး။ သစ်တောတွေလည်း စိမ်းလန်း၊ မြစ်ပြင်တွေလည်း ကြည်လင်၊ ပန်းမာလ်တွေလည်း လှပဝေဆာစွာ ပွင့်ဖူးနေတဲ့ ဒီကမ္ဘာမြေကြီးမှာ ငှက်လေးတွေလည်း လွတ်လပ်စွာတွန်ကျူး၊ လိပ်ပြာလေးတွေလည်း ရောင်စုံပန်းလေး တွေပေါ်မှာ တောင်ပန်လေးတွေ လှုပ်ခတ်လို့ ဘယ်လောက် သာယာ ညွတ်နူးဖွယ် ကောင်းလိုက်လေ မလဲ။ လှပတဲ့ ကမ္ဘာကြီး တစ်ခုဖြစ်ဖို့ လူသားအသီးသီးရဲ့ ရင်ထဲမှာ သဘာဝတရားကို ချစ်တတ်စိတ်ကလေး ထား တတ်တာက စကြရမှာပါ။ ကဲ လာပါလေ၊ ချစ်ကြရအောင်ပါ။ ။

 
up
 
Back