မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

နှစ်တွေနှင့်တူ သစ်နေမည့် လူ
                    

    ၁၃၇၆-ခုနှစ် ကုန်ခါနီးမှာ နှစ်သစ်အကြို စကားလေးတစ်ခွန်းလောက်ပြောပေးပါ၊ မနှစ်က မွေးနေ့လက်ဆောင်အဖြစ် ပြောခဲ့တဲ့ “မြေပေါ်မှာ ကြာကြာနင်းလိုလျှင် လောကအကျိုးကို ဆောင်ခြင်းဆိုတဲ့ မြေနင်းခကို မှန်မှန်ပေးဆောင်ပါ”ဆိုတဲ့ စကားမျိုးလေးပေါ့လို့ ရင်းနှီးတဲ့စာဖတ် ပရိသတ်များက မက်ဆေ့ပို့လာတဲ့အတွက် သင်္ကြန်မတိုင်မီကလေးကပဲ “တစ်ဘ၀စာ ရိက္ခာ ရပေမယ့်၊ သမိုင်းမှာ ငတ်တာကျစာရင်းဝင်မည့် လဒ်လာဘများကို ရှောင်ရှားကြ”ဆိုတဲ့ပို့စ်ကလေးကို တပည့်များလုပ်ပေးထားတဲ့ ဖေ့စ်ဘုတ်ဆိုတာ ကနေ ရေးတင်လိုက်ပါတယ်။

.


ရေးပြီးလို့မှ မကြားလိုက်ခင်မှာပဲ “ငတ်တာကျ”ဆိုတဲ့ စကားလုံးကြီးက နည်းနည်းကြမ်းလွန်းပါတယ်၊ နားဝင်မချိုပါဘူးဘုရား၊ ဘာဖြစ်လို့ ဒီလောက်ကြမ်းသွားရတာပါလဲ””ဆိုပြီး တစ်ဦးက ဖုန်းနဲ့ဆက်ပြီး မေးလာပါတယ်။


  “တရားဟော ပလ္လင်ပေါ်ကနေ ဖွဲ့စည်းပုံ ဥပဒေမပြင်ရေးတို့၊ အတိုက်အခံပါတီကို မဲမပေးရေးတို့စတဲ့ မဆီမဆိုင် စကားတွေ ပြောနေကြတာကို ကြားနေရတာ အတော်ကြာပြီ၊ ပလ္လင်ပေါ်မှာ ပြောရမည့်စကားလား၊ စင်ပေါ်မှာ ပြောရမည့် စကားလားဆိုတာတောင် ခွဲခွဲခြားခြားနားမလည်ကြသူများဖြစ်လို့ ဘာမှ ထွေထွေထူးထူး မပြောခဲ့ဖြစ်ဘူး ။ နောက်တော့ ဖေ့စ်ဘုတ်တွေမှာ ဒီပုဂ္ဂိုလ်တွေဟာသိက္ခာနဲ့ရိက္ခာကိုလဲပြီး ဘုမသိဘမသိ လျှောက်ပြောနေကြတာ ဆိုတာ တွေ့ရတဲ့အတွက် စိတ်ထဲမှာ အချဉ်ပေါက်လာလို့ စကားလုံးတွေ မချိုမသာ ဖြစ်သွားရတာဆိုတဲ့အကြောင်း ရှင်းပြရတယ်။


    သူကဆက်လက်ပြီး “ပြောတဲ့ပုဂ္ဂိုလ်တွေအပေါ် အချဉ်ပေါက်ပေမယ့် စာဖတ်သူတွေ အပေါ်မှာတော့ ချိုသာပါဘုရား၊ အဲဒီစကားလေးကို နဲနဲပြင်ပေးစေချင်ပါတယ်”လို့ တောင်းဆိုလာပြန်လို့ “ငတ်တာကျ စာရင်းဝင်မည့်”အစား “သိက္ခာကျစေမည့်” လို့ ပြောင်းပေးပြီး ကော်ပီကို ခင်မင်ရာ ဖုန်းနံပါတ် များဆီ မက်ဆေ့နဲ့ ပို့ပေးလိုက်ပါတယ်။


    နောက်ရက်ရောက်တော့ အမေရိကန်နိုင်ငံ၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာဆရာတော်၊ မေတ္တာဥယျာဉ် ၀က်ဘ်ဆိုက်ရဲ့ ဥယျာဉ်မှူး အရှင်သီရိန္ဒက ဒီစကားလက်ဆောင်လေးကို သူ့ဖေစ်ဘုတ်ကနေတင်လိုက်တာ သဘောကျသူတွေ များကြ တယ်။ နှစ်သစ်လက်ဆောင် ဆောင်းပါးလေးတစ်ပုဒ် လောက်လည်း မေတ္တာဥယျာဉ်မှာ စိုက်ပျိုးပေးပါဆိုပြီး မက်ဆေ့ပို့လာပါတယ်။


    “သင်္ကြန်ရက်များမှာ နှစ်စဉ်နှစ်တိုင်း မြစ်ကြီးနားမြို့၊ သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်၊ သီလရှင်ဝတ်ပွဲနှင့်ယဉ်ကျေး လိမ္မာတရားစခန်း သွားရမှာဖြစ်လို့ အဲဒီစခန်းတွင်းကာလကျမှပဲ အချိန်ရသလောက် ရေးပါမယ်”လို့ပဲ မက်ဆေ့နဲ့ပြန်ပြီး ကတိပေးလိုက်ပါတယ်။


    အဲဒီနောက်တစ်နေ့ သင်္ကြန်အကြိုနေ့မရောက်မီ တစ်ရက်ရောက်တော့ ၁၃၇၇-ခု၊ နှစ်ဦးအကြို ဆုတောင်း စကားလက်ဆောင်အဖြစ် “မကျေနပ်စရာ၊ စနစ်ဟောင်း ခေတ်ဟောင်းနဲ့ အဖြစ်မကောင်းသမျှတို့ နှစ်ဟောင်းနှင့်အတူ ကုန်လွန်ကြပါစေ။ မြန်မာပြည်သူ အပေါင်း၊ နှစ်သစ်မှာ စနစ်သစ်၊ ခေတ်သစ်၊ အဖြစ်သစ်တွေနဲ့ ပျော်ရွှင်မှု အသစ်တွေ တွေ့ကြုံ ပည့်စုံကြပါစေ”ဆိုတဲ့ ပို့စ်တိုလေး တစ်ပုဒ် ဖေစ်ဘုတ်ဆိုတာ ကနေ မတတ်တတတ်နဲ့ လွှင့်တင်လိုက်ပြန်တယ်။


    အဲဒီ ပို့စ်တင်ပြီး နောက်နေ့မနက်စော မြစ်ကြီးနားသွားဖို့ ရန်ကုန်လေဆိပ်မှာ စောင့်ဆိုင်း နေစဉ်မှာပဲ မက်ဆေ့တစ်ခု ၀င်လာပြန်တယ်။ ပေးပို့သူက၊ လောကီအာရုံနယ်အလွန်၊ ဓမ္မအာရုံနယ်စပ်ရောက်စ အသက်ပိုင်းလို့ဆိုရမည့် ငါးဆယ်ကျော် ခြောက်ဆယ်ဝန်းကျင်အရွယ်လောက် ရှိပုံရပါတယ်။ သူ့မက်ဆေ့မှာ သံဝေဂယောင်ယောင်ကလေးနဲ့ “နှစ်တွေကသာ တစ်နှစ် ပြီးတစ်နှစ် သစ်လာကြပေမယ့် အသက်တွေက တစ်နှစ်ထက် တစ်နှစ် အို အိုလာနေ ကြတာဆိုတော့ အဖြစ်သစ်တွေဆိုတာ ဘယ်လိုလုပ် တွေ့ကြုံ ပြည့်စုံနိုင် ပါတော့မလဲဘုရား ....”တဲ့။


    သူ့မက်ဆေ့ထဲက အကြောင်းအရာကို လေယာဉ်ပေါ်မှာ အတော်လေး ဈာန်ဝင်စားနေမိတယ်။ အခုသွားရမှာက နှစ်သစ် အကြို ယဉ်ကျေးလိမ္မာတရားစခန်း။ တွေ့ရမှာက ငယ်ရွယ်သူတွေ အများစုပါဝင်မည့် သီလရှင်(၄၀၀)ကျော်နဲ့ အမျိုးသမီးယောဂီ (၂၀၀)ကျော်။ သိပ်ပြီး သိချင်စိတ်၊ စူးစမ်းလေ့လာလိုစိတ်၊ ထက်သန်ကြတဲ့အရွယ်တွေ၊ သူတို့တွေကသာ ဒီမေးခွန်းကို မေးလာခဲ့ရင် ဘယ်လို ဖြေမလဲ”ဆိုတာကို အခြေခံပြီးတော့ပေါ့။


    ယဉ်ကျေးလိမ္မာသင်တန်း အဖွင့်တရား ပွဲကို အကြိုနေ့ညစပြီး ဟောတဲ့အခါ လေယာဉ်ပေါ်မှာ စဉ်းစားခဲ့တဲ့ အကြောင်းအရာများကို အခြေခံပြီး “နှစ်တွေနှင့်အတူ သစ်နေမည့်လူ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲ စဖွင့်လိုက်ပါတယ်။
---------xxxx------


    “နှစ်သစ်နဲ့အတူ အရာရာ အသစ်အသစ်တွေနဲ့ တွေ့ကြုံပြည့်စုံကြပါစေ”ဆိုတဲ့ နှစ်သစ်အကြို မေတ်္တာစကားတိုလေးကို ခင်မင်ရာ မိတ်ဆွေများဆီ ပို့ပေးလိုက်တော့ ရင်းနှီးတဲ့ စာဖတ်သူ လူလတ်ပိုင်း လွန်တစ်ဦးက “နှစ်တွေက သစ်ပေမယ့် လူတွေက အိုလာနေကြတာ၊ ဘယ်လိုလုပ် အရာရာ သစ်နိုင်ပါ့မလဲ”ဆိုပြီး မက်ဆေ့ပြန်ပို့လာတယ်ဗျာ။


    ကဲ .. အခု သင်တန်းသား လူငယ်လူရွယ် ဆရာလေးတွေ၊ ယောဂီတွေရော ဘယ်လိုများ သဘောရကြတုန်း၊ နှစ်တွေ သစ်သစ်လာတာနဲ့အမျှ အရာရာဟာ အို အို လာကြတယ်ဆိုတာ ဟုတ်တယ်လို့ ထောက်ခံကြမလား၊ မဟုတ်ပါဘူးလို့ ကန့်ကွက်ကြမလား။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောနော်၊ ဒါက လွှတ်တော်မဟုတ်ဘူး၊ တရားစခန်း၊ ဒုက္ခလွတ်မြောက် မှုအတွက် ဦးတည်လုပ်ဆောင်ကြတဲ့ တရားစခန်းမှာ ဘာမှကြိုတင်ချုပ်ချယ်ထားတာမရှိဘူး။ အားလုံး လွတ်လွတ် လပ်လပ် တွေးခေါ်၊ စဉ်းစား၊ မေးဖြေကြပါ။


    ထပ်ပြီးတိုက်တွန်းရင်းအားပေးချင်ပါတယ်။ လူအများရှေ့မှာ မေးစရာ ဖြေစရာရှိရင်၊ ရဲရဲမေး၊ ရဲရဲဖြေ ပါ။ ရောင်းဝယ်ရေး လောကမှာ “၀ယ်သူက အမြဲမှန်တယ်”လို့ အဆိုရှိတယ်။ ဆွေးနွေးမေးဖြေရာမှာလည်း “ဖြေသူဟာ အမြဲမှန်တယ်”လို့မှတ်ပါ။ ဘယ်လိုလုပ်ပြီး အမြဲမှန်နိုင်မလဲ၊ ဘာမဆို အကုန်မှ မသိနိုင်တာ၊ လွဲတာလဲ ရှိမှာပေါ့”လို့ တွေးမယ် ဆို တွေးစရာပေါ့။ ဒါလဲဟုတ်သင့်သလောက်ဟုတ်ပါတယ်။ ဒါပေမယ့် သာမညဖလသုတ်မှာ အဇာတသတ်မင်းကြီး က မြတ်စွာဘုရားရှင်ကို လျှောက်ထားသလိုပေါ့၊ ကိုယ့်ထက်သိမီတဲ့ ပုဂ္ဂိုလ်ရှေ့မှာ ဖြေရတယ်ဆိုတာ ကိုယ်ကမှန်ရင်လဲ အတည်ပြုချက်ရလို့ အခိုင်အမာ ဖြစ်ပြီး မှန်တယ်။ ကိုယ်ကမှားနေရင်လည်း အမှန်ကို တည့်မတ်ပြုပြင်ပေးလို့ မှန်တယ်။ ဒါကြောင့် ဖြေသူဟာ အမြဲမှန်တယ်လို့ ပြောရတာ။ ဖြေသာ ဖြေပါ။


    လူတစ်ကိုယ်လုံး ခြုံပြီးကြည့်လိုက်ရင်တော့ တစ်နှစ်ထက် တစ်နှစ်ကြီးရင့်လာကြတာကို “အိုတယ်”လို့ သတ်မှတ် ပြောဆိုကြတဲ့အတွက် “အိုတယ်”လို့ ပြောကြတာကို လုံးလုံးကြီး မှားတယ်လို့ မဆိုသာပါဘူး။


    ဗုဒ္ဓအဘိဓမ္မာ ပညာရှင်များက ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြတာကတော့ “လူ”ဆိုတဲ့ သက်ရှိ ခန္ဓာကိုယ်ကြီးမှာ အခြေခံ အားဖြင့် ရုပ်အစုအဝေး (ရူပက္ခန္ဓာ)နဲ့ နာမ်အစုအဝေုး(နာမက္ခန္ဓာ)ဆိုပြီး အစု အဝေးကြီး နှစ်မျိုးရှိပါတယ်။


    သိသာမြင်သာနေတဲ့ ကိုယ်လုံးကြီးဆိုတာက ရုပ်အစုအဝေးပါ။ ဆိုင်ရာအာရုံတွေကို ခံစားမှတ်သား၊ ကြံစည်၊ သိမြင် တတ်တဲ့သဘောများက နာမ်အစုအဝေးလို့ ခေါ်ပါတယ်၊ နာမ်အစုအဝေးမှာခံစား၊ မှတ်သား၊ ကြံစည်၊ သိမြင်ဆိုတဲ့ သဘော တရားလေးခု ပါဝင်တဲ့အတွက် နာမက္ခန္ဓာ လေးပါးလို့ ခေါ်ဆိုရ ပါတယ်။


    ဒီအခြေခံ အစုအဝေးကြီး နှစ်ခုနဲ့ပတ်သက်လို့ မှတ်ချက်ပြုကြတာကတော့ - ရုပ်အစု အဝေးကြီးက လှည်းယဉ် (မော်တော်ကား)နဲ့တူတယ်၊ နာမ်အစုအဝေးကတော့ ယာဉ်ကို စီးနင်းပြီး လိုရာ မောင်းနှင်အသုံးချသူ (ယာဉ်ဦးစီး၊ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်)နဲ့တူတယ်လို့ ဆိုပါတယ်။


    သဘောကတော့ ရုပ်အစုအဝေးကြီးက နာမ်ရဲ့အလိုကျ ရုန်းပေးရတယ်၊ နာမ်အစုအဝေးက ရုပ်ကို လိုသလို အသုံးချနေတယ် လို့ ဆိုလိုတာပါ။ “ရုပ်က ရုန်းရတယ်၊ နာမ်က သုံးရတယ်”လို့ အတိုချုပ် သဘောပေါက်ရမှာပေါ့။


    စဉ်းစားကြည့်ပေါ့။ သက်ရှိလို ပြောရမယ်ဆိုရင် ရုန်းရသူနဲ့ သုံးရသူ ဘာကွာခြားလဲဆိုရင် “ရုန်းရတော့ ပင်ပန်းတယ်၊ ကုန်ခမ်းတယ်၊ သုံးရတော့ အားဖြစ်တယ်၊ တိုးတက်တယ်”လို့ သဘောပေါက်နိုင်ပါတယ်။


    ခုလည်း ရုပ်ခန္ဓာကိုယ်ကြီးက ရုန်းရတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် အို အို လာတယ်လို့ ပြောနိုင်ပါတယ်။ တစ်စ တစ်စ အိုမင်း၊ ယိုယွင်းလာတာလည်း အမှန်ပါပဲ။ မျက်စေ့မှုန်၊ နားထိုင်း၊ ခါးကိုင်း၊ သွားကြွေ၊ အရေတွန့်တွဲဆိုတာတွေပေါ့။


    နာမ်အုပ်စုကျတော့ အဲဒီလို မဟုတ်ပြန်ဘူး၊ အဘိဓမ္မာသဘောအရ နှိုင်းယှဉ်ပြမယ်ဆိုရင် ရုပ်ခန္ဓာကိုယ်ကြီးက တစ်ပြိုင်နက် ရုပ်တွေအများကြီး ပြိုင်ပြီး ဖြစ်နိုင်တာရယ်၊ ဖြစ်လာပြီးတဲ့အခါ ပျက်နှုန်းက နှေးကွေးတာရယ်ကြောင့် နေ့စဉ်နေ့တိုင်း ဒီခန္ဓာ ကိုယ်ကြီးကို မြင်တွေ့နေရသလိုထင်ရပါတယ်။ သဘောတရားအရ “မြစ်ရေအလျဉ်လို၊ ဆီမီးလျှံလို” မပြတ်ဖြစ်ပျက် နေတယ် ဆိုပေမယ့် လက်တွေ့မှာ ဒီခန္ဓာ၊ ဒီပုံစံကြီးကို နေ့စဉ်မြင်နေရသလို ထင်ရှားတွေ့မြင်နေမှာပါ။


    နာမ်အုပ်စုတွေကျတော့ အဲဒီလို မဟုတ်ဘူး၊ တကယ်ကိုမှ “မြစ်ရေကို နှစ်ခါ မမြင်နိုင်ဘူး”ဆိုတာ အစစ်ပဲ၊ ခုဖြစ် ခုပျက်တဲ့ နှုန်းက သိပ်ကို မြန်လွန်းတယ်၊ လက်ဖျောက်တစ်ချက် အချိန်အတွင်းမှာ ကုဋေတသိန်းခန့်လောက် ဖြစ်ပျက်နေတယ် လို့ ဆိုကြတယ်။ အဲတော့ နာမ်အစုအဝေးကို နှစ်ကြိမ်ဆက်မတွေ့နိုင်ဘူး နာမ်တရားမှန်သမျှ ဖြစ်လာသမျှ အသစ်ချည်းပဲ။


    အဲ .. ရုပ်ထက် ထူးခြားတာက ရုပ်တွေမှာ “ရှေးရှေးက ပျက်သွားတဲ့ ရုပ်တွေက နောက်နောက်ရုပ်တွေကို သတ်္တိတွေ ချန်ပေးတယ်”ဆိုတဲ့ အနန္တရပစ္စယသတ်္တိဆိုတာ မရှိဘူး။ နာမ်တွေမှာက ရှေးရှေးစိတ်တွေ ဘယ်လောက်အမြန်နှုန်းနဲ့ ပျက်သွားသွား၊ နောက်နောက်စိတ်တွေကို သတ်္တိတွေချန်ရစ်ခဲ့တဲ့ အနန္တရပစ္စယသတ်္တိရှိတဲ့အတွက် ဖြစ်သမျှ နာမ်အသစ်တွေမှာ အထူးသဖြင့် အသိဉာဏ်၊ ဗဟုသုတတို့ တည်မှီရာ “ဇော”ဆိုတဲ့ စိတ်တွေမှာ ရှေးရှေးစိတ်တွေရဲ့ အတွေ့အကြုံ စွမ်းအားသတ်္တိ အမွေကို ခံယူရရှိတဲ့ အာသေ၀နသတ်္တိပါရရှိတဲ့အတွက် ဖြစ်သမျှ သစ်လည်းသစ်၊ ခွန်အားလည်းရှိတယ်။

 
    ကိုယ့်ဘ၀တစ်လျှောက်ကို ပြန်ပြီး ဆင်ခြင်ကြည့်မယ်ဆိုရင်လဲ အသိပညာ၊ အတတ်ပညာတွေ၊ အတန်းစာအနေနဲ့ဆိုရင်လဲ တစ်နှစ်တစ်တန်းဆိုတာ သစ်သစ်လာကြလို့ မူလတန်းကနေ အလယ်တန်း၊ အထက်တန်းစသည် တိုးတက်လာကြတာ မဟုတ်လား။ အတန်းတွေသာ သစ်မလာဘူးဆိုရင် မူကြို အဆင့်ကနေ တိုးတက်လာစရာ အကြောင်းမရှိဘူးလေ။


    လောကမှာ အတွေ့အကြုံ ဗဟုသုတတို့၊ တည်ထွင်ကြံဆမှုတို့ဆိုတာတွေလည်း နာမ်အုပ်စုတို့ရဲ့ သစ်လွင်တိုးတက်မှုတွေပဲ။ ဒါကို ခြုံငုံသုံးသပ်၊ ကောက်ချက်ချကြည့်လိုက်ရင် -


    ရုပ်တရားစုတွေက အချိန်တွေ၊ နှစ်တွေ သစ်သစ်လာတာနဲ့အမျှ အိုမင်း ယိုယွင်းလာကြတယ်။
    နာမ်တရားစုတွေကတော့ အချိန်နဲ့ တပြေးညီ သစ်လွင်တိုးတက်နေရုံမျှမက အိုမင်း၊ ယိုယွင်းတဲ့ ရုပ်တရားတွေကိုတောင် အသစ်အသစ်တွေနဲ့ အစားထိုး တည်ဆောက်ပေးနိုင်ကြတဲ့အတွက် ဒီနေ့ ကမ်္ဘာကြီးဟာ အချိန်နဲ့တပြေးညီ ဖွံ့ဖြိုးတိုးတက်လာနေ တာဆိုတာ သဘောပေါက်လောက်ပါတယ်။


    ဒီနေ့ကမ္ဘာကြီးမှာ ရုပ်ပစ်္စည်းတွေ အံ့မခန်းတိုးတက်ပြောင်းလဲနေတာကို ကြည့်ပြီး ကမ္ဘာ့တိုးတက်မှုကို သတ်မှတ်ပြောဆို နေကြရပေမယ့် ကမ္ဘာကို တိုးတက်ပြောင်းလဲစေခြင်းရဲ့ အဓိက အခြေခံအကြောင်းတရားက အသိပညာဆိုတဲ့ နာမ်တရားစုရဲ့ စွမ်းရည်သတ်္တိသာဖြစ်တယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။


    လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းလောက်အတွင်းမှာ လုပ်အားလူဦရေ အများဆုံး နိုင်ငံကြီးက စီးပွားရေးတွေ အများကြီး တိုးတက်လာပြီး ကမ္ဘာ့အင်အားအကြီးဆုံးဆိုတဲ့ အမေရိကန်နိုင်ငံကြီးကတောင် ငွေကြေးအရ အဲဒီနိုင်ငံကြီးကို မှီခိုနေရသလို ဖြစ်သွားတဲ့အတွက် “မကြာခင် အဲဒီလူဦးရေအများဆုံး နိုင်ငံကြီးဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး ဖြစ်သွားပြီး ဒီနေ့ အထက်တန်းရောက်နေတဲ့ အင်အားကြီးနိုင်ငံတွေကိုတောင် လွှမ်းမိုးသွား လိမ့်မယ်”ဆိုတဲ့ အသံတွေ ထွက်လာ ခဲ့ဖူးတယ်။


    ဒါနဲ့ပတ်သက်လို့ ပညာရှင်တစ်ဦးရဲ့ မှတ်ချက်က “ဒီအတွက် လုံးဝမပူပါနဲ့။ အဲဒီလို လုံးဝ မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးကို ငွေကြေးတို့၊ ရုပ်ဝတ္ထုတို့နဲ့ လွှမ်းမိုးထားနိုင်ခဲ့တာ မဟုတ်ဘူး။ အသိပညာ၊ အတတ်ပညာတွေ နဲ့သာ လွှမ်းမိုးထားနိုင်တာ။ တိုးတက်အောင် ပြောင်းလဲနိုင်တာ။ ဒီနေ့ ငွေကြေးအရ ဘယ်နိုင်ငံက ဘယ်လို အနေအထားပဲ ရောက်နေနေ၊ အဆင့်မြင့်တဲ့ အသိပညာ၊ အတတ်ပညာတွေရော၊ ပညာရှင်တွေရောက အမေရိကန်သာ အမြင့်ဆုံးဖြစ်တဲ့အတွက် ကမ္ဘာ့ အင်အားကြီးနိုင်ငံဟာလည်း အမေရိကန်ပဲ ဖြစ်နေမှာပါ”လို့ သုံးသပ်ပြသွားပါတယ်။


---------xxx--------
    
ခုပြောမည့် အကြောင်းအရာတွေကို သဘောပေါက်လွယ်စေဖို့အတွက် သာဓကလေးတစ်ခုကို အရင်ပြောလိုက်ပါဦးမယ်။ မြတ်စွာဘုရားရှင်း လက်ထက်တုန်းက နကုလပိတာနဲ့ နကုလမာတာ ဆိုတဲ့ အဖိုးအဖွား ဇနီးမောင်နှံရှိတယ်။ နကုလဆိုတာက ဆွေမျိုးမတော်ဘူးလို့ ဆိုလိုတာ၊ ပိတာ,မာတာ ဆိုတာ အဖေနဲ့အမေပေါ့။


    ဒီအဖိုးကြီးဇနီးမောင်နှံက ဒီဘ၀မှာ ဘုရားရှင်နဲ့ လောကအရ ဘာဆွေမျိုးမှ မတော်စပ်ကြပေမယ့်၊ ပါရမီဖြည့် ခဲ့စဉ် ရှေးဘ၀တွေတုန်းက ဘ၀ပေါင်းငါးရာကျော် မိဖနဲ့သားအဖြစ် တော်စပ်ခဲ့ဖူးတာကြောင့် ဒီနောက်ဆုံးဘ၀မှာ ဘုရားရှင်နဲ့ တွေ့တွေ့ချင်း သူတို့ကလည်းဘုရားရှင်ကို သားလို့ မှတ်မိလိုက်သလို၊ ဘုရားရှင်ကလည်း မိဖအဖြစ် အသိ အမှတ်ပြုထားတဲ့ “ဆွေမတော် မျိုးမတော် မိဖများ”ဆိုပါတော့။


    အဲဒီ နကုလပိတာ ဒကာကြီးက အသက်အရွယ်ကြီးလာတော့ ဘုရားသွားကျောင်းတက် အခက်အခဲရှိလာတယ်။ ဒါနဲ့ ဘုရားရှင်ကို “သားတော်ဘုရား .. ခမည်းတော်ဟာ အိုမင်းမစွမ်းဖြစ်လာပြီ၊ အရှင်ဘုရားဆီ မကြာမကြာ လာနိုင်ဖို့လည်း မလွယ်တော့ဘူး။ အိုသူတွေအတွက် အားတက်ပြီး အကျိုးများ စေမည့်တရားလေး တစ်ပုဒ်လောက် လိုရင်း တိုရှင်း ဟောပေး ပါ”လို့ လျှောက်ထားပါသတဲ့။


    သူလျှောက်ထားပုံကို ကြည့်ရင် ဘုရားရှင်နဲ့ ဘယ်လောက်ရင်းနှီးကျွမ်းဝင်ရှိသလဲဆိုတာ သိသာမှာပါ။ သာမန်လူဆို ဒီလို “လိုရင်း တိုရှင်း ဟောပေးပါ”ဆိုတာမျိုး ဘယ်ပြောဝံ့ပါ့မလဲ။ ဒီအဖိုးကြီးက ဘုရားရှင်နဲ့ အရင်းနှီးဆုံး “၀ိဿာသက”ဧတဒဂ်ဘွဲ့ကို ခမည်းတော်အရင်း သုဒ္ဓေါဓနမင်းကြီးထက် ကျော်လွန်ပြီး ရထားတာလေ။


    ထားပါတော့။ အဲဒီလို ရင်းနှီးဝံ့စားတဲ့စကားနဲ့ လျှောက်ထားတဲ့အခါ ဘုရားရှင်ကလည်း ကွက်တိပါပဲ။ “အေး .. ဒါဖြင့် ကိုယ်(ရုပ်အုပ်စုကြီး)ကသာ အိုနာမျိုးဖြစ်လို့ အိုချင်အို နာချင်နာပါစေ။ စိတ်(နာမ်အုပ်စုကြီး)ကတော့ မအိုမနာစေနဲ့။ အဲဒီအတိုင်း နှလုံးသွင်းကျင့်သုံးနေပေါ့”လို့ မိန့်ကြား လိုက်ပါသတဲ့။


    တကယ်လို့သာ အိုမင်း ယိုယွင်းမျိုးဖြစ်တဲ့ ရုပ်တရားစုတွေနဲ့အတူ နာမ်တရားစုတွေလည်း အိုမင်း ယိုယွင်းသွားမယ်။ နာမ်တရားစုတို့ရဲ့ ဓမ္မတာသဘာဝအတိုင်း အချိန်နှင့်တစ်ပြေးညီ သစ်လွင်မှုမရှိဘူးဆိုရင် ဘာဖြစ်သွားမလဲ။ ဒါကို သဘောပေါက်ဖို့အတွက် ဝေးဝေး လံလံကြည့်မနေနဲ့ မြန်မာ နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပဲ နည်းနည်းလေး အကဲ ခတ်ကြည့်လိုက်။


    တစ်ချိန်က ဟို ... လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ဝန်းကျင်လောက်က ဆိုပါတော့ .. ဒီအရှေ့တောင်အာရှတိုက်မှာ မြန်မာက ထိပ်တန်းမှ အာရှရဲ့ ကျားတောင်မဟုတ်ဘူး တကယ့် တောသုံးတောင်ကို အစိုးရတဲ့ ကေသရာဇာခြင်္သေ့မင်းကြီးလို။ အိမ်နီးချင်းနိုင်ငံ၊ အထူးသဖြင့် ထိုင်းတို့၊ စင်္ကာပူတို့ ဆိုတဲ့ နိုင်ငံတွေက ကြွက်စုတ်ကလေးတွေ။ မြန်မာနိုင်ငံကို သရေယိုအားကျ စိတ်နဲ့ မော့ကြည့်နေကြရတာ။


    ကဲ ... အခု ဘယ်လိုဖြစ်ကုန်ကြတုန်း၊ ခြင်္သေ့က ကြွက်စုတ်ဖြစ်၊ ကြွက်စုတ်ကလေးတွေက ကျားဖြစ်သူဖြစ်၊ ခြင်္သေ့ဖြစ်သူဖြစ်။ ငုံ့ကြည့်ရသူက မော့ကြည့်၊ မော့ကြည့်ရသူတွေက ငုံ့ကြည့်နဲ့ အခြေအနေတွေ အားလုံး ပြောင်းပြန်ဖြစ်ကုန် ကြတယ် မဟုတ်လား။
    အဲဒါ ဘာဖြစ်တာလဲ ..။ ဒီအပြောင်းအလဲမှာ အဓိက အကြောင်းရင်းက ဘာလဲ ....။


    ဖြစ်ရပ်ကလည်း ရိုးရိုးစင်းစင်းပါပဲ၊ ဘာမှမရှုတ်ထွေး မဖုံးကွယ်ပါဘူး။ အဖြေကလည်း ရှင်းရှင်းလေး ပါပဲ။ ခြင်္သေ့ကြီးက ခေတ်တွေ နှစ်တွေ သစ်နေတာနဲ့အမျှ အားလုံးယိုယွင်း အိုမင်းလာတယ်။ နာမ်အစုအဝေးရဲ့ အဓိက စွမ်းအားသစ်ဖြစ်ရမည့် ပညာရေးမှာ ကိုလိုနီမတိုင်မီခေတ်ဆီက အခြေအနေထက် ဘာမှ ထူးခြားမလာဘူး ဆိုရလောက်အောင် အိုမင်း ယိုယွင်းသွားလိုက်တာ ခုချိန်ထိပဲ။


    မြန်မာနိုင်ငံမှာ အတန်းအောင်တာနဲ့ ပညာတတ်တာကို ခွဲခြားနားလည်နိုင်စွမ်းကို မရှိတော့ဘူး။ စနစ်ကိုက အတန်းအောင်တဲ့ သင်နည်းသာ ရှိပြီး ပညာတတ်အောင်က သင်ရိုးကို မရှိခဲ့ဘူး။ ပညာတတ်သင်ရိုးမရှိတဲ့အတွက် ဘွဲ့ရမှန်သမျှလည်း ဘာပညာမှ မတတ်တော့ဘူး။ ဒီအကြောင်းပြောတဲ့အခါ လူငယ်တစ်ဦးက သူတို့ လူငယ်တွေ အင်္ဂလိပ်လို အရေး၊ အဖတ်၊ အပြော အတော်ကျွမ်းကျင်သူတွေ ရှိနေပါပြီးတဲ့။


    အော် ... လက်စသတ်တော့ အတန်းနဲ့ပညာသာ မကွဲတာမဟုတ်ဘူး၊ ဘာသာစကားနဲ့ ပညာတောင် မခွဲခြားတတ်တဲ့ အခြေအနေရောက်သွားပြီးလားလို့ အံ့သြလိုက်မိတယ်။


    နာမ်အစုအဝေးက ခေတ်နဲ့တပြေးညီ သစ်မလာပေမယ့် ရုပ်ဝတ္ထုတွေကိုတော့ ခေတ်နဲ့တပြေးညီ သုံးစွဲမော်ကြွားချင်ကြတယ်။ ဒီတော့ ရှိပြီးသား ရုပ်ဝတ္ထုတွေ၊ မြေပေါ် မြေအောက်ရော၊ မြစ်ချောင်း အင်းအိုင်ရော၊ ရှေးဟောင်းအမွေအနှစ်များပါမကျန်၊ အဲ .. ဘာတဲ့ ကျောင်းတစ်ကျောင်းမှာ စကားကွက်လပ်ဖြည့် ဉာဏ်စမ်းအဖြစ် “မြေအုတ်တို့ ပြိုလေသော်”ဆိုပြီး နောက်က ကွက်လပ်ပေးထားတာ ဖြေတဲ့ကလေးက “ရောင်းစားကြပါသည်”လို့ ဖြေခဲ့တယ်ဆိုတာကိုကြည့်ပေါ့။ ဒါဟာ ခြင်္သေ့မင်း စင်စစ်က ကြွက်စုတ်ဖြစ်ရခြင်းရဲ့ အကြောင်းပါပဲ။    


    အိမ်နီးနားနိုင်ငံတွေကျတော့ ကြွက်စုတ်ကနေ ဘာကြောင့် ကျားတွေ၊ ခြင်္သေ့တွေ ဖြစ်ကုန်ရသလဲဆိုရင်လည်း ဒီအဖြေပါပဲ။ အိုမင်း ယိုယွင်းတတ်တဲ့ သဘောတွေက ဘယ်လိုပဲ အိုမင်း ယိုယွင်းပါစေ၊ နာမ်တရားရဲ့ အင်အားစုဖြစ်တဲ့ ယုံကြည်မှု(သဒ္ဓါ)၊ ကြိုးစားမှု(၀ီရိယ)၊ ခေတ်နဲ့မျက်ခြေမပြတ်မှု(သတိ)၊ စိတ်ဓာတ်ခိုင်မာမှု(သမာဓိ)၊ လေ့လာဆည်းပူး၊ သုံးသပ်၊ ဆင်ခြင်၊ တည်ထွင်၊ ကြံဆမှု(ပညာ)တွေက ခေတ်နဲ့တပြေးညီ သစ်နေတဲ့အတွက် သစ်သည်ထက်သစ်လွင် တိုးသည်ထက် တိုးတက်လာကြတာပဲပေါ့။
  

 ဒါကြောင့် ဟောင်းနွမ်း အိုမင်း ယိုယွင်းတတ်တဲ့ ရုပ်တရားစုတွေ သူတို့ နိယာမနဲ့အညီ အိုမင်းယိုယွင်းကြပါစေ။ လိုရင်းအဓိက ဖြစ်တဲ့ နာမ်တရားစုတွေ မဟောင်းမအို၊ မယိုယွင်းစေဘဲ ခေတ်နဲ့တပြေးညီ သစ်နေကြရင် နှစ်တွေနဲ့အတူ သာမက အချိန်တိုင်းနဲ့အတူ အမြဲသစ်နေကြသူတွေ ဖြစ်နေပါလိမ့်မယ်။

 

နှစ်တွေနဲ့အတူ သစ်နေကြပါစေ။

                                                                                              ဓမ္မဘေရီအရှင်ဝီရိယ-တောင်စွန်း

 

[၁၃၇၇-ခု၊ နှစ်ဦးအကြိုအဖြစ် ၁၃၇၆-ခု သင်္ကြန်တွင်းမှာ ရေးတဲ့စာ]

----------------------------------

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET