ဉာဏ်ဦးမောင်

Resized_IMG_2251

တောတောင်တွေရဲ့ သဘာဝ အလှတွေ ကြားမှာ မနားတမ်း သွားနေခဲ့တာ သုံးရက် ရှိသွားပြီ။ ဒီရက်တွေအတွင်း ဇိုင်ယန် ဥယျာဉ် (Zion National Park)ရဲ့ မိုးထိမြင့်မား ရောင်စုံကျောက်တောင် ကျောက်လွှာများ။ ဂရင်းကင်ညန် (Grand Canyon)ရဲ့ အသူတရာနက်ရှိုင်းတဲ့ ချောက်ကမ္ဘားကြီးတွေရဲ့ အထပ်ထပ် အလွှာအလွှာ အံ့မခန်း သမိုင်းဝင် ဖြစ်တည်နေဟန်တွေ။ အနီရောင်ချောက်(RedCanyon)ရဲ့ မေ့ပျောက်ဖို့ ခဲယဉ်းမဲ့အသွင်နဲ့ အမိုးမဲ့ လိုဏ်ဂူပမာ ကျောက်ပန်း ကျောက်ဆိုင်တွေ ဝေဆာနေတဲ့ (Bryce Canyon)တို့ကို လေ့လာဖြစ်တယ်။ တစ်နေရာမှာ တစ်ရက်ပဲဆိုတော့ လေ့လာ တယ်ဆိုတဲ့စကားထက် လှည့်လည်သွားလာ လည်ပတ်ခဲ့တယ် ဆိုရင်ဖြင့် ပိုမှန်မှာပါ။

Resized_IMG_2256 ဒီလောက်ဆန်းပြား ခမ်းနားတဲ့ သဘာဝ အလှတရားတွေ၊ စိတ်ဝင်စားဖွယ်တွေပေါကြွယ်လှတဲ့ နေရာတွေကို တစ်နေရာမှာ တစ်ရက်တာမျှသာ လေ့လာရုံနဲ့ဘယ်မှာနှံ့စပ် ကုန်စုံနိုင်ပါ့မလဲ။ ဘာပဲဖြစ်ဖြစ်၊ ခုလိုဆန်းကြယ်လှပတဲ့နေရာတွေကို အခိုက်အတန့်လေးမျှ ရောက်ရှိ လည်ပတ်ခွင့် ရခဲ့တာကိုကပဲ ဝမ်းမြောက် ဂုဏ်ယူဖွယ်ပဲ မဟုတ်လား။ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အတွေ့အကြုံတွေပဲ မဟုတ်လား။ ဒါကြောင့်ဒီခရီးစဉ်ကို   စီစဉ်ခဲ့တဲ့ သူတွေရဲ့ကျေးဇူးကိုလည်း အမြဲမပြတ် အမှတ်ရနေမိမှာပါ။ ရင်မှာဖြစ်တဲ့ ကျေးဇူးတရားက ကျေးဇူး တင်ပါတယ် ဆိုတဲ့ နှုတ်စကား ထက် ပိုမိုလေးနက် တာမို့ ကျေးဇူးစကားကိုတော့ အထူးမဆိုတော့ပါဘူး။Resized_IMG_2214

ဒီနေ့တော့ ကိုယ်တို့ခရီးစဉ်ရဲ့ နောက်ဆုံးနေ့။ သုံးညတာ တည်းခိုခဲ့တဲ့ Mt.
Carmel Junction က Best Western Hotelကနေ စထွက်တော့ နံနက် ၉ နာရီ ၃ဝ ကျော်ကျော်။ ဒီည လော့စ်အင်ဂျလိ(စ်)ကိုပြန် အိပ်မှာ။ လမ်းမှာဝင်လည်ဖို့ စီစဉ်ထားတာက Cedar Breaks National Monumentနဲ့ လပ်စ်ဗေးဂပ်စ်မြို့အနီးကဟူးဗားဆည် (Hoover Dam)တွေကိုလေ။ စီးဒါးဘရိတ်ခ်အမျိုးသား အထိမ်းအမှတ်နေရာက ဒီရက်ပိုင်းအတွင်း ကိုယ်သွားခဲ့သမျှနေရာတွေထဲမှာ အမြင့်ဆုံးနေရာ။ ပေတစ်သောင်းသုံး ရာငါးဆယ်အမြင့်မှာရှိပါတယ်တဲ့။ မြင်ရတဲ့ မြင်ကွင်းကတော့ အရင်နေ့ကဘရိုက်စ်ကင်ညန်မှာ တွေ့ရတဲ့ မြင်ကွင်းနဲ့ သိပ်မကွာခြားလှပါဘူး။

ဒီဝန်းကျင်က ဘရိုက်စ်ကင်ညန်၊ ခုစီးဒါးဘရိတ်ခ်စတဲ့ဟူးဒူးတို့ရဲ့နေရာအလှတွေကို အများတွေ သုံးနှုန်းကြတဲ့အတိုင်း ငှါးရမ်းလို့ သုံးရမယ်ဆို လျင်တော့လည်း ဒီနေရာဟာလည်း "အမိုးဖွင့် သဘာဝ ကပွဲရုံ"(the amphitheater) တစ်ရုံလို့သာပဲ ဆိုရမှာပါ။ သူ့မှာလည်း သူ့အလှနဲ့သူ၊ သူ့သမိုင်းနဲ့သူ။ ဟူးဒူးတိုရဲ့ မြို့တော်တစ်ခုပါပဲ။ စီးဒါးဘရိတ်ခ်ကို လှည့်လည်ကြည့်ရှုပြီး ခဏနားကာ  နေ့လယ်စာ စားမယ်ပြင်တော့ အေးလွန်းတာကြောင့် ကားထဲမှာပဲစား လိုက်ကြရပါတယ်။ နေ့လယ်စာစားအပြီးပြန်အထွက် လမ်းတစ်လျောက်မှာ မြင့်တဲ့နေရာဖြစ်လို့ ဆောင်းပိုင်းက ကျထားတဲ့စနိုးတွေက အချို့နေရာများမှာ ပုံလျက်ခဲလျက်ရှိနေဆဲ။Resized_IMG_2263

အမြင့်ဆုံးတောင်တစ်လုံးပေါ်မှာဆိုရင် စနိုးတွေက ကွက်ကျားကွက်ကျား ဖုံးကာထားလို့မှို့ အစိမ်းနဲ့အဖြူကျား တောင်ပုံဆန်းဆန်းပြားပြား အသွင်ကအမြင် တမျိုးနဲ့ လှနေတာကို တွေ့ရပါတယ်။ သုံးရက်လုံးလုံး တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းအားလုံးက အနီရောင်ရင့်ရင့်တွေ၊အနီနဲ့ဆက်သွယ် နေတဲ့ လိမ္မော် ရောင်၊ ပန်းရောင်၊ အညိုရောင်စတာတွေများတာကြောင့် တောင်စိမ်းစိမ်းပေါ်မှာ ဟိုတစ်ကွက် ဒီတစ်ကွက် ဖုံး ကာထားတဲ့ဖြူဆွတ်ဆွတ် အလှကလည်း တမျိုးကြည့်လို့ ကောင်းနေပြန်ပါတယ်။

ု   မြင်ကွင်းလှလှလေးတွေ တွေ့ရလို့ ခဏကားရပ်ကာ ဆင်းလေတိုင်း အေးအေးဆေးဆေး မကြည့်နိုင်ကြပါဘူး။ အားလုံးက အဝတ်ပါးပါး လေးတွေကိုသာ ဝတ်ဆင်ထားကြတာမို့ ပေတစ်သောင်းကျော်ကျော် အမြင့်တစ်နေရာမှာ နှင်းစနှင်းကြွင်း တွေ ကိုဖြတ်တိုက်လာတဲ့လေက အသဲခိုက်အောင် အေးတယ်လို့ မဆိုနိုင်တောင်အရေပြားကိုက်အောင်တော့ အေး တယ်လို့ ဆိုနိုင်တဲ့ အနေလေ။

ယူထပြည်နယ်ရဲ့ နှင်းလျောစီးရာ တစ်နေရာဖြစ်တဲ့ နာမည်ကျော် Brian Head
Resort ကိုလဲ ကားဖြတ်ကာ မောင်းရပါတယ်။ တောင်ဆင်း အကွေ့အကောက်လမ်းလေးက ကိုယ့်အမိမြေက ပြင်ဦးလွင်အတက် ခြောက်မိုင် ကွေ့ကို သတိရစေပါတယ်။တတ်နိုင်ပြည့်စုံ တဲ့နိုင်ငံမို့ ဒီမှာတော့ လမ်းတွေက ပိုကျယ်ပြန့်၊ပတ်ဝန်းကျင်မြင် ကွင်းတွေလည်း ပိုမိုခမ်းနား သန့်ရှင်းတာတော့ ထူးတယ်လို့ဆိုရမှာပေါ့။ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ၊ သီးသန့် လူနေအိမ် လှလှလေးတွေ၊ တောင်တွေပေါ်ကို တက်နိုင်အောင် ကောင်းကင်ကြိုး ဆွဲကားတွေ အများ အပြား တပ်ဆင်ထားတာကိုတွေ့လို့ ဆောင်းပိုင်းမှာဆိုလျင်တော့ စနိုးပျော်တွေနဲ့ အလွန်စည်ကားမယ့်နေရာ ဖြစ်မှာပဲလို့ မှန်းဆမိပါတယ်။ နွေရာသီအပန်းဖြေစခန်းကိုတော့ ဇွန်လ ၂၆ ရက်မှာမှ တရားဝင် စတင်ဖွင့်လှစ်မှာ ဆိုတော့ ကိုယ်ရောက် ချိန်က ကြားကာလ အချိန်လေ။ ဒါကြောင့် ခရီးသွားဧည့်သည် များများစားစား မတွေ့ရပါ ဘူး။ မကြာမီရက်ပိုင်းအတွင်းမှာတော့ နွေပျော်လူသားတွေနဲ့ စည်ကားသက်ဝင် လှုပ်ရှားလာပေဦးတော့မယ် ရယ်လို့လည်း တွေးမိပါတယ်။ အပူပြင်းတဲ့နွေမှာ အပူကင်းတဲ့ ဒီနေရာလေးဟာ အပူရှောင်လိုသူတွေအတွက် စွဲမက်ပျော်မွေ့ဖွယ် သုခဘုံလေး ဖြစ်နိုင်မယ်
မဟုတ်လား။ ကိုယ်ကတော့ ဖြတ်သန်းသွားလာခဲ့ရုံမျှသာပါပဲလေ။

Resized_IMG_1182Brian Head ကို မရောက်မီမှာ ဖြတ်ခဲ့ရတဲ့ UT 143 လမ်းမရဲ့ မတ်စောက်မှုနဲ့
Brian Head အလွန်တောင် ဆင်းလမ်းက အမှတ်ပြုမိလောက်အေင် မတ်စောက်ပါတယ်။  ဒါကြောင့် အချိန်တော်တော်ကြာကြာ ကားကို ဘရိတ်ထိမ်းပြီး မောင်းရတာကြောင့်ကားရှေ့ဘီးဘရိတ်တွေ အပူလွန်ပြီး မီးလောင်ပါတယ်။ စစချင်းတော့ မကြာမီက ဖြတ်ကျော်ခဲ့တဲ့ Brian Head  Resort အတွင်းမှာ လမ်းပြင်ကတ္တရာခင်းနေရာကနေ ပါလာတဲ့ အညှော်နံ့ဖြစ်မှာပဲဆိုတဲ့ အတွေးနဲ့ ဘယ်သူမှ ဂရု မပြုမိကြပါဘူး။ တော်တော်လေး ကြာလာတဲ့အခါမှာ ပိုပြိး ညှော်လာတာကြောင့် သံသယရှိလို့
လမ်းဘေး ကားခဏရပ်ပြီး ဆင်းကြည့်လိုက်တော့ မီးတောက်တော်တော် ကြီးနေတာကို တွေ့ရပါတယ်။ ပါလာတဲ့ သောက်ရေသန့်ဗူးတွေ။ လမ်းဘေးရှိ ဖုန်သဲတွေနဲ့ အလျင် အမြန် မီး ငြိမ်းသတ်ကြရပါတယ်။ မရပ်နားပဲ နောက်သုံးလေးမိနစ်ခန့်သာဆက်မောင်းမယ်ဆိုလျင်တော့ ခုလိုဒီစာကို သင်ဖတ်ချင်မှ ဖတ်ခွင့်ရတော့မှာ။
ကိုယ်က ခုချိန်မှာဆို ဘရိုင်ယန်ဟက်ဒ်ရဲ့ ကောင်းကင်ကြိုးကားနဲ့ ဟိုး အထက်ကောင်းကင်ဆီကို တက်သွားပြီး အနားယူနေသူ ဖြစ်ချင် ဖြစ်နေလောက်ပြီ။ အန္တရာယ်ဆိုတာ တကယ့် ကိုမှ လက်တစ်ကမ်းမှာ။ မထင်မှတ်တဲ့နေရာကနေ အသံမပေးဘဲလည်း ရောက်လာနိုင်တတ်တာမျိုးလေ။

အနီးဆုံးမြို့လေးဖြစ်တဲ့ Parowan က ကားဝပ်ရှော့ကို ဆက်သွယ်ပြီး
အကျိုးအကြောင်း ပြောပြတော့ ဖြေးဖြေး ထိန်းမောင်းလာပါလို့ အကြံပြုတာကြောင့် ကားကိုအေးအောင် ခဏစောင့်ပြီး ၁၃ မိုင်ခန့်ဝေးတဲ့ Parowan ဆို တဲ့ မြို့လေးဆီကို ရင်တမမနဲ့ အရောက်မောင်းခဲ့ကြတယ်။ ဒီလမ်းက အန္တရာယ်များလွန်းတာကြောင့် ဆောင်း တွင်းမှာဆို အများအားဖြင့်လမ်းကိုပိတ်ထားတယ်လို့ သိရပါတယ်။ ဝပ်ရှော့ရောက်တော့ ဆိုင်ရှင်အဘိုးက  သူဒီဝပ်ရှော့ဆိုင်လေးဖွင့်ထားတာ နှစ်သုံးဆယ်ကျော်ပြီ။ ဒီလမ်းမှာ ဒီလိုအဖြစ်မျိုး မကြာခဏကြုံရတတ်လို့ ခုလိုပဲ သူပြင်ပေးရတဲ့ ကားတွေလည်း များလှပြီးလို့ ပြောပြပါတယ်။ နောက်ပြီး သူက မိတ်ဆွေတို့ အလွန်ကံကောင်းတယ်။ တချို့ဆို အသက်တောင် ဆုံးရှုံးကြ ရတာလို့ ပြောပြလို့ ကိုယ့်အဖြစ်ကိုတောင် ပြန်လည်တွေးပြီး ကြောက် လန့်ရမလိုလိုပါပဲ။Resized_IMG_2226
ကိုယ့်ကံကောင်းခြင်းက သင်ကံမကောင်းခြင်း ဖြစ်နေလားတော့ မဆိုနိုင်ဘူးပေါ့နော။ ဘာကြောင့်လဲဆိုရင် ခုလို ကိုယ်ရေးနေတဲ့စာတွေကို သင့်မှာ အချိန်ကုန်ခံ၊ မျက်စိအညောင်း ခံကာ ဖတ်နေရလို့ ပေါ့။ ထားပါတော့လေ။
တကယ်လို့ သင်များ ဒီ UT 143 လမ်းကိုသွားခဲ့ရင် သင့်ကားကိုဂရုထားမောင်းဖို့ ကိုယ်က သတိစကား ပါးချင်ပါတယ်။ ဘေးကင်းပါစေသား မိတ်ဆွေရယ်။
လေ့လာလိုသူတွေအတွက်လည်း ဗဟုသုတတွေရသလို နေ့စဉ်လူမှုဘဝရဲ့ ဖိစီးမှုဒဏ် တွေကြောင့် စိတ်ပန်း ကိုယ်နွမ်းဖြစ်နေသူတွေအတွက်လည်း စိတ်အပန်းဖြေ အနားယူနိုင်စေဖို့ ဒီတောဒီတောင် ဒီရှိုမြောင်တွေက ကောင်းကောင်း ပေးစွမ်းနိုင်ကြတယ်လေ။ ဒါကြောင့် သဘာဝအလှတွေ မပျက်ပြုန်းရလေအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်စေဖို့ အမြော်အမြင်ကြီးကြီးနဲ့ စနစ်တကျ ဆောင်ရွက်ကြသူတွေကို လေးစားမိပါတယ်။

Resized_IMG_2302ထူးဆန်းတဲ့တောတောင် သဘာဝတွေရဲ့ လှပဆန်းကြယ်တဲ့မြင်ကွင်းတွေ မပျက်စီးရလေအောင် ထိန်းသိမ်းစောင့် ရှောက်ထားမှုကြောင့်သာ ခုလိုတန်ဖိုးမဖြတ်နိုင်တဲ့ နေရာဒေသတွေ အလှမပျက် ရှိနေနိုင်တယ် မဟုတ်လား။ ဒါတွေဟာ ရေရှည်ကို မျှော်ကြည့်ပြီး စနစ်တကျ သင့်လျော်မျှတတဲ့ ဥပဒေတွေချမှတ်ကာ ဆောင်ရွက်ကြတဲ့ တာဝန်ရှိသူတွေရဲ့ လူသားတွေအပေါ်၊ ကမ္ဘာလောကအပေါ် ထားရှိတဲ့ စေတနာတွေကြောင့်သာပါ။ သင့်တင့်မျှ တတဲ့ ဥပဒေသတွေကို လိုက်နာရ ကောင်းမှန်းသိပြီး အသိနဲ့လိုက်နာကြတာကြောင့်လည်း ဒီသဘာဝ အလှ တရားတွေ ရှိနေတာမို့ စောင့်ထိန်းလိုက်နာသူ အားလုံးကိုလဲ ကျေးဇူးစကား ဆိုချင်ပါရဲ့။ တကယ်တော့ မျှတတဲ့ ဥပဒေဆိုတာ လေးစားစွာ လိုက်နာလိုသူ များတတ်ရိုးပါလေ။ လူသားဆိုတာ အသိဉာဏ်မဲ့သူတွေမှ မဟုတ်တာ ပဲဟာကိုး။

Resized_IMG_2280ထိန်းသိမ်းသူမဲ့၊ စောင့်ရှောက်သူကင်း၊ ခုတ်ထွင်ဖျက်ဆီး သူတွေချည်းသာများလို့  ဒီတောတွေပြုန်း၊ ဒီတောင်တွေကတုံး ဖြစ်ကုန်မယ်ဆိုရင်ဖြင့် ဘယ်မှလာသဘာဝ အလှတရားတွေ ဆိုတာလဲ ရှိနိုင်ပါတော့မလဲ။ သဘာဝ အလှတွေ ကင်းမဲ့မှုကနေ ဘဝအလှတွေ ကင်းမဲ့နိုင်တဲ့ အထိလည်း ဖြစ်လာနိုင်မယ်လေ။ ဒီတော ဒီတောင် ဒီမြေ ဒီရေ
ဒီသဘာဝတွေ ရှင်သန်ကျန်းမာနေပါမှ ဒီမြေဒီရေ ဒီသဘာဝတွေကို မဖြစ်မနေ အစဉ်မှီခို နေရတဲ့ လူသား တွေအပါအဝင် သတ္တမျိုးနွယ်စု တစ်ခုလုံးလည်း ကျန်းမာပျော်ရွှင်စွာ အရှည်ရှင်သန်ခွင့် ရှိနိုင်မယ် မဟုတ်လား။ ဒီတော့ သဘာဝအလှတွေ ထိမ်းသိန်းခြင်းဆိုတာ ဘဝတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်တယ်ဆိုတာ နားလည်ဖို့ သိပ်လိုအပ်တာပေါ့။ ကိုယ်မှီခိုနေတဲ့ ကိုယ့်အမိ အိမ်ဂေဟာကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးတယ်ဆိုတာ ဘယ်မှာ သင့်လျော်တဲ့ လုပ်ဆောင်ချက်မျိုး ဟုတ်နိုင်ပါ့မလဲ။ အသိဉာဏ် ရှိသူတို့ရဲ့ လုပ်ရပ်မျိုးလည်း ဟုတ်နိုင်ပါ့ မလဲ။

သဘာဝတရားတွေရဲ့ အလှတရားတွေကို ကိုယ့်ရင်တွင်းသန္တာန်မှာရှိတဲ့ မသိမှု
မောဟဦးစီးရှေ့ဆောင်တဲ့ လော ဘတွေ၊ ကိုယ်ကျိုးကိုယ်သာ ဦးစားပေးစဉ်းစားတဲ့ အတ္တမာန်မာနစတဲ့ မလှမပ အကျည်းတန်တရားတွေက ဖျက် ဆီးပစ်လိုက်မယ်ဆိုရင်ကိုယ်ဖျက်ဆီးတဲ့ ဒဏ်ဟာ ကိုယ့်ဆီကို အနှေးနဲ့အမြန် ပြန်လာလေမယ်ဆိုတာကိုလဲစဉ်းစားမိဖို့ လိုပေလိမ့်မယ်။ သဘာဝတရားတွေဆိုတာ သူတို့ကိုတရားမျှတစွာ လိမ်လိမ် မာမာ အသုံးချမယ်ဆို ရင် သူတို့ကလည်း ကိုယ့်ကို တရားသဖြင့် ဆုလဒ်ကောင်းတွေ ပြန်လည်ပေးဆပ်မှာပါ။ တောတွေတောင်တွေ အကြောင်း စဉ်းစားမိနေရင်းပဲ ညနေ ၅ နာရီကျော်ကျော်မှာ Hoover Dam ဆီကို ရောက်လာခဲ့တယ်။ တကယ် တော့ ဒီဟူးဗားဆည်သည်ပင်လျင် သဘာဝအလှတရားကို အခြေပြုကာ လူသားတို့ရဲ့ ကောင်းကျိုးများစွာကို ထုတ်လုပ်ဖော်ဆောာင်ပေးနေတဲ့  အရာတစ်ခုပဲ မဟုတ်လား။ ။


ဥာဏ်ဦးမောင်


 
up
 
Back