မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

   စွန့်ဝံ့သူတို့ လမ်း  

(ဥာဏ်ဦးမောင်)

   ဆန်ဖရန်စစ္စကိုမှာ နေထိုင်ပြီး သံဃာတော်တွေနဲ့ သာသနာတော်အတွက် ကျေးဇူးများတဲ့ ဒကာမကြီး ဒေါ်တူးခေါ် ဒေါ်မြင့်မြင့်သိန်း က ကွယ်လွန်သူမိဘနှစ်ပါးကိုရည်စူးပြီး အမှတ်တရစာအုပ်တစ်အုပ်ထုတ်ချင်ပါတယ်လို့လျှောက်ထားပါတယ်။ဒေါ်တူးက သာသနာ့ဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စနဲ့ ပတ်သက်ရင် သံဃာတော်တော်တွေက အားနာပြီး တားယူရတဲ့အထိကို စေတနာကောင်း သူ။ ဝတ္တရားကျေပွန်သူဒကာမကြီး။

.

 

 

  တတ်နိုင်ရင် အပ်ကုန်တွေအတွက်ရေးဖို့လက်နှေးတတ်ပေမယ့် ဒေါ်တူးလျှောက်ထားတာကို တော့ မငြင်းပယ်လိုခဲ့ပါဘူး။ တိတိ ကျကျဆိုရရင်ဖြင့် ရေးချင်မိပါတယ်။ ရေးချင်စိတ်ဖြစ်ရတဲ့ အကြောင်းများကလည်း တော်တော်လေးများတယ်လို့ ပြောရမယ်။

 

   ဒေါ်တူးဆိုတာ သာသနာအရေး၊ ရဟန်းတော်များအရေးနဲ့ ပတ်သက်လာရင် ကိုယ်ရောစိတ်ပါ နှစ်ပြီး မညည်းမညူ ဆောင်ရွက်တတ် သူတစ်ဦးဖြစ်တယ်။ သူ့ရည်ရွယ်ချက်ကလည်း ကွယ်လွန်သူမိဘနှစ်ပါးကိုရည်စူးပြီး အမှတ်တရထုတ်ဝေလှူဒါန်းလိုတဲ့ဆန္ဒ။ နောက်ပြီး လည်း သူအမှတ်တရထုတ်ဝေမည့်စာရေးသူသုံးဦးကလည်း ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ၊ အရှင်ဇာဂရ ဆိုတဲ့ ဆရာကံထွန်းသစ်၊ နောက်ပြီး စာရေးသူအရှင်ဥာဏိက။

 

  အရှင်ဥာဏိကဆိုတဲ့ကိုယ်ကတော့ အရှင်ဥာဏိကာဘိဝံသ(ကာလီဖိုးနီးယားတက္ကသိုလ်၊ ဥာဏ်ဦးမောင်) ဆိုတဲ့အမည်များနဲ့ အခါအားလျှော်စွာ စာရေးနေသူ။ ရင်းနှီးသူအချို့က ဆရာ ဥာဏ်ဆိုပြီး နာမည်ကင်ပွန်းတပ်ခံရသူ။

 

     ကိုယ့်စာနဲ့အတူထုတ်ဝေမည့်ဆရာတော်နှစ်ပါးကလည်း ကိုယ်လေးစားခင်မင်ရတဲ့ ဆရာတော်များ။ နောက်ပြီးလည်း ကိုယ်နဲ့အတွေးအခေါ်အယူအဆကလည်း နီးစပ်ကြသူတွေ။ အထူးသဖြင့်မိဘနှစ်ပါးအတွက် ရည်စူးထုတ်ဝေမည့် မှတ်မှတ်ရရ စာအုပ်မှာ ဆရာကံထွန်းရဲ့ ကံ၊ စာရေးသူရဲ့ ဥာဏ်ဦးမောင်က ဥာဏ်၊ ဓမ္မဘေရီဆရာတော် အရှင်ဝီရိယရဲ့ ဝီရိယကို ယူပြီး (ကံ ဥာဏ် ဝီရိယ) စုပေါင်းထုတ်မယ်ဆိုတာက တကယ့်ကိုမှမှတ်မှတ်ရရဖြစ်စရာ။ ထုတ်မည့်သူ ဖတ်မည့်သူတွေအတွက်ပါမက ရေးမည့် သူတွေအတွက်ပါ အမှတ်ရစရာ။

 

ဒါကြောင့် သူလျှောက်ထားကတည်းကရေးမယ်လို့ လွယ်လွယ်ကူကူ လိုလိုလားလား ကတိပေးထားခဲ့တာ။ အဲဒီမှာကိုယ်က ဥာဏ်နဲ့ပတ်သက်ပြီး ရေးမယ်လို့လည်း ပြောဖြစ်လိုက်တယ်။ သူ့ကိုပြောပြီး နိဒါန်းလေးတော့ စထားခဲ့ရဲ့။ ဒါပေမယ့် ဘာက ဘယ်လို ဆက်ရမယ်ဆိုတာ စဉ်းစားမရတာနဲ့ ဆက်မရေးဖြစ်ခဲ့ဘူး။ ကိုယ်ကသာအေးအေးဆေးဆေးပေါ့ပေါ့ဆဆ။ ဘယ်အရာ မှာမဆို ကြောင့်ကြောင့်ကြကြရှိလှတဲ့ ဒေါ်တူးကတော့ အေးအေးဆေးဆေး ပေါ့ပါ့ဆဆ ရှိဟန်မတူဘူး။

 

ဒီနေ့ပဲ ဒကာမကြီး ဒေါ်တူးက သူလျှောက်ထားတဲ့ဆောင်းပါးပြီးပြီလားဘုရားလို့ လျှောက်ထား လာပါတယ်။ ဓမ္မဘေရီဆရာတော်ကြီးနဲ့ စကားပြောဖြစ်လို့ ခုလိုပဲလျှောက်ထားတော့ “ဟို မောင် ရင်နှစ်ပါးသာ ပြောပါဗျာ။ သူတို့ပြီးလို့ လှန်းပို့လိုက်ရင် ဒီက ပြီးပြီးသားပါပဲ”လို့ မိန့်ပါသတဲ့။ အင်းဆရာတော်က ကွန်ပြူတာမသုံးပဲလက်နဲ့ရေးတာမို့သာ။ သူ့လက်က စက်နဲ့လှည့် ထုတ်သလား ထင်ရလောက်အောင် မြန်သူ။ (အင်း ပြောရရင် ဆရာတော်ရဲ့လက်က ဆရာ တော်ရဲ့စိတ်ကို သိလို့လည်း ဖြစ်မယ်ပေါ့လေ)။

 

    ဟုတ်တယ်လေ။ ဆရာတော်နဲ့ရင်းနှီးသူအားလုံးက ဆရာတော်ရဲ့ စိတ်မြန်ကိုယ်မြန်ရှိတဲ့ အကြောင်းကို အသိအမှတ်ပြုထားကြ ရတာကိုး။

 

ရေးကြမည့်သုံးပါးထဲမှာ ဓမ္မဘေရီဆရာတော်က စိတ်မြန်ကိုယ်မြန်။ ဆရာကံထွန်းသစ်က အေးအေးနှေးနှေး။ ဒါကြောင့် နှစ်ပါးလုံး နဲ့လည်းရင်းနှီး၊ နှစ်ပါးလုံးရဲ့ ဝေယျာဝစ္စတွေကိုလည်း လိုအပ်သမျှ ဆောင်ရွက်ပေးလေ့ရှိတဲ့ အယ်လ်အေက ဒကာလေး တစ်ဦးက ရယ်စရာအဖြစ် “သူ့မှာ အစွန်းနှစ်ဖက်ကြားမှာ နေနေရပါတယ်” လို့ ပြောတာဖြစ်မယ်။

 

 

   ခုလည်း ပြောခဲ့သလို စာရေးအလွန်မြန်တဲ့ ဓမ္မဘေရီဆရာတော်နဲ့ ကိုယ့်ထက်ပိုပြီး အေးဆေး နှေးလေမည့် ဆရာကံထွန်းသစ်နှစ် ပါးကြားမှာ။ ကံနဲ့ဝီရိယကြားမှာ။ အစွန်းနှစ်ဖက်ကြားက ငါကွပေါ့။ မဇ္ဈိမပဋိပဒါသမားပေါ့။ (ဒီလိုပဲ ကြံဖန်ဂုဏ်ယူ ရတာပဲလေ)။

 

ကိုယ်ကသာ ကိုယ့်ဟာကိုယ်ဆင်ခြေတွေပေးကာရေးစရာအကြောင်းမရှိလို့ဆိုပြီး မရေးဖြစ်နိုင်သေးတာ။ ဓမ္မဘေရီဆရာတော်က “ဒီဖက်ကပြီးကြတာနဲ့ သူ့ဖက်က အဆင်သင့်ပဲ”တဲ့။

 

 

သူ့စကားတဆင့်ကြားရတော့ “လက်နက်ကိရိယာတန်ဆာပလာတွေ၊ အခြေခံအကြောင်း အထောက်အပံ့တွေက သိပ်ပြီး အဓိက မကျပါဘူး။ အဲဒီအရာတွေ သင့်မှာ ပိုင်ဆိုင်ထားပေ မယ့် အဲဒါတွေကို ဘယ်လိုအသုံးချရမယ်ဆိုတဲ့ နည်းလမ်းကို သင်မသိဘူးဆိုရင် အဲဒီအရာ တွေဟာ သင့်အတွက် ဘာမှ အသုံးကျမယ် မဟုတ်ပါဘူး။ သင့်အတွက် ဘယ်တော့မှလည်း လုံလောက်ပြည့်စုံလိမ့်မယ် မဟုတ်ပေဘူး” ဆိုတဲ့ ဖတ်ဖူးတဲ့စကားကို ပြန်လည်သတိရမိတယ်။

 

 

   နောက်ပြီး မြေအောက်မြေအောက် သယံဇာတတွေ ဘယ်လောက်ပေါကြွယ်ပေမယ့် ဒီအရာ တွေကို စနစ်တကျထုတ်ယူသုံးစွဲ တတ်တဲ့ဥာဏ်မရှိရင်ဖြင့် မွဲမြဲမွဲလျက်သာရယ်လို့လည်း ဆိုင်သလား မဆိုင်သလားမသိ၊ အတွေးက ဝင်လိုက်မိသေးတယ်။ ကဲ ထားတော့။

 

ဝီရိယဆိုတဲ့ဘွဲ့နဲ့အညီ မနားတမ်းသွား၊ မနားတမ်းဟောပြောနေတဲ့ ဓမ္မဘေရီဆရာတော်နဲ့စာ ရင် ကိုယ်က အချိန်ပိုရသူ။ နောက်ပြီး စာကိုလည်းကွန်ပြူတာနဲ့ကိုယ်တိုင်ရိုက်သူဆိုတော့ လက်နဲ့ရေးရတဲ့ ဆရာတော်နဲ့စာရင် ကိုယ်က မြန်မြန်ဆန်ဆန်စာကို ရေးလို့ရနိုင်သူ။ ဒါပေမယ့် ပြောခဲ့သလို ကိုယ့်ဆင်ခြေများကြားမှာ ကြားညပ်ရင်း ကိုယ့်ဆင်ခြေနဲ့ကိုယ် ကြေနပ်အားရနေ တဲ့ သူမျိုးမို့ လက်နက်ကိရိယာတွေအပြည့်အစုံရှိပါလျက် လက်တွေ့အသုံးမချတဲ့သူပေါ့။ ဘယ်အရာကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရမယ် ဆိုတာ မသိတဲ့သူမျိုးပေါ့။

 

   ဘယ်အရာကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရမယ်။ သူ့နေရာနဲ့သူကိုက်ညီအောင် ဘယ်လိုအသုံးချတတ်ရမယ်။ ဒါဟာ သိပ်အရေးကြီးတဲ့အချက်။ အဲ ဟုတ်ပြီ။ အဲဒါ ပညာပဲပေါ့။ ဒါဟာ ဥာဏ်ပဲပေါ့။ ဒါကိုမေ့နေလိုက်တာ။

 

 

ဘာလုပ်ငန်းမှာမဆို အသိဥာဏ်ဆိုတာက မပါမဖြစ်တဲ့အရာ။ ဥာဏ်မပါပဲ လုပ်တဲ့အလုပ်က ဓားတုံးတုံးနဲ့ ခုတ်ရတဲ့အရာလို ခရီးက သိပ်မရောက်။

    ဥာဏ်ဆိုတော့ မြတ်ဗုဒ္ဓရဲ့ အထင်ကရ ဥာဏ်တော်သုံးပါးကို သတိရမိတယ်။ အတိုအားဖြင့် တော့ ဒီဥာဏ်တော်သုံးပါးကို (ပု ဒိ အာ) ရယ်လို့ ပြောတတ်ကြတယ်။ မြတ်ဗုဒ္ဓမှာက အများနဲ့ မတူ ထူးခြားတဲ့ဥာဏ်တော်ပေါင်းက မြောက်များစွာပါ။ အဲဒီအထဲမှာမှ မြတ်ဗုဒ္ဓဘုရားဖြစ်ချိန်နဲ့ စပ်လို့ မှတ်မှတ်သားသားပြောတတ်ကြတာက ဥာဏ်သုံးပါး။

 

   အဲဒီဥာဏ်တွေက အစဉ်အတိုင်းပြောရရင် နံပါတ်(၁)က ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။ ဥာဥ့်ဦးယံအချိန်မှာ ရတော်မူခဲ့တဲ့ဥာဏ်။ ဒီဥာဏ်တော်က သတ္တဝါအားလုံးရဲ့ ရှေးဘဝ၊ရှေးခန္ဓာများကို မြင်နိုင်တဲ့အစွမ်းရှိတယ်။

 

မဇ္ဈိမယံဆိုတဲ့ သန်းခေါင်အချိန်မှာတော့ နံပါတ်(၂)ဖြစ်တဲ့ ဒိဗ္ဗစက္ခုဥာဏ်တော်ကို ရတော်မူခဲ့ တယ်။ ဒိဗ္ဗစက္ခုဉာဏ်တော်ကတော့ သတ္တဝါများရဲ့လက်ရှိဘဝ ၊ လက်ရှိခန္ဓာများကို နတ်မျက် စိပမာ မြင်တော်မှုနိုင်စွမ်းရှိတဲ့ဥာဏ်တော်။

 

   မိုးသောက်ယံခေါ်တဲ့ နံနက်ပိုင်းမှာတော့ နံပါတ်(၃) ဖြစ်တဲ့ အာသဝက္ခယဉာဏ်တော်ကို ရတော်မူခဲ့တယ်။ ဒီအချိန်မှာမှပဲ ဘုရား အဖြစ်သို့ ရောက်တော်မူခဲ့တယ်။ သစ္စာလေးပါးကို အကြွင်းမရှိ သိမြင်တော်မှုကာ ကိလေသာအာသဝေါတရား အလုံးစုံကို ပါယ်စွန့်ကာ အလုံးစုံကို အကြွင်းမရှိ အကုန်သိမြင်သော သဗ္ဗညုတဉာဏ်တော်ကို ရတော်မူခဲ့တယ်။ ဒီအချိန်မှာပဲ ဘုရားအဖြစ်သို့ လည်း ရောက်တော်မူခဲ့တယ်။

 

စဉ်းစားကြည့်တော့ ဒီဥာဏ်တော်သုံးပါးထဲမှာ ရှေ့ဥာဏ်တော်နှစ်ပါးက အစွမ်းဥာဏ်တွေ။ နောက်ဆုံး အာသဝက္ခယဥာဏ်တော်က အစွန့်ဥာဏ်။ အစွမ်းဥာဏ်တွေရရှိချိန်က ဘုရားအဖြစ်သို့မရောက်သေးပဲ အစွန့်ဥာဏ်ကိုရရှိကာမှဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ တယ်။ စွမ်းရုံသာစွမ်းပြီး မစွန့်နိုင်လျင်ဖြင့် မြတ်ဗုဒ္ဓသည်ပင်လျင် ဗုဒ္ဓအဖြစ်သို့ ရောက်နိုင်ခဲ့လေမည်မဟုတ်။

 

မြတ်ဗုဒ္ဓရဲ့ အလောင်းတော်များဘဝ ဖြစ်တော်စဉ်သံသရာခရီးတစ်လျှောက်လုံးမှာလည်း အစွမ်းထက် အစွန့်ပုံရိပ်များကို ပိုမိုပေါ်လွင် ထင်ရှားခဲ့တယ်။ ဒါက စွမ်းနိုင်ခြင်းထက် စွန့်နိုင် ခြင်းကို အားလုံးက ပိုမိုအလေးထားတဲ့သဘော။ တကယ်တော့လည်း စွန့်ဝံ့သူတွေ သည်သာ တကယ်စွမ်းသူတွေဖြစ်လာကြတာပါ။

ဥာဏ်အကြောင်းရေးရင်း ဖတ်ခဲ့ဖူးတဲ့ပုံပြင်လေးကို အမှတ်ရမိပါသေးတယ်။

 

တစ်ခါက ချမ်းသာကြွယ်ဝတဲ့လူငယ်တစ်ယောက် ပညာရှိသုခမိန်အထံကို အကြံဥာဏ်တောင်း ခံဖို့ ရောက်လာပါတယ်။ သူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ သူ့ဘဝကိုဘယ်လိုတည်ဆောက် နေ ထိုင်သွားရင်ကောင်းမလဲလို့ လူငယ်က သုခမိန်ကိုမေးပါတယ်တဲ့။

 

ဒီတော့ သုခမိန်က လူငယ်ကို မှန်ပြတင်းတံခါးပေါက်ရှိရာကို ခေါ်သွားပြီး တံခါးပေါက်ကနေ ဘာကိုမြင်ရသလဲရယ်လို့ မေးပါတယ်။ လူငယ်ကသူမြင်ရတဲ့ သစ်ပင်သစ်တောတွေ၊ ကောင်း ကင်ကြီးနဲ့ တောင်ပြာတန်းကြီးတွေ၊ လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြ တဲ့သူ တွေနဲ့ လမ်း ဘေးမှာ တောင်းရမ်းနေတဲ့ မျက်မမြင်အဖိုးအိုတို့ကိုမြင်ရကြောင်းပြောပါတယ်။

 

နောက်ပြီးသုခမိန်က လူငယ်ကို အခန်းထဲမှာရှိတဲ့ မှန်ကြီးတစ်ချပ်ဆီကိုခေါ်သွားပြီးပြပါတယ်။ မှန်ထဲမှာ ဘာကိုမြင်ရသလဲလို့လဲ မေးပါတယ်။ ဒီတော့ လူငယ်က မှန်ထဲမှာ သူ့ပုံကိုသာသူပြန် မြင်ရကြောင်းပြောပါတယ်။

 

ဒီတော့မှ သုခမိန်က ပြတင်းပေါက်မှာရှိတဲ့ မှန်နဲ့ ကြည့်မှန်မှာရှိတဲ့မှန်ဟာပြုလုပ်ထားတဲ့ အခြေ ခံပစ္စည်းခြင်းက အတူတူပါပဲ။ ဒါပေမယ့် ပြတင်းပေါက်ကမှန်မှာက ဘာအကာအကွယ်မှမပါဘူး။ ကြည့်မှန်ကမှန်မှာတော့ အလွန်ကောင်းတဲ့ ငွေရောင်ပြဒါးတစ်လွှာကို သုတ်လိမ်းထား တယ်။ အဲဒီငွေရောင်အလွှာအကာက သင့်ကိုယ်ကိုယ်တော့ ပြန်မြင်ရတယ်။ ဒါပေမယ့် ပြင်ပ လောကရဲ့ အလှ တရားတွေနဲ့ ကိုယ်လိုဘဝတူ လူသားတွေရဲ့ လိုလားချက်ကိုတော့ သင်မတွေ့ မြင်နိုင်တော့ဘူး။

 

 

သင့်ကိုယ်သင်လည်း အဲဒီမှန်နှစ်ချပ်နဲ့ နှိုင်းယှဉ်ကြည့်ပေါ့။ တကယ်လို့ ပြင်ပကမ္ဘာရဲ့အလှ တရားနဲ့ ဘဝတူလူသားတွေရဲ့ အခြေမှန်ကို သင်တကယ် စာနာနားလည်လိုတယ်ဆိုရင်ဖြင့် ပြဒါးနဲ့တူတဲ့ သင့်ရဲ့ဂုဏ်အလွှာကို ခွါချဖို့လိုပေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

 

ဟုတ်တယ် တကယ်အမှန်တရားကိုတွေ့မြင်ချင်တယ်ဆိုရင် ဥာဏ်ပေါ်မှာ ဖုံးကွယ်ထားတဲ့ အကွယ်အကာတွေကို ခွါချဖို့လိုပေ လိမ့်မယ်။ အကာအလွှာတွေကို စွန့်ုဖို့လိုပေလိမ့်မယ်။

 

 ဒေါ်တူးဆိုတာလည်း အစွမ်းအစတစ်ခုခု ရှိဖို့ထက် အစွန့်အလွှတ်တစ်ခုခုရှိဖို့ကို အားသန်တဲ့သူတစ်ဦးပါ။ ကူရ ပေးရ လှူရ စွန့်ရခြင်း မှာ ဝါသနာထုံသူမို့ သူ့ကိုမေးမယ်ဆိုရင်လည်း စွမ်းနိုင်ခြင်းထက် စွန့်နိုင်ခြင်းကို ပိုမိုမြတ်နိုးမယ်လို့ပဲ ဖြေမယ်ထင်ပါတယ်။ ဒါကြောင့် အစွမ်းထက် အစွန့်ကိုပဲမြတ်နိုးလေမည့် ဒကာမကြီးဒေါ်တူး အရာအားလုံးကို လွတ်လွတ်စွန့်လွှတ် နိုင်စွမ်းတဲ့ဥာဏ်ကို ရရှိလို့ အစွဲများ၊ အစွန်းများ၊ အစေးများကနေ အမြန်ကင်းလွတ်ပါစေ ကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ။

 

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET