မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

“မုနိဖြစ်ပါစေ”


ရဝေနွယ် (အင်းမ)


    တစ်ခါတုန်းက သာဝတ္ထိပြည်မှာ သူဌေးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ တစ်နေ့တော့ အိမ်အောက်ထပ်က ရက်ကန်းရုံရှိရာကို ဆင်းခဲ့ပါတယ်။ ရက်ကန်းရုံရောက်တော့ အလုပ်သမားအမျိုးသမီးလေးတွေ ကိုယ်စီရက်ဖေါက် ယောက်နေကြတာကို တွေ့ရပါတယ်။ ကြည့်ရင်းနဲ့ ဖြောင့်တန်းနေတဲ့ ရက်ဖေါက်ကို အာရုံနိမိတ် ယူလိုက်ပါတယ်။ ယူထားတဲ့ အာရုံနိမိတ်ကို အတွေးထဲက မလွှတ်တော့ဘဲ အတွေးတစ်ခုကို ဆင်ခြင်လိုက်ပါတယ်။

.


“လူသားအားလုံးဟာ ကိုယ်နှုတ်နှလုံး ကောက်ကျစ်မှုကိုပယ်ပြီး ရက်ဖေါက်လို ဖြောင့်မတ်တဲ့စိတ် ဖြစ်ကြရင်ကောင်း မှာပဲ”လို့ ဆင်ခြင်အတွေးနိမိတ်ကို သက်မဲ့ရက်ဖေါက်နဲ့ ယှဉ်တွေးလိုက်ပါတယ်။


    သူဌေးသမီးလေးက အိမ်ပေါ်ကို ပြန်တက်တဲ့အခါမှာလည်း ဒီအတွေးကို ထပ်ခါထပ်ခါတွေးရင်း တက်သွားပါ တယ်။ အိမ်ပေါ်ရောက်တော့လည်း ရက်ဖေါက်အတွေးကို တွေးရင်းတွေးရင်း ဆင်ခြင်နေမိပါတယ်။ ဆင်ခြင်ရင်း ဆင် ခြင်ရင်းနဲ့ အနိစ္စလက္ခဏာ ထင်ရှားလာပါတယ်။ နောက် ဒုက္ခလက္ခဏာထင်ရှားလာပြန်ပါတယ်။


    မြတ်စွာဘုရားရှင်က သူဌေးသမီးလေး ဒီလိုဆင်ခြင်နေတာကို သိတော်မူတော့ ဂန္ဓကုဋီတိုက်တော်က ထိုင်တော် မူလျက်ပဲ သူဌေးသမီးလေးရှိရာကို ရောင်ခြည်တော်လွှတ်လိုက်ပါတယ်။

 

 သူဌေးသမီးလေးက ရောင်ခြည်တော်ကို “ဘာပါလိမ့်”ဆိုပြီး ကြည့်လိုက်တဲ့အခါ  မြတ်စွာဘုရားရှင် အနားမှာ ထိုင်နေသလိုမြင်ရလို့ ထပြီးလက်အုပ်ချီ အရိုအသေပြုပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က သူဌေး သမီးလေးနဲ့ သပ္ဗါယသင့်တဲ့ တရားတစ်ပုဒ်ကို ဟောပြပါတယ်။


    ယော ဝေ ဌိတတ္တော တသရံဝ ဥဇ္ဇု၊
    ဇိဂုစ္ဆတိ ကမ္မေဟိ ပါပကေဟိ။
    ဝီမံသမာနော ဝိသမံ သမဉ္စ၊
    တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။


    “လူတစ်ယောက်ဟာ တည်ကြည်တဲ့စိတ်ရှိတယ်။ ရက်ဖေါက်လုံးလို ဖြောင့်စင်းတယ်။ အကုသိုလ်တွေကို စက်ဆုပ်တယ်။ မျှတမှု မမျှတမှုကို စုံစမ်းဆင်ခြင်တယ်။ အဲဒီပုဂ္ဂိုလ်ကို ပညာရှိတွေက မုနိလို့ ခေါ်ကြတယ်။”


    သူဌေးသမီးလေးလည်း ဝိပဿနာကိုအားထုတ်ရင်း မြတ်စွာဘုရားရှင်ရဲ့ ဂါထာအဆုံးမှာတော့ သောတာပန် တည်သွားပါတော့တယ်။
                                          (မုနိသုတ်၊ သုတ္တနိပါတ် အဋ္ဌကထာ၊ ဒု-တွဲ နှာ-၂၅၃)


    သူဌေးသမီးလေး တရားရသွားပုံလေးက အံ့သြစရာကော အတုခိုးစရာကော တွဲစပ်နေပါတယ်။ တချို့တရား ရသွားကြတာလေးတွေက မကျေနပ်တဲ့အာရုံတစ်ခုကိုတွေ့ပြီး အဲဒီမကျေနပ်တဲ့အာရုံကိုပဲ ဆင်ခြင်ရင်း ဝိပဿ နာတရား ကိုအားထုတ်ဖြစ်သွားတာပါ။ သူဌေးသမီးလေးကျတော့ တွေ့နေကျအာရုံတွေဖြစ်တဲ့ အလုပ်တွေကိုပဲ ဆင်ခြင်မှု တစ်ခုခံပြီး တရားအားထုတ်သွားတာလေးက အံ့သြစရာကော အတုခိုးစရာကော ရောပြွမ်းနေတာပါ။ အထူးသဖြင့် လူတကာတွေ့နေကျ အာရုံလေးကိုကြည့်ပြီး တရားအားထုတ်သွားတာပါ။


    စာရေးသူတို့ကတော့ အဲဒီလိုတရားရဖို့အတွက် ဘဝတွေ သိန်းချီသန်းချီ ကုဋေချီပဲ စောင့်ရဦးမလား မသိပါ ဘူး။ ဘာပဲပြောပြော တွေ့နေကျ အာရုံတွေကို သူဌေးသမီးလေးလို အာရုံနိမိတ်ယူပြီး ဆင်ခြင်မှုကတဆင့် တရားအား ထုတ်လို့ရတယ်ဆိုတာလေးကတော့ အမြတ်ထဲက အမြတ်တစ်ခုပါပဲ။


    ဒါဆို သူများတွေဘာတွေပဲလုပ်နေလုပ်နေ ကိုယ်ကဆင်ခြင်တတ်သလို ဆင်ခြင်ပြီး တရားအားထုတ်လို့ ရတဲ့ သဘောပါ။ သူများတွေအလုပ်လုပ်နေတာ, သွားလာနေတာ, စကားပြောနေတာ, ဖုန်းပြောနေတာ, တီဗွီကြည့်နေတာ, ငိုနေတာ, ရယ်နေတာ စသည်တွေဟာ ကိုယ့်အတွက် ဆင်ခြင်ပြီး တရားအားထုတ် လို့ရတာချည်း ဖြစ်နေပါ တော့တယ်။ အဆန်းတော့ အဆန်းပါပဲ၊ အဆန်းကို စမ်းတော့စမ်းကြည့်သင့်ပါတယ်။ မရနိုင်စရာတော့ အကြောင်း မရှိပါဘူး။ တရားထူးသာ မရချင်နေမယ်၊ စမ်းကြည့်လို့တော့ ရတဲ့ကျင့်စဉ်လေးပါ။


    တစ်ခုထူးခြားတာက တွေ့တဲ့အာရုံကို တွေ့တဲ့အတိုင်း မရှုသေးဘဲ ကြားထဲမှာ တရားသဘောနဲ့ယှဉ်ပြီး ဆင်ခြင်မှုတစ်ခုကို ဆင်ခြင်လိုက်ပါတယ်။ ဆင်ခြင်ပြီးမှ ဝိပဿနာအားထုတ်မှုအပိုင်းကို ကူးသွားတာပါ။ ဝိပဿနာ သဘောအရဆိုရင် အရှိကိုအရှိအတိုင်းပဲရှုရမှာပါ။ ရုပ်ထင်ရှားရင်ရုပ်ကိုရှုရပါမယ်။ နာမ်ထင်ရှားရင် နာမ်ကိုရှုရပါမယ်။ ဖြစ်နေဆဲ ရုပ်နာမ်ကို ဖြစ်နေဆဲပကတိအခြေအနေအတိုင်း သိအောင်ရှုတာဝိပဿနာပါ။ ဥပမာ- ရက်ဖေါက်ယောက်သံကြားရင်“ကြားတယ်ကြားတယ်”လို့မှတ်ရမှာဖြစ်သလို၊ မြင်ရင်လည်း “မြင်တယ် မြင်တယ်” လို့မှတ်ရမှာပါ။ သူဌေးသမီးလေးကျတော့ ချက်ချင်းမရှုသေးဘဲ ကြားထဲမှာဆင်ခြင်လိုက်ပါတယ်။ ဆင်ခြင် တာကိုလည်း စာထဲကအတိုင်းဆို ပုနပ္ဗုနံ-အဖန်ဖန်အထပ်ထပ် ထပ်ခါထပ်ခါ ဆင်ခြင်နေတာပါ။


    ဆင်ခြင်တာကတော့ လူတိုင်းအတွက် သိပ်မခက်လှပါဘူး။ ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်ရုံပါပဲ။ ဆင်ခြင်ပုံခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက် တူနိုင်မှာတော့မဟုတ်ပါဘူး။ ကိုယ်လေ့လာထားသလောက်နဲ့ ကိုယ့်ခံစားချက်ကို အခြေခံပြီး ဆင်ခြင်ဖြစ်မှာပါ။ အဓိကကတော့ တရားသဘောနဲ့ယှဉ်ပြီး ဆင်ခြင်ရမှာပါ။ ပုံစံ တစ်မျိုးနဲ့ ပြောမယ်ဆိုရင်တော့ ဝိပဿနာကိုကူးဖို့အတွက် ဆင်ခြင်ခြင်းတံတားလေးကိုထိုးလိုက်တာပါ။ တံတား ပေါ်ကနေ တဆင့်ကူးသွားတဲ့သဘောပါ။ တံတားတော့ထိုးပါရဲ့ တံတားပေါ်မှာပဲ ရပ်နေမယ်ဆိုရင်တော့ မပြည့်စုံသေးပါဘူး။ ဒီလိုပါပဲ ဆင်ခြင်တော့ဆင်ခြင်ပါရဲ့ ဝိပဿနာဘက်ကိုမကူးနိုင်သေးဘူးဆိုရင်လည်း ကျင့်စဉ် တစ်ခုကမပြည့်စုံသေးပါဘူး။ သူဌေးသမီးလေးလိုပဲဆင်ခြင်ပြီး အားထုတ်မှုအပိုင်းကိုကူးသွားရမှာပါ။ တရားထူးရတာ မရတာက တစ်ပိုင်းပါ။


    ဒီနေရာမှာ ဆင်ခြင်တော့ဆင်ခြင်ပါရဲ့ ကိုယ့်ရဲ့ဆင်ခြင်မှုက သူတပါးကိုထိခိုက်စေတဲ့၊ သူတပါးကို အပြစ်တင် စေတဲ့ ဆင်ခြင်မှုမျိုးဆိုရင်တော့ အကုသိုလ်တံတားပဲ ဖြစ်နေမှာပါ။ အကုသိုလ်တံတား ထိုးမိရင်တော့ ဝဋ်တွေဒုဂ္ဂတိ တွေဆီကိုဦးတည်နေတော့မှာပါ။ တချို့ကျတော့အာရုံတွေတွေ့တိုင်း သံဝေဂပါတဲ့ တရားသဘောပါတဲ့ ဆင်ခြင်မှု တွေတော့ အမြဲဆင်ခြင်နေတာပါပဲ။ ဒါပေမယ့် ဝိပဿနာဘက်ကိုမကူးနိုင်တော့ ပန်းတိုင်ဆီ မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ တရားထူးရဖို့ မျှော်လင့်ချက်ထိ အခြေအနေအရ မထားနိုင်သေးပေမယ့် ဆင်ခြင်တာကနေတဆင့် အားထုတ်မှုအပိုင်းဘက် ကူးသွားတာလေးကိုတော့ အထုံအလေ့အကျင့်တခုအနေနဲ့ လုပ်လုပ်သွားရမှာပါ။


    တစ်ခုတော့ရှိပါတယ်၊ သူဌေးသမီးလေးက အတိတ်ပါရမီ ပါခဲ့တာရယ်၊ မြတ်စွာဘုရားရှင်က ရောင်ခြည်တော် လွှတ်ပြီး တရားဟောပေးတာရယ်ကလည်း တရားရဖို့အတွက် အဓိကအထောက်အပံ့တွေ ဖြစ်သွားတာပါ။ ကိုယ်က တရားထူးမရဦးတော့ ကျင့်စဉ်တစ်ခုအနေနဲ့တော့ အတုခိုးသင့်တဲ့ ကျင့်စဉ်လေးပါပဲ။


    သူဌေးသမီးလေးရဲ့ဝတ္ထုလေးက မုနိသုတ္တန်ထဲကအဋ္ဌကထာဖွင့်ဝတ္ထုလေးပါ။ မုနိသုတ်ဆိုတာ မြတ်စွာ ဘုရားရှင်က မုနိလို့ ခေါ်ထိုက်တဲ့ ပုဂ္ဂိုလ်အမျိုးမျိုးကို ဂါထာများစွာနဲ့ ဟောပြထားတဲ့သုတ်ပါ။


    သူဌေးသမီးလေးဝတ္ထုမှာတော့ သူ့ရဲ့ဆင်ခြင်မှုနဲ့ယှဉ်ပြီး လူတစ်ယောက်ဟာတည်ကြည်တဲ့စိတ်ရှိမယ်၊ ရက် ဖေါက်လိုစိတ်ဖြောင့်စင်းမယ်၊ အကုသိုလ်တွေကို စက်ဆုတ်မယ်၊ မျှတမှု မမျှတမှုကို စုံစမ်းဆင်ခြင်မယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ကို မုနိလို့ ခေါ်ရတဲ့အကြောင်း ဟောပြထားပါတယ်။


    တစ်ယောက်တည်းတရားကျင့်နေတဲ့လူ၊ အကျင့်သီလနဲ့ပြည့်စုံသူ၊ တည်ကြည်တဲ့စိတ်ရှိသူ၊ လောကဓံကို ခံနိုင်သူ၊ စွဲလမ်းမှုကင်းပြီးဣနြေ္ဒရှိသူ၊ သူတစ်ပါးတွေရဲ့ချုပ်ချယ်ခြင်းကိုမခံရသူ၊ သူတစ်ပါးကိုမချုပ်ချယ်သူ၊ ချီးမွမ်း ခြင်းကဲ့ရဲ့ခြင်းမပြုသူ၊ အနှောင်အဖွဲ့မှလွတ်မြောက်သူစသည့်ပုဂ္ဂိုလ်တွေကိုလည်း မုနိလို့ခေါ်ကြောင်း မြတ်စွာ ဘုရားရှင်က ဟောပြထားပါတယ်။ စကားလုံးတွေကအားလုံးကြားဖူးပြီးသား စကားလုံးတွေဖြစ်သလို တော်တော်များ များကိုလည်း ကျင့်ပြီးကျင့်ဆဲဖြစ်နေမှာပါ။


    စာမှာ မုနိ (၆) မျိုးကို ပြထားပါတယ်။
    ၁။ အဂါရမုနိ = လူ့ဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
    ၂။ အနဂါရမုနိ = ရဟန်းဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
    ၃။ သေခမုနိ = သောတာပတ္တိမဂ္ဂဌာန်အစ အရဟတ္တမဂ္ဂဌာန်အဆုံးရှိသော သေက္ခပုဂ္ဂိုလ် (၇) ယောက်၊
    ၄။ အသေခမုနိ = ရဟန္တာ၊
    ၅။ ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓါ၊
    ၆။ မုနိမုနိ = မြတ်စွာဘုရား၊


    အရင်ကတော့ မုနိဆိုတာ မြတ်စွာဘုရားရှင်တစ်ပါးကိုပဲ ခေါ်တယ်လို့ ထင်ခဲ့တာပါ။ မုနိ (၆) မျိုးရယ် မုနိသုတ် ရယ် ယှဉ်ဖတ်လိုက်မှ တခြားသူတွေကိုလည်း မုနိလို့ခေါ်လို့ရတယ်ဆိုတာသိရတာပါ။ ဒါဆိုဘုရားနဲ့ ပစ္စေကဗုဒ္ဓါဆု ပန်မထားလည်း တခြားမုနိတွေတော့ ဖြစ်ခွင့်ရှိနေပါတယ်။ ဆိုလိုတာက လူ့ဘဝနဲ့လည်းမုနိဖြစ်ခွင့်ရှိပါတယ်။ အမျိုးသားကော အမျိုးသမီးကော မုနိဖြစ်နိုင်ပါတယ်။ မုနိဖြစ်ချင်တဲ့သူဟာ မုနိအကျင့်ကိုကျင့်ရပါမယ်။


ဥပမာ-အကုသိုလ်မဖြစ်အောင်ကိုယ်နှုတ်စိတ်ကို စောင့်ထိန်းလိုက်တာဟာ မုနိအကျင့်ကိုကျင့်လိုက်တာပါ။ ဘုရားရှေ့မှာ တရားအားထုတ်ဖို့ထိုင်လိုက်တာလည်း မုနိအကျင့်ကို ကျင့်လိုက်တာပါ။ မုနိအကျင့်ကို ကျင့်နေရင် မုနိလောင်းလျာလို့ ခေါ်လို့ရသလို၊ မုနိအကျင့်ကို ကျင့်တဲ့အတွက် မုနိချစ်သူလို့လည်း ခေါ်လို့ရပါတယ်။

     နေ့စဉ်တရားထိုင်တာ၊ နေ့စဉ်ပဋ္ဌာန်းရွတ်တာ၊ နေ့စဉ်ဘုရားရှိခိုးတာ၊ဂုဏ်တော်ပွားတာ၊ မေတ္တာပွားတာစသည်ဖြင့် အားလုံးအားလုံးဟာ မုနိအကျင့်ကိုကျင့်နေတာဖြစ်တဲ့အတွက် မုနိချစ်သူတွေပါ။ မုနိလောင်းလျာလေးတွေပါ။ ဒါမှမဟုတ် အာရုံတစ်ခုခုကိုတွေ့ပြီး ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လိုက်မယ်၊ ဆင်ခြင်ပြီးတာနဲ့ တရားအားထုတ်လိုက်မယ် ဆိုရင်လည်း မုနိချစ်သူမုနိလောင်းလျာ ဖြစ်သွားတဲ့သဘောပါပဲ။


 မုနိချစ်သူဟာတစ်နေ့သောအခါမှာတော့ မုနိတစ်ယောက်ဖြစ်မှာဧကန်မုချပါ။ မုနိမြန်မြန်ဖြစ် သွားတာပဲ ကောင်းပါတယ်။ လူတွေမှာအပူကိုယ်စီနဲ့ပါ၊ တကယ်တော့လူတွေမှာတင်အပူရှိတာမဟုတ်ပါဘူး၊ လူတွေမှာ မရှိတဲ့အပူ ဘုန်းကြီးမှာ ရှိချင်ရှိနေတာပါ။


     တခါတလေ လူတွေမှာမရှိတဲ့အပူတွေဝင်လာရင် မျက်စိတွေလည်ပြီး နောက်ဘဝ ဘာဆုတောင်းရမှန်း တောင် မသိတော့ပါဘူး။ လူ့ဘဝမှာလည်း အပူကိုယ်စီနဲ့၊ ဘုန်းကြီးဘဝကျပြန်တော့လည်း မနေတတ်ရင် ဘုန်းကြီး အပူနဲ့၊ တိရိစ္ဆာန်ဘဝရောက်သွားရင်လည်း ကျားဆိုရင်သူများအသက် သတ်စားပြီး ဘဝရပ်တည်ရဦးမယ်။ နွားမြင်း ဆိုရင်လည်းလူတွေဆီမှာ တစ်သက်လုံးကျွန်ခံရဦးမယ်။ နတ်ဗြဟ္မာဆိုတာလည်း အချိန်စေ့တော့ အောက်ပြန်ရောက် ရဦးမယ်။ တခါတလေများ နောက်ဘဝအတွက် ဘယ်ဘဝကို ဆုတောင်းရမှန်းတောင် မသိတော့ပါဘူး။


   ဒီတော့ အပူတွေကြားထဲက တဒင်္ဂအေးငြိမ်းမှုလေးကို ရှာမယ်ဆိုရင်တော့ မုနိအကျင့်လေးကို မိနစ် (၂၀) လောက်လေး ကျင့်လိုက်တာနဲ့ တဒင်္ဂအေးချမ်းမှုလေးရနေပါပြီ။ တကယ့်လက်တွေ့အကျိုးရှိတဲ့ အားကိုးရာ ကျင့်စဉ်လေးတစ်ခုပါ။ တကယ်ဖြစ်သင့်တာက ဘုရားရှေ့မှာသုံးပေလေးပေလောက်ရှိတဲ့ ကော်ဇောလေးခင်း၊ ပြီးတော့ အောက်ခံနဲ့ဘေးသားကို ယောဂီရောင်၊ အလယ်ကိုတော့ကိုယ်နှစ်သက်ရာအရောင်လေး ထည့်ပြီး နှစ်ပေခွဲ ပတ်လည် လေးထောင့်ကျကျထိုင်ခင်းလေးချုပ်ပြီး နှစ်ထပ်တွဲချုပ်ထားတဲ့ပိတ်စထိုင်ခင်းလေးကို ခင်းထား လိုက်ပါ။ မြင်လိုက်တာနဲ့တင်ထိုင်ချင်စရာဖြစ်နေပါပြီ။

 

  ထိုင်လိုက်တာနဲ့တပြိုင်နက် ဖြစ်ပေါ်နေတဲ့အပူတွေကိုမေ့ပြီး စိတ်အေးချမ်းမှုက တန်းဝင်လာတော့တာပါ။ တကယ့်လက်တွေ့အကျိုးပါပဲ။ အဲဒီကော်ဇောနဲ့ ယောဂီရောင် ထိုင်းခင်းနေရာလေးကို ကိုယ့်ရဲ့အေးငြိမ်းရာလေးလို့ ခံယူထားရမှာပါ။ အပူတွေကြုံလာတဲ့အခါ ကိုယ့်ရဲ့အေးငြိမ်းရာ လေးဆီကိုသွားလိုက်ရုံပါပဲ။ အပူရှိမှရယ် မဟုတ်ပါဘူး နေ့စဉ်အေးငြိမ်းရာလေးတစ်ခု ခံစားတဲ့သဘောနဲ့လည်း ကော်ဇောထိုင်ခင်းလေးပေါ်မှာ ထိုင်ရမှာပါ။ တရားပဲထိုင်ထိုင် ပဋ္ဌာန်းပဲရွတ်ရွတ်ပါ။


  မအောင်မြင်ခင်က ပုထုဇဉ်ပီပီ အောင်မြင်ချင်တယ်၊ အောင်မြင်တော့ မအောင်မြင်တဲ့ဘဝလေးတစ်ခု၊ လူမသိတဲ့ဘဝလေးတစ်ခုကို ပြန်လိုချင်ပြန်ပါတယ်။ ဒါပုထုဇဉ်တွေရဲ့စိတ်သဘာဝတစ်ခုပါပဲ။ ဘဝတွေ ကို ဖြတ်သန်း ရင်းဖြတ်သန်းရင်းနဲ့ ဘဝမှာစိတ်ချမ်းသာဖို့ပဲ တွေးမိရင်းတွေးမိနေပါတယ်။ အောင်မြင်မှုတွေ ခမ်းနား မှုတွေ ပိုက်ဆံ ရှိမှုတွေက တကယ့်စိတ်ချမ်းသာမှုကို မပေးနိုင်ပါဘူး။


စိတ်ချမ်းသာဖို့အတွက်ဆိုရင် အောင်မြင်ခြင်း မအောင်မြင်ခြင်းနဲ့လည်း မဆိုင်ပါဘူး။ ပိုက်ဆံရှိခြင်း မရှိခြင်း နဲ့လည်း မဆိုင်ပါဘူး။ အောင်မြင်ခြင်းတွေ ပိုက်ဆံရှိခြင်းတွေ မရှိပေမယ့်လည်း စိတ်ချမ်းသာနေတဲ့လူတွေကတော့ စိတ်ချမ်းသာနေတာပါပဲ။ လူ့ဘဝသက်တမ်းတိုတိုလေးအတွင်းမှာ အပူတွေမခံစားချင်ပါဘူး။ ဘဝကိုစိတ်ချမ်း သာမှု လေးတွေနဲ့ ဖြတ်သန်းသွားတာပဲ ကောင်းပါတယ်။ ဒါကိုတော့ ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါ။


ဘာပဲပြောပြော မုနိအကျင့်ကို တဒင်္ဂလေးကျင့်လိုက်တာနဲ့ တဒင်္ဂစိတ်ချမ်းသာမှုလေး ရသွားတာတော့ အမှန် ပါပဲ။ နောက်ဆုံးတော့လည်း မုနိဖြစ်ဖို့ပါပဲလေ။


ရဝေနွယ် (အင်းမ)

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET