တောင်ဆီက မောင်နီ
ယေဘုယျသဘောပြောရရင် အရာဝတ္ထုတိုင်းမှာ အပေါ်ယံအသွင်သဏ္ဍာန်နဲ့ အတွင်းသား အနှစ်သာရ လို့(၂)ပိုင်းရှိတတ်ပါတယ်။ အနှစ်သာရ အတွင်းဟာ အပေါ်ယံ အသွင်သဏ္ဍာန် ဆိုတဲ့ သန္ဓေတည် ပေါက်ဖွား လာတတ်တာ မျိုးဖြစ်လို့ အလွယ်တကူ မြင်တတ် မြင်နိုင်ခဲလှပါတယ်။ နောက်ပြီး အမျိုးမှန် အဖိုးတန်ဖြစ်တဲ့ ဒီအနှစ်သာရဟာ အသွင်သဏ္ဍာန်ရှိတဲ့ အရာတိုင်းမှာတော့ ရှိနေနိုင်တာ မဟုတ်ပါဘူး။
ဥပမာ” သစ်မွှေး”ဆိုတာ ပင်စည်အတွင်းမှာ တည်ရှိမြဲဖြစ်ပေမယ့် အသွင်တူ အပင်တိုင်းမှာ ရှိချင်မှ ရှိတတ်တာပါ။ အဲဒီလို ခွဲခြားရှာဖွေရတာ ခက်ခဲလွန်းတဲ့အခါ သစ်ပင်တူအားလုံးကို မီးရှို့ ကြည့်ပြီးရှာဖွေရတယ်လို့ ဆိုပါတယ်။ လောကမှာ အဖိုးတန် အနှစ်သာရတိုင်းကိုတော့ သစ်မွှေး ရှာသလို ရှာဖွေလို့ မဖြစ်နိုင်ပါဘူး။ အဲဒီအခါမှာ အနှစ်သာရဆိုတာ မြင်တတ် မြင်နိုင်ခံလို့ ရှားပါးစာရင်းဝင်ပြီး အဖိုးတန်ရတနာဖြစ်လာပါတယ်။ နောက်ပြီး သူ့ရှေ့မှာ အသွင်သဏ္ဍာန် ဆိုတဲ့ အကာအကွယ်တစ်ခု ရှိနေတာမို့ အနှစ်နဲ့အကာကို မှန်ကန်စွာခွဲခြား စိစစ်နိုင်သူတွေသာ အကာကိုပစ်ပြီး အနှစ်ကို မိမိပိုင်ပိုင် ရနိုင်ကြပါတယ်။ အဲဒီလို မခွဲခြားသူတွေကတော့ အနှစ်ကို အကာထင် အကာကိုလည်း အနှစ်ထင်ချင် ထင်နေတတ်ပါတယ်။
တစ်ခါတုန်းက စာေ၇းသူဟာ ကိုမျိုးမင်းဆိုတဲ့ လူငယ်တစ်ဦးနဲ့ ဆုံဖူးပါတယ်။ သူဟ မြန်မာ ပြည်မှာ မွေးဖွားသူဖြစ်ပေမယ့် နိုင်ငံခြားမှာ ပညာသင်ပြီး ပြည်ပမှာပဲ အနေများသူဖြစ်ပါတယ်။ သူရဲ့ မိဘတွေဟာ ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်ဆည်းကပ်ကြတဲ့ ဥပါသကာ တွေပါ။ ဒါပေမယ့် သူကတော့ ဘာသာရေးဘက်မှာ တတ်သိနားလည်မှု အားနည်းနေပါသေး တယ်။
သူက စာရေးသူကို ပြောပါတယ်။ “အရှင်ဘုရား၊ ဘာသာတိုင်းမှာ ကောင်းမွန်တဲ့ အချက်တွေ ရှိတာပါဘဲ၊ နောက်ပြီး ကျင့်စဉ်အနေနဲ့လည်း သိပ်ကွာတာမှ မဟုတ်ပဲ၊ တပည့်တော်တို့မှာ ဒါန၊ သီလ၊ ဘာဝနာဆိုတာရှိသလို တခြားဘာသာတွေမှာလည်း အလှူဒါန်ပြုတာ၊ ဥပုသ်စောင့်တာ၊ တရားကျင့်တာတွေ ရှိနေတာပဲ။ ဒီတော့ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် ကောင်းကျိုးရပုံ ကတော့ အတူတူပဲ မဟုတ်လား။ ဒါကြောင့် တစ်ခါတလေ ဘာသာတွေကို အကုန်ပေါင်းစုပြီး ကမ္ဘာပေါ်မှာ ဘာသာတစ်ခုတည်းရှိရင် ကိုးကွယ်မှုနဲ့ဆိုင်တဲ့ ပြဿနာတွေ နည်းသွားမယ်လို့ ထင်ပါရဲ့ဘုရား။
ဒါနဲ့ စာရေးသူက မြတ်စွာဘုရားရဲ့ အဆုံးအမ သြ၀ါဒ အနည်းငယ်ကိုပြောပြပြီး ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့ အနှစ်သာရကို လက်တွေ့မြည်းစမ်း ကြည့်စေနိုင်အောင် တရားစခန်းဝင်ဖို့ စီစဉ် ပေးပါတယ်။ နောက်ပြီး သူ့ကို ဓမ္မပုံတစ်ပုဒ်ကိုလည်း ပြောပြလိုက်ပါတယ်။ အဲဒီပုံပြင်ဟာ နမ္မား ဆရာတော်(ဦးဉာဏ)ရဲ့ ပုံပြင်ပဲဖြစ်ပါတယ်။
ဟိုးရှေးရှေးတုန်းက ရွှေနိုင်ငံနဲ့ ငွေနိုင်ငံဆိုတဲ့ အိမ်နီးချင်း တိုင်းပြည်နှစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီ နှစ်နိုင်ငံစလုံးမှာ ဘုရင်မင်းမြတ် တစ်ပါးစီအုပ်ချုပ် စိုးစံနေသတဲ့။ တစ်နေ့တော့ နယ်စပ်မှာရှိတဲ့ ရွာကလေးတစ်ရွာကို အကြောင်းပြုပြီးတော့ နှစ်နိုင်ငံ စကားများကြသတဲ့။ အဲဒီအခါ ရွှေနိုင်ငံဘုရင်ကြီးက “ဒီရွာကလေးကို အကြောင်းပြုပြီး နှစ်ဖက် စစ်တိုက်ကြရရင် သေကြေပျက်စီး ကြရမယ့်တန်ဖိုးဟာ ဒီရွာကလေးဖိုးလောက်မကဘူး။ ဒီတော့ နှစ်နိုင်ငံ ပညာရှိချင်း ပညာပြိုင်ပြီး နိုင်သူက ယူစတမ်းလုပ်မှ ရှုံးသူလည်းသက်သာ၊ နိုင်သူလည်း အကျိုးရှိမယ်”လို့တွေးမိပြီး ငွေနိုင်ငံက ဘုရင်ကြီးထံ အကြောင်းကြားသတဲ့။
ငွေနိုင်ငံက ဘုရင်ကြီးကလည်း အဲဒီအကြံကို သဘောတူလိုက်ပြီး ပညာရှိချင်း ပညာပြိုင်ဖို့ ရက်သတ်မှတ် ပေးလိုက်ပါတယ်။ အဲဒီအခါမှာ ငွေနိုင်ငံက ဘုရင်ကြီးဟာ နန်းတော်ထဲမှာရှိတဲ့ ပညာရှိ အမတ်တွေကို ခေါ်စေပြီး “ဘယ်သူဟာ ရွှေနိုင်ငံက ပညာရှိအမတ်နဲ့ ပညာပြိုင်မလဲ၊ ပြိုင်ရဲသူ ရှေ့တော်မှောက် ထွက်ခဲ့စမ်း” လို့ အမိန့်ရှိတော်မူတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်မျှ ထွက်ပေါ်မလာဘူးတဲ့။ “ဒီကဖြင့် ပညာပြိုင်ဖို့ ရက်တောင် သတ်မှတ် ပေးပြီးပြီ၊ ပြိုင်ရဲသူမရှိရင် ဘယ်နှယ့်လုပ်ကြမလဲ” လို့ ဘုရင်မင်းကြီးက ထပ်ပြီးအမိန့်ရှိမှ “အရှင်မင်းကြီး ဘုရား… ရွှေနိုင်ငံက ပညာရှိအမတ်နဲ့ ပညာပြိုင်ရဲသူရှိရင် အခွန်တော်ငွေ တစ်သိန်းထွက်သော ရွာကြီးကို ရွာစားအဖြစ်ဆုတော် လာဘ်တော် ပေးမယ်လို့ နိုင်ငံတစ်ဝန်း ကြော်ငြာမောင်းခတ်ရင် ပြိုင်ရဲသူ ပေါ်လာလိမ့်မယ်ဘုရား”လို့ နန်းတွင်းအမတ်ကြီးတွေက သံတော်ဦးတင်ကြသတဲ့။
အဲဒါနဲ့ ငွေနိုင်ငံဘုရင်ကြီးဟာ အမတ်ကြီးတွေပေးတဲ့အကြံအတိုင်း နိုင်ငံတစ်ဝန်း ကြော်ငြာ မောင်းခတ်ခိုင်းတဲ့အခါ၊ ရွာတစ်ရွာရဲ့ ထန်းတောထဲမှာ မောင်နီဆိုသူကလည်း ထန်းရည်မူးပြီးလဲ နေသတဲ့။ သူက မောင်းခတ်သံကြားရတာနဲ့ “ ဟယ် ဒီအသံကတော့ တကယ်ဟန်သကွယ့်၊ ငနီ အရက်သမားကို အထက် သိကြားမကိန်းဆိုက်တာပဲ”လို့ ကြိမ်းဝါးပြီး မောင်းခတ်တဲ့သူကို ခေါ်ကာ “ဟေ့ မောင်းဆရာ၊ အကြောင်းရှာမနေနဲ့တော့၊ အပေါင်းသဟာတွေ မပြိုင်ရဲတဲ့ပွဲကို ငါဝင်ကာနွဲ၍ ကြဲလိုက်မယ်၊ ဘုရင်မင်းတရားကြီးကိုသာ သံတော်ဦးတင်လိုက်လို့” ပြောပါရော၊ ဒါနဲ့ မောင်းဆရာက “တစ်ဆိတ်လောက် ခင်ဗျားရဲ့နာမည်ကို အမိန့်ရှိပါဗျာ” ဆိုတော့ “ဟေ့ ရွာတောင်ဆီက မောင်နီ”လို့ ပြောပြီး လှည့်ထွက်သွားသတဲ့။
ဒါနဲ့ မောင်းဆရာကလည်း ရေမိုးချိုးပြီး နန်းတော်ကို လာခဲ့ဖို့မှာကြားပြီး ရှင်ဘုရင်ထံကို ပညာပြိုင်မယ့်သူ ရခဲ့ကြောင်းကို သံတော်ဦးတင်လိုက်ပါတယ်။ အတော်ကြာတဲ့အခါ မောင်နီဟာ ရေမိုးချိုးပြီး နန်းတော်ကို ရောက်လာသတဲ့ ဘုရင်မင်းမြတ်ကလည်း ၀မ်းမြောက် ၀မ်းသာနဲ့ မောင်နီကို နန်းတွင်းမှာပဲ ပြုစုကျွေးမွေးထားဖို့ အမိန့်ရှိတယ်။ မောင်နီဟာနန်းတွင်းမှာ စားသောက်ပြီး ဒီအတိုင်းပဲနေပါတယ်။ ပညာပြိုင်ဖို့ သတ်မှတ်ထားတဲ့ရက် နီးကပ်လာတဲ့အခါ မောင်နီကို ပညာရှိအမတ်တို့ရဲ့ အ၀တ်တန်ဆာ အဆောင်အယောင်တွေ ပေးအပ်ဝတ်ဆင်စေပြီး တော့ ပြိုင်ပွဲကျင်းပမယ့် နယ်စပ်ရွာကို လွှတ်လိုက်ပါသတဲ့။
နှစ်နိုင်ငံနယ်စပ်မှာ မှူးကြီးမတ်ကြီးများ စုံညီတဲ့အခါ ပညာရှိချင်း ပညာပြိုင်ပွဲ စစေပါတယ်။ ပညာရှိချင်း ပညာစမ်းကြတာကလည်း အထူးအဆန်းပဲ။ ခါတိုင်းလို နှုတ်မေး၊ နှုတ်ဖြေလုပ်တာ ဟာ သိလွယ်တာမို့ အခု ပြိုင်ရမှာကတော့ ပါးစပ်က စကားတစ်လုံးမျှမပြောရဘဲ (အသံတိတ်) ကိုယ်အမူအရာနဲ့ပဲ မေးရ-ဖြေရမှာတဲ့။ အဲဒီလိုနဲ့ ပြိုင်ပွဲစတဲ့အခါ ရွှေနိုင်ငံ ပညာရှိအမတ်ကြီးက စပြီး မေးခွန်းထုတ်ပါတယ်။ သူက “မင်းတို့ ငွေနိုင်ငံဘုရင်သည် ငါးပါးသီလလုံခြုံရဲ့လား”ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်(၅)ချောင်းထောင်ပြသတဲ့။
အဲဒီအခါ မောင်နီက ဘယ်လိုတွေးလိုက်သလဲဆိုတော့ (အရက်သမားဆိုတော့ အရက်သမားတွေး တွေးပါတယ်။)”ငါ့ကို သူတို့က အရက်သောက်မှန်းသိပုံပေါက်တယ်။ သိလို့သာ မင်း.. တစ်နေ့ကို အရက်(၅)ပုလင်းကုန်အောင် သောက်နိုင်ရဲ့လား”လို့ မေးတာ ဖြစ်မှာပဲဆိုပြီး “အရက်(၅)ပုလင်းမကဘူး (၁၀)ပုလင်းတောင် ကုန်အောင်သောက်နိုင်ရဲ့”ဆိုတဲ့ အဓိပ္ပါယ်နဲ့ လက်(၁၀)ချောင်းကို ထောင်ပြလိုက်တယ်။ ဒါကို ရွှေနိုင်ငံ ပညာရှိအမတ်ကြီးက “သူတို့ဘုရင်သည် (၅)ပါးသီလသာမက (၁၀)ပါးသီလတောင် လုံတယ်ဆိုပါကလား”လို့ အောက့်မေ့ပါသတဲ့။
ဆက်လက်ပြီး ရွှေနိုင်ငံပညာရှိ အမတ်ကြီးက မေးပြန်ပါတယ်။ သူက “မင်းတို့ငွေနိုင်ငံ ဘုရင်မင်းမြတ်သည် တိုင်းသူပြည်သားတို့ကို ရင်ဝယ်သားကဲ့သို့ သနားပါရဲ့လား”ဆိုတဲ့ အဓိပ္ပါယ် နဲ့ ရင်ဘတ်ကို လက်ဝါးနဲ့သပ်ပြပြီး မေးပါတယ်။ ဒီအခါမှာလည်း မောင်နီက “အင်း.. မင်း အရက် (၁၀)ပုလင်းသောက်ရင် ရင်မပူဘူးလား”လို့ မေးတယ်ထင်ပြီး “ဘယ်နှယ့်… ရင်ပူရုံတင် ကမလဲ ကျောရော ရင်ရော အကုန်ပူသွားတာပဲ”ဆိုတဲ့ အဓိပ္ပါယ်နဲ့ နောက်ကျောရော ရင်ဘတ်ပါ လက်ဝါးနဲ့ သပ်ပြသတဲ့။ ဒီတော့ ရွှေနိုင်ငံက ပညာရှိအမတ်ကြီးက “သြော်.. သူတို့ဘုရင်သည် ကျော်သားရင်သာ မခွဲခြားဘဲ တိုင်းသားပြည်သူတွေကို ကြင်နာသနားတော်မူသတဲ့၊ တော်ပါပေ တယ်၊ တော်ပါပေတယ်”ဆိုပြီး ငွေနိုင်ငံဘက်ကို အနိုင်ပေးကာ သူတိုင်းပြည်ပြန်သွားပါသတဲ့။
ဒီဓမ္မပုံပြင်မှာ အဓိက ဆိုလိုချင်တာက အတွင်းအနှစ်သာရကို မစိစစ်ဘဲ အပေါ်ယံ အသွင် သဏ္ဍာန်အားဖြင့် ကြည့်မယ်ဆိုရင် ပုံပြင်ထဲက အရက်သမားဟာ ပညာရှိယောင်ထင်ရပေမယ့် အတွင်းသဘော ရွည်ရွယ်ချက်ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း၊ မိုးနဲ့ မြေပမာ ကွာခြားလှ တာကိုပါ။ အဲဒီဥပမာလိုပဲ ပညာရှိတဲ့ ပညာမဲ့တို့ဟာ အပေါ်ယံမှာတော့ သူလည်းဒါနပြု၊ သီလ ဆောက်တည်၊ ကိုယ်လည်းပဲဒါနပြု၊ သီလဆောက်တည် တူချင်တူနေနိုင်ပါတယ်။ ဒါပေမယ့် အတွင်းစိတ်ဓာတ်ရည်ရွယ်ချက်ကတော့ အဖြူနဲ့အမည်းကွဲလွဲပါတယ်။
ပညာမဲ့သူက အတိုးပေးသူလို နောင်ဘ၀ငါကောင်းဖို့ ဒါနပြုတယ်၊ ပညာရှိကတော့ သာသနာတော်ကို ပူဇော်လိုလို့ ဒါနပြုတယ်။ ပညာမဲ့က ငရဲကြောက်လို့ သီလထိန်းတယ်။ ပညာရှိက မတည်မြဲတဲ့ ခန္ဓာကိုယ်ကို ဒုစရိုက်တွေနဲ့ မမွေးမြူလိုလို့ (တစ်နည်းဆို) မိမိကြောင့် တခြားသူ ဆင်းရဲဒုက္ခ မဖြစ်စေလိုလို့ သီလထိန်းတယ်၊ ပညာမဲ့က နတ်ပြည်ရောက်ဖို့ ဥပုသ်စောင့်တယ်၊ ပညာရှိက တစ်နေ့ တစ်ရက် တဏှာကျွန်အဖြစ်က လွတ်ငြိမ်းတဲ့ ချမ်းသာသုခကိုရဖို့ ဥပုသ်စောင့်တယ်။ ပညာမဲ့က ရွှေထူတဲ့ဘုရားမှ ရိုသေတယ်။ ပညာရှိက ဘုရားသဘာဝ သိသူမို့ အားလုံးကို ရိုသေတယ်။ ပညာမဲ့က ဘုရားရှာထွက်တယ်၊ ပညာရှိက အခွင့်ရတိုင်း ဂုဏ်တော်(၉)ပါးကိုပွားများတယ်။ ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံကြည်တယ်၊ ပညာရှိက နာမည်ကြီးတိုင်းမယုံ၊ ယုတ္တိရှိမှယုံတယ်။ ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်၊ ပညာရှိက သဘောမှန်မှ မြတ်နိုးတယ်။ ပညာမဲ့က ထုံးစံကို လေးစားတယ်။ ပညာရှိက အသိဉာဏ်ကို လေးစားတယ်။ အဲဒီလို စသည်ဖြင့် အပေါ်ယံအသွင် သဏ္ဍာန်ချင်း တူနိုင်ပေမယ့် အတွင်းအနှစ်သာရကတော့ ကွဲပြားခြားနားနိုင်ပါတယ်။
တော်ဝင်နွယ်

up