မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)
လူတိုင်းအတွက်ပဋ္ဌာန်း “ အာဟာရပစ္စည်း ”
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

      “သဗ္ဗေသတ္တာ အာဟာရဌိတိကာ= သတ္တဝါမှန်သမျှ အာဟာရ  အထောက် အပံ့ကြောင့်သာဖြစ်တည် နေနနိုင်ကြတယ် ”လို့ မြတ်စွာ ဘုရားဟောထားတော် မူထားတဲ့အတိုင်း  အာဟာရပစ္စည်းဟာ သတ္တဝါတို့ ဖြစ် တည်ရေး မှာ အရေး အကြီးဆုံး ပစ္စည်းတစ်ခုပါပဲ။ ကံက သတ္တဝါတွေကို ဘဝသစ်တစ်ခုကို ပို့ပေးတယ်။
     အာဟာရပစ္စည်းက ဆက်လက်ရှင်သန်ခွင့်ရအောင် အထောက်အပံ့သစ်တွေကို ဖြစ်စေပြီး ကျေးဇူးပြုပေးတယ်။ သတ္တဝါတိုင်းအတွက် “ကံသာလျှင် အမိ၊ ကံသာလျှင် အဖ”လို့ ဆိုကြပေမယ့်၊ ကံက မွေးမိဘနဲ့တူပြီး အာဟာရကကျွေးမွေးပြုစုထားတဲ့ ကျွေးမိဘနဲ့တူတယ်လို့ ဆိုရမှာပါ။
     မြတ်ဗုဒ္ဓတရားတော်များနဲ့ဖြစ်စေ ပါဠိစာပေနဲ့ဖြစ်စေ အထိုက်အလျောက် ရင်းနှီးဖူးသူအားလုံးလိုလိုက “သတ္တဝါမှာ အစာ”ဆိုတဲ့ စကားနဲ့လဲ ရင်းနှီးကျွမ်းဝင်ရှိကြပါတယ်။ အားလုံးကပဲ “အာဟာရ”ဆိုတဲ့ ပါဠိကို “အစာ”လို့မြန်မာပြန်ထားကြလို့ပါပဲ။ ဒါပေမယ့်  “အစာ”လို့ခေါ်တဲ့ “အာဟာရ” တရားဟာ ရုပ်အာဟာရ၊ နာမ်အာဟာရ ဆိုပြီး နှစ်မျိုးရှိတာကိုတော့ ထဲထဲဝင်ဝင်သိသူနည်းပါတယ်။ အမှန်က နှစ်မျိုးရှိတာပါ၊ ရုပ်အစားအစာနဲ့ နာမ်အစားအစာလို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။
        ရုပ်အာဟာရက ဘော်ဒီ လို့ခေါ်တဲ့ ဒီခန္ဓာကိုယ်ကြီး တည်တန့်ရေးအတွက် ကျေးဇူးပြုပေးပါတယ်။ ဒါကို ပဋ္ဌာန်းပါဠိတော်မှာ-
       “ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော = အပြင်အပ(ဗဟိဒ္ဓ)မှာရှိတဲ့ ထမင်းလုတ်၊ ဟင်းလုတ်၊ အဖျော်၊ မုန့်စသည်မှာပါတဲ့ အဆီဩဇာဆိုတဲ့ အာဟာရဓာတ်က၊ ဒီခန္ဓာကိုယ် ရုပ်အပေါင်းကို ရုပ်အာဟာရပစ္စယသတ္တိနဲ့ ကျေးဇူးပြုထောက်ပံ့ပေးတယ်” လို့ ဟောတော်မူပါတယ်။. နာမ်အာဟာရနဲ့ ပတ်သက်လို့ကျတော့ -
      “အရူပီနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော = နာမ်အာဟာရတရားတွေကတော့ အတူတကွ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားတွေနဲ့ ဒီနာမ်တရားတွေကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တရားတွေကို နာမ်အာဟာရ ပစ္စယသတ္တိနဲ့  ကျေးဇူးပြု ထော က်  ပံ့ပေး တယ်” လို့ ဟောတော်မူပါတယ်။
      ဒီရုပ်အာဟာရ နာမ်အာဟာရနှစ်မျိုးလုံးတို့ဟာ ခန္ဓာကိုယ်ဆိုတဲ့ သက်ရှိအိမ်ကြီးကို မယိုင်လဲ မပြိုကွဲအောင် ထောက်ပံ့ပေးထားတဲ့ အတွက် ပကတိအိမ်ကြီးကို ထောက်ကန်ပေးထားတဲ့ ကျားသဘောမျိုးနဲ့တူတယ်လို့ အဋ္ဌကထာဆရာက ဥပမာပေးပါတယ်။ ဒါကြောင့် “ အာဟာရပစ္စ္စေယော = မယိမ်းမယိုင်၊ ခိုင်စေသောအား၊ ထောက်သည့်ကျားသို့။ နှစ်ပါးသဟဇံ၊ ရုပ်နှင့်နာမ်အား၎င်း၊ လေးတန် သန္တတိ သမုဋ္ဌာနိကရုပ်အာ၎င်း၊ ယထာက္ကမ၊ ဒွါဒကမျိုးတူတွင်၊ ဆောင်ယူထောက်ပံ့ခြင်းဟူသော အာဟာရ သတ္တိ ထူးးဖြင့် ၊့၊  ကျေးဇူးးပြုခြင်းး လကဏ္ခဏာရှိေိသော ဖဿ၊ စေတနာ၊ ဝိညိညာဏ်ဟ်ဟူေူသော နာမ်အ်အာဟာရသုံးးပါး၊ အဇ္ဈတ်ဗ်ဗဟိ၊ စတုသုသမုဋ္ဌုဋ္ဌာနိကိက ဩဇာဟူသော ရုပ်အာဟာရပစ္စည္စည်း တရာ၎င်း” လို့ အနက်မြန်မာ ပြန်ထားပါတယ်။
      ရုပ်နာမ်နှစ်မျိုးတို့နဲ့ ဘဝကို တည်ဆောက်ထားရတဲ့ လူ့ဘုံသား၊ နတ်ဘုံသား၊ ရူပဗြဟ္မာ ဘုံသားတို့မှာ သက်ရှင်ရပ်တည်နိုင်ရေးအတွက် အခြေခံဖြစ်တဲ့ ရုပ်တရားနာမ်တရား နှစ်မျိုးလုံးကိုပဲ အမြဲမပြတ်ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်များ လိုအပ်ပါတယ်။ ရုပ်အတွက် ရုပ်အာဟာရ၊ နာမ်အတွက် နာမ်အာဟာရ အထောက်အပံ့ရနေမှသာ ပုံမှန်သက်ရှင် ရပ်တည်နေနိုင်ကြတာပါ။
       ရုပ်အာဟာရဆိုတာ အပြင်ပ ဗဟိဒ္ဓမှာရှိတဲ့ ထမင်းလုတ်၊ ဟင်းလုတ်၊ မုန့်ပဲသရေစာစတဲ့ အစားအစာများထဲမှာပါတဲ့ အဆီဩဇာ ဓာတ်ပဲဖြစ်ပါတယ်။ ဒီအဆီဩဇာဓာတ်ဟာ သူချည်း သီးခြားထုတ်ပြီး အလုတ်အလွေ့ပြုလို့တော့ မရပါဘူး။ ဩဇာဓာတ်တည်ရှိနေတဲ့ထမင်း ဟင်းစသည်ကို အလုတ်အလွေ့ပြုလိုက်တဲ့အခါ ဩဇာဓာတ်ကလဲ ပါလာပြီဖြစ်လို့ ကျမ်းဂန်များမှာတော့ “ကဗဠီကာရ အာဟာရ= အလုတ်အလွေ့ကို မပြုနိုင်သော်လည်း ပြုနိုင်သလိုဖြစ်တဲ့ အာဟာရ”လို့ ဆိုပါတယ်။
       လူရဲ့ ခန္ဓာကိုယ်ကြီးဆိုတာ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်ဆိုတဲ့ ရုပ်ကြီးလေးမျိုး စုပေါင်းဖွဲ့ထားတာပါ။
      ဒီရုပ်လေးမျိုးထဲမှာ အာဟာရဇရုပ်က သက်ရှင်ရပ်တည်ရေးအတွက် အရေးကြီးဆုံးပါပဲ။ အသစ်အသစ်စားသုံးသမျှ အစားအစာထဲက ဩဇာဓာတ်တွေဟာ အာဟာရဇ ရုပ်တွေကို ဖြစ်စေတတ်သလို၊ ကျန်တဲ့ ရုပ်သုံးမျိုးတို့ ရှင်သန်ရေးကိုလည်း အထောက်အပံ့ပြုပေးပါတယ်။
      အဲဒီလို ရုပ်ခန္ခာအဆောက်အဦကြီးပြိုလဲပျက်စီးမသွားအောင် ထောက်ပံ့ပေးထားတတ်လို့ “ကျား”နဲ့ တူတယ်လို့ဆိုတာပါ။ (ယိုင်လာတဲ့ အဆောက်အဦ၊ သစ်ပင်၊ တံတားစသည်တို့ကို မယိုင်မလဲအောင် ထောက်ပေးတားရတာကို “ကျားကန်ပေးတယ်” လို့ ခေါ်ပါတယ်၊ အဲဒီ  “ကျား” ကိုပြောတာပါ)။
      နာမ်တရားတွေ ရှင်သန်ဖြစ်တည်ရေးအတွက် အထောက်အပံ့ပေးနေတဲ့ အာဟာရကတော့ အာရုံနဲ့တွေ့ထိပေးတဲ့ ဖဿရယ်၊ ကံလို့ ခေါ်တဲ့ စေတနာရယ်၊ အာရုံကိုသိတတ်တဲ့ ဝိညာဏ်ရယ်၊ သုံးပါးဖြစ်ပါတယ်။ နာမ်အာဟာရက သုံးပါး၊ ရုပ်အာဟာရက တစ်ပါး၊ အားလုံးပေါင်းရင် အာဟာရလေးပါးဖြစ်ပါတယ်။
     ဘဝတစ်ခု ရှင်သန်ရေးအတွက် လိုအပ်တဲ့ အကျိုးပစ္စယုပ္ပန်တရားတွေဖြစ်ပေါ်ပြည့်စုံလာအောင် ဆောင်ရွက်ထောက်ပံ့ပေးတဲ့ အခြားတရားတွေလည်း အများကြီးရှိကြပေမယ့် ရုပ်ရော နာမ်ပါ ခန္ဓာငါးပါးတည်တန့်ရေးအတွက် ဒီတရားလေးမျိုးတို့ကသာ အရေး အပါဆုံးဖြစ်လို့ ဒီတရားလေးမျိုးကိုသာ အာဟာရ(အထောက်အပံ့)ပစ္စည်းတရားများလို့ သတ်မှတ်ပါတယ်။
     (၁) အစားအစာထဲမှာပါတဲ့ ဩဇာဓာတ်က ရုပ်ခန္ဓာကိုယ်ကြီးအတွက် ထောက်ပံ့ပေးတာကတော့ လူတိုင်းလိုလို နဲနဲသဘောပေါက်လို့ ရကြမှာပါ။ ဖဿ၊ စေတနာ(ကံ)၊ ဝိညာဏ်တို့က ဒီဘဝခန္ဓာကြီး ရှင်သန်ရေးမှာ တခြားနာမ်တရားတွေထက် အရေးပါတဲ့အထောက် အပံ့တွေ ဘယ်လိုပေးသလဲ ဆိုတာ ကတော့ သဘောပေါက်သူ နည်းပါလိမ့်မယ်။ အတ္တဝါဒ အတွေးအထင်ကနေ အနတ္တဆိုတဲ့ အသိအမြင်ကို ကူးပြောင်းနိုင်ရေးမှာ ဒီအာဟာရ တရားတို့က အရေးကြီးတဲ့အတွက် နည်းနည်းတော့ သိထားမှ အဆင်ပြေပါလိမ့်မယ်။ ဒီအကြောင်း နောက်ပိုင်းမှာလဲ ထပ်ပြောပါဦးမယ်၊ အခု အကျဉ်းချုပ်ကြိုတင် သိထားသင့်တာကတော့ -
     (၂) သက်ရှိဘဝတစ်ခုဆိုတာ ပဋိသန္ဓေဝိညာဏ်နဲ့စတာပါ။ ဆိုင်ရာဆိုင်ရာဘဝတစ်ခုမှာ အဲဒီ ပဋိသန္ဓေဝိညာဏ်စိတ် ကလေးဖြစ်ပေါ်အောင် စေတနာ(ကံ)က ပို့ဆောင်ထောက်ပံ့ပေးပါတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ  “သင်္ခါရပစ္စယာ ဝိညာဏံ =သင်္ခါရကြောင့် ပဋိသန္ဓေ ဝိညာဏ်ဖြစ်တယ်” ဆိုတာ ဒါကိုပြောတာပါ၊ ဒီမှာပါတဲ့ သင်္ခါရရယ်၊ ကံရယ်၊ စေတနာရယ်က သံတူကြောင်းကွဲဖြစ်ပါတယ်။ ဒါကြောင့် အတိတ်ကံလို့ လည်းခေါ် သင်္ခါရလို့လည်း ခေါ်တဲ့ “စေတနာ” ကို အာဟာရလို့ခေါ်ပါတယ်။
     (၃) ပဋိသန္ဓေစိတ်ကလေး ပထမအကြိမ်မှာ စပြီးဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက်၊ အဲဒီပဋိသန္ဓေစိတ်နဲ့ အတူ ခန္ဓာကိုယ်ကြီးရဲ့ အခြေခံ ဖြစ်တဲ့ ကာယပသာဒ မျိုးစေ့ပါဝင်တဲ့ ရုပ်ဆယ်ခုအုပ်စု (ဒသကကလာပ်)ရယ်၊ ယောကျာ်း မိန်းမဖြစ်စေတဲ့ ပုရိသဘာဝ သို့မဟုတ် ဣတ္ထိဘာဝရုပ် ပါဝင်တဲ့ ရုပ်ဆယ်ခုအုပ်စုရယ်၊ နာမ်တရားတို့ရဲ့ တည်မှီရာ နှလုံးသားမျိုးစေ့ဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ပါဝင်တဲ့ ရုပ်ဆယ်ခုအုပ်စုရယ် အားလုံးဆယ်မျိုးစုသုံးစု (ကလာပ်သုံးစည်းလို့လဲ ခေါ်ပါတယ်)ဖြစ်ပါတယ်။ အဲဒီရုပ်တွေဟာ စိတ်ခဏပေါင်း (၁၇) ချက်အထိသက်တမ်းရှိပါတယ်။ (ရုပ်က စိတ်ထက်(၁၇)ဆ သက်တမ်းပိုပြီး ကြာကြာခံတယ်လို့ ဆိုလိုတာပါ)
      ဒါပေမယ့် ပဋိသန္ဓေဝိညာဏ်ရဲ့ နောက်မှာ ဘဝင် ဝိညာဏ် စတဲ့ စိတ်တွေက ဆက်ဖြစ်ပေးနေမှသာ ဒီရုပ်တွေ သက်တမ်းပြည့် လဲ နေနိုင် မယ်၊ နောက်နောက်ဖြစ်တဲ့ ဝိညာဏ် စိတ်တွေကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေရော၊ အအေးအပူ အားလျော် စွာ ပေါက်ဖွားဖြစ်ပေါ်တဲ့ ဥတုဇ ရုပ်တွေရော၊ အစားအစာမှာပါတဲ့ ဩဇာကြောင့်ဖြစ်တဲ့ အာဟာရရုပ်တွေရော ဖြစ်သင့်ဖြစ်ထိုက်သမျှ နာမ်တွေ ရုပ်တွေ ဆက်ပြီးဖြစ်နေနိုင်ပါတယ်။ (အဲဒီလို ဖြစ်ချီ ပျက်ချီနဲ့ စဉ်ဆက်မပြတ် တရစပ်ဖြစ်တည်နေရတာကိုပဲ သက်ရှိသံသရာ ခရီးသည် လို့ ခေါ်ဆို ရတာပါ။) အဲဒီလို နောက်နောက်ဖြစ်တဲ့ နာမ်တွေနဲ့ ရုပ်တွေဖြစ်ပေါ်အောင်ကိုတော့ ပဋိသန္ဓေစိတ်ကလေး ကပဲ ဖော်ဆောင်ထောက်ပံ့ ပေး ပါတယ်။ “ ဝိညာဏ ပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်” ဆိုတာ ဒါကို ပြောတာပါ။ ဒါကြောင့် အဲဒီ “ပဋိသန္ဓေဝိညာဏ်”  ကလေးကိုလဲ အာဟာရလို့ ခေါ်ပါတယ်။
     (၄) အဲဒီနောက် လူပဲ နတ်ပဲရယ်လို့ ပီပီပြင်ပြင် ဖြစ်လာပြီး သံသရာခရီးရှည်ကြီးကို ရှင်သန်စွာ ဆက်လက်သွားနိုင်ဖို့ကတော့ ဗုဒ္ဓဘာသာဝင် အားလုံးသိကြတဲ့အတိုင်း တဏှာနဲ့အသက်ဆက်ပြီး တဏှာ(သမုဒယ)နဲ့ပဲ ခရီးဆက်နေကြရတာပါ။ အဲဒီတဏှာ ဆိုတာ ဝေဒနာ ရှိမှ ဖြစ်ပါတယ်၊ ဝေဒနာကလဲ အပြင်အာရုံ အတွင်းအာရုံဆိုတဲ့ အာရုံတွေနဲ့ တွေ့ထိပေးတဲ့ ဖဿရှိမှသာ ဖြစ်နိုင်ပါတယ်။
     ပစ္စုပ္ပန်မှာ အာရုံကို ကောင်းဆိုးခွဲခြားခံစားနိုင်ရေးမှာ ဖဿကသာ အဓိကဖော်ဆောင်ထောက်ပံ့ပေးနိုင် တာဖြစ်လို့ ဖဿစေတသိက်ကိုလဲ အာဟာရလို့ခေါ်ပါတယ်။
   ဒေသနာဟောရိုး ဟောစဉ်အရ “ဖဿ၊စေတနာ၊ ဝိညာဏ်” လို့ ဟောပေမယ့် ဖြစ်စဉ်အရကတော့ “စေတနာ၊ ဝိညာဏ်၊ ဖဿ” လို့ ဆိုရပါလိမ့်မယ်။ သံသရာမှာ ရုပ်တွေ နာမ်တွေ မျိုးဆက်မပြတ်နိုင်ဘဲ ဆက်လက်ရှင်သန်ဖြစ်တည်နေရေးမှာ ဒီတရားသုံးခုရဲ့ အထောက်အပံ့က အဓိကအရေးပါတဲ့ အတွက် ဒီတရားသုံးမျိုးကို နာမ်အာဟာရ ပစ္စည်းတရားသုံးပါးလို့ ဟောတော်မူပါတယ်။
    သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင်တော့ အစားအစာထဲမှာပါတဲ့ ဩဇာဆိုတဲ့ ရုပ်အာဟာရတရားက တစ်ဘဝတာ အသက်ရှင်ရေး အတွက် ထောက်ပံ့တဲ့အာဟာရပစ္စည်းဖြစ်တယ်။ ဖဿçစေတနာçဝိညာဏ်ဆိုတဲ့ နာမ်အာဟာရတရားများကတော့ တစ်ဘဝပြီး တစ်ဘဝဆိုတဲ့ သံသရာခရီးရှည်ကြီး မဆုံးတမ်း စဉ်ဆက်မပြတ် ရှင်သန်နေရေးအတွက် ထောက်ပံ့ပေးတဲ့ အာဟာရပစ္စည်း ဖြစ်တယ်လို့ သဘောပေါက်လာ ပါလိမ့် မယ်။
    ထပ်ပြီးတော့ စိစစ်ကြည့်မယ်ဆိုရင် “ဘဝခန္ဓာကိုယ်ကြီးကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးပါးတို့က အမြဲမပြတ်စောင့်ကြပ်ပြုပြင်ပေးနေတယ်” လို့ ဗုဒ္ဓဘာသာဝင်တို့ သိထားကြတဲ့အကြောင်းတရားလေးပါးထဲက အခု အာဟာရပစ္စည်းမှာ
    ကံရယ်၊ စိတ်ရယ်၊ အာဟာရရယ် သုံးမျိုးကို ဖော်ပြနေတာလဲ ဖြစ်ပါတယ်။ ကံက “ စေတနာဟာရ” ဆိုတဲ့ အမည်ခံတယ်။ စိတ်က ဝိညာဏာဟာရ ဆိုတဲ့ အမည်ခံထားပါတယ်။ အာဟာရက အာဟာရပါပဲ။ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ ပဋိသန္ဓေကမ္မဇရုပ်နဲ့ တစ်ပြိုင်နက် လိုလိုမှာပဲ စပြီးဖြစ်ပါတယ်။
    ဘဝသစ်တစ်ခုမှာ ပဋိသန္ဓေကစလို့ ဒီ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ ကလလရေကြည်အဖြစ်ကနေ ဆင့်ကဲ တိုးတက်ကြီးထွား လာရမှုဖြစ်စဉ်ကို မသိတဲ့အခါ တချို့လူတွေမဆိုထားနဲ့ နတ်တွေတောင် ယောင်တိ ယောင်မှားဖြစ်ကုန်ပြီး “သတ္တဝါဆိုတာ ပုဂ္ဂိုလ် သတ္တဝါ လို့ ခေါ်စရာ အတ္တကောင်ကလေးက အမိဝမ်းမှာ တစ်ပြိုင်နက်ခြေလက်အင်္ဂါပါမကျန် အပြည့်အစုံဖြစ်ပြီး ကြီးထွားလာကြတာ ဖြစ်တယ်၊ ပင်ကိုယ်က အတ္တဆိုတဲ့ အကောင်လေး မရှိဘဲနဲ့ ဘယ်လိုလုပ် ခြေလက်အင်္ဂါတွေ၊ မျက်စေ့၊ နား၊ နှာစတာတွေ၊ သိတတ်တဲ့ စိတ်ဆိုတာ တွေဖြစ်နိုင်မလဲ” ဆိုတဲ့ အတွေးခေါင်မှုတွေ အယူမှားမှုတွေ ဖြစ်ကုန်တတ်ကြပါတယ်။ ဒါကြောင့် အာဟာရပစ္စည်းနဲ့ သတ္တဝါတို့ရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ကို အသေအချာလေ့ လာနားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။ ဒီအကြောင်းနဲနဲထပ်ချဲ့ပြောပါဦးမယ်။
    မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့အနီးက ဣန္ဒကူဋတောင်မှာရှိတဲ့ ဣန္ဒကနတ်ဘီလူးရဲ့ နတ်ဗိမာန်မှာ သီတင်းသုံးနေစဉ်က ဗိမာန်ရှင် ဖြစ်တဲ့ ဣန္ဒကနတ်ဘီလူးက ဘုရားရှင်ကို -
    “အရှင်ဘုရား ပွင့်တော်မူသမျှ ဘုရားအဆူဆူတိုင်းပဲ ရုပ်ကို အသက်၊ ဇီဝ၊ အတ္တဆိုတာ မရှိဘူး” လို့ချည်း ဟောတော်မူကြပါတယ်။
    ဒါဆိုရင် ဘယ်လိုနည်းနဲ့ ဒီသတ္တဝါတွေဟာ ဒီခန္ဓာကိုယ်ကြီးကို ရရှိနိုင်မလဲ။ သတ္တဝါတွေရဲ့ အရိုးတွေ၊ အသားဆိုင်တွေဆိုတာကရော ဘယ်ကနေရောက်လာပါသလဲ။ ဒီသတ္တဝါဟာ ဘာကြောင့် တောင်ရဲ့ လှိုင်ခေါင်းသဖွယ်ဖြစ်တဲ့ အမိဝမ်းတိုက်မှာ ကိန်းအောင်းနေနိုင်ပါသလဲ” ဆိုပြီး မေးပါတယ်။(သဂါထာဝဂ္ဂ၊ယက္ခသံယုတ်-၂၀၈)

အဲဒီမှာ ဘုရားရှင်က -

(၁) ပထမံ ကလလံ ဟောတိ = ပထမသတ္တာဟ(ရက်သတ္တပတ်)မှာ ကလလရေကြည်ဖြစ်တယ်။

(၂) ကလလာ ဟောတိ အဗ္ဗုဒံ = အဲဒီနောက် ဒုတိယပတ်မှာ အမြှုပ်ကလေးဖြစ်တယ်။

(၃) အဗ္ဗဒါ ဇာယတေ ပေသိ = အဲဒီနောက် တတိယပတ်မှာ နီနီထွေးထွေး အသားတစ်ကလေးဖြစ်တယ်။

(၄) ပေသိ နိဗ္ဗတ္တ တေ ဃနော = အဲဒီနောက် စတုတ္ထပတ်မှာ ခပ်မာမာအသားတုံးကလေး ဖြစ်လာတယ်။

(၅) ဃနာ ပသာခါ ဇာယန္တိ = အဲဒီနောက် ပဉ္စမပတ်မှာ ခေါင်းçခြေနှစ်ဘက်၊ လက်နှစ်ဘက်ဖြစ်မည့် နေရာငါးခုမှာ ခက်မငါးဖြာလို့ခေါ်တဲ့ အဖုကလေးငါးခုဖြစ်လာတယ်။

(၆) ကေသာ လောမာ နခါပိစ = နောက်တော့ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်းစတဲ့ အင်္ဂါရပ်အစိတ်အပိုင်းတွေလဲ အခါအားလျော်စွာ လူ့အင်္ဂါရပ်စုံအောင် ဖြစ်ပေါ်လာတယ်” ဆိုတဲ့အကြောင်း မြတ်စွာဘုရားက ပြန်ရှင်းပြပါတယ်။

လူတိုင်းအကြမ်းဖျင်းသဘောပေါက်ကြတာကတော့ သတ္တဝါ(အထူးသဖြင့် လူ)တွေဟာ အမိအဖတို့ရဲ့ ဗီဇသွေးနှစ်မျိုးတို့ ပေါင်းစပ်ရာကနေ လူရယ်လို့ ဖြစ်ကြတယ်လို့ပဲ မှတ်ထင်တတ်ပါတယ်။
     ဗုဒ္ဓဝါဒဆိုင်ရာ အဘိဓမ္မာကျမ်းများ အလိုအရတော့ လူတစ်ယောက် ဘဝတစ်ခုမှာ ပဋိသန္ဓေ စတင်ဖြစ်တည်နိုင်ရေးအတွက် (၁)အမိအဖတို့ ဗီဇသွေးနှစ်ခုပေါင်းဆုံမိခြင်း၊ (၂) အမိရဲ့ သားအိမ်က လစဉ် စွန့်ပစ်ရမည့် ဥတုသွေးညစ်တို့ ပယ်စွန့်သန့်စင်ပြီးချိန်ဖြစ်ခြင်း၊ (၃) ဘဝဟောင်းမှ ဘဝသစ်ကို ကူးပြောင်းဖြစ်ပေါ်မည့် ဂန္ဓဗ္ဗခေါ်တဲ့ ပဋိသန္ဓေဝိညာဏ်မျိုးစေ့လေး ရှေးရှုတည်ခြင်းဆိုတဲ့ အင်္ဂါရပ်သုံးခု စုံညီမှ သတ္တဝါတို့ရဲ့ ဘဝသစ်တစ်ခု ပဋိသန္ဓေနေမှု စတင်ဖြစ်ပေါ်ပါတယ်။
     အဲဒီသုံးချက်ထဲက “ဂန္ဓဗ္ဗဓာတ်” ဆိုတာ အတိတ်ကံရဲ့ သတ္တိအရ ဘဝသစ်တစ်ခုမှာ ပဋိသန္ဓေဖြစ်တည်မယ့် ပဋိသန္ဓေဝိညာဏ်နဲ့ ကမ္မဇရုပ်တို့ရဲ့ မျိုးစေ့ပါပဲ။ တစ်နည်းပြောရရင်တော့ ပဋိသန္ဓေဝိညာဏ်နဲ့ ကမ္မဇရုပ်တွေကို ဖြစ်စေနိုင်တဲ့ အတိတ်ကံရဲ့ ကမ္မသတ္တိဓာတ် တစ်ခုပါပဲ။
    ဒီကမ္မသတ္တိဖြစ်တဲ့ ဂန္ဓဗ္ဗဓာတ်ထဲမှာ ကံပါရမီတို့ရဲ့ သတ္တိတွေလဲ ပါဝင်ပါတယ်။ ကံကောင်းခြင်းတို့ ဉာဏ်ကောင်းခြင်းတို့ရဲ့ အခြေခံတွေဟာ ဒီအထဲမှာ ပဋိသန္ဓေစတည်ချိန်ကတည်းက ပါဝင်ပြီးသားပါ။ တစ်ဦးနှင့် တစ်ဦး ကံချင်း ပါရမီဓာတ်ခံချင်း ကွဲပြားသလို
   ကံကောင်းတာချင်း ဉာဏ်ကောင်းတာချင်းလဲ အခြေခံ ဂန္ဓဗ္ဗဓာတ်မှာကတည်းက ကွဲပြားပါတယ်။ ဒါကြောင့်လဲ တစ်မိဝမ်းချင်းအတူ သက်ဆင်းကြတဲ့ ညီအစ်ကိုမောင်နှမချင်းဖြစ်ပေမယ့် ကံချင်း ဉာဏ်ချင်း ဥပဓိရုပ်ချင်း ကွဲပြားခြားနားကြတာပါ။ လူအများ ပြောပြောနေတဲ့ အခြေခံဗီဇဓာတ် ဆိုတာ ဗုဒ္ဓဝါဒ အဘိဓမ္မာအရကတော့ အခုပြောခဲ့တဲ့ ဂန္ဓဗ္ဗဓာတ်ကို ခေါ်တာပါပဲ။
 
ရုပ်တို့ စဖြစ်ပုံ

     အမိအဖတို့ရဲ့ဗီဇသွေးနှစ်ခုရယ်၊ ဂန္ဓဗ္ဗဓာတ်ရယ် စင်ကြယ်တဲ့ အမိဝမ်းသားအိမ်အတွင်းဆုံမိပြီး ပဋိသန္ဓေရယ်လို့ ဖြစ်လိုက်ချိန်မှာ အထက်မှာပြောခဲ့တဲ့ အတိုင်း နာမ်တရားအဖြစ်နဲ့ ပဋိသန္ဓေဝိညာဏ်စိတ်နဲ့ စေတသိက် (၃၃)ခုတို့ရယ်၊ ရုပ်တရားကတော့ ကာယဒသက၊  ဘာဝဒသက၊ ဝတ္ထုဒသကဆိုတဲ့ ကမ္မဇရုပ်ကလာပ်သုံးစု(သုံးစည်း)တို့ရယ် တစ်ပြိုင်နက်ဖြစ်ပါတယ်။
    အဲဒီစပြီးဖြစ်တဲ့ ပဋိသန္ဓေစိတ်ကလေးရဲ့ “ဥပါဒ်” ပြီးတော့ ဋ္ဌီ ဆိုတဲ့အခိုက်ကလေးရောက်ချိန်ကစပြီး ဥတုကြောင့်ဖြစ်တဲ့ ဥတုဇ ရုပ်တွေ ဆိုတာလဲ ခဏမစဲ တသဲသဲလို့ ဆိုရလောက်အောင် စိတ်တစ်ခဏစာအချိန်တိုင်းမှာ မပြတ်တရစပ်ဖြစ်နေပါတယ်။ ပဋိသန္ဓေနောင် ပထမဘဝင်စိတ် ကလေးစဖြစ်ချိန်ကစပြီး စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေလဲ ဖြစ်လာပါတယ်။
    ပထမဆုံးပဋိသန္ဓေစပြီး ဖြစ်ချိန်ကစပြီး ရက်သတ္တတစ်ပတ်စာအချိန်အတွင်းမှာ သန္ဓေသားဆိုတာ ကလလရေကြည်ကလေးပဲ ရှိပါသေးတယ်၊ အရွယ်ပမာဏကလဲ ဝမ်းတွင်းမွေး ဆိတ်သားငယ်ရဲ့ အမွေးမျှင်ကလေးတစ်ချောင်းကို ဆီထဲနှစ်ပြီး ခါထုတ်လိုက်တဲ့အခါ အဲဒီအမွေးမျှင်လေးရဲ့ ထိပ်မှာ ကပ်ကျန်နေတဲ့ ဆီကြည်ပမာဏလောက်ပဲ ရှိပါသတဲ့။ ဒါပေမယ့် အဲဒီမှာ ဘဝင်စိတ် စေတသိက်ဆိုတဲ့  နာမ်တရားတွေရော၊ ကမ္မဇရုပ်၊ ဥတုဇရုပ်၊ စိတ္တဇရုပ်ဆိုတဲ့ ရုပ်သုံးမျိုးရောရှိနေပြီ။ စောစောကပြောတဲ့ ဂန္ဓဗ္ဗဓာတ်ကလေးပါ စုပေါင်း ပါဝင်ထားတာဖြစ် လို့ ကံမျိုးစေ့ ဉာဏ်မျိုးစေ့တွေလဲ အပြည့်အစုံပါနေပါပြီ။
     နောက် ဒုတိယရက် သတ္တပတ်ရောက်တော့ ဆီကြည်ကလေးကနေ “အမြှုပ်”ကလေးအဖြစ်ပြောင်လာတယ်၊ အဲဒီအချိန်အထိလဲ ရုပ်က အထက်မှာ ပြောခဲ့တဲ့ သုံးမျိုးပဲ ရှိပါသေးတယ်။
   တတိယရက် သတ္တပတ်ရောက်တော့ အမြှုပ်ကလေးကနေ သွေးနီခဲလေးလို “သားတစ်”ဆိုတာဖြစ်လာတယ်။ သားတစ်ဆိုပေမယ့် အသားတုံးလို မာမာခဲခဲမဟုတ်သေးဘူး ဂျယ်ရီလို သွေးပျစ်ခဲခဲလေးပဲ ရှိပါသေးတယ်။ အဲဒီတတိယပတ်ရောက်တဲ့အခါ မိခင်စားသောက်တဲ့ အစားအစာ များကတစ်ဆင့် ဒီသန္ဓေသားလောင်းတစ်ကလေးဆီကို အာဟာရဇရုပ်တွေ စပြီးပို့ပေးပြီ၊ အဲဒီအချိန်မှာ ရုပ်လေးမျိုးစုံပြီး၊
    ကံ၊ စိတ်၊ ဥတု၊ အာဟာရအကြောင်းတရားလေးမျိုးလုံး ပေါင်းဆုံမိပြီဖြစ်သလို အာဟာရလေးမျိုးလုံးလဲ ပြည့်စုံပါပြီ။  “အတိတ်ကံစေတနာ က စေတနာ ဟာရ၊ ပဋိသန္ဓေဝိညာဏ်က ဝိညာဏာဟာရ၊ အာရုံတွေနဲ့ တွေ့ထိတာက ဖဿာဟာရ၊ မိခင်ဆီကနေတဆင့်ရတဲ့ ဩဇာဓာတ်ဟာ ရုပ်အာဟာရဖြစ်ပါတယ်။” ထမင်းလုတ်၊ ဟင်းလုတ်ထဲမှာပါတဲ့ ဩဇာဓာတ်ကလေးတွေဟာ အာဟာရဇရုပ်ကိုတော့ ဖြစ်စေတတ်တဲ့ ဇနက သတ္တိနဲ့ ကျေးဇူးပြုပေးပါတယ်။   ကြွင်းတဲ့ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်တွေကိုတော့ ဥပထမ္ဘကသတ္တိနဲ့ ထောက်ပံ့ကူညီပေးပါတယ်။

ဒါကြောင့်...

     “ကဗဠီကာရော အာဟာရော = ဩဇာလို့ခေါ်တဲ့ အာဟာရဓာတ်ကလေးဟာ။ ဣမဿ ကာယဿ = ခန္ဓာကိုယ်ကြီးတစ်ခုလုံး (ရုပ်လေးမျိုးလုံး)ကိုပဲ။ အာဟာရပစ္စယေန ပစ္စယော = အာဟာရသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဆိုရတာပါ။
     အကြောင်းတရားလေးမျိုးကြောင့်ဖြစ်တဲ့ ရုပ်လေးမျိုးလုံးစုံညီတဲ့အခါ တစ်မျိုးကတစ်မျိုးကို အပြန်အလှန်ထောက်ကူပေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကြီးထွားမှု၊ တိုးတက်မှုတွေလဲ ပိုပြီးသိသာမြန်ဆန်လာပါတယ်။ ဒါကြောင့် စတုတ္ထပတ်မှာ အဆိုင်အခဲ ခပ်မာမာကလေးဖြစ် လာတယ်။ ပဉ္စမပတ်မှာ ခက်မငါးဖြာ (ခေါင်း၊လက်နှစ်ဘက်၊ခြေနှစ်ဘက်)ဖြစ်ဖို့အတွက် အဖုလေးငါးဖုပေါ်လာပြီ။ အဲဒီနောက် ရက်သတ္တ(၇)ပတ်မြောက်လောက်ကစပြီး မျက်စေ့၊ နား၊ နှာစတဲ့ အင်္ဂါတွေပေါ်ပေါက်တယ်။ ရက်သတ္တ(၁၁)ပတ်လောက်ရောက်ချိန်မှာ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်းတို့ပါ စုံလင်လာတယ်လို့ ဆိုပါတယ်။
     မြတ်စွာဘုရားရှင်က ဒီရုပ်ဖြစ်စဉ် ခန္ဓာဖြစ်စဉ်တွေကို ဣန္ဒကနတ်ဘီလူးကြီးကို ရှင်းပြနေတာပါ။ သင်ထင်သလို အတ္တကောင် ကလေးကြောင့် အင်္ဂါတွေပြည့်စုံကြီးထွားလာကြတာ မဟုတ်ဘူး၊ ကံçစိတ်çဥတုçအာဟာရဆိုတဲ့ အကြောင်းတရားလေးပါးတို့က စုပေါင်း ထောက်ပံ့ပြီး တည်ဆောက်ပေးတာဖြစ်တယ်လို့ ဆိုလိုတာပါ။

 အာဟာရ ဒုတိယပိုင်းကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။
2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET