မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

 "မိုးလုံးပြည့်တိမ်တောင် နှင့် မြေပြင်အနှံ့ကြက်ဥများ  

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

          ဒီနှစ်ထဲမှာ ယဉ်ကျေးလိမ္မာတပည့်လေးတွေထဲက အထူးသဖြင့် မဲဆန္ဒပေးခွင့် အသက်ပြည့်မီလာပြီဖြစ်တဲ့ လူငယ်လေးတွေ မိမိဆီရောက် လာတိုင်း (၂၀၁၅) ရင်ခုန်သံ အတော်လေး မြန်လာကြတဲ့စကားတွေ အတော်ကြား လာရတယ်။ အခါတိုင်း ပညာရေး၊ ဓမ္မရေးရာများကို အလေးထားပြီး မေးဖြေ၊ ပြောကြားလုပ်ကြတာများပေမယ့် ဒီနှစ်ကတော့ ၂၀၁၅ ရင်ခုန်သံက လွှမ်းမိုးလာလို့ “မင်းတို့တောင် မျက်လုံးချင်းဆုံလို့ ရင်ခုန်တာ မဟုတ်ဘဲ၊ နိုင်ငံအတွက် ရင်တွေ ခုန်တတ်လာပြီကိုး”ဆိုတော့ -

.

          “ရင်ခုန်တာချင်း မတူဘူးဘုရား၊ ခါတိုင်း လူငယ်သဘာဝ ရင်ခုန်ရတယ်ဆိုတာက ပြောလို့သာ ပြောနေကြတာ၊ ဒီခေတ်မှာ ဒီနေ့ ဒီတစ်ယောက်နဲ့လက်တွဲဖြုတ်ပြီဆို နောက်နေ့မှာ နောက်တစ်ယောက်တွဲလို့ရတယ်။ ခုဟာက မလွယ်ဘူးလေ၊ မကောင်း(၅)နှစ် ကောင်း(၅)နှစ် ဆိုတာတောင် ကလိမ်ကကျစ်မလုပ်မှ၊ တစ်ကြိမ် တစ်ကြိမ် လူ့မျိုးဆက်တစ်ခုစာမက ရင်ခုန်၊ သွေးဆူတွေ ကြုံခဲ့ရဖူးတော့ ဆယ့်ရှစ်နှစ်ကျော်ချည်း မဟုတ်ဘူး၊ ရှစ်ဆယ်ကျော် အဖိုးအဖွားတွေလည်း ရင်ခုန်နေကြတာပဲ”တဲ့။

 

          ဒီလိုက စလိုက်တဲ့ ဒီနေ့စကားဝိုင်းမှာ ဒီရင်ခုန်သံတွေနဲ့ပဲ လွှမ်းနေပါတယ်။ တပည့်တစ်ယောက်က -

          “ဖေဖေတို့ကပြောတယ်၊ တို့နိုင်ငံက အပြောင်းအလဲတစ်ခု ဖြစ်မယ်လုပ်တိုင်း အာရုံပြားစရာကိစ်္စက တစ်ခုမဟုတ် တစ်ခုကြုံရ တာချည်းပဲ။ နိုင်ငံရေး လှိုင်းဂယက် အကြီးအကျယ် ထလာချိန်မှာလည်း အီရန်ကိစ္စ၊ ကူဝိတ် ပြဿနာ၊ ဆူနာမီစတဲ့ ကမ္ဘာတုန် လှိုင်းကြီးတွေကြားမှာ မထင်မရှား မြုပ်သွားရတယ်တဲ့။ အခုလည်း ဒီမိုကရေစီ အပြောင်းအလဲလှိုင်း အတော်လေး အားကောင်းမယ်မှ မကြံသေးဘူး၊ မျိုးချစ်ဆိုသလိုလို၊ ဘာသာရေးဆိုသလိုလို ကိစ်္စလှိုင်းကလည်း အပြိုင်လှုပ်ပြီး ပွေရှုတ်နေတာပဲတဲ့။ ပြီးတော့ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်ဆိုလားပဲ။ ဖေဖေဖြင့် ညည်းမှညည်း”တဲ့။

 

          အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်တွေ ပြောကြ၊ ငြင်းကြ၊ ညည်းညူကြနဲ့ နောက်ဆုံးတော့ ထုံးစံအတိုင်း မိမိရဲ့ ထင်မြင်ချက်ကို တောင်းခံလာပါတယ်။

 

          အေးကွ .. ဟိုမောင်ရင့်အဖေ ပြောတဲ့ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်”ဆိုတာ စည်းကမ်းဥပဒေရယ်လို့ သတ်သတ်မှတ်မှတ်၊ တိတိကျကျ မရှိဘဲ၊ နှုတ်မိန့်နဲ့ ထင်ရင်ထင်သလို၊ မထင်ရင် မထင်သလို ဆုံးဖြတ် လုပ်ကိုင်တတ်၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်ကြတဲ့ အာဏာရှင် မင်းတွေရဲ့ ခန့်မှန်းရခက်တဲ့ နိုင်ငံရေး အခြေအနေကို တင်စားပြောတာပေါ့ကွာ။

 

          ကြက်ဥဆိုတာ ကြည့်လိုက်ရင်တော့ သူတော်ကောင်း ရောင်လေးတွေချည်း ဖြစ်ပေမယ့် ပေါက်လာရင် ဖြူမလား၊ မဲမလားဆိုတာ ခန့်မှန်းလို့ မရနိုင်သလို၊ တိမ်တောင်တွေကလည်း ဘယ်လိုပဲ အုံ့ဆိုင်းနေနေ “မိုးဖြူမစဲ၊ မိုးမဲမရွာ”ဆိုသလို ဖြစ်သွားတတ်သလို ကတိမတည်တဲ့ မင်းများရဲ့ စကားဟာလည်း အကဲခတ်ဖို့ မလွယ်ဘူးလို့ ဆိုတာပေါ့။

          ကဲ ... ထားပါတော့။ ဟိုကလေးပြောတာ ဘာတဲ့ “အရင့်အရင် မြန်မာ့အရေးအခင်းတွေမှာတော့ အီရန်ပြဿနာ၊ ကူဝိတ်ပြဿနာ ဆူနာမီပြဿနာစတဲ့ သူများနိုင်ငံက ပြဿနာ အနှောက်အယှက်တွေနဲ့ ရောယောင်ရှုတ်ထွေးဖြစ်ပြီး မြန်မာ့အရေးက မှေးမှိန်သွားတယ်။ အခု ဒီမိုကရေစီ အသွင်ပြောင်းရေးမှာတော့ ပြည်ပအနှောက်အယှက်မဟုတ်ဘူး  ပြည်တွင်းမှာတင် နိုင်ငံရေးနဲ့ ဘာသာရေးရောထွေး ယှက်လိမ်ဖြစ်ပြီး ပြည်သူတွေ “ရောင်ဝါး၊ ယိမ်းယိုင်၊ေ၀၀ါး၊ ကြောင်တက်”တွေ ဖြစ်ကြရတာ။ အဲဒါ ဘယ်လိုသဘောလဲ”ဆိုတဲ့ စကားကို ဒီနေ့ နည်းနည်းစဉ်းစားကြည့်ကြရအောင်။

 

          ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလိုပေါ့ကွာ၊ “မညံ့အောင် သမိုင်းကို လေ့လာသင်ကြားရတယ်”တဲ့။ ခုလည်း မင်းတို့ မမှီလိုက်တဲ့ ဟိုး .. ၁၉၆၀ ခုနှစ်လောက်က၊ ဒီမိုကရေစီခေတ် နောက်ဆုံး ရွေးကောက်ပွဲ ဆိုပါတော့ကွာ။ ဖဆပလနှစ်ခြမ်းကွဲ သန့်ရှင်း၊ တည်မြဲ နှစ်ပါတီအဓိကနဲ့ ပမညတတို့၊ တသီးပုဂ္ဂလတို့ပါတဲ့ ရွေးကောက်ပွဲပေါ့။ အဲဒီမှာ ဖြစ်ပျက်ကြုံတွေ့ရတဲ့သမိုင်း ကြောင်းလေးကို မင်းတို့ နည်းနည်းပါးပါး လေ့လာရမယ်ကွ၊ ငါသိသလောက် ပြောပြရရင် -

 

          ဖြစ်ပုံက ဒီလိုကွ - အဲဒီတုန်းက လက်ရှိအာဏာရ ဖဆပလအစိုးရအဖွဲ့မှာ သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလ ကွဲကြရာက ရွေးကောက်ပွဲက အကြိတ်အနယ် ဖြစ်သွားတာ။ သန့်ရှင်းဖဆပလဥက္ကဋ္ဌ ဦးနုက “သန့်ရှင်းဖဆပလ အနိုင်ရရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းမယ်”ဆိုပြီး မဲဆွယ်ကြွေးကြော်လိုက်တယ်။

 

          ဆရာတော်ကြီးတွေဆိုတာကလည်း ပိဋကတ်စာပေနဲ့ သာသနာရေးကိစ်္စကလွဲလို့ နိုင်ငံရေးကိစ္စဆိုတာ ဘာသိဘာသာ နေလာကြတာဆိုတော့ စောစောကပြောတဲ့ “ကြက်ဥအရောင်တို့၊ တိမ်တောင်သဖွယ်”တို့ကို ဘယ်သိမလဲ၊ “သာသနာတစ်ဝက်၊ မင်းကောင်းတစ်ဆက်ဆိုတာ ဒီမင်းမျိုးပဲ”နဲ့ ဖြစ်ကုန်ကြရော။

 

          ပါလီမန်မှာရော အပြင်ဘက်မှာရော ဒီကိစ်္စနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်တာကတော့ ပမညတပါတီက ဦးသိန်းဖေမြင့်တို့၊ ၀ိဓူရသခင်ချစ်မောင်တို့ အုပ်စုပေါ့။

 

          သူတို့အကြောင်းပြတာက ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာဝင်တွေချည်း နေတာမဟုတ်ဘူး။ အထူးသဖြင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ တိုင်းရင်းသားတွေ အများစုရှိတဲ့ ကော်သူးလေး(ကယား)၊ ကချင်၊ ချင်းဆိုတဲ့ ပြည်နယ်တွေက မကျေမနပ်ဖြစ်မှာ သေချာတယ်။ ဒါဟာ ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်းပြည်ဖရိုဖရဲဖြစ်ရေး ဦးတည်တဲ့ကိစ္စသာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်၊ ပြောဆို၊ ရေးသားကြတာ။ သူတို့ပါတီကလည်း ဦးနုရဲ့ဒီပျော့ကွက်ကို ကိုင်ပြီး တိုက်ခိုက်စည်းရုံးတယ်ဆိုရမှာပေါ့။

 

          အခု ပြောချင်တာက ဘုတလင်နယ်မှာ ကြုံရတဲ့ ပြဿနာကွ၊ ဦးသိန်းဖေမြင့်ရဲ့ဇာတိနယ်ပေါ့။ မုံရွာကလည်း သူတို့ဇာတိသား “ညိုမြမှ ညိုမြ”ဆိုတဲ့ အသံတွေ ကျယ်လာသလို၊ ဘုတလင်နယ်ကလည်း ဆရာတော်ကြီးများကပါ သူတို့နယ်သား “သိန်းဖေမြင့် မှ သိန်းဖေမြင့်”ဖြစ်ကြရော။

 

          အဲဒီတုန်းက သန့်ရှင်းဖဆပလအဖွဲ့မှာ အတွင်းရေးမှူးလား ဘာလားတော့ မသိဘူး၊ အတော်အရေးလည်းပါ၊ စည်းရုံးရေးမှာလည်း  (ဉာဏ်နီ၊ ဉာဏ်နက်ကအစ)စကားပြောကောင်းလှပါတယ်ဆိုတဲ့ ပမညတ လူစွာများကပါ သတိထားနေရသူလို့ဆိုတဲ့ သခင်ကျော်ဒွန်းက ဘုတလင်ကို အပိုင်စည်းရုံးဖို့ဆိုပြီး အထက်မြန်မာပြည်ရောက်လာတာ။

 

          ဒီအကြောင်းကို အသေအချာသိရတာက အမရပူရမှာ တို့ဆွမ်းခံအိမ်လည်းဖြစ်၊ မိဖလိုလည်း ရင်းနှီးတဲ့ ပိန်းတန်းရပ်က ဒကာကြီး ဦးကျော်စိန်ဆိုတာက ဥပဓိရုပ်ရော၊ အပြောရော အတော်ကျတဲ့ သန့်ရှင်းစည်းရုံးရေးမှူး ဖြစ်လို့ပဲ။

 

          သခင်ကျော်ဒွန်းက ဘုတလင်သွားဖို့ ကိစ္စမှာ ဂိုက်ဆိုက်စတိုင်ကောင်းကောင်း၊ အပြောကျကျ၊ ဦးကျော်စိန်ကို နောက်ပါအဖြစ် လိုက်ဖို့ အပါခေါ်တာ။

 

          ဦးကျော်စိန်က သခင်ကျော်ဒွန်းကို “ဘုတလင်ကိစ်္စက ကျွန်တော်တို့ စည်းရုံးနိုင်ဖို့ သိပ်တော့ မလွယ်ဘူး။ ဦးသိန်းဖေမြင့်က သူတို့ဇာတိလည်း ဖြစ်၊ လက်ရှိ ပါလီမန်မှာလည်း ဖဆပလအမတ်တွေကတောင် “ဒီပါလီမန်က အာဏာရ ဖဆပလပါတီအတွက်လား၊ နှစ်ယောက်တည်းရှိတဲ့ ပမညတ(၀ိဓူရသခင်ချစ်မောင်နဲ့ ဦးသိန်းဖေမြင့်တို့) အတွက်လား”ဆိုပြီး မေးရလောက်အောင် ပြောတတ်၊ ရေးတတ်သမားတွေဆိုတော့ သူ့နယ်က ဆရာတော်ကြီးတွေကအစ “အစိုးရ မဖွဲ့နိုင်ချင်နေ၊ တို့နယ်သား ထင်ရှားအောင် သိန်းဖေကိုပဲ မဲထည့်ရမယ် ”လုပ်ထားကြတာ”ဆိုတော့

-

          သခင်ကျော်ဒွန်းက “ဘာမှ မပူပါနဲ့ ကိုကျော်စိန်ရာ၊ ဘုန်းကြီးတွေနဲ့ သိန်းဖေမြင့်ကို ရန်တိုက်ပေးနိုင်ရင် ဒီကိစ္စပွဲပြတ် ပါတယ်၊ လိုက်သာ လိုက်ခဲ့ပါ”တဲ့။

 

          “ဆရာ .. လွယ်မယ်တော့ မထင်ဘူးနော်”ဆိုတော့ “ဒါတွေ ကျွန်တော် အသေအချာစဉ်းစားပြီးပါပြီဗျ။ ဆရာတော်ကြီးတွေ ဆိုတာ “ကွန်မြူနစ်”ဆိုရင် အသံတောင် ကြားချင်ကြတာ မဟုတ်ဘူး။ ဒီလူတွေက ဒီဝါဒလက်ခံတဲ့ လူတွေ။ ပြီးတော့ ကျွန်တော်တို့ ပါတီရဲ့ကြွေးကြော်သံကိုလည်း ဆန့်ကျင်နေသူတွေ။ ဘုန်းကြီးတွေက “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်မယ်”ဆိုတဲ့ ကိစ္စကို သီရိဓမ်ာသောကတောင် မလုပ်နိုင်တဲ့ကိစ္စဆိုပြီး သိပ်စိတ်ဝင်စားနေကြတာ။ ဒါတွေ အားလုံးတွက်ကြည့်ရင် ဘာမှ ရှည်ရှည်ဝေးဝေးတောင် ပြောစရာမလိုဘူး။ တစ်ခွန်း နှစ်ခွန်းနဲ့ ပွဲပြီးသွားမှာပါ”ဆိုပြီး သွားကြတာတဲ့။

 

          ဟိုရောက်တော့ တကယ်ကိုပဲ သခင်ကျော်ဒွန်းက ဂိုဏ်းချုပ်ဆရာတော်ကြီးနဲ့ နယ်တစ်ဝိုက်က ထင်ရှားတဲ့ ဆရာတော်ကြီး တွေလည်း စုံရော “တပည့်တော် အခုလာတာက တပည့်တော်တို့ပါတီအတွက် လုံးဝမဟုတ်ပါဘူးဘုရား။ အရှင်ဘုရားတို့ တပည့်တော်တို့ ကိုးကွယ်အားထားရာ သာသနာတော်အတွက် သက်သက်ပါ။

 

          ဒီနယ်ဟာ ဦးသိန်းဖေမြင့်ရဲ့ဇာတိအရပ်ဖြစ်သလို ဒီနယ်တစ်ဝိုက် ဆရာတော် သံဃာတော်များကပါ ဦးသိန်းဖေမြင့်ကိုပဲ အမတ်ဖြစ်ဖို့ လိုလားကြတယ်ဆိုတာ ကြားသိရတဲ့အတွက် တပည့်တော်တို့ပါတီအနေနဲ့ ဆရာတော် သံဃာတော်များရဲ့ ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်ဘက် မလုပ်လိုပါဘူးဘုရား။ တပည့်တော်တို့ပါတီက ရတနာသုံးပါး ဦးထိပ်ထားတဲ့ပါတီပါ။ တကယ်လို့ ဆရာတော်များ အနေနဲ့ ၀င်မပြိုင်ပါနဲ့ဆိုရင်တောင် မပြိုင်ပါဘူးဘုရား။

 

          အခု တပည့်တော်လာတာကတော့ တပည့်တော်တို့ ဥက္ကဋ္ဌကြီးက သူ့ဝန်ကြီးချုပ်ဖြစ်ရင် “ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းမယ်”ဆိုတာ ဆရာတော်များလည်း သိပြီး ဖြစ်ပါတယ်။ ဒါကလည်း တတိယသံဂါယနာတင် သာသနာ့ဒါယကာ သီရိဓမ္မာသောကမင်းတရားကြီးတောင် လုပ်မသွားနိုင်ခဲ့တဲ့ ကိစ္စကို အခု ဆဋ္ဌသံဂါယနာတင် သာသနာ့ဒါယကာကြီး လက်ထက်ရောက်မှ လုပ်ဆောင်မှာဖြစ်လို့ ဒါဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံ တစ်နိုင်ငံအနေနဲ့ အလွန်အရေးပါပါတယ်။ အလွန်လည်း ဂုဏ်ယူဝမ်းမြောက် ဖွယ်ကိစ္စဖြစ်တယ်ဆိုပြီး တစ်နိုင်ငံ လုံးရှိ ဆရာတော် သံဃာတော်များလည်း နှစ်ထောင်းအားရဖြစ်နေကြတာပါ။

 

          ဆရာတော် သံဃာတော်တို့ရဲ့ စကားကို ဦးထိပ်ထားကြတဲ့ တပြည်လုံးရှိ မဲဆန်္ဒရှင်များကလည်း တပည့်တော်တို့ပါတီကို မဲပေးဖို့ သေချာသလောက်ဖြစ်နေလို့ ဒီပြဋ္ဌာန်းချက်လည်း မုချပေါ်ပေါက်လာမှာပါဘုရား။

 

          ဆရာတော်များ သိတော်မူတဲ့အတိုင်း ဦးသိန်းဖေမြင့်ဆိုတာ ပြောတတ်၊ ဆိုတတ်၊ အစွမ်းအလွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဆိုတော့ တပည့်တော်တို့ ၀န်ကြီးချုပ်က ဒီအဆိုကိုတင်သွင်းတဲ့အခါ ဆရာတော်တို့နယ်က ရွေးချယ်တင်မြောက်တဲ့ အမတ်က ကန့်ကွက်ခဲ့ရင် သူတို့လို စကားတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ စကားနောက် ကျန်တဲ့အမတ်တွေပါ ယိမ်းယိုင်သွားနိုင်ပါတယ်။ အဲဒီလို မကန့်ကွက်အောင်တော့ ဆရာတော်များက ကြိုတင်သြ၀ါဒ ပေးထားစေချင်ပါတယ်ဘုရား။ ဒါဟာ နိုင်ငံတော်နဲ့ သာသနာတော်အတွက် အလွန်အရေးကြီး ကိစ္စဖြစ်လို့ပါ”ဆိုပြီး လျှောက်ထားလိုက်တော့။

 

          ဘာပြောကောင်းမလဲ ကြွရောက်လာတဲ့ သံဃာအားလုံး “ဟာ .. ဒါတော့ ဘယ်အဖြစ်ခံမလဲ၊ ဒါဟာ ကျုပ်တို့ သာသနာတော်ကိစ္စပဲ၊ ဒီလိုအရေးကြီးတဲ့ သာသနာရေးကိစ်္စ ကဖျက်ယဖျက်လုပ်လို့ကတော့ တစ်နယ်လုံး သံဃာနဲ့ တွေ့သွားမှာပေါ့”နဲ့ ဖြစ်ကုန်ကြရော။

 

          “မှန်လှပါ။ ဆရတော်တို့ နယ်သားက တော်တာတော့ ပြောစရာ မရှိပါဘူးဘုရား၊ တပည့်တော်တို့ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က ချီးကျူးရတဲ့ ပုဂ္ဂိုလ်ပါ။ ဒါပေမယ့် သူက ကွန်မြူနစ်ဝါဒ ခပ်သန်သန်ဆိုတော့ တပည့်တော်တို့ရဲ့ သာသနာရေး ရည်မှန်းချက်ကြီးကို ထိခိုက်မှာ စိုးလို့ပါ”ဆိုပြီး ထပ်ဖြည့်လိုက်တော့ -

 

          “အေး .. ဒီလိုဆို ရွေးကောက်ပွဲမတိုင်ခင် တို့နဲ့ ကြိုတင်ညှိနှိုင်းမယ်၊ ဒီကိစ္စကိုသာ ကဖျက်ယဖျက် လုပ်မယ်ဆိုလို့ကတော့ တစ်နယ်လုံး မဲတစ်ပြားမှ မရစေရဘူး”တွေ ဘာတွေ ဖြစ်ကုန်ကြတော့တာပဲ။

 

          နောက်တော့ ဆရာတော်တွေနဲ့ ဦးသိန်းဖေမြင့်နဲ့ ညှိလို့ မရဘူး။ ဘယ်ရမလဲ။ ဒါကပြည်ထောင်စုပြိုကွဲမယ့် အန်္တရာယ်ကို ဦးတည်တဲ့ မကြံကြီး မစည်ရာ ကိစ္စပဲ၊ ဦးသိန်းဖေမြင့်လို နိုင်ငံရေး အသိပညာရှင် တစ်ဦးက ဘယ် လက်ခံပါ့မလဲ။ ဒါကိုသိလို့လည်း သခင်ကျော်ဒွန်းက လက်ပေး သတ်လိုက်တာပေါ့။

 

          ဒါနဲ့နောက်ဆုံး သန့်ရှင်းဖဆပလ အပြတ်အသတ် အနိုင်ရပါတယ်။ ဦးနုက သူ့ကတိအတိုင်း ပထမဦးဆုံး လွှတ်တော်အစည်း အဝေးမှာ သူ့အဆိုကို တင်သွင်းတယ်။ ချင်း၊ ကချင်၊ ကယားတို့က ထင်တဲ့အတိုင်း အပြင်းအထန် ကန့်ကွက်ကြရာက မပြေမလည် ဖြစ်လာတော့ ပင်လုံစာချုပ်ပါ ဖယ်ဒရယ်မူအရ ခွဲထွက်ရေးတို့ ဘာတို့ဆိုတဲ့ အသံတွေ ကျယ်လာတော့တာ။

 

          နောက်ဆုံးတော့ အားလုံးသိတဲ့အတိုင်းပဲ အစိုးရသက်တမ်းတစ်နှစ်ကျော်ပဲ ကြာတယ်၊ ဗိုလ်ချုပ်ကြီးနေ၀င်းက “ပြည်ထောင်စု ပြိုကွဲမယ့် အခြေအနေရောက်လာပြီ၊ တိုင်းပြည်ချောက်ထဲ မကျမီ ကယ်တင်ရမယ်”ဆိုပြီး အာဏာသိမ်းလိုက်ရာက ခုအထိ စစ်အာဏာရှင် သက်ဇိုးရှည်လာတာ။ တိမ်တောင်တွေလည်း ကောင်းကင်အပြည့်၊ ဘယ်လိုတိမ်တောင်တွေလဲဆိုတာ အရင်က သတင်းစာတွေမှာ ကျောဖုံးက စာလုံးကြီးတွေနဲ့ ရေးထားတာ မတွေ့ဖူးဘူးလား“မိုးလုံးပြည့် မုသာဝါဒ”ဆိုတာလေ။

 

   အဲ .. ကြက်ဥတွေကလည်း မြေပြင်အပြည့် အရောင်နဲ့အသံက သူတော်ကောင်းရောင်၊ သူတော်ကောင်းသံ။ ပေါက်လာတော့ တွန်တာ ခွပ်တာကတော့ ပြောမနေနဲ့ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအားလုံးသာမက နိုင်ငံရဲ့မြေပေါ်၊ မြေအောက်ပါ အတုံးအရုံး၊ ပွစာတက်၊ ပြောင်တလင်းခါ၊ အားလုံးအော့ ကြောလန်ပဲ မဟုတ်လား။

 

          အခု တရားဟော အရှင်ကလေးအချို့က ပြောပြောနေတဲ့ “ဖယ်ဒရယ်မူဆိုတာ ဘာမှပြောမနေနဲ့၊ ရှင်းနေတာပဲ၊ ခွဲထွက်ရေးမူပဲ”ဆိုတာ အဲဒီကတည်းက စစ်တပ်က တစိုက်မတ်မတ် ၀ါဒဖြန့်ခဲ့တဲ့ စကားပေါ့။

 

          တကယ်တော့ ဖယ်ဒရယ်မူဆိုတာ တန်းတူညီတူ ပေါင်းစည်းရေးဝါဒဖြစ်လို့ အမေရိကန်နိုင်ငံမှာဆိုရင် တည်ထောင်စက ပြည်နယ်သုံးဆယ်ကျော်၊ အခုဆို ငါးဆယ်ကျော်နေပြီ။ ဒါတောင် သိပ်ဝေးတဲ့နိုင်ငံလေးတွေက သူတို့ကိုလည်း အမေရိကန် ဖယ်ဒရယ်ထဲ ထည့်ပေးဖို့ တောင်းဆိုနေကြတုန်း။ ဝေးလွန်းလို့ လက်မခံနိုင်တာတဲ့။ ဘာသာရေး၊ လူမျိုးရေး အမြင်ကျဉ်းကျဉ်းနဲ့ဖိနှိပ် ပထုတ်သလို လုပ်လာရင်တော့ အခြေအနေတွေဟာ မတည်မငြိမ်ဖြစ်နိုင်တာပေါ့။

 

          အဲဒီတော့ ဒီသမိုင်းနောက်ခံ အဖြစ်အပျက်နဲ့ ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေပုံတွေကို နှိုင်းယှဉ်ပြီး စဉ်းစားကြည့်ရမယ်။ မြတ်ဗုဒ္ဓရဲ့ “၀ိဘဇ္ဇ၀ါဒ”ဆိုတာ ဒါမျိုးပြောတာ။ အရာရာကို သူများပြောတိုင်း လက်မခံနဲ့ ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားဝေဖန်ရမှာ။

 

          ဦးနုက ဘာသာစုံကို ကိုးကွယ်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဗုဒ္ဓဘာသာတစ်ခုတည်းရဲ့ နိုင်ငံဖြစ်ရေး ကြွေးကြော်တယ်။

 

          နိုင်ငံရေး အမြော်အမြင်ရှိတဲ့ ဦးသိန်းဖေမြင့်တို့က ဆန့်ကျင်တယ်။ သခင်ကျော်ဒွန်းတို့က ဆန့်ကျင်သူနဲ့ ဘုန်းကြီးတွေကို ရန်တိုက်ပေးပြီး နိုင်ငံရေး အမြတ်ထုတ်သွားတယ်။

 

          ဦးနုက ဒီအဆိုကို ပါလီမန်မှာ မရမကတင်သွင်းတယ်။ တိုင်းရင်းသားတွေ မကျေမနပ်ဖြစ်ကြတယ်။ ဖယ်ဒရယ်မူကို ကိုင်ပြီး စကားပြောလာတော့ ပြည်ထောင်စုပြိုကွဲမယ့် အန္တရာယ်ဆိုက်ရောက်လာပြီဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တယ်။

 

          လက်ရှိမှာ ဦးနုတို့ ကိုင်ခဲ့တဲ့ မူကိုပဲ နာမည်ပြောင်းပြီး ကြွေးကြော်သံ အသစ်လုပ်လာတယ်။ ပြည်ထောင်စု နိုင်ငံတော်ရဲ့ လူမျိုး၊ ဘာသာ၊ ကိုးကွယ်မှုစတဲ့ ပစ္စုပ္ပန် အခြေအနေအရပ်ရပ်နဲ့ အနာဂတ်ကို မြော်မြင်နိုင်စွမ်းရှိသူတိုင်းက ကန့်ကွက်မှာ အမှန်ပဲဆိုတာ သိတယ်။ သိလို့လည်း NLD နဲ့ သံဃာတော်တို့ကို ရန်တိုက်ပေးဖို့ ဒီကြွေးကြော်သံကို မသိမသာရော၊ သိသိသာသာရော အသံကျယ် အောင် လုပ်ပေးတယ်။

 

          ရွေးကောက်ပွဲပြီးလို့ အာဏာလက်လွတ်ဖြစ်သွားခဲ့ရင် ဒီအသံကို လွှတ်တော်ထဲအထိ အအော်ခိုင်းပြီး တိုင်းရင်းသားတွေ မခံမရပ်နိုင်အောင် ဆွပေးမယ်။ ပြီးရင် “ချောက်ထဲကျတော့မယ်”ဆိုတဲ့ အကြောင်းပြစရာ ပီပြင်လာ တော့မယ်။ ဒါဆိုရင် စစ်တပ်က အာဏာသိမ်းလို့ ရသွားမယ်။ ဒါတွေကို ခြုံငုံစဉ်းစားရမှာ။

 

          သံဃာစည်းဝေးပွဲတစ်ခုမှာ သီတဂူဆရာတော်ဘုရားကြီးက “အမျိုးဘာသာ စောင့်ရှောက်ရေးပဲလား၊ နိုင်ငံစောင့်ရှောက်ရေးအထိ မပါကြဘူးလား”လို့ မြွက်ကြားတာဟာ ဒီအန္တရာယ်ကို မြင်လို့ပြောတာပဲ ဖြစ်မယ်။

 

          ကဲ ... ဒီလောက်ဆိုရင် မင်းတို့လူငယ်တွေ “ခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အရေးကြီးချိန်နဲ့ အချိန်ကိုက်၊ လူမျိုးရေး၊ ဘာသာရေးစတဲ့ တိမ်တောင်တွေ မြန်မာနိုင်ငံရေး ကောင်းကင်မှာ ဘာကြောင့် အုံ့ဆိုင်း၊ မှုံမှိုင်း၊ ရှုတ်ထွေးလာတယ်။ နိုင်ငံရေးမြေပြင်မှာလည်း ဘာကောင်ပေါက်ပြီး ဘယ်လိုတွန်မယ်၊ ခွပ်မယ် မသိနိုင်တဲ့ ကြက်ဥတွေ ဘာလို့ ဖြန့်ကျဲထားတယ်ဆိုတာ စဉ်းစားဝေဖန်ကြည့်ကြပေါ့”လို့ပဲ ပြောလိုက်ပါတယ်။

 

          တရားဟောခါနီးတိုင်း မြတ်ဗုဒ္ဓသတိပေးလေ့ရှိတဲ့စကား တစ်ခုရှိတယ်။ သိပ်ကို အရေးကြီးတဲ့အတွက် အကြိမ်ပေါင်း ဘယ်လောက်များတယ်လို့ မပြောနိုင်ဘူး။ တရားပွဲတိုင်းမှာ မိန့်ကြားခဲ့တာ။ “တေနဟိ ဘိက္ခဝေ သုဏောထ၊ သာဓုကံ မနသိကရောထ = တပည့်တို့ အလေးအနက်တိုက်တွန်းပါတယ်၊ သေသေချာချာနားထောင်ပြီး လေးလေးနက်နက် စဉ်းစားကြပါ”တဲ့။

+

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET