မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

ဒြပ်မဲ့ဓမ္မာရုံ

(ကံထွန်းသစ်)

“အသစ်တွေနဲ့ပျော်နေလို့ ကညစ်တွေချော်နေတာလားဘုရား” … တဲ့၊ San Francisco မှ အစ်မတော်က လှမ်းမေးလာတော့ “မဟုတ်ပါဘူး … အသစ်တွေပြောင်လို့ ကညစ်တွေ ပေါင်ထားရလို့ပါ” ဆိုပြီး ဝသီအတိုင်း ပြန်နောက်လိုက်သည်။ မွေးနေ့အတွက် လှူဖွယ်ပါဆယ်ပို့လိုက်ကြောင်း စသည်ပြောကာ ဖုံးချသွားမှ ပြန်ဆင်ခြင်မိတော့ … အော် … စာရေးဖို့ရာ အကြိမ်ကြိမ်တိုက်တွန်း၊ အခါခါတောင်းဆို၊ မရတဲ့အခါ ခုလို “ဂရဟာသံ” နှောလို့ ပြောခဲ့ပြီ။

.


    အင်း … ပြောမယ်ဆိုလည်း ပြောစရာပေပဲလေ၊ ကိုယ်ကိုယ်၌က “ထိနမိဒ္ဓ” ဝိစိကိစ္ဆာ ထူပိန်းစွာနဲ့ ကာလရဲ့ခဲစားဒဏ်ကို ခံနေခဲ့ရဲ့၊ ရေးဖို့ကောင်းသည့် အတွေ့အကြုံတွေ၊ ငှဖို့ကောင်းသည့် အကြောင်းအရာတွေ၊ ရှယ်ယာ (Share) ဖို့ကောင်းသည့် အဖြစ်အပျက်တွေ …. ၊ စသည်တို့သည် ကိုယ့်ကို ဖြတ်သန်းသွားကြခဲ့။ သည်လိုပုံနှင့် တနှစ်ယွန်းလုပြီ။ ကိုယ့်စာကို ငံ့လင့်ရင်း လက်လျှော့ သွားကြသူတွေ ရှိကြသလို … ကိုယ့်ကို အစစဝန်းရံခဲ့ကြသည့် အစ်မနှင့် နှမတွေကမူ မချင့်မရဲ၊ နေနိုင်ရန်ကော … တဲ့။


    L.A က အစ်မကြီးကဆို “ဘုန်းဘုန်းကလည်း ဟောခဲ့တဲ့တရားလေးတွေ ပြန်ရေးပေါ့ … ဒါမှ တရားမနာလိုက်ရသူတွေလည်း ဖတ်ရတာပေါ့” … တဲ့၊ နောက်ဆက်သေး “ဘုန်းဘုန်းရေ … နိုင်ငံရေးကတော့ ကိုယ်လည်း ဘာမှလုပ်လို့မရတာ၊ စိတ်လျှော့ ထားလိုက်၊ Facebook လည်း သိပ်မသုံးနဲ့၊ တွေ့ရ ကြုံရတာ ဒေါမနသတွေပွားရတယ်” … တဲ့။

  ကိုယ့်ရင်အခံဓာတ်ကို သိသူပီပီ ဖျောင်းဖျသေး၊ အော် … အသိအရွယ်ကြောင့်ထင့်၊ တချိန်က L.A တွင် တက်ကြွ ထက်သန်သောသူသည်ပင် ကိုယ့်ကို နားချနေခဲ့ပြီ။ ကိုယ်ကတော့ နိုင်သမျှ ထမ်းဦးမည်၊ စွမ်းသမျှ မဦးမည်။ Facebook တွင် ဝါဒဖြန့်နေသော အာဏာရှင်တို့၏ လက်ပါးစေတို့နှင့် တိုက်ပွဲဆင်ရဦးမည်။ ပြီး … သိအပ် သိသင့်သော အကြောင်းအရာတို့ကို ရှဲခြင်း (Share)၊ လိုက်ခ်ခြင်း (Like) ဖြင့် ဒီမိုကရေစီလမ်းဖောက်ရာတွင် ကူရဦးမည်ဟု ကွန်ပလိန့် (complaint) တက်မိခဲ့။


    “ဘုန်းဘုန်းကလည်း ကျောင်းတက်ရတဲ့ အတွေ့အကြုံနဲ့ ဒီက ပညာသင်ကြားပုံတွေအကြောင်းရေးပေါ့” … တဲ့၊ ဆိုလာပြန်သူက ကိုယ့်စာတွေကို မပြတ်ဖတ်ပြီး မှတ်ချက်ပေးလေ့ရှိတဲ့ မဒီဇင်ဘာမိုး။ အင်း … အင်း ရေးတာပေါ့ … သို့သော် ဘယ်နေ့မှန်းမသိ …. လို့ ပြန်နောက်မိ။


    ဓမ္မပီတိကိုမျိုးကတော့ “ဘုန်းဘုန်းက အရင်တုန်းကတော့ စာရေးဆရာ၊ ခု … စာမရေးဆရာပေါ့” ဟု စသည်။ တော်ပေသေးရဲ့၊ စာမရေးလည်း ဆရာဖြစ်နေသေးလို့ဟု ပြန်နောက်မိ။ ဓမ္မဘေရီဆရာတော်ကဆို ဗိုလ်ချုပ်အောင်ဆန်းရာပြည့် မဂ္ဂဇင်းမှာ ဆောင်း ပါးဖြစ်စေ၊ ကဗျာဖြစ်စေ ရေးဖို့မိန့်၊ ကိုယ်ကမူမလှုပ်၊ သူကလည်းမလျှော့၊ “စာမရေးဖြစ် လည်း ဟောတရား၊ ပြောစကားလေးတွေကို Facebook မှာ Post တင်ပေါ့၊ နောက်ကျ အကျယ်ချဲ့ရေးရတာပေါ့” … တဲ့။ သို့နှယ် ကြုံတိုင်း ကိုယ်တိုင်လည်း တိုက်တွန်းသလို ကိုယ့်ကို နိုင်လောက်သည့် အစ်မတွေ၊ နှမတွေကိုလည်း မကြာမကြာ တိုက်တွန်းပေးကြဖို့ မှာသေးသတဲ့။ “တပည့်တော်တို့လည်း တိုက်တွန်းလွန်လွန်းလို့ ဟောဟဲတောင် လိုက်နေပါပြီဘုရား” လို့ ပြန်လျှောက်လိုက်တဲ့ အစ်မ စကားကြားတော့ တချက်ပြုံးမိသေး။


    “ဘာဖြစ်လို့ စာမရေးတော့တာလဲဟင်” ဆိုသည့် မေးခွန်းတွေကတော့ စာဖတ်ပရိသတ်ဟောင်းနှင့် ဆုံတိုင်း အမေးခံရမြဲ။ ကိုယ်လည်း ရေရာသည့် အဖြေရှာမရမြဲ။


    တနေ့ညကဆို“မေတ္တာဥယျာဉ်”ဝက်ဘ်ဆိုက်အယ်ဒီတာအရှင်သိရိန္ဒ၊ မတွေ့တာကြာလို့ ဖုန်းဆက်လာရင်း စာပြန်ရေးဖို့ တိုက်တွန်းရဲ့၊ နိုင်ငံရေးနဲ့ ဘာသာ၊ သာသနာ ဆက်နွယ်ပုံတွေ စကားရောက်ကြတော့ “ဘုန်းတော်ကြီး … အဲဒီအကြောင်းတွေရေး၊ တကယ်အကျိုးရှိမယ့်စာတွေ … ကဲ … ပြောနေကြာတယ်၊ ဆရာတော် အဲဒီဘက်က နှုတ်နဲ့ပြောပေး၊ တပည့်တော် လိုက်ရိုက်မယ်၊ ကဲ … Ready …” တဲ့။ သူနေရာပြည်နယ်နဲ့ ကိုယ့်ပြည်နယ်က စံတော်ချိန် (၃)နာရီကွာတာလေ၊ အချိန်ကိုအကြောင်းပြပြီး ကိုယ် “ဂျက်စီဂျိန်း” လုပ်လိုက်သည်၊ မကြာခင် ရေးပါမယ်ပေါ့။ ခု ညဥ့်နက်ပြီ။


    “ဆရာတော် အေးခဲနေတဲ့ ကလောင်လေးကို ပြန်နွေးပါဦးဘုရား” ဆိုသည့် ပဉ္ဇင်းငယ်တပါးရဲ့ comment လေး ဖတ်လိုက်ရပြန်တော့ ဟိုမနှစ်ဆီက ဝတ္ထုလေးတွေ ပြန်ရေးဖို့တောင်းဆိုလာသည့် ရွှေအမြုတေ ကိုဝင်းငြိမ်း၏ E-mail ကို ပြန်အမှတ်ရမိသည်။ အော် … ငါ စာရေးကျဲနေပါပေါ့လား … ရေးဦးမှ …. ရေးဦးမှ … ။


    ဒါတင်မက စာမရေးခြင်းကြောင့် သက်ရောက်သွားသော ဆိုးကျိုးတခုက ငယ်ပေါင်း စရိုက်တူ၊ ဝါသနာတူ၊ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းနှင့်ပင် လမ်းခွဲရလုလု၊ ဖြစ်ပုံက … သံဃာအဖွဲ့အစည်းအချို့၏ လုပ်ဆောင်ပုံနှင့် သဘောမညီသည့် ရဟန်းစာဆိုတော်များ၏ စာပေလက်ရာများကို ပေါင်းစုထုတ်ဝေသည့် “ဝိဘဇ္ဇပဲ့တင်သံ” စာအုပ်၊ ထိုအမည်ကို ကိုယ်ပင် ပေးခဲ့၍ အမှာစာကိုလည်း ရေးသားရန် တာဝန်ယူခဲ့သည်။ အချက်အလက်၊ အကြောင်းအရာတွေ စုစည်းပြီး ရေးအံ့ပြင်ဆဲမှာပင် ကနေဒါဖလူး (Canada Flu) ဒဏ်ကို ပြင်းစွာ ခံစားရတော့ နှောင့်နှေးသွားခဲ့သည်။ နောက်တဖန် စာမူများ အခြေအနေအရ အကုန်ဖတ်ခွင့် မသာလိုက်ဘဲ အမှာစာရေးခြင်းကို  ကိုယ့်လိပ်ပြာက ခွင့်မပြုချင်။ ပျင်းတာနဲ့ နားပင်းတာ ပေါင်းသွားပြီး မရေးဖြစ်လိုက်။ ခု … စာအုပ်ပင် ထွက်နေပြီ၊ သူငယ်ချင်းကို ကျေနပ်အောင် ဘယ်လိုပြောရပါ့၊ ဟူး … ။


    အင်း … ဘာဘဲဖြစ်ဖြစ်လေ … ရေးဦးမှ … ပြန်ရေးဦးမှ …။ “ဆေးတအိုးကျွမ်း၊ ကွမ်းတရာညက်” မျှ အချိန်လေးတွေရတိုင်း သက္ကဋစာပေလာ ဗုဒ္ဓမြတ်စွာရဲ့အကြောင်းကို ဖတ်မှတ်ကြည်ညိုရင်း ကမ္ဘာကျော် “The Light of Asia” ကဗျာကြီးကို “ဆာ အက်ဒွင်အာနိုး (Sir Edwin Arnold)” ရေးသားခဲ့တာတဲ့။ မအားလပ်သေးလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ စာရေး ဆရာကောင်းတယောက်အတွက် လုံလောက်တဲ့ ဆင်ခြေမဟုတ်။ သမိုင်းမှာ တာဝန်ကျေကြတဲ့ စာရေးဆရာတိုင်းဟာ … တပိုဒ် … တပါဒ … အို … တပုဒ်ပြီးပြီး၊ နှစ်ပုဒ်ပြီးပြီး ရေးဦးမှ … ရေးမှ။


    သို့နှယ် … အစ်မတော်၏ ဂရဟာသံ စကားများကို တနံတလျား စဉ်းစားရင်း ရုတ်ချည်း အမှတ်ရပြန်မိသည်။ အော် … ကိုယ့်မွေးနေ့ရောက်ဖို့ သုံးရက်သာ လိုပါတော့လား။ ခဲဦးမှ … ခဲဦးမှ၊ အင်း … မှီတန်ကောင်းရဲ့၊ အများကြီးမရေးချင်နေ၊ မွေးနေ့မှာတော့ … ဓမ္မလက်ဆောင်အဖြစ် တောင်းတတ်သော အစ်မတွေ၏ဆန္ဒကို ဖြည့် ဆည်းပေး ရဦးမည်။ နို့မဟုတ်လျှင် သူတို့ထင်သလို “အသစ်တွေနဲ့ပျော်ပြီး၊ ကညစ်ချော်သူ” ဧကန်မှတ်ပေလိမ့်။


    သေချာစေ့ငုကြည့်တော့ ဒီမေးခွန်းကိုလည်း အနေရိုး၊ အတွေးရိုးတဲ့ ကိုယ့်အစ်မကြီးကို သူတို့မြို့က သူတို့ဆရာ သင်ပေးဟန်ပဲ၊ ကိုယ်ပြုံးမိသည်။ လူဆိုတာ အာရုံသစ် တမျိုးမျိုးနဲ့ ပျော်ကြတာပါပဲလေ။ “အာရုံခြောက်ပါး၊ တံခါးခြောက်ပေါက်၊ မဝင်လောက်လို့ … ” ၊ ကိုယ်ဆယ့်ငါးနှစ်ခန့်က ရေးခဲ့သည့်ကဗျာလေးလို၊ အချို့ဆို အာရုံသစ်တွေနောက် လိုက်လို့မဆုံး။

   iPhone အသစ်ထွက်သည့်နေ့မှာ တန်းစီနေကြသည့် အပြည်ပြည်က လူတွေကို ချင့်ယုံနှင့် ထင်ရှားရဲ့။ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဖဆိုသည့် အာရုံများနှင့် ဓမ္မာရုံဆိုသည့် တွေးကြံ ရိုက်ခတ်မှုများ၊ အာရုံသစ်တု၊ အာရုံသစ်ပွားတွေကို ဖန်ဆင်းနိုင်သော နည်းပညာနှင့် ပျော်သူများ … ။


    ကိုယ်ရော … ကိုယ့်အစ်မတော် မေးသလို ပျော်နေမိခဲ့လေသလား၊ ဆန်းစစ်ပြန်သောအခါ …
    ကျင်လည်ရာ ဝန်းကျင်သစ်မှာ အာရုံသစ်တွေ၊ အာရုံသစ်တွေ ဒင်းကျန်းပြည့်၊ ဥပမာ ကိုယ်တက်နေသည့် အတန်းမှာ အတန်းဖော်တွေထဲမှ  တားညှာ (ရုရှား)၊ အဲလစ်ဇဘက် (မက္ကဆီကန်) တို့တွေ လှပချောမော ကြသည်မှန်၏။ သို့သော် အစ်မကြီးပြောခဲ့သလို ကိုယ့်ကညစ်ကို ချော်လောက်အောင်တော့မစွမ်း၊ ကျန်သည့်သဒ္ဓါရုံ၊ ဂန္ဓာရုံ စသည်လည်း မတိုး။ ဝန်ခံရ လျှင် လေးလက်သစ်မျှရှိသော ဖန်သားပြင်လေးမှ ကူးစက်ရိုက်ခတ် လာသော အတွေးများ၊ အမြင်များ၊ မနောဒွါရမှ ဓမ္မာရုံများ။


    အာရုံအေးတော့ စိတ်အေးသည်၊ အာရုံပူတော့ စိတ်ပူသည်ဆိုသည့် ဓမ္မတာအတိုင်းပင်။ အမိမြေအရေးများ၊ ဉာတိဆွေအရေးများကား ဆက်ကာဆက်ကာ ရိပ်ခနဲရိုးခနဲ ထင်ဟပ်လွန်းသောအခါ ရေးဖို့ဝေး၊ အနယ်ကျအောင်ပင် မတွေးသာတော့။ ခက်သည်က တွေ့သမျှ အာရုံ၊ ကြုံသမျှအရေးတိုင်းကို အမိမြေမှာဆိုလျှင် … ဟူသည့်အစွဲလေး တပ်လိုက်မိမြဲ။ ပမာဆိုစို့ … ဆွမ်းစားလျှင်ပင် အော် … ဒီမှာတော့ အရာရာ လွယ်ကူလိုက်တာ၊ အအေးလို အအေး၊ အပူလို အပူ ခဏချင်းနှင့် ဖန်တီးနိုင်၊ ကိုယ်တို့ပြည်မှာဆို … အထူးသဖြင့် ဟိုး … ကျေးလက်ဒေသတွေမှာဆို ထင်းလေး သုံး လေးချောင်းနှင့် မျက်ခမ်း စပ်အောင် မီးမှုတ်ရင်း သံဃာ ဆွမ်းလောင်းနိုင်အောင် အားထုတ်တတ်ကြရှာသော ကျေးလက်ပျော်တို့ရဲ့ သဒ္ဓါတရားများ အစ …၊ ထွက်သမျှ “ဂက်စ်” တို့သည် ပြည်ပသို့ စီးသွားကာ မှောင်မြဲ မှောင်ကျန်ခဲ့သော တိုင်းပြည်ကြီးအကြောင်း။


    တဖန် … ဘုရားဝန်ထက်၊ စစ်အာဏာရှင်ဝန်ကို ဆောင်မိနေရှာသော အသုံးချခံ ညီတော် နောင်တော်များ၊ တိုင်းပြည်အာဏာ ဖွံ့ဖြိုးရေးထက် တဦးတယောက်ကို ကာကွယ်ရေးကို ပဓာနပြုကာ တိုင်းပြည်အရေး ဆွေးနွေးတောင်းဆိုလာသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ဘယ်သူ့ကိုမဆို ဆွေးနွေးညှိုနှိုင်းဖို့ထက် ချေမှုန်းဖို့ အားသန်သော လူတစုအကြောင်း များ၊ ပြည်သူ့ရိက္ခာကိုစားနေပါလျက် အစိုးရက လစာတိုးပေးတယ်ဆိုပြီး အမှန် မတွေးတောတတ်တော့သည့် လူလတ်တန်းစား မဖြစ်နိုင်သေးသော ဝန်ထမ်းများအကြောင်း၊ စသည် စသည်တို့ကား ကိုယ့်မနောဒွါရမှာ အလှည့်ကျ နေရာယူရင်း ကညစ်ချော်စေခဲ့ တာတော့ အမှန်။


    ခုတော့ တာဝန်ကျေသော ကလောင်ရှင်ဖြစ်ဖို့ အားထုတ် ဉာဏ်ထုတ်ကာ စာတွေရေးရဦးမည်။ ပူသော အေးသော ထင်ရှားလာတတ်သော ဓမ္မာရုံတို့ကို စစ်ငင်ကာ စာမျက်နှာတွေပေါ် “ကညစ်” တင်ရပေဦးမည်။


ခုလောလောဆယ်တော့ နောင်သုံးရက်တွင် ရောက်ရှိလာမည့်ကိုယ့်မွေးနေ့အတွက် တောင်းဆိုလာသည့်အစ်မတော်တွေ၊ နှမတော်တွေ၊ ရေးဖော်တွေကို သူတို့မေးထားသည့် အာဇီဝဋ္ဌမက သီလဆောက်တည်ပုံလေးကို


အဇ္ဇတဂ္ဂေ ပါဏုပေတံ ပါဏာတိပါတာ ဝိရမာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ အဒိန္နာဒါနာ ဝိရမာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ ကာမေသုမိစ္ဆာစာရာ ဝိရမာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ မုသာဝါဒါ ဝိရမာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ ပိသုဏယဝါစာယ ဝိရမာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဖရုသာယဝါစာယ ဝိရမာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ သမ္ဗပ္ပလဝါစာ ဝိရမာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ မိစ္ဆာဇီဝါ ဝိရမာမိ။


ဤနှယ်ဆောက်တည်ရသည်ဟု မွေးနေ့လက်ဆောင်အဖြစ်ပေးရင်း … နှစ်သိမ့်ရဦးမည်လေ … ။
ကံထွန်းသစ်
04/10/2015
1:05 A.M.

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET