မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

အပါယ်နဲ့ဝေးတဲ့လူ
(ကြောက်ရွံ့ခြင်းကင်းလိုသူ၊အပါယ်နှင့်ဝေးလိုသူတိုင်းဖတ်ဖို)

Dhammabayrisayadaw
ဓမ္မဘေရီ အရှင်ဝီရိယ

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ကျရောက်သော
'ဓမ္မဘေရီဆရာတော်'၏ (၆၉) နှစ်ပြည့်မွေးနေ့ အမှတ်တရလက်ဆောင်အထူးဆောင်းပါး။

    အနယ်နယ်အရပ်ရပ်မှာ၊ အထူးသဖြင့်တော့အမေရိကနှင့်သြဇီတို့မှာ တရားပွဲပဲဖြစ်ဖြစ်၊  ဓမ္မသင်တန်းပဲ ဖြစ်ဖြစ်ပြုလုပ်တဲ့အခါ  တစ်နာရီဟောကြား၊ တစ်နာရီမေးလိုရာမေး (ဖြေလိုရာဖြေ)အချိန်အဖြစ်သတ်မှတ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်များအနေနဲ့သိသင့်တာများရော၊ ပြင်သင့်တာများရော၊ သိချင်တဲ့ အကြောင်းအရာများရော၊ လိုအပ်ချက်အဖုံဖုံကိုခန့်မှန်းသိခွင့်ရလိုက်ပါတယ်။

.

 

        ဝေနေယျသတ္တဝါတို့ရဲ့အလိုအဇ္ဈာသယနဲ့ ဣနြေ္ဒအနုအရင့်ပမာဏကိုသိ တော်မူတဲ့ ဘုရားရှင်အနေနဲ့ တရားဟော တိုင်းဟောတိုင်း၊ တရားနာ ပရိသတ်အတွက်၊ အနာနဲ့ဆေးကွက်တိဖြစ်ကြလို့ ဒေသနာအဆုံးမှာ အကျိုးထူးတွေအဆင့် ဆင့်ရပြီးကျွတ်တမ်း ဝင်ကြသူတွေ ရာထောင်သောင်းပေါင်း များစွာရှိတယ် လိုပိဋကတ်တော်မှာတွေ့ရပါတယ်။


    တပည့်သားများ၊ အထူးသဖြင့် ပုထုဇဉ်တပည့်သားများအနေနဲ့ကတော့ တရားနာပရိသတ်ရဲ့ အလိုအဇ္ဈာသယနဲ့ ဣနြေ္ဒအနုအရင့်ဆိုတာ၊ သူတို့တွေက ဖွင့်ဆို လျှောက်ထား မေးမြန်းလာမှ ရိပ်ဖမ်းသံဖမ်းအကဲခတ်နိုင်မှာဆိုတော့ အမေးအဖြေကဏ္ဍလေး လုပ်ပေးထားတာက အတော်လေးတော့ ကျေးဇူး များပါတယ်။ အထူးသဖြင့်တော့ ''ဘာတရားဟောရမည်''လို့ မသိတဲ့ပြဿနာကို အတော်လေး ပြေလည်စေခဲ့တယ်။ သူတို့မေးတာကို ဖြေကြားရင်း တရားတစ်ပွဲ အလိုလိုပြီးမြောက်သွားတာအတော်လည်းများတယ်။ သူတို့သိချင်နေတဲ့ အကြောင်းအရာဖြစ်လို့ ဟောကြားမှုအပေါ်မှာ ပိုပြီးတော့လည်း စိတ်ဝင် စားကြတ တွေ့ရပါတယ်။


    အဲဒီလို ဆရာဒကာ မေးဖြေဆွေးနွေးကြရင်းက၊ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစု မရေမရာ၊ ဇဝေဇဝါဖြစ်ပြီး အတော် အကြောက်ကြီးနေကြတဲ့ ပြဿနာတစ် ရပ်ကို သွားတွေ့ရပါတယ်။အဲဒါကဘာလဲဆိုတော့ -


    ''လူ့လောကမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၊ ရှာဖွေစားသောက် နေကြသူတွေရဲ့ တစ်နေ့တာ လုပ်ဆောင်ချက် (ကံ) တွေထဲမှာ အပါယ်ရောက်ကြောင်း အကုသိုလ်ကံတွေနဲ့ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကံတွေ ဘယ်ဟာက များနေမလဲ '' ဆိုတဲ့ ပြဿနာပါ။


    အံ့သြစရာကောင်းတာကတော့ ပရိသတ်အားလုံးလိုလိုက၊ အဲ! ''လိုလို'' တောင် မဟုတ်ပါဘူး၊ အားလုံးကပါပဲ ''အပါယ်ရောက်ကြောင်း အကုသိုလ်တွေက များပါတယ်'' လို့ချည်း ဖြေကြတဲ့အချက်ပါ။


    တကယ့်ကိုပါပဲ၊ သူတို့တွေရဲ့ ဖြေဆိုသံကိုကြားရတိုင်း တရုတ်ရာဇဝင်ဇာတ်ကား တွေထဲက ရှင်ဘုရင့်ရှေ့ အစစ်ဆေး ခံဖို့ ရောက်လာ သူတွေအားလုံးလိုလို၊ ရှင်ဘုရင်က ဘာမှမမေးမမြန်းရခင်ကတည်းက လက်နှစ်ဖက် ရှေ့မှာထောက်၊ ဦးခေါင်းကိုငုံ့တဲ့ပြီး ''ကျွန်တော် မျိုးကြီး သေသင့် ပါတယ်''လို့ ကြောက်လန့်တကြား အော်ပြီး လျှောက်တင် ကြတာကို ပြေးပြီး ကြားယောင်မြင်ယောင် ဖြစ်မိပါတယ်။


    လူတွေရဲ့ နေ့စဉ်ပြောဆို၊ ကြံဆ၊ လုပ်ကိုင်ကြသမျှတွေမှာ အပါယ်ရောက် ကြောင်း အကုသိုလ်တွေက တကယ်ပဲ များနေပါ သလား။ အမှန်ကတော့ ကိလေသာနဲ့ ဒုစရိုက်ကို ကွဲကွဲပြားပြားနားမလည်ကြတဲ့အတွက် ကိလေသာတွေ မပယ်နိုင်သေးတာ ကိုပဲ ဒုစရိုက်အပြစ်တွေကြီးနေတယ်လို့ ရောထွေး မှတ်မှား ဖြစ်ကြပြီး အပြစ်မကြီးဘဲနဲ့ အကြောက်ကြီး နေကြတာပါ။

 

    ဒီကိစ္စ အမြင်ရှင်းဖို့အတွက် ဒီစာကိုရေးလိုက်ပါတယ်။ အပယ်နဲ့ဝေးစေဖို့သာမက အရာရာကို ကြောက်နေ ကြလွန်းတဲ့ ''ကြောက်ကျင့်ပါ'' နိုင်ငံ သားတို့အတွက် ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေဖို့ ရည်ညွှန်းပါတယ်။


    အရွယ်ရောက်လာသူ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ''မကောင်းမှုအကုသိုလ်ဆိုတာ အပါယ်ဒုဂ္ဂတိ ကျရောက်စေတတ်တယ် (အကုသိုလ်လုပ်ရင် ငရဲကြီးတတ်တယ်)''ဆို တာကိုတော့ ကြားဖူးနားဝများကြပါတယ်။


    အဲဒီအကုသိုလ်ဟာ သဘောတရားနဲ့လက်တွေ့၊ သို့မဟုတ်၊ ကိလေသာနဲ့ ဒုစရိုက်လို့ နှစ်မျိုးကွဲပြားတယ် ဆိုတာကိုတော့ ရေရေရာရာသိသူ နည်းကြပါတယ်။


    ပထမဆုံး ''သဘောတရားအကုသိုလ်နဲ့ လက်တွေ့အကုသိုလ်'' ဆိုတာကို အ မြင်ရှင်းစေချင်ပါတယ်။
    ဗုဒ္ဓဘာသာဝင်တိုင်း (အခုဆို တခြားဘာသာဝင်အချို့လည်းအပါအဝင်) ကြားဖူး နားဝရှိထားတဲ့ ''လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန(မိဒ္ဓ)၊ ဥဒ္ဓစ္စ၊ အဟိရိက,အနောတ္တပ္ပ'ဆိုတဲ့ အမည်ဆိုးနဲ့ထင်ရှားကျော်ကြားတဲ့တရားတွေဟာ သဘောတရားအနေနဲ ပုထုဇဉ်တို့ရဲ့သန္တာန်မှာ ရှိနေကြတာချည်းပါပဲ။     ဒီတရားတွေဟာ ပင်ကိုယ်အားဖြင့် အပြစ်ကင်းစင်တဲ့ စိတ်တွေကို ညစ်နွမ်းသွားစေတဲ့အတွက်ကြောင့် 'ကိလေသာတရားများ' လို့ခေါ်ပါတယ်။


    သတ္တဝါတို့ရဲ့သန္တာန်မှာ ဒီကိလေသာတရားတို့ရဲ့ တည်ရှိဖြစ်ပေါ်မှု အဆင့်ဆင့် ကတော့ -
    ၁။    အကြောင်းတိုက်ဆိုင်လျှင် မီးပွင့်နိုင်သည့် မီးခြစ်ကျောက်အတွင်းက မီးဓာတ်ပမာ၊ အကြောင်းတိုက်ဆိုင်လျှင် ဖြစ်နိုင်ချေသဘောမျိုးနဲ့ ကိန်းဝပ် တည်ရှိ နေတဲ့အဆင့်။ ဒီအဆင့်မှာကာယ၊ ဝစီ၊ မနောဆိုတဲ့ ကံသုံးပါး အဆင့်မရောက်သေး ပါဘူး။ ( ''အနုသယကိလေသာ''လို့ ခေါ်ပါတယ်။)


    ၂။    ''မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်'' ဆိုတဲ့ အတွင်းက အာရုံယူအင်္ဂါငါး ရပ် (ဒွါရငါးခု)နဲ့ ''အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ'' ဆိုတဲ့ အပြင်အာရုံ ငါးခု တို့ တိုက်ဆုံမိတဲ့အခါ၊ ကျေနပ်စိတ်၊ မကျေနပ်စိတ်၊ ချစ်ခင်စိတ်၊  မုန်းတီးစိတ်အဖြစ် နဲ့ ထြ<ွကလာတဲ့အဆင့်။ ( ဒီအဆင့်မှာ မနောကံအဆင့်ကို ရောက်လာပါပြီ။ ဒါကို ''ပရိယုဋ္ဌာနကိလေသာ''လို့ ခေါ်ပါတယ်။ အရပ်ထဲမှာ ပြောဆိုလေ့ရှိတဲ့ ''အသဲယားလာတယ်၊ ရင်ထဲမှာ ကလိကလိ ဖြစ်လာတယ်'' ဆိုတာမျိုးပေါ့။


    ၃။    ဒွါရနဲအာရုံတိုက်ဆုံမှုကြောင့် ဖြစ်ပေါ်ထြ<ွကလာတဲ့ ကိလေသာတရားတို့ကို မနောကံအဆင့်မှာသာ မထိန်း ချုပ်နိုင်တော့ဘဲ ကာယကံ၊ ဝစီကံမြောက် လွန်ကျူးမိ သွားတဲ့အဆင့်။ (ဒီအဆင့်မှာ ကာယဒုစရိုက်၊ ဝစီဒုစရိုက် အဆင့် ထိရောက်လာ ပြီဖြစ်လို့ ''ဝီတိက္ကမကိလေသာ''လို့ ခေါ်ပါတယ်။)


    အဲဒီလို သုံးဆင့်၊ သုံးမျိုးရှိပါတယ်။ဒီသုံးဆင့်ထဲကပထမဆုံးဖြစ်တဲ့ အနုသယ အဆင့်ဆိုတာ အကုသိုလ်သဘောတရား အဖြစ်တောင် ပီပီပြင်ပြင် မရောက်သေးတဲ့ မျိုးစေ့အဆင့်မျိုးပါ။


    ဒုတိယဖြစ်တဲ့ ပရိယုဋ္ဌာနအဆင့်မှာတော့ ဖြစ်တဲ့ပုဂ္ဂိုလ်သန္တာန်မှာ အကုသိုလ် သဘောတရား ပီပြင်လာပါပြီ၊ သို့သော် ဒီအဆင့်မှာ (အဘိညာဉ်မရကြတဲ့) အခြားသူ များအနေနဲ့ သိသာမြင်သာဖြစ်အောင် ပုံမပေါ်သေး (ပတ်ဝန်းကျင် အပေါ်သက် ရောက် မှုမရှိသေး)လို့သဘောတရား အကုသိုလ်အဆင့် လို့သာဆိုရမှာပါ။


    ဒီအဆင့်မှာပဲ ဘေးလူများမသိနိုင်သေးပေမဲ့ ပြစ်မှုကျူးလွန်ရာရောက်ပြီ၊ ကံမြောက်ပြီ၊ ဒုစရိုက် အဆင့်ရောက်ပြီ လို့ ဆိုနိုင်တဲ့ မနောကံသုံးမျိုး ရှိပါတယ်။


    (က)    သူတစ်ပါးပိုင်ဆိုင်စောင့်ရှောက်ထားတဲ့ ပစ္စည်းဥစ္စာ(သက်ရှိ/သက်မဲ့)တို့ကို မတော်မတရား ရယူဖို့ စဉ်းစား၊ စိတ်ကူး၊ အကြံထုတ်နေမှုဆိုတဲ့ ''အဘိဇ္ဈာ'' ။


    (ခ)    သက်ရှိဖြစ်တဲ့ သူတစ်ပါးကို ညဉ်းဆဲ၊ သတ်ဖြတ်၊ ဒုက္ခပေးဖို့ စဉ်းစား၊ စိတ်ကူး၊ အကြံထုတ်နေတဲ့ ''ဗျာပါဒ''။


    (ဂ)    ကံနဲ့ကံအကျိုးကို လုံးဝငြင်းဆန်၊ လက်မခံတဲ့ ''မိစ္ဆာဒိဋ္ဌိ'' တို့ပဲ ဖြစ်ပါ တယ်။


    ဒါတွေက အဘိဓမ္မာသဘောတရားတွေကို ခြေခြေမြစ်မြစ်သိလိုသူတို့အတွက် စဉ်းစားနိုင်ဖို့ ရေးလိုက်တာပါ။
    အပါယ်လွတ်ရေး၊ နိဗ္ဗာန်ရောက်ရေးအတွက်ကျင့်သုံးလိုသူ၊ တစ်နည်းအားဖြင့် ပြောဖို့အတွက်မလို၊ ကျင့်တတ်ဖို့သာ လိုသူများအတွက် အကျဉ်းချုပ်သိထားသင့်တာ ကတော့ -


    ဒီသဘောတရားအကုသိုလ်လို့ခေါ်တဲ့ ကိလေသာအကုသိုလ်(၁ဝ)မျိုးထဲမှာ မုချအပါယ်ဒုဂ္ဂတိ လားရောက်စေနိုင်တဲ့ အကုသိုလ်က ကံနဲ့ကံ၏အကျိုး ကို ငြင်းဆန် ပယ်ရှားတဲ့ ''မိစ္ဆာဒိဋ္ဌိ'' နဲ့ သင်္ခါရတရားမှန်သမျှတို့ရဲ့ ကြောင်းကျိုးဆက်ဖြစ်စဉ် (ပဋိစ္စသ မုပ္ပါဒ်)ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လက် ခံနိုင်ခြင်းမရှိဘဲ ယုံမှားတွေဝေနေတဲ့ ''ဝိစိကိစ္ဆာ''တို့ပဲ ဖြစ်ပါတယ်။


    ကျန်တဲ့ကိလေသာဖြစ်တဲ့ ''လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ထိန(မိဒ္ဓ)၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ'' ဆိုတဲ့ သဘောတရားအကုသိုလ် ၈-မျိုးတို့ကတော့ သဘောတရားအဆင့်မှာသာဖြစ်ပေါ်ပြီး ကာယကံ၊ ဝစီကံမြောက်အောင် လက်တွေ့လွန်ကြူးမှု မဖြစ်သေးသမျှ ဒုစရိုက်မမြောက်သေး တဲ့အတွက် အပါယ်ဒုဂ္ဂတိကိုလည်း မကျ ရောက်စေနိုင်ပါဘူး။


    ဗုဒ္ဓဘာသာဝင်တို့ သဘောပေါက်ဖို့အတွက် အထင်ရှားဆုံးသာဓကတစ်ခုကိုပြော ရမည်ဆိုလျင် ဘုရားရှင်ရဲ့ကျောင်းအစ်မကြီး ဝိသာခါရဲ့ အတ္ထုပ္ပတ္တိပါပဲ။


    ဝိသာခါအမျိုးကောင်းသမီးက (၇)နှစ်သမီးမှာ သောတာပန်ဖြစ်ခဲ့တယ်ဆိုတာ ကြားဖူးကြမှာပါ။ သောတာပန်ဖြစ် သွားတဲ့အတွက် ကိလေသာခေါ်တဲ့ သဘောတရား အကုသိုလ်တွေထဲက ဘယ်လောက်လျော့ပါး ကင်းပျောက်သွားသလဲဆိုရင် ''ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ''ဆိုတဲ့ ကိလေသာနှစ်ပါးကိုသာ အြ<ွကင်းမဲ့ ပယ်သတ်နိုင်ပါတယ်။ ကျန်ကိလေသာတွေကို မပယ်နိုင်ပါဘူး။


    ''သောတာပန်တို့မှာ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ ကင်းပြီ'' ဆိုတဲ့စကားကို အလေးအနက်သ ဘောပေါက်ဖို့တော့လိုပါတယ်။  ''ဒိဋ္ဌိကင်းတယ်''ဆိုတာက ကံနဲ့ ကံရဲ့အကျိုးကို ယုံ ကြည်ကာမတ္တမဟုတ်ဘဲ ဥာဏ်နဲ့ပါထိုးထွင်းသိမြင် လက်ခံသွားတာပါ။


    ဒီကမ္မဿကတသမ္မာဒိဋ္ဌိနေရာမှာ-ပုထုဇဉ်နဲ့အရိယာတို့ရဲ့ခြားနားချက်ကတော့၊ ပုထုဇဉ်တိုက ယုံကြည်တဲ့ သဒ္ဓါကလွန်ကဲပြီး သိမြင်တဲ့ ဥာဏ်နည်းပါးကြတယ်။ အရိယာတိုကသဒ္ဓါနဲ့ပညာမျှတတယ်။ ဥပမာအနေနဲ့ပြရမယ်ဆိုရင် ပုထုဇဉ်တို့ရဲ့အကုသိုလ် အပေါ်မှာ ယုံကြည်မှုက ''အရက်သောက်တာ မကောင်းဘူး''လို့ သိမှတ် ယုံကြည်ပုံမျိုး။ အရိယာတို့က''အဆိပ်သောက် ရင်သေတတ်တယ်''လို့ သိမြင်ပုံမျိုးပါ။

 အရက်သောက်တာ မကောင်းဘူးဆိုနေပေမယ့် သောက်ကြည့်ကြသူတွေ့၊ သောက် ကျင့်ပါနေသူတွေ့အများကြီးရှိတယ်။ အဆိပ်ကို ကျတော့ ဘယ်သူမှ မြည်းမကြည့်ဝံ့ကြဘူးမဟုတ်လား။ သောတာပန်အရိယာပုဂ္ဂိုလ်များအနေနဲ့''မကောင်းတဲ့ကံကမကောင်း ကျိုးပေးတယ်၊ ကောင်းတဲ့ ကံက ကောင်း ကျိုးပေးတယ်''ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့ ထိုးထွင်းသိမြင်သွားပြီဖြစ်လို့ သေစေတတ်တဲ့ အဆိပ်ကို မြည်းစမ်း မကြည့်ကြသလို ဒုစရိုက်အကုသိုလ်ကို (ဆိတ်ကွယ်ရာအရပ်မှာပင်ဖြစ်စေ) ကျူးလွန် ပြစ်မှားခြင်းဆိုတာ လုံးဝမရှိတော့ပါဘူး။


    ကုသိုလ်ကံအပေါ်ထားရှိတဲ့ သဘောထားချင်းကလည်း ပုထုဇဉ်တို့က ''သရက်သီးအမှည့်က ချိုတယ်'' ဆိုသလောက်ပဲ၊ မစားမဖြစ်ဆိုတဲ့ သဘောမျိုး မဟုတ် ဘူး ဒါကြောင့် ကြုံရင်စားမယ်၊ မကြုံရင်မစားဘူးလို့ သဘောထားတယ်။ အရိယာတို့ ကတော့ ''သဗ္ဗေသတ္တာ အဟာရဌိတိကာ''ဆိုတဲ့အတိုင်း အစားစားမှ အသက်ရှည်မယ်၊ အစားပြတ်ရင် သေတတ်တယ်'' လို့ သိမြင်လက်ခံတဲ့ သဘောမျိုးဖြစ်လို့ နေ့စဉ်ဘဝ အတွက် အစားမစားဘဲ မနေနိုင်သလို ကုသိုလ်ကောင်းမှုလုပ်ခွင့်ရလျှင်လည်း လုပ်နိုင် စွမ်းရှိသမျှ မလုပ်ဘဲ မနေနိုင်တော့ပါဘူး။

      သင်္ခါရဓမ္မတို့ရဲ့ ကြောင်းကျိုးဆက် ဖြစ်စဉ်အ ပေါ်မှာလည်းလုံးဝသံသယမရှိဥာဏ်နဲ့သိမြင်သွားပါတယ်။
    ဒါကြောင့် အောက်အောက်အရိယာပုဂ္ဂိုလ်တွေမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာအကုသိုလ်တွေ သဘောတရားအနေနဲ့ ရှိနေပေမဲ့ ဝီတိက္ကမဆိုတဲ့ လက် တွေ့အဆင့်ရောက်အောင် ကျူးလွန်ပြစ်မှားခြင်း မရှိပါဘူး။ ဒါကြောင့်လည်း အပါယ်မျိုးစေ့လုံးဝကင်းပြီလို့ ဆိုနိုင်တာပါ။


    (၇)နှစ်သမီးအရွယ်မှာ သောတာပန်ဖြစ်ခဲ့တဲ့ ဝိသာခါအမျိုးသမီးဟာ တဏှာလောဘကိလေသာ မကုန်ခန်း တဲ့အတွက် အချိန်တန်အရွယ်ရောက်တဲ့အခါ အိမ်ထောင်ပြုပါတယ်၊ ပြုသမျှ သားသမီးနှစ်ကျိပ်တောင်ရပါတယ်။

        ဒါပေမယ့် တဏှာလောဘကြောင့် ကျူးလွန်ပြစ်မှားလေ့ရှိတဲ့ လိမ်ညာ၊ ကုန်းချောစတဲ့ ဝစီဒုစရိုက် မျိုး၊ ခိုးဝှက်၊ သူသားအိမ်ရာဖျက်ဆီးစတဲ့ ကာယဒုစရိုက်မျိုး လုံးဝမရှိပါဘူး။ သဘောတရားအရသာ တဏှာလောဘ ရှိနေသော်လည်း လက်တွေ့အရ တဏှာလောဘကို အကြောင်းပြုပြီး ကျူးလွန်တဲ့အပြစ်ဒုစရိုက် ကင်းပါတယ်။ ဒါကြောင့် အပါယ်ဒုဂ္ဂတိကို ဘယ်တော့မှ မကျရောက်နိုင်တော့ပါဘူး။


       နောက်တစ်ခုက လက်တွေ့အကုသိုလ်လို့ဆိုရမည့် ဒုစရိုက်ကံအကုသိုလ်ပါ။ ဒုစရိုက်တရား(၁ဝ)ပါးဆိုတာကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူး နားဝရှိကြပြီးဖြစ်လို့ အထူးရေတွက်မပြတော့ပါဘူး။


        ဒီဒုစရိုက်ကံမြောက်တဲ့ လက်တွေ့အကုသိုလ်နဲ့ပတ်သက်လို့ သဘောပေါက် နားလည်ထားရမည့်အချက်က တော့ ''ပဉ္စာနန္တရိယကံ ငါးပါး''လို့ခေါ်တဲ့ (၁)အမိသတ်ခြင်း။ (၂)အဖသတ်ခြင်း။ (၃)ရဟန္တာသတ်ခြင်း။ (၄)ဘုရားရှင်ကို သွေးစိမ်း တည်အောင်(ထိခိုက်ရှနာအောင်)ပြုလုပ်ခြင်း။ (၅)သံဃာကိုကွဲပြားအောင် လုပ်ခြင်းဆိုတဲ့ ကံငါးပါးသာ ''ကုရာနတ္ထိ ဆေးမရှိ ''အဖြစ်နဲ့ အပါယ်ဒုဂ္ဂတိကို မုချရောက်စေပါတယ်။

     ကျန်အကုသိုလ်ဒုစရိုက်တွေကတော့ ''ကုရာနတ္ထိ ဆေးမရှိတာတွေမဟုတ်ဘူး။ ကုရာဆေးရှိတယ်၊ ကုသရင်အပါယ်ဘေးက လွတ်တယ်'' ဆိုတာကို ကွဲကွဲ ပြားပြား သဘောပေါက်ထားသင့်ပါတယ်။


    အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟောကြား တော်မူတဲ့အလိုအရ အကုသိုလ်ကို ကုသတဲ့ဆေးက ကုသိုလ်ပဲဖြစ်ပါ တယ်။


    ''လောဏကပလ္လ''ဆိုတာ မြန်မာလိုတော့ ''ဆားခွက်''လို့ အဓိပ္ပါယ်ရပါတယ်။ ဆားခွက်နဲ့ရေကို ဥပမာပြပြီး  အကုသိုလ်ကို ကုသိုလ်နဲ့ ကုသနိုင်ပုံကို ဟောကြားရှင်းပြ တော်မူတဲ့သုတ်ပါ။


    ''အကုသိုလ်ပြုသူဟာ အကုသိုလ်သက်သက်ကိုသာပြုတယ်၊ ကုသိုလ်ဆိုလို့ ဘာမှကိုမသိသူ၊ ဘယ်ကုသိုလ် မှလည်း မပြုသူဖြစ်ခဲ့ရင်တော့ ဒီလိုပုဂ္ဂိုလ်မျိုးဟာ အကုသိုလ်ကံ သေးသေးငယ်ငယ်ကလေးပင်ဖြစ်စေဦးတော့ အပါယ်ဆင်းရဲကို ကျရောက်ခံစားရနိုင်တယ်။


    အကုသိုလ်ကံကို မကင်းနိုင်တဲ့အတွက် ပြုမှားမိကြပေမယ့်၊ သီလ၊ သမာဓိ၊ ပညာ၊ သမထဘာဝနာဆိုတဲ့  ကုသိုလ်တရား များကိုလည်း မကင်းမကွာ ပြုလုပ်ပွားများ လေ့ရှိတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးဟာ အပါယ်ဆင်းရဲကို နည်းနည်းကလေးတောင် မခံစားရပါဘူး''လို့ ပထမဆုံး ရှင်းပြပါတယ်။


        ပြီးတော့မှ ဆားခွက်ဥပမာနဲ့ထင်ရှားအောင်ပြပြီး အခိုင်အမာပြု သင်ကြားတော်မူ တာပါ။
    ''ဥပမာ ဆားတစ်ခွက်ဟာ သူ့ချည်းလည်း စားမဖြစ်အောင် ငန်တယ်။ ရေတစ် ခွက်စာလောက်ထဲ ထည့်ဖျော်ထားလျှင်လည်း ငန်မြဲငန်နေဦး မယ်။ သောက်လို့မရနိုင် သေးဘူး။ အဲဒီဆားတစ်ခွက်စာကို ချောင်းရေ၊ မြစ်ရေတို့လို ရေအများကြီးထဲမှာ ထည့်ဖျော် လိုက်ရင်တော့ ဘယ်လိုဖြစ်သွားမလဲ။ ဆားစွမ်းပြပြီး ငန်နိုင်ပါဦးမည်လား''လို့ မေးခွန်း ထုတ်ပြီးမှ၊ ရေများသွားရင် ဆားက အစွမ်းမပြနိုင်၊ မငန်နိုင်တော့ကြောင်း ရဟန်းများက ပြန်ကြားတဲ့အခါ-


    အဲဒီဥပမာအတိုင်းပဲ၊ အကုသိုလ်ဆိုတာ ဆားနဲ့တူတယ်။ ဆားဟာ နည်းနည်းများများ၊ ငန်သလို ဒုစရိုက်ကံ မြောက်တဲ့ အကုသိုလ်ဟာလည်း နည်းနည်းများများ အပါယ်ဒုက္ခခံစားရနိုင်တယ်။


    ရေများများထဲ ပျံ့ပြယ်သွားတဲ့အခါ ဆားဟာဆားစွမ်းမပြနိုင်၊ မငန်နိုင်တော့သလို၊ ကုသိုလ်တရားက အင်အား ကောင်းသွားတဲ့ အခါ  အကုသိုလ် ဒုစရိုက်များဟာလည်း အကုသိုလ်စွမ်း မပြနိုင်တော့ဘူး။ အပါယ်ဆင်းရဲကျိုးကို မပေးနိုင်တော့ဘူးဆိုတဲ့အကြောင်း ရှင်းလင်းဟောကြား သင်ပြတော်မူ ခဲ့ပါတယ်။


    (ဒီနေရာမှာ ''သင်ကြား''ဆိုတဲ့စကားကို သုံးလိုက်ရတာကတော တရားဆိုတာ နာယူပြီး သာဓုခေါ်ဖို့အတွက် မဟုတ်ဘူး၊ တတ်ဖို့၊ သိဖို့၊ အသုံးချ တတ်ဖို့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိစေချင်လို့ တမင်သုံးလိုက်တာပါ)။


    ဒီလောက်ဆိုရင် စောစောကပြောခဲ့တဲ့ တစ်နေ့တာလုပ်ဆောင်သမျှတွေထဲမှာ အပါယ်ရောက်ကြောင်း အကုသိုလ်တွေနဲ့ နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တွေ ဘယ်ဟာက များသလဲဆိုတဲ့ပြဿနာနဲ့ပတ်သက်လို့ ဆင်ခြင်တုံ မဲ့ ကြောက်ကျင့်ပါ အဖြေရိုးကြီးတွေနဲ့မတူတဲ့ အဖြေမှန်ကို ဆင်ခြင်စဉ်းစားနိုင်လောက်ပြီလို့ ထင်ပါတယ်။


    ဒီပြဿနာမှာ ''အပါယ်ရောက်ကြောင်း''ဆိုတဲ့ ဝိသေသနပုဒ်ထည့်ထားတာကိုက-
    အကုသိုလ်မှာ အပါယ်ရောက်ကြောင်းဖြစ်တဲ့ အပါယဂမနီယအကုသိုလ်နဲ့ အပါယ်ရောက်ကြောင်းမဖြစ်တဲ့ နာပါယဂမနီယ အကုသိုလ် လို့ နှစ်မျိုးနှစ်စားရှိနေလိုပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစားကြည့်ပါ။


    ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကလွဲလို့ ကျန်ကိလေသာအကုသိုလ်တွေဟာ သဘောတရား အဆင့်မှာသာရှိပြီး လက်တွေ့ ဒုစရိုက်အဆင့် မရောက်သမျှ နာပါယဂမနီယ=အပါယ် ရောက်ကြောင်း မဟုတ်ပါဘူး။


    လက်တွေ့ဒုစရိုက်ကံအဆင့်ရောက်တဲ့ အကုသိုလ်ကံတွေမှာလည်း ပဉ္စာနန္တရိယ ကံကြီးငါးမျိုးကလွဲရင် ကျန်တဲ့ အကုသိုလ်ဒုစရိုက်ကံတွေကတော့ ရေနဲ့မတွေ့ရတဲ့ဆားပမာ ကုသိုလ်မဖက် အကုသိုလ်ချည်းသက် သက်သာ ပြုထား သူ ဖြစ်ရင်သာ သူပြုတဲ့အကုသိုလ် ကံတွေက အပါယ်ရောက်ကြောင်း (အပါယဂမနီယ) ဖြစ်မှာပါ။


    ''ကုသိုလ်ဆိုတာ အမြဲဆောင်စရာတရား၊ အကုသိုလ်ဆိုတာ မလွှဲမရှောင်သာ တရား''အဖြစ် ကျင့်သုံးကြသူများအဖို့တော့ သူတို့ရဲ့ အကုသိုလ်ကံ တွေဟာ အင်အား ကြီးတဲ့ရေအလျဉ်မှာ ပျော်ဝင်သွားတဲ့ ဆားပမာလို ''အစွမ်း သတ္တိ၊ မရှိလုံးလုံး၊ အညွှန့် တုံး''ဆိုတဲ့ အခြေအနေ မျိုးရောက်သွားပြီး အပါယ်ဒုဂ္ဂတိတို့၊ ဆင်းရဲဒုက္ခတို့ကို မပေး နိုင် တော့ဘူး လို့ သဘောပေါက်ကြရမှာပါ။
    ဒီနေရာမှာ ဒုစရိုက်ကံမြောက်တဲ့ အကုသိုလ်ကံပင် ဖြစ်စေဦးတော့-


အကျိုးမပေးနိုင်ဘဲ အညွှန့်တုံးသွားအောင်ပြုလုပ်ပုံ ပြုလုပ်နည်း နှစ်နည်းရှိတယ်ဆိုတာ ကိုလည်း သဘောပေါက်ထား ရပါလိမ့်မယ်။ ''အဖြတ်နည်းနဲ့ အဖြန့်နည်း''လို့ အကျဉ်း မှတ်သားနိုင်ပါတယ်။


                        -------
    
''အကုသိုလ်ကိုမဖြတ်နိုင်သေးရင်ဖြန့်ထားလိုက်ပါ''


    မြတ်စွာဘုရားဟောတော်မူထားခဲ့တဲ့ ''လောဏကပလ္လ''သုတ်အရ အကုသိုလ်ကို အစွမ်းသတ္တိတုံးသွားအောင် လုပ်နိုင်စွမ်း ရှိတဲ့တရားဟာ ကုသိုလ်တရားပင်ဖြစ် တယ်ဆို တာ သဘောပေါက်လောက်ပါပြီ။


    အကုသိုလ်ကံရဲ့အစွမ်းသတ္တိဆိုတာကလည်း ပဋိသန္ခေကျိုးအနေနဲ့ အပါယ်ဒုဂ္ဂတိ လားရောက်စေနိုင်စွမ်းနဲ့ ပဝတ္တိမှာ ဆင်းရဲ ဒုက္ခအမျိုးမျိုးကြုံတွေ့ခံစား ရနိုင်စွမ်းဖြစ် တယ်ဆိုတာလည်း ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးသားပါ။


    အကုသိုလ်အစွမ်းသတ္တိတွေကိုတုံးသွားအောင် ကုသိုလ်တရားကလုပ်ဆောင်တဲ့ နေရာမှာ အမြစ်ပြတ် ပျောက် ပျက်အောင် ဖြတ်ပစ်တဲ့နည်းနဲ့ အစွမ်းသတ္တိတွေ ပျောက် ပြယ်သွားအောင် ဖြန့်ပစ်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။


    အားလုံးကြားဖူးနားဝရှိထားကြတဲ့အတိုင်း ဆိုင်ရာဆိုင်ရာ အကုသိုလ်ကို အမြစ် ပြတ်ပယ်ဖြတ်နိုင်စွမ်းသတ္တိဆိုတာ ''မဂ်''လို့ ခေါ်တဲ့ လောကုတ္တရာကုသိုလ်များ သာစွမ်း နိုင်ပါတယ်။ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစုကြီးတို့မှာ အနည်းဆုံး အပါယ်ဒုဂ္ဂတိကို မုချ ရောက်စေတတ်တဲ့ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာလောက်ကို အြ<ွကင်းမဲ့ပယ်ဖြတ်နိုင်တဲ့ သောတာပတ္တိ မဂ်ကုသိုလ် လောက်တောင် မရကြသေးဘူးလို့ထင်ပါတယ်။


    အဲဒီလို''တစ်မဂ်တစ်ဖိုလ်မှမရကြသေးတဲ့ ပုထုဇဉ်အများစုကြီးတို့အနေနဲ့ မဆုံး နိုင်တဲ့ သံသရာခရီး တစ်လျှောက်မှာ အပါယ်ေ ဘးနဲ့ ကင်းဝေးစွာ လျှောက်လှမ်းနိုင် အောင် ဘာလုပ်ကြမလဲ''ဆိုတာဒီနေ့ ဗုဒ္ဓဘာသာဝင်တွေ အရေးတကြီး အသိချင်ဆုံး အရာဖြစ်ပါလိမ့်မယ်။ တိုတိုချုပ်ဖြေရရင်တော့ ''မဖြတ်နိုင်သေးရင် ဖြန့်ထားလိုက်''လို့ပဲ ပြောရပါလိမ့်မယ်။


    ''ဘာနဲ့၊ ဘယ်လိုဖြန့်ရမလဲ''ဆိုရင်တော့ လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟော ညွှန်ထားသလို စွမ်းနိုင်သမျှ ကုသိုလ်ကောင်းမှုများကို မမေ့မလျှော့အားထုတ်ခြင်းနဲ့ ဖြန့်ရမယ်လို့ပဲမှတ်ကြရမှာပေါ့။


    မြတ်စွာဘုရား ဥပမာပြပြီးရှင်းလင်းပြတဲ့ ''ဆားနဲ့ရေ'' ဥပမာလေးကို အသေအချာ သဘောပေါက်အောင် စဉ်းစားကြည့်ကြပါ။ ဆားကို ချောင်းရေ၊ မြစ်ရေ၊ ကန်ရေတွေ ထဲကို ဖြန့်ချလိုက်တဲ့အခါ အငန်ဓာတ်တွေကိုမတွေ့ရတော့ ဘူးဆိုတဲ့နေရာမှာ၊ ဘာကြောင့်မငန်တော့တာလဲ၊ ဒီဆားတွေ ပျောက်ပျက်သွားတာလား၊ ပျောက်ပြယ် သွားတာလား ''ပျက်''နဲ့''ပြယ်''ဆိုတာ အဓိပ္ပါယ်ချင်းမတူကြပါဘူး။ ဒီနှစ်ခုကိုသဘော ပေါက်အောင် စဉ်းစားကြည့်ပါ။


    ရေများသွားတဲ့အခါ ဆားကမငန်တော့ပါဘူး၊ ဒါပေမယ့် အဲဒီရေကိုခန်းသွား အောင်ပြန်ပြီးကျိုချက်ကြည့်မယ် ဆိုရင်တော့ အဲဒီဆားဟာ ပြန်ဖြစ်ပေါ် လာတာတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် ရေအများတည်းရောက်သွားတဲ့ဆားဟာ ပျောက်ပျက်သွားတာ မဟုတ်ဘူး၊ ပျောက်ပြယ် သွားခြင်းသာဖြစ်တယ်လို့ သဘောပေါက်ရမှာပါ။ ပျောက်ပျက် သွားတာက ပြန်စုလို့ မရတော့ဘူး ၊ ပျောက်ပြယ်သွားတာက ပြန်စုလိုရတယ်လို့ အတို ချုပ်သဘောပေါက် နိုင်ပါတယ်။

 

မပြယ်တဲ့ဆားနဲ့ပြယ်တဲ့ဆား
    လောဏကပလ္လသုတ်မှာ မြတ်စွာဘုရားရှင်ပြတာကတော့ ဆားဟာပြယ်မသွား တဲ့အခါ သူ့အစွမ်းသတ္တိပြည့်ဝ နေတဲ့အတွက် ငန်နေမယ်၊ ရေနည်းနည်း ထဲမှာ ပျော်ဝင် နေတယ်ဆိုရင်တောင် အလွန်မပြယ်လှသေးတဲ့အတွက် သောက်မရအောင်ငန်နေပါ လိမ့်မယ်တဲ့။


       ရေကများသွားပြီဆိုရင်တော့ ပျော်ကာမတ္တမဟုတ်တော့ဘူး ပျံ့ပြယ်သွားပြီဖြစ်လို့ ဆားရဲ့အစွမ်းသတ္တိ မထင်ရှား တော့ဘူး၊ မငန်နိုင်တော့ ဘူး၊ သောက်လိုသူတိုင်း သောက်လို့ရနိုင်သွားတယ်။


    ဒီဥပမာအတိုင်းပဲ အကုသိုလ်ဟာလည်း သူ့ချည်းသက်သက်ပြုထားမယ်ဆို ရင်နည်းနည်းကလေးပင်ဖြစ်စေ သူ့အစွမ်းသတ္တိ အပြည့်ရှိနေတဲ့အတွက် အပါယ်ဒုဂ္ဂတိနဲ့ ဆင်းရဲဒုက္ခကျိုးကိုပေးနိုင်ပါတယ်။


    သီလ၊ သမာဓိ၊ ပညာ၊ ကာယဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှုများကိုလည်း စွမ်းနိုင်သမျှ အားထုတ်ကြသူများ အနေနဲ့တော့ သူတို့ပြုလုပ်တဲ့ လောကီကုသိုလ်မှန်သမျှဟာ အကုသိုလ်တွေကို (ပျောက်ပျက်သွားအောင် မပယ်ဖြတ် နိုင်ပေ မယ့်) ပျောက် ပြယ် သွားအောင် ဖြန့်ပစ်နိုင် တဲ့အတွက် အကုသိုလ်တို့သတ္တိပြယ်ပြီး အစွမ်းမပြနိုင်ဖြစ် သွားမယ် လို့ဆိုလိုတာပါ။


    ဒါဘယ်လိုဖြစ်တာလဲဆိုတာကို ခုခေတ်လူငယ်များသဘောပေါက်အောင် ရူပဗေဒဝေါဟာအတိုင်း ပြောရမယ် ဆိုရင်တော့- ရေများတဲ့အတွက် ဆားတွေပျောက် ပြယ်သွားတယ်ဆိုတာ၊ ဆားရဲ့သိပ်သည်းဆတွေလျော့သွားတဲ့ သဘောပါ။ သောက်ကြည့်တဲ့အခါ မငန်တော့ဘူးဆိုတာ သိပ်သည်းဆလျော့သွားတဲ့အတွက် သက် ရောက်မှု လျော့သွား တာလို့ ပြောရင် ရပါတယ်။ သဘောကတော့ ဆားရဲ့အစွမ်းသတ္တိ တုံးသွားတာပါပဲ။


    ကုသိုလ်ကများလာတဲ့အခါမှာလဲ အကုသိုလ်တရားတွေရဲ့ သိပ်သည်းဆတွေ လျော့သွားပါတယ်၊ သိပ်သည်းဆ လျော့သလောက် သက်ရောက်မှုလည်း လျော့ပေါ့ သွားပါတယ်။ သဘောကတော့ အကုသိုလ်ရဲ့အစွမ်း သတ္တိတွေ တုံးသွားလို့ အပါယ် ကျိုး၊ ဆင်ရဲဒုက္ခကျိုးကို ပီပီပြင်ပြင် မပေးနိုင်တော့တာပါဘဲ။


    ဒီနေရာမှာ လူငယ်တွေပိုပြီသဘောပေါက်စေဖို့အတွက် သမိုင်းပညာရှင်ဆရာကြီးဒေါက်တာ သန်းထွန်း ဟောပြောဖြေကြား ခဲ့ဖူးတဲ့ ဖြစ်ရပ် ကလေးတစ်ခုကို ပြောချင်ပါတယ်။


    ဆရာကြီးရဲ့ဟောပြောပွဲတွေပြုလုပ်တဲ့အခါ ဆရာကြီးဟောလိုရာဟောပြီး တဲ့အချိန်မှာ မေးလိုရာမေးခွင့်ပြုလေ့ ရှိပါတယ်။ မြင်းခြံမြို့ က ဟောပြောပွဲတစ်ခုမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဆရာကြီးကို ''ခဲတစ်ပိဿာနဲ့ လဲ(မှို့)တစ်ပိ ဿာ၊ ဘယ်ဟာကပိုလေးပါသလဲ''လို့ မေးပါတယ်။ ဆရာကြီးက ''တကယ်သိချင်တာလား''ဆိုတော့''တကယ်သိချင်လို့ပါ''တဲ့။ဆရာကြီးရဲ့အဖြေကတော့''တကယ်သိချင်ရင် အပေါ်မြှောက်ပြီး ခေါင်း(ဦးခေါင်း)နဲ့ ခံကြည်လိုက်''တဲ့။


    ချိန်ခွင်ပေါ်မှာ အလေးနဲ့ချိန်ကြည့်တဲ့အခါ တစ်ပိဿာချင်းတူညီကြပေမယ့် ခန္ဓာကိုယ်ပေါ်သက်ရောက်လာ တဲ့အခါမှာတော့ သိပ်သည်းဆများတဲ့အရာက သက်ရောက်မှုပြင်းတဲ့သဘောပါ။


    ဒါတွေအားလုံးခြုံငုံစဉ်းစားလိုက်ရင် လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟော ကြာရှင်းပြတဲ့ ဆားနဲ့ရေပမာ အကုသိုလ်ကို ကုသိုလ်က အစွမ်းသတ္တိတုံးအောင် စွမ်း ဆောင်နိုင်ပုံကို သဘောကျလောက်ပါတယ်။


    ကဲ့ ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့တစ်နေ့တာ ကြံစည်ပြောဆိုလုပ်ကိုင်သမျှ ကံတွေထဲမှာ အပါယ်ရောက် ကြောင်း အကုသိုလ်တွေနဲ့ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေဘယ်ဟာကများသလဲဆိုတာ ကိုယ်ပိုင် ဥာဏ်နဲ့ ဆုံးဖြတ် နိုင်လောက် ပါပြီ။ ဖြေကြည့်စမ်းပါ။


    ''ကုသိုလ်တွေကများပါတယ်''တဲ့၊ ခုမှပဲ သုဂတိလူ့ဘုံသားအသံ ပီပီပြင်ပြင်ထွက် တော့တယ်။


    ဟုတ်ပါတယ်၊ သဘောတရား အကုသိုလ်အနေနဲ့လည်း ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာက ဒုစရိုက်မြောက်အောင် မရှိကြပါဘူး။ ''ရတနာသုံးပါကို ကိုးကွယ်ယုံကြည်ပါ၏''လို့ ခံယူလိုက်ကတည်းက ကံမယုံတဲ့ မိစ္ဆာဒိဋ္ဌိနဲ့ ကြောင်းကျိုးဆက် ဖြစ်စဉ် အပေါ် ယုံမှားတဲ့ ဝိစိကိစ္ဆာဆိုတာ ပရိယုဋ္ဌာန အဆင့်အထိတောင် ရောက်မလာကြတော့ပါဘူး။


    လက်တွေ့အကုသိုလ်လို့ဆိုရမဲ့ ဒုစရိုက်အကုသိုလ်ကံတွေထဲမှာလည်း ပဉ္စာနန္တရိ ယကံကြီးငါးပါးမရှိကြပါဘူး။ ကျန်တဲ့အကုသိုလ် ဒုစရိုက်တွေနဲ့မကင်းနိုင်ကြဘူးဆိုပေမယ့်လည်း တစ်နေ့တာကိုစာရင်းချုပ်လိုက်ရင် ကုသိုလ်ကများ ပါတယ်။ ရေများတဲ့အခါ ဆားကအတုံး အခဲအဖြစ် မတည်နိုင်ဘဲ ရေထဲမှာပျံ့နှံ့သွားသလို ကုသိုလ်ကများတဲ့အတွက် အကုသိုလ်ဟာလည်း သိပ်သည်းဆဒီဂရီအပြည့်မရှိတော့တဲ့အတွက် အပါယ်ဒုဂ္ဂတိကို ပစ်ချနိုင်လောက်အောင် စွမ်းအားမရှိကြတော့ပါဘူး။
    

     ''ဒါဖြင့် ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေ တစ်နေကုန်ဟိုပြောဒီပြော၊ ဟိုဟာလုပ်ဒီဟာ လုပ်နဲ့ ဘယ်လိုကုသိုလ်တွေများ များနေကြတုန်းဗျာ''ဆိုရင်ရော၊ ဘယ်နှယ်ပြောရပါ့။


    အဲ- အဲဒါလည်းအရေးကြီးပြန်တယ်၊ အရေးကြီးလို့ ထပ်ပြောလိုက်ဦးမယ်နော်၊ စကားတွေကလည်း ထပ်လိုက်ထားလို့ အပြစ်တင် မစောလိုက်ကြပါနှင့်။


    မှတ်ထားကြပါ (ဒါ- ဆရာကြီးလေသံလုပ်လိုက်တာမဟုတ်ပါဘူး၊ အကြောက်မ ကြီးစေချင်လို့ အားပေးတိုက်တွန်း လိုက်တာပါ)။


    ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးကြရတဲ့ ကုသိုလ်ကံဆိုတာ အကျဉ်းချုပ်လိုက် ရင် သုံးမျိုးပဲရှိပါတယ်။ ဒါကို အားလုံးလိုလို ကလေးပါမကျန်သိလည်း သိပြီးသားများပါတယ်၊ ''မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား''ဆိုတဲ့ သုံးချက်ပါပဲ။


    အဲဒီသုံးချက်ထည်းမှာ မကောင်းမှုကို မကျူးလွန်မိအောင်ရှောင်ကြဉ်နေရင် သီလကုသိုလ်ရပါတယ်၊ ကောင်းမှု ကိုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့စဉ်ကျင့်ဝတ်ဖြစ်တဲ့ ဆွမ်း၊ပန်း၊ရေချမ်းကပ်လှူခြင်းစတဲ့ လှူဒါန်းမှုအမျိုးမျိုးက ဒါနကုသိုလ်ပေါ့၊ရတနာသုံးပါးဂုဏ်ကို ဆင်ခြင်အောက်မေ့ တာ၊ မေတ္တာပို့တာ၊ပွားတာတို့ကသမထဘာဝနာ ကုသိုလ်ပေါ့၊ ဖြူအောင် စိတ်ကိုထားဆိုတာကတော့ ရုပ်နာမ်ဓမ္မတို့ကို ''ဖြစ်ပြီးပျက် နေတဲ့ တရားများသာဖြစ်တယ်၊ တွယ်တာတပ်မက်စရာမဟုတ်''လို့ သဘောပေါက် အောင် နှလုံးသွင်းဆင်ခြင်ပွားများနေတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်ပေါ့။


    အဲဒီတော့ သီလကုသိုလ်တစ်ခုချင်းစီနဲ့ပဲ တိုက်ပြီးစစ်ဆေးကြည်ပါ၊ လွန်ကြူးနေ ချိန်နဲ့ ရှောင်ကြဉ်စောင့်စည်း နေချိန် ဘယ်ဟာကများသလဲ။ ''လွန်ကြူးရင်းဆားတိုး၊ ရှောင်ကြဉ်ရင် ရေတိုး''ဆိုတဲ့ လောဏကပလ္လသုတ်လာ ဒေသနာနည်း အတိုင်း ပြောရရင်၊ ဆားနဲ့ရေ ဘယ်ဟာကများနေ သလဲစဉ်းစားဆုံးဖြတ်ရမှာပေါ့။

 

     တစ်နေ့လုံးမှာ လွန်ကြူးမိတဲ့ သီလပျက်အကုသိုလ်တွေထက် စောင့်စည်းရှောင်ကြဉ်နေတဲ့ သီလစောင့် ကုသိုလ်တွေ ကများနေတယ်ဆိုတာ သဘော ပေါက်လောက်ကြမှာပါ။


    ဒီလိုဆိုရင် ''ကျွန်တော်မျိုးတို့ သေသင့်သလား၊ ရှင်သင့်သလား၊ ကျွန်တော်မျိုး တို့ဟာ အပါယ်ဘေးနဲ့နီးသူတွေ လား၊ ဝေးသူတွေလား၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ်တိုင်ဆုံး ဖြတ်ပါ၊ သူများပါးစပ်နောက်မျှောလိုက်နေရင်တော့ သံသရာ ရေစုန်မျောလို့မဆုံးဖြစ် နေရလိမ့်မယ်။ မြတ်စွာဘုရား သာသနာတော် ဆိုတာ''ပဋိသောတဂါမိ''ဆိုတဲ့အတိုင်း သံသရာ ရေဆန်ကူးတဲ့တရားသာဖြစ်တယ်၊ ရေစုန်မျောတဲ့တရားမဟုတ်ဘူးဆိုတာ ကြပ်ကြပ် သတိထားကြဖို့ပါ။


အားလုံးအပါယ်ဘေးနဲ့ဝေးကြပါစေ။


၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ကျရောက်သော
'ဓမ္မဘေရီဆရာတော်'၏ (၆၉) နှစ်ပြည့်မွေးနေ့ အမှတ်တရလက်ဆောင်အထူးဆောင်းပါး။

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET