မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

“အသက်ထက်အလွန်”

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

 

    “လောကမှာတော့“သေရေးရှင်ရေး”ဆိုတာ အရေးကြီးဆုံးကိစ္စ တစ်ခုလို့မှတ်ယူကြတာပေါ့။ သာသနာတော်မှာတော့ အသက်ထက် အလွန်အရေးကြီးတဲ့ကိစ္စ ရှိသေးတယ်”


    ကြာတော့ကြာခဲ့ပြီ။ မိမိရဟန်းဖြစ်စလောက်ကဆိုတော့ လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော်လောက်ကပေါ့။ ဟိုဟိုဒီဒီ ဘုရားဖူးရယ်လို့ အလွန်သွားခဲလှပေမယ့် အသက်အရွယ်ကြီးမှ ဒီတစ်ခေါက်ပဲ ဘုရားဖူးရောက်လာဖူးတဲ့ ကြီးတော်နဲ့ ဦးလေးတို့က ကိုယ်တိုင်လိုက်ပို့စေချင်တယ်လို့ တောင်းဆိုကြတာရယ်၊ ဦးပဉ္စင်း၊ ကိုရင်များကစာမေးပွဲကြီး နီးကပ်နေတာရယ်ကြောင့် စစ်ကိုင်းတောင်ကို ဘုရားဖူးလိုက် ပို့ဖို့ မငြင်းမဆန်သာဘဲ လက်ခံလိုက်ရတယ်။

.


    အမရပူရက စစ်ကိုင်းကို စောစောထသွားပြီး စစ်ကိုင်းတောင်ခြေအရပ်မှ ဆွမ်းဆိုင်တစ်ဆိုင်မှာ  နံနက်ဆွမ်းကပ်တော့  ဆိုင်ထဲမှာ ဆွမ်းဘုဉ်းပေးနေတဲ့ သက်လတ်ပိုင်းအရွယ် ဆရာတော်တစ်ပါးနဲ့ ဒကာသုံးယောက်တို့ကို တွေ့ရတယ်။  ဆရာတော်က သူတို့ဝိုင်းမှာ တစ်ပေါင်းတည်း ဘုဉ်းပေးဖို့ တိုက်တွန်းဖိတ်ခေါ်လို့ အတူဘုဉ်းပေး ကြရာက စကားစပ်မိတော့ ဆရာတော်က ပုသိမ်တစ်ဖက်ကမ်းကဖြစ်ပြီး ဒကာတွေကတော့ ပုသိမ်မြို့ပေါ်ကတဲ့။ သူတို့ကလည်း ဒေသမကျွမ်းကြလို့ အတူတူအဖော်လုပ်ပြီး မိမိကို ဦးဆောင်လမ်းပြအဖြစ် လုပ်ပေးဖို့ ပြောတာနဲ့ တစ်ပေါင်းတည်းသွားဖို့ ၀န်ခံလိုက်တယ်။


    ဘယ်ဘက်ကစပြီးတက်မလဲ။ အခုတောင်ခြေကစပြီးတက်ရင် လွမ်းစေတီကိုပထမဆုံးတွေ့ရမယ်။ ငှက်လှေနဲ့ သရက်ပင်ဆိပ်အထိသွားပြီး ဥမင်ကိုးဆယ်ဘက်က စတက်ရင်တော့ အပြန်မှာလွမ်းစေတီကနေ ဆင်းရမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းတိုင်ပင်တော့ ဆရာတော်က“စပြီးဘုရားဖူးတက်တက်ချင်းလွမ်းရတာမကောင်းပါဘူး၊ အပြန်ရောက်မှ စစ်ကိုင်းတောင်ကို လွမ်းပြီးပြန်ခဲ့ကြတာပေါ့။ တပည့်တော်တို့မှာ တခြားလွမ်းစရာမှမရှိဘဲ”လို့ ရယ်စရာလိုလို ပြောတာနဲ့ ဥမင် ကိုးဆယ်ဘက်ကစတက်တဲ့ ခရီးစဉ်ကို အတည်ပြုလိုက်ပါတယ်။


    ပဲစားဂူအလွန် ဥမင်(၃၀)ဘက်တက်ခါနီးမှာတော့ ခရီးတစ်ထောက်အဖြစ် တရုတ်စကားပင် အရိပ်ခပ် ကျဲကျဲအောက်က အုတ်ခုံတန်းမှာခဏနားနကြတုန်း ဟိုတောင်ဘက် ဆွမ်းဦးပုညရှင်ဘက်ဆီလောက်က ပြေးလာခဲ့ပုံရတဲ့ ကလေးငယ် တစ်ယောက် လက်ထဲမှာ  အမျိုးသမီးငယ်ကိုင်တဲ့အိတ်ကလေးတစ်ခုကိုင်ပြီး ခပ်ဖြည်းဖြည်း ရောက်လာတယ်။

   ကလေးက ဘောင်းဘီ ခပ်နွမ်းနွမ်း၊ စွပ်ကျယ် လက်ပြတ် ပခုံးတစ်ဖက်ပြဲနဲ့ အနားရောက်တော့ “ဘုန်းဘုန်း ဒီနားအတိုင်း ကင်မရာ လွယ်ထားတဲ့ အစ်ကိုကြီးတစ်ယောက် ဘယ်ဘက်ကိုသွားတာတွေ့လိုက်သလဲဘုရား”လို့ လျှောက်ထားတယ်။  “လူတွေ သွားတာလာတာ များတော့တို့လည်း သတိမထားလိုက်မိဘူးကွ။ ဘာဖြစ်လို့တုန်းဆိုတော့ “ဒီမှာ သူတို့အိတ်ဖြစ်မယ်ထင်တယ်၊ တပည့်တော်တို့ ဆိုင်ရှေ့နားကခုံပေါ်မှာ ထိုင်နေကြရင်း ရှုခင်းတွေဓာတ်ပုံရိုက်နေရာကထွက်သွားကြတာ၊ ဒီအိတ် သူတို့ထိုင်တဲ့ခုံပေါ်မှာ ကျန်နေတာ တွေ့လို့ အစ်မက လိုက်ပေးချေဆိုတာနဲ့ လိုက်လာခဲ့တာ” တဲ့။


    “လူတွေလည်း အများကြီးကွဲ့၊  ကလေးလိုက်နေရင် လမ်းမှာ လွဲချင်လွဲ နေမယ်။ ဒီနားကသာ စောင့်နေ၊ ဒီနေရာဟာ ဟိုဘက် ဒီဘက် လမ်းခွဲပဲ။ သူတို့အိတ်ဆိုရင် မေ့ကျန်တာသတိရတော့ ပြန်လာရှာကြမှာပေါ့” ဆိုတော့ ကလေးလည်း အသာခေါင်းညိတ်ပြီး အိတ်ကလေးကို ကိုင်ရင်း ရပ်နေတယ်။ သိပ်မကြာ လိုက်ပါဘူး။ အမျိုးသားအမျိုးသမီး စုံတွဲတစ်တွဲလည်း ခပ်သုတ် သုတ်ပဲ ရောက်လာကြတယ်။ အမျိုးသမီးက ကလေးလက်ထဲက အိတ်ကို မြင်လိုက်ရင်ပဲ “ဟော ဟိုမှာဟိုမှာ အဲဒါတို့အိတ်”ဆိုပြီး ကလေးလက်ထဲကအိတ်ကို ပြေးယူပါတယ်။

    ကလေးကလည်း “အစ်မကြီးတို့ မေ့ကျန်ခဲ့လို့ သားလိုက်ပေးတာပါ” ဆိုပြီး ပေးလိုက်တယ်။ အမျိုးသမီးက အိတ်ကိုဖွင့်ကြည့်ပြီး အထဲက ပိုက်ဆံများကို ထုတ်ရေနေတယ်။ ရာတန်စက္ကူအထပ်တစ်ခုလို ခန့်မှန်းကြည့်ရတာ သုံးလေး ထောင်ခန့်တော့ ရှိမယ်ထင်တယ်။ ပြီးတော့မှ အမျိုးသမီးက “အဲတော်သေးရဲ့။ အားလုံးစေ့တယ်မောင်ရေ၊ မိတို့ ခပ်မြန်မြန် လိုက်လာလို့ တော်သေးတယ်” ဆိုပြီး ကလေးငယ်ကို လှည့်မကြည့်တော့ဘဲ ပြန်လှည့်သွား ပါတော့တယ်။ မိမိတို့အဖွဲ့ ၀င်များရော၊ ကလေးငယ်ပါ ပါးစပ်အဟောင်း သားနဲ့ ငေးကျန် ရစ်တယ်။


    ခဏနေတော့မှ ပုသိမ်ကဆရာတော်ကြီးကကလေးငယ်ကို“ဟဲ့ ငါ့တပည့် ဘာငေးနေတာလဲ။ မင်းတာဝန်ကျေပြီပဲ။ ငေးမနေ နဲ့တော့လေ။ ဘုန်းဘုန်းတို့နဲ့ လာစကားပြောဦးကွ။ ငါ့တပည့်က ဘယ်မှာနေလဲ။ ဒီတောင်ပေါ်မှာ ဘာလာရောင်း ကြသလဲ” ဆိုပြီး အကျိုးအကြောင်း မေးပါတယ်။ ကလေးငယ်က သူတို့အကြောင်း ပြောပြဖို့ “သားတို့ကလို့” စလိုက်တော့ ဆရာတော်က ကြားဖြတ်ပြီး “ရဟန်းသံဃာနဲ့ စကားပြောတဲ့အခါ “တပည့်တော်” လို့ ပြောရတယ်။ “သားတို့က” မပြောရဘူး” လို့ ဆုံးမပါတယ်။


    “တင်ပါ့ တပည့်တော်တို့ဒီတောင်ခြေမှာပဲ နေပါတယ်။ အဖေကအရင်ကတော့ ရွာထောင်မီးရထားစက်ရုံမှာ လုပ်တယ်။ ခြေထောက်ခိုက်မိလို့ အလုပ်က ထွက်လိုက်တာ (၂) နှစ်လောက်ရှိပြီ။ အဖေ့အတွက် လျော်ကြေးရတဲ့ ပိုက်ဆံနဲ့ အိမ်ကလေးဝယ်ပြီး နေကြတာ အမေက မြို့ထဲလှည့်ပြီး အကြော်ရောင်းတယ်။ အစ်မက မနှစ်က ရှစ်တန်း ကျလို့ ကျောင်းက ထွက်ပြီး ဒီတောင်ပေါ်မှာ လက်သုပ်ဆိုင် ဖွင့်ရောင်းတယ်။

 

     သူက မနက်စောစော အစ်မကို ဒီအပေါ် အရောက်ပို့ရင်း တရုတ်စကားဖူး လိုက်ချိုးတယ်။ အားလုံး မွေးချင်း ငါးယောက်ရှိတယ်။ ကလေးကအခု ၅တန်းတက်ရမယ်။ အငယ်သုံးယောက်က ကျောင်းနေစ (၂) ယောက်၊ အိမ်မှာ နို့ဖြတ် တစ်ယောက်တဲ့။ သူတို့ အသုပ်ဆိုင်က အားလူးပြုတ်ရယ်၊ ကြာဆံရယ်၊ တရုတ်စကားဖူးပြုတ်ထားတာရယ် သုံးမျိုးရောပြီး သုပ်ရောင်းတာတဲ့။ အခုလို ကျောင်းပိတ်ချိန်မှာတော့ သူလည်း အစ်မနဲ့အတူ ဆိုင်မှာ လိုက်ကူတယ်။ တရုတ် စကားဖူးတွေ လိုက်ချိုးပြီး ကိုယ့်ဆိုင်မှာ လိုသလောက်လည်း သုံးတယ်။ တခြား လိုတဲ့ဆိုင်တွေကို လိုက်ပေးရင်း သူတို့က မုန့်ဖိုးပေးတယ်။ အဲဒါစုပြီး ကျောင်းဖွင့်တဲ့အခါ လွယ်အိတ်တစ်လုံး ၀ယ်ရမယ်ဆိုတာရယ် အကြောင်းစုံ ပြောပြနေပါတယ်။


    နောက်ဆုံးမှာ “အစ်မကတော့ လာမယ့် ကျောင်းဖွင့်ချိန်ရောက်ရင် ဘောင်းဘီနဲ့အင်္ကျီအသစ်တစ်စုံလည်း ၀ယ်ပေးမယ် လို့တော့ ပြောတာပဲ။ ဒါပေမယ့် ၀ယ်နိုင်မယ် မထင်ပါဘူး။ အမေနဲ့ အစ်မနှစ်ယောက် တစ်နေကုန် ရောင်းတာနဲ့ တစ်နေ့ (၁၀) ကျော်မြတ်တာ၊ အိမ်စားတာက ညမနက် (၇) ကျပ် လောက်ကုန်ပြီး အဖေ့ အတွက် ဆေးလည်း ၀ယ်နေရတယ်” လို့ ပြောရင်း စကားအဆုံးသတ်လိုက်ပါတယ်။


    ကလေးက သွက်သွက်လက်လက်နှင့် အပြောအဆိုလည်း ယဉ်ကျေးသလို မိသားစုအခက်အခဲကိုလည်း အတော်နားလည်နေတဲ့ပုံပဲ။ ဆရာတော်က ဆိုင်နေရာ သေချာမေးပြီး အပြန်ကျရင် တို့လည်း ငါ့တပည့်တို့ဆိုင်မှာ နားဦးမယ်နော်။ အခု ဆက်တက်လိုက်ဦးမယ်လို့ နှုတ်ဆက်ပြီး ခရီးဆက်ခဲ့ကြတယ်။


    ပြန်အဆင်းမှာ ဆွမ်းဦးပုညရှင်နားရောက်တော့ ကလေးပြောခဲ့တဲ့ဆိုင်ကို ရှာကြည့်နေတုန်း ကလေးက “ဟိုမှာ ဟိုမှာ အစ်မ၊ သားပြောတဲ့ ဘုန်းဘုန်းတို့အဖွဲ့” ဆိုပြီး ပြေးလာကြိုတယ်။ သူတို့ကို လက်ဟန်ပြပြီး “ဘုရားအရင် ကန်တော့ လိုက်ဦးမယ်၊ ပြီးမှ လာမယ်” လို့ အမူအရာနဲ့ပြောတော့ နားလည်တဲ့ပုံနဲ့ ခေါင်းညိတ် ပြပါတယ်။


    သူတို့ဆိုင်ကလေးက ထင်းရှူးပြားနဲ့ လုပ်ထားတဲ့ စားပွဲခုံရှည်လေးတစ်ခု ပေါ်မှာ စဥ့်ရေနွေးကြမ်းအိုးနှစ်လုံးနဲ့ စဥ့်အကြမ်းပန်းကန် (၁၀) လုံးလောက်ရမယ်၊ ဖင်ထိုင်ခုံ ပုပုလေး (၁၀) ခုလောက်ရယ်နဲ့ တစ်ဖက်ရပ်တဲကလေးပါ။ ဗန်းတစ်ခု ထဲမှာ အာလူးပြုတ် ပါးပါးလှီးပြီးသားရယ်၊ ကြာဆံ ရေနွေးဖျောထားတာရယ်၊ တရုတ်စကားဖူးလေးတွေ ပြုတ်ထားတာရယ်ကို တစ်ကန့်စီပုံထားပြီး နိုင်လွန်ခြင်ထောင်စလေးနဲ့ အုပ်လို့၊ အနားမှတော့ ဆီချက်ဘူးတစ်ဘူးနဲ့ ကြက်သွန်နီ၊ ကြက်သွန် ဖြူ လှီးပြီးသားလေးတွေ တစ်ကန့်၊ ရှောက်ရွက်နု ပါးပါးလှီးထားတာလေးတွေ တစ်ကန့်ကိုလည်း သံပန်းကန်ပြားတစ်ခုနဲ့ ထည့်ပြီး နိုင်လွန်စလေးနဲ့ အုပ်လို့။


    ကလေးမလေးက(၁၅) နှစ်လောက်ရှိရော့မယ်။ သစ်သစ်လွင်လွင်မဟုတ်ပေမယ့် သပ်သပ်ရပ်ရပ် ၀တ်ဆင် ထားတယ်။ မျက်နှာကလည်း မွန်မွန်ရည်ရည် ပြေပြေပြစ်ပြစ်ကလေး။ မိမိတို့အဖွဲ့ ထိုင်မိကြတဲ့အခါ ပုဆစ်တုပ်ပြီး ဦးချလိုက် သေးတယ်။ ပြီးမှ “ဟဲ့ မောင်လေး၊ ဟို အဒေါ်တို့ဆိုင်မှာ ဘုန်းဘုန်းတို့ ရေနွေးကြမ်း ကပ်ရအောင် ကြွေပန်းကန်နှစ်လုံး သွားငှားချေ”လို့ ခိုင်းလိုက်ပါတယ်။ ကလေးကဖင်ပေါ့မယ့်ပုံဆိုတော့ ဆိုင်နီးနားချင်း ကူညီလုပ်ကိုင်ပေးတတ်လို့ ခင်မင်နေ ကြပုံရပါတယ်။


    ကလေးပြန်လာတဲ့အခါ ကြွေအကြမ်းပန်းကန် (၂)လုံးအပြင် လက်ဖက်ရည် အချို (၂) ခွက်လည်း ပါလာတယ်။ ဘုန်းဘုန်းတို့ဖို့ ဆိုလို့ ဆိုင်က လှူလိုက်တာတဲ့။ မိမိတို့က လက်သုပ်ငါးပွဲ မှာပြီး ရေနွေးကြမ်းနဲ့ ဘုဉ်းပေးစားသောက်ကြရင်း ကလေးမကို မိသားစုအကြောင်း ထပ်ပြီး စပ်စုကြည့်မိသေးတယ်။


    ကလေးပြောပြထားတာများအပြင် နောက်ထပ်သိရတာကတော့ အဖေကခြေထောက်တစ်ဖက် မသန်တော့တဲ့ အပြင် ပန်းနာရင်ကျပ်ရောဂါအခံလည်းရှိလို့ အက်စမာဂွမ်းမပြတ်ဝယ်ထားရကြောင်း၊ တစ်ခါတလေ ရောဂါဖောက်လာရင် သမဆေးခန်းပြရလို့၊ အခက်ကြုံရကြောင်း၊မိသားစုစားဝတ်နေရေးအရကျောင်းထွက်လိုက် ကြောင်း၊ လက်သုပ်ရောင်းရတာ က တောင်ခြေမှာဆိုတစ်ပွဲငါးမူးရပြီး တောင်ပေါ်မှာသုံးမတ်ရကြောင်း၊လက်ဖက်ရည် တစ်ခွက်နဲ့ ဈေးတူဖြစ်ကြောင်း၊ တစ်နေ့ ငါးကျပ် ကျော်ကျော်လောက်ကျန်လို့ နေ့စားသုံးကျပ်ဆယ့်ငါးပြားနဲ့စာတော့သားအမိနှစ်ယောက်လုပ်ခက အဖေ့အတွက် ဆေးဖိုး ၀ါးခလေး အပိုရတတ်ကြောင်း၊ မောင်လေးကဆိုင်မှာလိုအပ်တဲ့ တရုတ်စကားပွင့်တို့ဘာတို့ ခူးပြုတ်ပြီးတဲ့အခါ ခုနပန်းကန် သွားငှားတဲ့ ထမင်း၊ လက်ဖက်ရည်ရောင်းတဲ့ဆိုင်မှာ စားပွဲထိုး ကူညီ လုပ်ပေးလို့ နေ့လယ်စာ ဆိုင်ကကျွေးပြီး ညနေအိမ်ပြန်ချိန်မှာ မုန့်ဖိုးတစ်ကျပ်၊ တစ်ကျပ်ခွဲလောက် ပေးတဲ့ အတွက် ကျောင်းစရိတ်ရအောင် စုထားပေးပေမယ့် အဖေ့ရောဂါ ရက်ဆက်ဖောက် လာတဲ့ အခါမျိုးမှာ သူ့စုငွေလေးတွေ သုံးလိုက်ရကြောင်းများပါပဲ။


    အိမ်မိုးရမယ်ဆိုတဲ့အကြောင်း မေးကြည့်တော့ နှီးသက်ကယ် (သက်ငယ်) မိုးရတာက အကုန်အကျ သက်သာပေမယ့် (၂) နှစ်လောက်ပဲ ခံကြောင်း၊ ၀ါးကပ် မိုးရင် ငါးနှစ်ခြောက်နှစ် ခိုင်ပေမယ့် သံဖိုးပါဆိုရင် နှစ်ရာနီးပါး ကုန်မှာဆိုတော့ မတတ်နိုင်ခဲ့ကြောင်း၊ ဒီနှစ်တော့ ချွေတာစုပြီး ၀ါးကပ်မိုးမယ် စိတ်ကူးကြောင်းများ ပြောပြပါတယ်။


    ကလေးမ စကားဆုံးတဲ့အခါ ဆရာတော်က မောင်နှမနှစ်ယောက်ရဲ့ လိမ္မာ ရေးခြားရှိပုံကို ခန့်မှန်းမိလို့ ထင်ပါတယ်။ တရားစကားလေးတွေနဲ့ ဆုံးမနေတယ်။


    အေးကွယ်။ လူ့လောကမှာတော့ အသက်ရှင်ရေးဆိုတာ အလွန်အရေးကြီးတာပေါ့ကွယ်။ “သေရေးရှင်ရေး” လို့ လူတွေပြောနေကြတဲ့အတိုင်းပေါ့။ အခု ကလေးတို့ လုပ်ကိုင်ရှာဖွေနေကြရတာဟာလည်း အဓိကကတော့ အသက်ရှင်ရေး အတွက်ပဲပေါ့။ လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ် နေကြပေမယ့် အသက်ရှင်ရတာဟာ ဘာလုပ်ဖို့လဲဆိုတာ အထိတော့ဆက်ပြီး မစဉ်းစားတတ်ကြဘူးကွဲ။ အသက်ရှင် နေရသည့်ခိုက်ကလေးမှာ “ငါ-ငါ” လို့ ပြောဆိုနေရတယ်။ ပြီးတော့“ငါ့”ချင်းပြိုင်ဆိုင်ဖို့အတွက် အခြံအရံတွေ၊ စည်းစိမ် ဥစ္စာတွေကို စုဆောင်းရှာဖွေနေကြတော့ တယ်။  မောင်နှမနှစ်ယောက်ကတော့ နားလည်လေသလား မသိဘူး၊  ငေးပြီး နားထောင်နေကြတယ်။ အတူပါလာတဲ့ ဒကာမကြီးတွေကတော့ ခေါင်းတညိတ်ညိတ်နဲ့။ ဆရာတော်က ဆက်ပြောနေတယ်။


    တို့ မြတ်စွာဘုရားကတော့ အသက်ရှင်ရတာ ဘာ့အတွက်လဲဆိုတာအထိ စဉ်းစားတာရှိတယ်။ ဟို “၀ိသုဒ္ဓိမဂ်” ဆိုတာမှာလည်း ဟောထားတာ ရှိတယ်။


    ၁။    ကိုယ်လက်အင်္ဂါကို စောင့်ရှောက်ဖို့ ဥစ္စာပစ္စည်းကို စွန့်ရမယ်။
    ၂။    အသက်ကို စောင့်ရှောက်ဖို့ ခြေလက်အင်္ဂါကို စွန့်ရမယ်တဲ့။


    ကလေးမတို့အဖေမှာ အသက်ကို ထိခိုက်မယ်ဆိုတော့ ခြေတစ်ဖက်ကို ဖြတ်ပစ် လိုက်ရတယ်မဟုတ်လား၊ အဲဒါမျိုးပြောတာပေါ့။ ပြီးတော့-


    ၃။    ကိုယ်ကျင့်တရားကို စောင့်ရှောက်ဖို့၊ ပစ္စည်းဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်နဲ့အသက်ကိုပါ စွန့်ရမယ်တဲ့ (၀ိသုဒ္ဓိမဂ်္ဂ သီလနိဒ္ဒေသ) အဲဒါကို အစဉ်အတိုင်း အကြောင်းရှာလိုက်တော့-


    ပစ္စည်းဥစ္စာဆိုတာ အင်္ဂါခြေလက်ကို စောင့်ရှောက်ဖို့။ အင်္ဂါခြေလက်တွေ ဆိုတာက ကိုယ့်အသက်ကို စောင့်ရှောက်ဖို့။ ကိုယ့်အသက်ဆိုတာက ကိုယ်ကျင့် တရားတွေ၊ ပါရမီကုသိုလ်တွေကို ဆည်းပူးစောင့်ရှောက်ဖို့လို့ ဆိုလိုတာကွဲ့။
    အဲဒီတော့ လူဆိုတာ ဘယ်အတွက် အသက်ရှင်နေဖို့ လိုအပ်နေတာလဲဆိုရင် အဲဒီနောက်ဆုံးအချက်အတွက်ပဲ နားလည်လား။ အဲဒါ အသက်ထက် အရေးကြီးတဲ့ တရားပဲကွဲ့။


    အခု ငါ့တပည့်များဟာ ဆင်းရဲတယ်ဆိုပေမယ့် မိဘကို လုပ်ကျွေးရမှန်းလည်း သိတယ်။ ကိုယ့်မှာ စားဝတ်နေရေး မပြည့်စုံဘူး။  ဖခင်ကြီးရဲ့ အသက်ကိုလုယူဖို့ ကြိုးစားနေရတဲ့အချိန်မျိုးမှာပဲ စောစောက ဧည့်သည်တွေ မေ့ကျန်ရစ်တဲ့ သူများပစ္စည်းကိုရယူလိုတဲ့စိတ်ထားမရှိဘူး။ ဥစ္စာရှင်ကိုရှာပြီး လိုက်ပေးတယ်။ ဒါဟာဘုရားရှင်ပြောတဲ့ အသက်ထက် အရေးကြီးဆုံး ကိုယ်ကျင့်တရားပဲကွဲ့။ ငါ့တပည့်များမှာအဲဒီအရေးအကြီးဆုံး တကယ့်ရတနာအစစ်ကို ပိုင်ဆိုင်နေကြပြီ ဖြစ် လို့ နောက်ဆို ဆင်းရဲဒုက္ခတွေ ကင်းလွတ်တော့မှာ၊ မိသားစုတွေ အားလုံးလည်း ဒီလိုစိတ်ထားမျိုးတွေ တိုးသည်ထက် တိုးအောင်ကြိုးစားကြနော်” လို့ပြောပြီး ပါလာတဲ့ဒကာကြီးကို-


    “ကဲ ကျောင်းဒကာ အဲဒီဘုန်းကြီးန၀ကမ္မထဲက တစ်ရာတန်နှစ်ရွက် ထုတ်လိုက် ပါ” လို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့-
    “ကလေးတို့ ဒါ ဘုန်းဘုန်းက စေတနာနဲ့ပေးတာ၊ မင်းတို့ရဲ့ လိမ္မာရေးခြား ရှိတာနဲ့ ကိုယ်ကျင့်တရားကို ဂုဏ်ပြုတာမို့ မငြင်းဆန်ကြနဲ့ယူလိုက်။ပြီးတော့အိမ်မိုးစရာရှိတာလည်းမိုးပေါ့။ ဟောဒီကလေးအတွက် ကျောင်းတက်လွယ်အိတ်နဲ့ အ၀တ် တစ်စုံလည်း ၀ယ်ပေးလိုက်နော်” လို့ပြောပြီး အတင်းအယူခိုင်းတယ်။ ကလေးမလေးက ငြင်းနေသေးပေမယ့် ဆရာတော်က အကျိုးအကြောင်း ပြောပြပြီး ယူဖို့တိုက်တွန်းတော့မှ လက်ခံတယ်။ ရာတန်စက္ကူလေးတွေကို လှမ်းယူတဲ့သူ့လက် ကလေးတွေ ကတော့ တုန်တုန်လှုပ်လှုပ်နဲ့။ ဒီရာတန်စက္ကူနှစ်ရွက်ဟာ သူတို့မိသားစု အတွက်တော့ ပထမဆုံး ရောက်လာတဲ့ ဧည့်သည်တော်ကြီးများ ဖြစ်ပုံရပါ တယ်။


    အသုပ်ဖိုး ရှင်းမယ်လုပ်တော့ ဇွတ်ငြင်းနေတယ်။ လှူပါရစေတဲ့။ ပါလာတဲ့ ဒကာကြီးက ငါ့တူ ဘောင်းဘီနဲ့ အင်္ကျီဝယ်ပေါ့ကွာ။ ပိုတော့လည်း မင်းအစ်မနဲ့ ငယ်တဲ့ကလေးတွေအတွက်လည်း ၀ယ်ချင်တာ ၀ယ်ပေးပေါ့ဆိုပြီး ငါးဆယ်တန် တစ်ရွက် ပေးလိုက်တယ်။ အဲဒီတုန်းကတော့ မလေးရှားကလာတယ်ဆိုတဲ့ လုံချည် ပွင့်ရိုက်ကလေးတွေ တစ်ထည်မှ ပ-ပ-က ဆိုင်မှာသုံးကျပ်ခွဲပဲ ပေးရတာဆိုတော့ ဒီငွေပမာဏဟာ သူတို့မိသားစုအတွက် လတ်တလော အခက်အခဲ အားလုံးကို ဖြေရှင်းနို င်လောက်ပါတယ်။ ကလေးများကို ကြည့်ရတာ မယုံကြည်နိုင်လောက် အောင် အံ့သြနေကြတဲ့ပုံပဲ။
  

    “ကဲ ပြန်ကြတော့မယ်” လို့ နှုတ်ဆက်လိုက်တဲ့ အခါမှာတော့ကလေး နှစ်ယောက်လုံး ဘုန်းကြီးနှစ်ပါးကိုကော ပါလာတဲ့ ဒကာ၊ ဒကာမကြီးတွေကိုရော ပုဆစ်တုပ်ပြီး ဦးချကန်တော့နေရင်း ပါးစပ်ကလည်း“ဘုန်းဘုန်းတို့ ကျန်းမာကြပါစေ၊ ဦးဦးတို့ ဒေါ်ဒေါ်တို့ ကျန်းမာကြပါစေနဲ့” ဆုတောင်းကြလို့ နောက်ဆုံးအကြိမ်  ဦးချပြီးချိန်မှာတော့ ကလေးမလေးဟာ သူ့မျက်နှာကို လက်ပေါ်က မခွာတော့ဘူး။ ကိုယ်လုံးလေး သိမ့်ခနဲ မသိမသာ တစ်ချက်လှုပ် လိုက်တာလည်း တွေ့လိုက်ရတယ်။


    မိမိတို့ပြန်လာလို့ ခပ်လှမ်းလှမ်းကနေ ပြန်ကြည့်လိုက်တော့ မောင်နှမ နှစ်ယောက်စလုံး လက်အုပ်ကလေးတွေ ချီပြီး မျှော်ငေးကြည့်နေကြတုန်း။ ပါးစပ်ကလေးတွေကလည်းလှုပ်စိလှုပ်စိနဲ့။ လွမ်းစေတီကဆင်းကာနီးမှာ အားလုံးပဲ နောက် ကို ပြန်လှည့်ကြည့်မိကြသေးတယ်။ ပုသိမ်ကဆရာတော်ရဲ့ မျက်နှာမှာတော့ စစ်ကိုင်းတောင်ပေါ်မှာ လွမ်းစရာတစ်ခုခု ကျန်ရစ်ခဲ့သလိုလို မျက်မှောင့်ခပ်ညိုညို။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(လျှောက်တတ်ရင် လမ်း ၊ မထေရ်မြတ်တို့ စကားဝိုင်း(၃) စာအုပ် မှ ပြန်လည် ဖော်ပြပါသည်)

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET