မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

                                                                နောင်တ

(အရှင်ဥာဏိကာဘိဝံသ)ကာလီဖိုးနီးယားတက္ကသိုလ်

      ပြီးခဲ့တဲ့သီတင်းပတ်ထဲတုံးက ကျောင်းကို အဖိုးအိုနှစ်ယောက်ရောက်လာကြတယ်။ ရှစ်ဆယ်နဲ့ကိုးဆယ်ကျော်အရွယ် အဖိုးတွေ။ သူတို့သားသမီးများက ကျောင်းကိုရောက်စေချင်တာကြောင့် တမင်တကူးတက လိုက်ပို့ကြတာ။

        သူတို့ချည်းပဲဆိုရင်တော့ ကျောင်းကိုရောက်နိုင်ကြတော့မယ် မဟုတ်။ ဟိုနားဒီနားတောင် လျှောက်နိုင်ဖို့ခက်ခဲကြမည့် အနေအထား။ လမ်းသွားတာတောင်မှပဲ အတွဲအကူနဲ့လျှောက်ကြရရှာတာ။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေလည်း လျော့ပါးကြသလို စိတ်ပိုင်းဆိုင်ရာ မှတ်ဥာဏ် များလည်း အားနည်းကြတဲ့အရွယ်။ အသက်အရွယ်များက ကြီးမားကြပေမယ့် ခွန်အားများကတော့ ကလေးငယ်ငယ်အရွယ်။

.

သူတို့တွေကိုမြင်တွေ့ရတော့ စိတ်ထဲမှာ ပြောပြဖို့ခက်တဲ့ဝေဒနာတစ်ခုခု ခံစားရတယ်။ အသက်မသေလို့ အသက်ရှည်ရှည်နေရဦးမယ်ဆိုရင်ဖြင့် တချိန်ချိန်မှာ ဒီလိုအခြေအနေမျိုးက ကိုယ့်ဆီကိုလည်း ရောက်လာဦးမှာ။ အဲဒီအချိန်အခါရောက်လာခဲ့ရင်ဖြင့်ဆိုတဲ့အတွေးက စိတ်ထဲမှာ ကသိကအောက်ဖြစ်သလိုလည်း ခံစားရတယ်။

 

တကယ်တော့ ဒါတွေက ရှောင်လွှဲလို့ရနိုင်တာမျိုးမှ မဟုတ်တာ။ မကြာမီက ကွယ်လွန်သွားခဲ့တဲ့ ဆရာကြီးဦးအောင်သင်းပြောဖူးသလို “မင်း မအိုချင်ဘူးလား၊ မအိုချင် မအိုပဲနေလို့ရတယ်။ မင်းအမေဝမ်းထဲက အူဝဲ ဂဲဆိုပြီးထွက်ထွက်ခြင်း ဒေါက် ကနဲဆို ကောက်သေလိုက်၊ ဒါဆိုရင်တော့ အိုစရာ လိုတော့မယ် မဟုတ်ဖူး” ဆိုတဲ့စကားလိုပါပဲ။ မအိုချင်ဖူးဆိုရင်ဖြင့် ငယ်ငယ်နဲ့သေဖို့ပဲရှိတယ်။ ဒါတောင် တကယ့်တရား သဘောအရ ဆိုရင်ဖြင့် အခိုက်အတန့်မျှတော့ အိုခြင်းဆိုတာနဲ့ တွေ့လိုက်ရဦးမှာပါ။

 

အသက်ရှည်ရှည်နေလိုတယ်ဆိုရင်ဖြင့် အိုခြင်းဆိုတာတွေ၊ နာခြင်းဆိုတာတွေက တွေ့ကိုတွေ့ရမှာ မလွဲပါဘူး။ ခုလို အိုသူတွေကိုတွေ့ရတော့ ငယ်ငယ်က ရခဲ့ဘူးတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးက စိတ်ထဲပေါ်လာတယ်။

နောင်တသံသရာ

=========

ကြံမိမှား၍

တရားနောင်တ၊ နေခြည်ပသို့

ရခဲ့သည်လည်း များခဲ့ပြီ။

.

ဆိုမိမှား၍

တရားနောင်တ၊ နေခြည်ပသို့

ရခဲ့သည်လည်း များခဲ့ပြီ။

.

ပြုမိမှား၍

တရားနောင်တ၊ နေခြည်ပသို့

ရခဲ့သည်လည်း များခဲ့ပြီ။

.

နောင်တကင်းရာ၊ မြတ်ချမ်းသာကို

ငါလျှင်ဘယ်နံ့၊ ရပါအံ့ဟု

မျှော်ငံ့ခိုက်တွင်၊ နေမင်းဝင်သည်

မှောင်တွင်စမ်း၍၊ လှမ်းရသော ... ။   (မင်းသုဝဏ်)

 

စိတ်မှာသတိ မကပ်မိခြင်းများကြောင့် မကြံသင့်တဲ့အကြံတွေ ကြံစည်ခဲ့မိလို့ ရင်မှာနောင်တ ရခဲ့ရတာတွေ၊ နှုတ်ဖျားစကား မထိမ်းခဲ့ညား လို့ ပြောမှားဆိုမှားဖြစ်မှုများကြောင့် ပူပန်နောင်တ ဖြစ်ခဲ့ရတာတွေ၊ သတိကိုယ်မှာ မကပ်လေတာကြောင့် မအပ်မရာ လုပ်ခဲ့မိလို့ ပူပင်သောကဖြစ်ရတာတွေ နည်းမှ မနည်းတော့တာ။

 

ကိုယ့်ရဲ့ပြောမှားလုပ်မှားအကြံမှားများကြောင့် တစ်ပါးသူတွေ လွန်လွန်ကဲကဲ ထိခို်က်အနာတရ မဖြစ်ခဲ့ရလေတာကြောင့်တော့ ဖြေသာရ ပါသေးတယ်လို့ပြောရမှာပါ။

 

ဘာပဲဖြစ်ဖြစ်ပါ။ ဇရာချဉ်းလို့ နေမင်းမဝင်မီ ကျန်ရှိနေသေးတဲ့အချိန်လေးမှာတော့ နောက်နှောင်းနောင်တ နည်းနိုင်သမျှနည်းရလေအောင် ငယ်စဉ်အချိန်အခါကထက် ကိုယ်နှုတ်နှစ်လုံးသုံးပါးလုံးကို ပိုမိုထိန်းသိမ်းရပေလိမ့်မယ်။

 

သံသရာဘဝရဲ့ အမှောင်လမ်းမှာ စမ်းတဝါးဝါးနဲ့ ရမ်းသမ်းလှန်းရမယ့်အဖြစ်က တွေးကြည့်ရင်ဖြင့် တကယ့်ကိုပဲ ရင်လေးစရာပါ။ ။

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET