မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

  ဥယျောဇဉ်  

Aung San

   မိသားတစ်စု အကျိုးစီးပွား၊ ဆွေမျိုးတစ်စု ကောင်းစားရေးနှင့် အရပ်ဒေသတစ်ခုဖွံ့ဖြိုးမှုအတွက် သက်သက်မျှ မွေးဖွား ချွန်မြခဲ့ခြင်းမဟုတ်ဘဲ လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ပေါက်ရေးနှင့် ခွင့်တူညီမျှဝါဒဖြူစင်သည့်မြေ ဖြစ်လာစေရေးအတွက် အသွေးအသက်ဖြင့် ထွန်ယက်ခဲ့သော နတ်မောက်သားဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးသိတတ်သည့် နိုင်ငံသားတိုင်းကဂုဏ်ပြုကြမည့် နှစ်ရာပြည့်ပွဲတွင် နတ်မောက်သားတို့ကိုယ်တိုင်ရာပြည့်မော်ကွန်း ထိုးကြပေတော့မည်။

.


      ပြည်ထောင်စု၏သင်္ကေတ ဧရာဝတီကို အနိုင်ကျင့်လိုသူ နယ်ချဲ့မှန်သမျှအား တွန်းလှန်ဖယ်ရှားရန် အားသစ်ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်၏ တည်ကြည်ခိုင်ခံ့သော သတ္တိ၊ သစ္စာ၊ သမာဓိတရားများနှင့် စွန့်လွှတ်ပေးဆပ်ခဲ့သော သွေးချွေးအသက်တို့သည် ဇာတိနတ်မောက်မြို့ လေး၏ ယင်းချောင်းနယ်နိမိတ်ကိုကျော်လွန်ကာ ''မြန်မာ့ဇာတိမာန်'' စံနမူနာ၊ ကမ္ဘာ့ဥဒါန်းဂါထာ တစ်ပုဒ်အဖြစ် မျက်မှောက်နှင့် နှောင်းခေတ် လူတို့ ပျော်ရွှင်ညွတ်နူးတရားထူးသစ် သရဇ္ဈာယ်ရစ်ကြပေတော့မည်။

     ဇာတိမာန် စိတ်ထားကို စနစ်တကျအသုံးချတတ်လျှင် လောကကြီး တစ်ခုလုံးကိုပင် မှောင်ရာမှလင်း၊ နိမ့်ရာမှ မြင့်၊ ဆိုးရာမှ ကောင်းအောင် ပြောင်းလဲနိုင်စွမ်းရှိသည်ကို ပိဋကတ်စာပေ၊ သမိုင်းစာပေတို့၌ အထင်အရှား တွေ့မြင်နိုင်ပေသည်။

 


  အလောင်းတော်မြတ်သုမေဓာသည် သတ္တဝါအများကိုကယ်တင်နိုင်ရန် ပုဂ္ဂလိကပိုင်အဖြစ် လက်ကိုင်ရရှိနိုင်သော သန္တိသုခအငြိမ်းဓာတ်၊ နိဗ္ဗာန်ဆု လာဘ်ကိုလွှတ်ချကာ ကမ်းမမြင်သောသံသရာလမ်းကိုပန်းဝင်ခဲ့သည်။ ယောက်ျားမြတ်ဟူသောဇာတိမာန်ကို စနစ်တကျအသုံးချကြိုးစား ခဲ့သောကြောင့် လောကသည် အဝိဇ္ဇာအမှောင်ကင်း၍  ဝိဇ္ဇာဥာဏ်အလင်း တောက်ခဲ့သည်။

 

   ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအေ ခေါင်းပေါင်း၊ မြို့အုပ်လောင်းဟန်အပြည့်ဖြင့် အမေစု၏လယ်ယာ ကုန်းချောင်းအမွေခံယူကာ မြေရှင် ပဒေသရာဇ် ကိုလိုနီခေတ်လူစွာတစ်ယောက် ဖြစ်နိုင်ပါသော်လည်း ယောက်ျားကောင်း ဇာနည်တို့သဘာဝဖြင့် များလူဝေနေချမ်းသာစေကြောင်း အလောင်းတော်မြတ်တို့၏ ဇာတိမာန် ထုံးဟောင်းကို လိုက်နာကျင့်သုံးခဲ့သဖြင့်သာ ညှိုးညှိုးငယ်ငယ် မဖွယ်မရာနယ်ချဲ့နှင့် ဖက်ဆစ်တို့ လက်အောက်ခံကိုယ်ပိုင် အလံပျောက်နေခဲ့သော မြေသည် ကမ္ဘာ့ ပထဝီဝင်တွင်  ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟု ပွားစီးထင်ရှားခဲ့လေပြီ။ ဤသာဓကသည် မည်သည့် ခေတ်ကာလ၌ လူဖြစ်ရသူများမဆို မိမိတို့၏ ဇာတိမာန်ကို စနစ်တကျ ဇွဲသတ္တိဝီရိယတို့ဖြင့် အသုံးချကြိုးစားပါလျှင် မိမိတို့ ဖြစ်လိုသော ခေတ် ကာလကြီးတစ်ခုဆီသို့ ရောက်နိုင်စွမ်းရှိကြောင်း မီးမောင်းထိုးပြနေသည်ကို ဥပဒေသယူသင့် ကြပေသည်။

 


        ဗုဒ္ဓအရှင်၏ ပရိနိဗ္ဗာန်စံဝင်ရာ နောက်ဆုံးညောင်းစောင်းကာလတွင် ကိုယ်တော်မြတ်အမည်တော်ကို တဖွဖွ ရွတ်ဖတ်ကာ ပန်းနံ့သာတို့ဖြင့် ပူဇော်ခြင်းထက် ကိုယ်တော်မြတ် ကြွတော်မူသောလမ်းအတိုင်း တသွေမတိမ်း လိုက်ခြင်းသည်သာ မြတ်သောပူဇော်ခြင်းဟု မိန့်မှာခဲ့ကြောင်း ပိဋကတ်ဆရာအရှင်တို့က မှတ်တမ်း တင်ခဲ့ကြ၏။


     ယခု နတ်မောက်သားဗိုလ်ချုပ်ကို ဇာတိနတ်မောက်မြို့က ရာပြည့်ဂုဏ်ပြု မော်ကွန်းဖြင့် ထွန်းပအောင်ပူဇော်ခြင်းသည်  အာမိသပူဇာ အဆင့်တွင် ရွှေရောင်ဝင့်နေပေပြီ။ ထို့ထက်အလွန် ဗိုလ်ချုပ်စံနမူနာပြခဲ့သော ကိုယ်ကျိုးစွန့်စိတ်၊ နိုင်ငံအကျိုးဆောင်စိတ်တို့ကို အားကျနည်းယူ၍ ဗိုလ်ချုပ်ရည်မှန်းခဲ့သော ဒီမိုကရေစီ ပြည်ထောင် စု မြန်မာနိုင်ငံတော်ကြီးဆီ ရောက်သည်အထိ စွန့်လွှတ်ကြိုးပမ်းခြင်းတည်းဟူသော ဗုဒ္ဓအရှင်အလိုတော်ကျ ဓမ္မပူဇာဖြင့်ဂုဏ်ပြုပူဇော်ကြပါကုန် ဟူ၍ နှိုးဆော်တိုက် တွန်းအပ်ပါသတည်း။

 

အပ္ပမာဒေနသမ္ပာဒေထ။                                                                                                                                                                                            ဓမ္မဘေရီ အရှင်ဝီရိယ

          (ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ မော်ကွန်းမဂ္ဂဇင်းအတွက် ဓမ္မဘေရီအရှင်ဝီရိယ၏ ဥယျောဇဉ်)

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET