မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

“အနိစ္စ … စောင့်ပါခလှည့်  

dhammabayri-1

( ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

ဒီတစ်ခေါက် (၂၀၁၄)ခုနှစ်၊ အမေရိကန်ကိုရောက်ခိုက် (၅)လကျော်အတွင်းမှာ စာ(၁၀)ပုဒ်ကျော် လောက်ရေးဖြစ် လိုက်တယ် ဆိုတော့ နှစ်စဉ်အမေရိကကိုရောက်ခဲ့တဲ့ (၇)နှစ်အတွင်းမှာ ဒီနှစ်က စာအရေး ဖြစ်ဆုံး၊ ကလောင်အမြူးဆုံးနှစ်လို့ ဆိုရမယ်ထင်ပါတယ်။

 

“အရင့်အရင်နှစ်တွေထက် ဒီနှစ်ရောက်မှ ဘာဖြစ်လို့ ကလောင်က ပိုမြူးရတာလဲ၊ အမေရိက ခရီးစဉ်တွေက ပိုပြီးပျော်ရွှင် ချမ်းမြေ့ စရာတွေနဲ့ ကြုံရလို့လား” ဆိုရင်တော့ “မဟုတ်ရပေါင်ပါဗျာ”။ ခရီးစဉ်တွေ၊ ဒေသပတ်ဝန်းကျင်တွေကတော့ အရင့်အရင်နှစ်တွေထက် (အချို့ အဆောက်အဦး အသစ်အချို့ ကလွဲလို့) ဘာမှ တယ်မထူးပါဘူး။

.

 

မှန်ပါတယ်၊ ဒီအမေရိကန်မှာက သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတဲ့ နိုင်ငံဆိုတော့ ဟို အရင့် အရင်နှစ်တွေ က တွေ့မြင်နေ ရတဲ့ ရေမြေတောတောင်တွေ မြစ်၊ ချောင်း၊ အင်းအိုင်တွေ ပင်လယ် ဆိပ်ကမ်း တွေဆိုတာက မြန်မာနိုင်ငံမှာလို နေ့မြင် ညပျောက် ဖြစ်မ ကုန်ကြပါဘူး။ ဟိုတုန်းကမြင်ခဲ့တဲ့ မြင်ကွင်းတွေ အတိုင်းပဲ ဒီနှစ်မှာလည်း မြင်တွေ့ နေရတာဖြစ်လို့ ထူးပြီးပျော်မြူးစရာလို့ မထင်ရပါဘူး။

 

“အော် … သဘာဝပတ်ဝန်းကျင်ကြီး ကံကောင်းလိုက်လေ”လို့ တွေးပြီးမုဒိတာပွားမယ် ဆိုရင်တော့ ပွားစရာပေါ့လေ။ ဒီအလုပ် ကလည်း ဒီအမေရိကမှာ အမြဲနေတဲ့ မုဒိတာအရှင်ဥာဏိက(ဥာဏ်ဦးမောင်)တို့ပဲ လုပ်ရမှာပါ။ ခေတ္တ အမေရိ ကရောက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့တော့ ကိုယ့်နိုင်ငံကသဘာဝပတ်ဝန်းကျင်အပေါ် ကရုဏာပွားနေရတာက ပိုနေလေတော့ သူ့နိုင်ငံအပေါ်မှာတယ် မုဒိတာမပွားနိုင်ရှာပါဘူး။

 

အင်း … ဒါဖြင့် ဘာဖြစ်လို့ ဒီတစ်ခေါက် အမေရိကခရီးစဉ်မှာ အရှင့်ကလောင်က ပိုမြူးရသလို ဖြစ်နေလဲဆိုရင်တော့ .. အဲ ဘယ်လိုပြောရမလဲ ၊ ဟို သိရီဓမ္မာသောကမင်းကြီးရဲ့ မိဖုရားကြီးအတွက် ဟိမ၀န္တာကရောက်လာတဲ့ ကရ၀ိတ်ငှက်ကြီး ဆိုတာလိုပေါ့ဗျာ၊ တစ်ကောင်တည်းဖြစ်လို့ ငြီးငွေ့နေချိန်မှာ မပျော်ပိုက်နိုင်တဲ့အတွက် အသံထွက်မရင့်ကျူးနိုင်ဘူး။ နောက်မှ ပညာရှင်တို့ အကြံပေး ချက်အရ ကြေးမုံ (မှန်)တွေ လေးဘက်လေးတန် ထောင်ပြလိုက်တော့ မှန်ထဲက အရိပ်တွေကို အပေါင်းဖေါ်တွေလို့ မှတ်ထင်ပြီး မြူးပျော် ကျူးရင့်လိုက်လို့ ကရ၀ိတ်ငှက်ရဲ့အသံကို အသနီမိတ္တမိဖုရားကြီး ကြားခွင့် ရလိုက်တယ်ဆိုတာလေ။

 

ခုလည်း အဲဒီလိုလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီအရှင်မှာလည်း အရင်နှစ်တွေတုန်းက ဆရာကံ (ကံထွန်းသစ်)တို့၊ ဆရာဥာဏ် (ဥာဏ်ဦးမောင်)တို့၊ ရဝေနွယ်(အင်းမ)တို့လောက်နဲ့သာ တစ်နေရာဆီမှာ တွေ့ဆုံခွင့် ရလိုက်တာလေ။

 

ဒီတစ်ခေါက်မှာတော့ ရေးဖော်ဇာတ်တူသားတွေဖြစ်တဲ့ ဓမ္မဂင်္ဂါတို့၊ ကိုသစ်(သီတဂူ)တို့ပါ ထပ်တိုး လာကြတဲ့အတွက် ဇာတ်တူ သားတွေအတော်လေး မြိုင်မြိုင်ဆိုင်ဆိုင်တွေ့ဆုံခွင့်ရလို့ ကလောင်က ပိုမြူးလာတာ ဖြစ်မယ်ထင်ပါရဲ့။

 

အဲဒီလို ကလောင်နဲနဲမြူးသလိုရှိနေတဲ့ဒီအရှင်ကို၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းထိုင်ဆရာတော် အရှင်သီရိန္ဒက“ကလောင်လေး မြူးလက်စနဲ့၊ ဒီတစ်ခေါက် မြန်မာပြည် ပြန်ခါနီးမှာ ဆောင်းပါး လေးတစ်ပုဒ်လောက်တော့ ကွန့်မြူးခဲ့ အုံးလေ“လို့ ဖုန်းနဲ့လှမ်းပြီး တောင်းဆို ပါတယ်။

 

သူ့တောင်းဆိုချက်ကို မသိကျိုးကျွန်ပြုနေလို့ကလည်းမဖြစ်ဘူး။ မိမိရဲ့စာလေးတွေ ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လေး ခြေဆန့် ခွင့်ရခဲ့တာက သူ့ရဲ့(မေတ္တာဥယျာဉ်) ၀က်ဆိုက်ကျေးဇူးကြောင့်ဆိုတော့ သူ့တောင်းဆိုချက်ကို အလေးဂရုပြုတဲ့အနေနဲ့ ဒီဆောင်းပါး ကို ရေးရတယ်ဆိုရင်လဲမမှားပါဘူး။

 

---------------

ဆောင်းပါးခေါင်းစည်းကို “အနိစ္စ စောင့်ပါခလှည့်” လို့ အမည်ပေးတဲ့ အကြောင်းကတော့ ဒီလိုပါ…၊

တစ်နေ့သားမှာ ဆန်ဖရန်ဗေးဧရိယာတည်းက မိမိရဲ့သင်တန်းသားလည်းဖြစ်၊ စာဖတ် ပရိတ်သတ် လည်း ဖြစ်တဲ့ ဒကာကြီး တစ်ဦးက ဒီလိုစကား ဆိုလာပါတယ်၊

 

“အရှင်ဘုရားရဲ့ သင်တန်းတွေလည်းတက်၊ တရားတွေလည်းနာ၊ စာအုပ်တွေကိုလည်း တပည့်တော် အတော်လေးကို သဘောကျပါတယ်၊ အရှင်ဘုရားရဲ့ “အိုခြင်းရဲ့အလှတရား”ဆိုတဲ့အတိုင်း ကိုယ့်ကိုယ် ကိုလည်း သံဝေဂတို့၊ ဓမ္မတို့နဲ့ အလှဆင်ရကောင်းမှန်း နဲနဲသိလာလို့ အိုပေမယ့် သိပ်ပြီး အကြည်းတန် လောက်အောင် အခြေအနေ မဆိုးလှဘူးလို့လည်း နဲနဲတော့ခံစားရပါတယ်၊ အရှင် ဘုရား ပြောသလို နိမ့်ရာကနေမြင့် တက်လာတာတို့၊ အ၀ိဇ္ဇာအမှောင်ခေတ်က ၀ိဇ္ဇာဥာဏ်အလင်းခေတ်တို့အထိ တိုးတက် ပြောင်းလဲ လာဖို့တို့ဟာ အနိစ္စလက္ခဏာဆိုတဲ့ အမှန်တရားကြောင့်ဆိုတာကိုလည်း ဖတ်တုန်း နာတုန်း ကတော့ သဘောကျချင်သလိုလို ရှိခဲ့ပါတယ်။

 

အဲ … အခု၊ ဒီနှစ်၊ ရာသီပေါ် အဖျားအနာကလေးတွေ ထူထပ်စဉ်တုန်းက၊ တပည့်တော်တို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်လုံး ဖျားကြတော့ “တောင်မင်း၊ မြောက်မင်း မကယ်နိုင်” ဆိုသလို အတော်လေးကို ကသီလင်တနဲ့ ဒုက္ခကြုံရပါတယ်ဘုရား၊ အဲဒီတော့ စဉ်းစားမိတာပေါ့လေ၊ ဒီ အနိစ္စ လက္ခဏာကြီးကြောင့် သားသမီးတွေကလည်း အချိန်တန် အရွယ်ရောက်ကုန်ကြတော့ တို့ကိုစွန့်ပစ်တာ၊ ငယ်ရွယ်သန်စွမ်းတဲ့ အရွယ်ကနေ အိုမင်းမစွမ်းတွေ ဖြစ်ကုန်ကြတာ၊ ကျန်းကျန်းမာမာတွေကနေ မကျန်းမမာတွေ ဖြစ်ကုန် ကြတာ၊ နောက် ဆုံးတော့ ဆေးပေး မီးဖွင့် အကူညီတောင် မရှိဘဲ အတိဒုက္ခ ရောက်နေတာတွေ ကိုယ်တိုင် ခံစားနေရတာ။ အဲဒီကနေစပြီး ဟိုတွေးဒီတွေးနဲ့ စဉ်းစားရင်း စဉ်းစားရင်း.. အရှင်ဘုရား ပြောသလို အနိစ္စလက္ခဏာရဲ့ ကျေးဇူးတွေကို ကြည်ကြည်ဖြူဖြူနဲ့ ယောနိသော မနသိကာရ ပြုနိုင်ဖို့ အတော် ခဲရင်းလာတယ်ဘုရား၊ အနိစ္စအပေါ် တယ်ပြီး အမြင် မကြည်ချင်တော့ဘူး”တဲ့ ။

 

“အဲဒီလို မကြည်မလင်မဖြစ်နဲ့လေ။ တကယ်လို့ အဲဒီ ကျန်းကျန်းမာမာကနေ မကျန်းမမာအဖြစ် ပြောင်းလဲလာတဲ့ အနိစ္စသဘောကြီး ကိစ္စချောသွားရင်”လို့ တွေးလိုက်ရင်ရော သက်သာ မသွားလောက် ဘူးလား ဆိုတော့ -

 

“ဟာ … အရှင်ဘုရားကလည်း နိမိတ်မရှိ .. နမာမရှိ မလုပ်လိုက်ပါနဲ့၊ အခုတောင် လူက သိပ် ကျန်းမာရေးကောင်းသေးတာ မဟုတ်ဘူး။ အရှင်ဘုရားပြောသလို ကိစ္စများချောသွားလို့ကတော့ အိမ်က အမယ်ကြီးအတွက် မတွေးဝံ့စရာဘုရား၊ မလုပ်စမ်းပါနဲ့” တဲ့။

 

အဲဒါပြောတာ မဟုတ်ပါဘူး ဒကာကြီးရဲ့ ၊ မကျန်းမမာခြင်းဆိုတဲ့ သဘောကြီး အနိစ္စသဘောနဲ့ ကိစ္စချောသွားရင် မကျန်းမမာ ရာကနေ ကျန်းကျန်းမာမာ ပြန်ဖြစ်လာမယ် မဟုတ်လား၊ အဲဒီပြောင်းလဲမှု ဟာ အနိစ္စရဲ့ ကျေးဇူးပဲလို့ စဉ်းစားလိုက်ရင် အမြင် ပြန်မကြည်လင်နိုင်ပေဘူးလား”လို့ ပြောတာပါ ဆိုတော့မှ …

 

အဲ … အရှင်ဘုရားတို့ မိန်ကြားဖူးသလိုပေါ့ဘုရား။ သူများ သင်္ခါရကိုပြောရတာ အာသွက်ပေမယ့် ကိုယ့်သင်္ခါရနဲ့ ကြုံတော့ ဥာဏ်နုံ့ အာလေးတွေ ဖြစ်ကုန်တာ များတယ်ဘုရား … ဆိုပြီး သက်ပြင်းချရင်း စကားရပ်နေပါတယ်။

 

မိမိကပဲ စကားဆက်ပြီး “ဟိုတစ်ခါ သင်တန်းမှာတုန်းက၊ အဲ … ပဋိစ္စသမုပ္ဗါဒ် သင်တန်းမှာ ထင်တယ်နော်၊ အဲဒီမှာ ဦးဇင်းပြောခဲ့တာက ပိုးရွ ခြပုန်းကအစ ဗြဟ္မာတွေအထိ သဗ္ဗညုတ အလောင်း အလျာများအပါအ၀င် ဘယ်သတ္တ၀ါမဆို သံသရာခရီးသည် မှန်သမျှ အ၀ိဇ္ဇာ တဏှာ မူလ နှစ်ဖြာတို့ရဲ့ သားသမီးတွေချည်းပဲ။

 

ဒီမိဘနှစ်ပါးနဲ့ ပတ်သက်လို့ ရှေးဆရာတော်ကြီးများ မိန့်ကြားဖူးတာကတော့ … အ၀ိဇ္ဇာဆိုတာက သိသင့်တာကိုတော့ မသိ၊ မသိသင့်တာတွေကိုကျတော့ အတော်လေးကို စွဲစွဲလမ်းလမ်းကြီးသိနေတယ်တဲ့ ဗရုတ်သုက္ခသမား။ တဏှာဆိုတာကျတော့ မြင်မြင်သမျှ ကြိုက်ဖို့ပဲ ကြိုးစားနေတဲ့ ပရမ်းပတာ။ အဲဒီတော့ သတ္တ၀ါ မှန်သမျှက ဗရုတ်သုက္ခ ဖခင်နဲ့ ပရမ်းပတာ မိခင်တို့က မွေးဖွားလာကြသူ ချည်းဖြစ်လို့ အဲဒီ ဗီဇဓာတ်က ဇာတိပြလာတဲ့အခါ ဗရုတ်သုက္ခ အတွေးအမြင်တွေနဲ့ ပရမ်းပတာတွေ လျှောက်လုပ် ကြတာတဲ့လေ။

 

အဲဒီ ပရမ်းပတာ သင်္ခါရတွေသာ မြဲနေ ခိုင်နေမယ်ဆိုရင် လောကကြီးဟာ ပရမ်းပတာ အရိုင်း ခေတ်ကြီးကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး။

 

အဲဒီ သင်္ခါရတွေ အနိစ္စသဘောအရ ကိစ္စလျှောတတ်ကြတဲ့ သဘာဝကြောင့်သာ ရိုင်းစိုင်းတဲ့ သင်္ခါရတွေကို ယဉ်ကျေးတဲ့ သင်္ခါရတွေနဲ့ အစားထိုးခွင့်ရကြပြီး အပြောင်းအလဲ ဖြစ်ပေါ်လာတဲ့အတွက် ဓမ္မနယ်ပယ်မှာလည်း အကုသိုလ်သင်္ခါရနေရာမှာ ကုသိုလ် သင်္ခါရတွေ နေရာရလာခဲ့ကြတယ်။ လောကကြီး လည်း အရိုင်းခေတ်ကနေ အယဉ်ခေတ်ကို တဖြည်းဖြည်းပြောင်းလဲ လာနိုင် ခဲ့တယ်။

 

နောက်ဆုံးမှာတော့ ဓမ္မနယ်ပယ်မှာ အကောင်းအဆိုး (ကုသိုလ်၊ အကုသိုလ်)တို့ရဲ့ နေရာမှာ အမှား အမှန်ဆိုတဲ့ သစ္စာတရားနဲ့ အစားထိုးနိုင်ပြီး လောကကြီးဟာလည်း အ၀ိဇ္ဇာလွှမ်းမိုးတဲ့ အမိုက်မှောင် (သာသနာပ)ကာလကနေ ၀ိဇ္ဇာဥာဏ်လွှမ်းမိုးတဲ့ အလင်းခေတ် (သာသနာတွင်း) ကာလကြီးအထိ မြင့်တက် လာခဲ့တယ်။ ဒါဟာ အနိစ္စဆိုတဲ့ မှန်ကန်တဲ့ လက္ခဏာရဲ့ ကျေးဇူးတွေပဲဆိုတဲ့ အကြောင်း ပြောခဲ့တယ်လေ။ “ဒါနဲ့ပတ်သက်လို့ ဒကာကြီးက ဘာများ အမြင်မကြည်လင်စရာ ဖြစ်နေတုန်း” ဆိုတော့ --

 

အင်း … ပြောရရင်တော့ အကြောင်းအစုံပါပဲ ဘုရား။ တပည့်တော်တို့ အိုတာ နာတာတွေကတော့ ပြောလို့သာ ပြောရတာပါ၊ သဘာဝတရားကြီးပဲဆိုတာ သဘောပေါက်ထားလို့ ဒါနဲ့ပါတ်သက်ပြီး အနိစ္စ အပေါ် အထင်မလွဲလှပါဘူး။

 

အဓိကကတော့ ဒီအမေရိကန်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ တပည့်တော်တို့ မြန်မာနိုင်ငံမှာ အနိစ္စတရားက မြေနိမ့်ရာ လှန်စိုက် သလိုကြီး ဖြစ်နေတယ်။ အောက်ခြေဆင်းရဲသားတွေ လှိမ့်ခံနေရတယ်။ အထူးသဖြင့်တော့ တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စတွေမှာ ဒီအမေရိက တို့၊ တစ်ခြားဥရောပတို့၊ အဲ- အာရှမှာ ဆိုရင်လည်းစင်္ကာပူတို့၊ အခုဆို တရုတ်နိုင်ငံတောင်ပါဝင်လာပြီ။ အဲဒီနိုင်ငံတွေမှာ အနိစ္စရဲ့ ပြောင်းလဲမှုက တိုးတက်ခြင်းဆိုတဲ့ အမြတ်အစွန်းတွေ ရနေတာ တွေ့မြင်ရတယ်။

 

တပည့်တော်တို့ နိုင်ငံမှာကျတော့ အနိစ္စရဲ့ ရိုက်ချက်က မိုက်တီးရဲ့ ရိုက်ချက်ဆိုတာထက် ပိုပြီး မိုက်တီးမိုက်ကန်း ရိုက်ချက်ကြီး ကို ဖြစ်နေတယ်လေ။ စိမ်းလမ်းတဲ့ သစ်တောတွေက ကန္တာရတွေဖြစ်၊ မြင့်မောက်တဲ့ တောင်တွေက မြေပြန့်ဖြစ်၊ စီးဆင်းနေတဲ့ မြစ်ချောင်း အင်းအိုင်တွေက သောင်ပြင်တွေဖြစ်၊ မြေပြင်တွေလည်း သယံဇာတတွေတူးယူကြလို့ ချိုင့်ဝှမ်းတွေ ဖြစ်ကြနဲ့ သြကာသ လောကကြီးလည်း ဆုတ်ယုတ်လာလိုက်တာ ဟိုး .. ငယ်ငယ်တုန်းက ကြားဖူးတဲ့ ထွေးညိုပြဇာတ်ထဲက ပြောသလို “မြေကြီးခံနေလို့သာပေါ့၊ မြေကြီးသာ မခံရင် အ၀ီစီအထိရောက်လောက်ပြီ” ဆိုတာမျိုး ဖြစ်နေပြီ။

 

သတ္တလောကကြီးကို ကြည့်လိုက်ရင်လည်း တောင်သူလယ်သမားတွေက မြေမဲ့ယာမဲ့၊ တစ်ချို့ဆို အိုးမဲ့ အိမ်မဲ့ကနေ ရပ်မဲ့ရွာမဲ့အထိ ဖြစ်လိုဖြစ်၊ တိရစ္ဆာန်တွေ ဆိုရင်လည်း စားကျက်မဲ့၊ ခိုးကိုးရာမဲ့တွေ ဖြစ်ကြနဲ့ တကယ့်ကို ကမောက်ကမတွေ မဟုတ်လား။ အဲ … အောက်ခြေမှာ အခြေအနေတွေ ဆိုးဝါးသလောက် အထက်မှာကျတော့ ကြာလေ ကောင်းစားလေတွေ ဖြစ်နေကြတယ်။ အနိစ္စတရားက ဘာဖြစ်လို့ အထက်ကိုတော့ မော်မကြည့်ရဲဘဲ အောက်ကိုချည်း ငုံ့ငုံ့ ကြည့်နေရသလဲ ပေါ့။ အဲဒါတွေအပေါ် အမြင် မကြည်လင်နိုင်တာလဲပါတာပေါ့ဘုရား .. ဆိုပြီး ဒကာကြီးက သက်ပြင်းရှည်ချရင်း စကားကို ခဏ ရပ်လိုက်ပြန်တယ်။

 

အင်း .. ဒကာကြီးပြောသလိုမျိုး အဓိပာယ်နဲ့ သင်တန်းမှာလည်း မေးကြဖူးတယ်။

အဲဒီတုန်းကတော့ “အနိစ္စတရားလည်း တုတ်ပီးဓားပီးဆေးတို့၊ သေနတ်ပီးဆေးတို့ မရှိတာရော ကုသိုလ်ယောင်ယောင် ဘာယောင်ယောင်တွေ လုပ်ပြပြီး အမျှဝေကြတာကို ရောရောရောင်ရောင် သာဓုခေါ် မှားမိတာတွေရော ရှုတ်ယှက်ခတ်သွားလို့ ထင်ပါရဲ့ ဗျာ”လို့တောင် ရယ်စရာ ပြောလိုက်မိသေး တယ်။

 

အမှန်ကတော့ အနိစ္စဆိုတာ အခိုင်အမြဲ တည်တံ့မနေဘဲ ပြောင်းလဲတတ်တဲ့ သဘောလက္ခဏာ အမှန်ကို ပြောတာပဲ။ သူ့ မှာ ပြောင်းလဲနိုင်စွမ်းဆိုတဲ့ သစ္စာတရားသာရှိလို့ ပြောင်းလဲပေးရုံသာ တတ်နိုင် မှာပါ။ ပြောင်းလဲခြင်းကြောင့် တိုးတက်တယ်၊ ဆုတ်ယုတ် တယ်ဆိုတာက အနိစ္စရဲ့အလုပ် မဟုတ်ဘူးလေ။

 

အဲဒီပြောင်းလဲခြင်းကို စနစ်တကျ သုံးသပ်ဆင်ခြင်ပြီး အသုံးချတတ်တဲ့အသိဥာဏ်နဲ့ ဇွဲသတ္တိ၊ လုံ့လပယောဂတို့ရဲ့ အလုပ်ပဲ။ “ဥစ္စာ ဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဥာဏ် ၀ီရိယ၊ ပယောဂတည်း” ဆိုသမို့လား။

 

ဒကာကြီးပြောတဲ့ ပြောင်းလဲမှုကြောင့် တိုးတက်တယ်ဆိုတဲ့   နိုင်ငံတွေမှာက နိုင်ငံကို စီမံ အုပ်ချုပ်သူတွေရဲ့ နိုင်ငံချစ်စိတ်၊ စစ်မှန်တဲ့ မျိုးချစ်စိတ်၊ သုံးသပ်နိုင်တဲ့ ဥာဏ်ပညာ၊ ဆုံးဖြတ်ရဲတဲ့ သတ္တိစတဲ့ လူ့စွမ်း လူစတွေကြောင့်လေ။

 

အနိစ္စဆိုတာက ကမ္ဘာအစကတည်းက ရှိခဲ့တဲ့ နိယာမသစ္စာကြီးဖြစ်ပေမယ့် အနိစ္စသဘောကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးမချတတ်သူတို့ခေတ်မှာ အဆိုးတွေသာ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲ နေတဲ့ သဘောပဲထင်ရှားတယ်။ အနိစ္စလက္ခဏာကို မှန်မှန် ကန်ကန် သုံးသပ်ဆင်ခြင်ပြီး အသုံးချတတ်တဲ့ အလောင်းတော်များလက်ထက်ကျမှသာ သဗ္ဗညုတဥာဏ်ကြီးရတဲ့အထိ အသုံးချနိုင်ကြ လို့ အမှောင် ကမ္ဘာကြီးကို အလင်းကမ္ဘာဖြစ်အောင် ပြောင်းလဲပေးနိုင်ကြတာမဟုတ်လား။

 

ကျုပ်တို့နိုင်ငံမှာလည်း အနိစ္စသဘောအရ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် အဓိက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များရဲ့ ဥာဏ်၊ ၀ီရိယ၊ ပယောဂတို့ အနုံ့ အထက်၊ အကောင်း အညံ့ပေါ်မှာ နိုင်ငံရဲ့ အခြေအနေ တွေကလည်းတည်ရှိ နေမှာပေါ့။ ဒီ ဥာဏ်၊ ၀ီရိယ၊ ပယောဂ ဆိုတာကလည်း လူမှာဝတ်ထားတဲ့ အ၀တ်အထည်ပေါ်မှာ တည်ရှိနေတာ မဟုတ်ဘူး၊ လူ့ခနာကိုယ်မှာ တည်မှီနေတာလေ၊ အဲဒီတော့ အပြောင်းအလဲဆိုတာကလည်း အ၀တ်အထည်တွေပြောင်းနေရုံနဲ့ ဘာမှထူးခြားမလာနိုင်ဘူး။ တကယ့်ကိုယ်ပိုင်ဥာဏ်စွမ်း၊ လုံ့လစွမ်း၊ ပယောဂစွမ်း ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ ပြောင်းလဲလာရင်တော့ ဒကာကြီးလဲ အနိစ္စရှိကျေးဇူးတွေကို သိလာမှာပါ”ဆိုပြီး အေး ရာအေးကြောင်း ဖြောင်းဖျပေးလိုက်မိတယ်။

 

ဒကာကြီးကတော့ တယ် အေးရာအေးကြောင်း ဖြစ်ပုံမရသေးဘူးနဲ့တူပါတယ် “ဒါကလဲ ခက်တော့ အခက်သားဘုရား၊ အခု ဥပဒေစည်းကမ်းတွေက စစ်ရေးစစ်ရာမှာ ကျွမ်းကျင်သူများသာ နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ရမယ်၊ ဒါမှ နိုင်ငံအေးချမ်းတည်ငြိမ်ပြီး တိုးတက်လာမယ်ဆိုလားပဲ။ အဲဒါ တွေက ရှိနေတယ်” ဆိုပြီး ထပ်မံ ညည်းညူပြန်ပါတယ်။

 

ဒါကတော့ ဒကာကြီးရယ် ပြည်သူတွေကိုယ်တိုင်က ကိုယ်ရဲ့အရေးပါမှုကို သဘောပေါက် နားလည်ဖို့နဲ့ စနစ်တကျ သုံးသပ်နိုင် တဲ့ဥာဏ်ရည် ဗဟုသုတတို့၊ ဆုံးဖြတ်ရဲတဲ့ သတ္တိတို့ကလည်း အရေးကြီးပါတယ်။ အထိုက်အလျှောက်သာ ဗဟုသုတလေး နဲနဲပါးပါးလောက်ရှိရင်ပဲ ဒီနေ့တိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးဟာ စစ်ရေးကျွမ်းကျင်သူတွေ အုပ်ချုပ်ထားတဲ့ နိုင်ငံတွေမဟုတ် ဘူး။ နိုင်ငံရေးနှင့် စီမံခန့်ခွဲရေး ပညာရပ် ကျွမ်းကျင်သူတွေ အုပ်ချုပ်တဲ့ နိုင်ငံတွေ ဖြစ်တယ်ဆိုတာ ကျုပ်တို့ရဲ့ အိမ်နီးချင်း စင်္ကာပူနိုင်ငံ အကြောင်းလောက်သိရင်ပဲ နှိုင်းယှဉ်စဉ်းစားလို့ ရပါတယ်။

 

ဥရောပမှာကြည့်မယ်ဆိုရင် အင်္ဂလန်နိုင်ငံက ကမ္ဘာကျော် အမျိုးသမီးဝန်ကြီးချုပ် မာဂရက်သက်ချာ ဆိုတာ မြန်မာနိုင်ငံသားတွေ လည်း အတော်အသိ များကြပါတယ်။ သူ့လက်ထက်မှာ ဖော့်ကလန် စစ်ပွဲကြီးကို အောင်အောင်မြင်မြင် လမ်းညွှန်အမိန့်ပေးနိုင်ခဲ့လို့   “သံမဏိအမျိုးသမီး” လို့တောင် ကမ္ဘာက လေးစားဂုဏ်ပြုကြတယ်လေ။ သူလည်း ဘယ်စစ်သင်တန်းဆင်းမှ မဟုတ်ပါဘူး။ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်တစ်ဦးအနေနဲ့ အရာရာကို သုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိပြီး ဦးဆောင်ညွှန်ကြားနိုင် တဲ့ ခေါင်းဆောင် ကောင်းတစ်ဦးပဲ မဟုတ်လား။

 

ဒီ အမေရိကန်ပြည်ထောင်စုကြီးကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် လုပ်သွားတဲ့ သမ္မတ လင်ကွန်းတို့၊ အခုလက်ရှိ သမ္မတ အိုဘားမားတို့ ဆိုတာလည်း ဘယ်မှာ စစ်ရေး ကျွမ်းကျင်သူတွေ ဟုတ်လို့တုန်း။ သူတို့ရဲ့ အလုပ်က အမှန်အကန် သုံးသပ်ပြီး တိတိကျကျ လမ်းညွှန်နိုင်ကြတာပါပဲ။

 

ဒီနိုင်ငံတွေမှာက ဥပဒေအောက်မှာ အားလုံးတစ်ပြေးညီ လေးစားလိုက်နာကြတာဆိုတော့ သမ္မတက သုံးသပ်ဆုံးဖြတ်အမိန့်ချမှတ် လို်က်တာနဲ့ စစ်ရေးဆိုရင်လည်း တာဝန်ရှိ စစ်ဗိုလ်ချုပ်ကြီးတွေက လိုအပ်သလို စီမံကွပ်ကဲ ဆောင်ရွက်လိုက်တာပဲ။ အားလုံး နိုင်ငံချစ်၊ အမျိုးချစ်စိတ်တွေ၊ အသိပညာ၊ အတတ်ပညာ၊ အရည်ချင်းတွေ၊ တာဝန်သိမှု၊ တာဝန်ယူလိုမှုတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းလို ဆောင်ရွက် လိုက်ကြတော့ ဒီနိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်တာတို့၊ ခေတ်မှီတာတည်ငြိမ်အေးချမ်းတာတို့၊ နိုင်ငံအချင်းချင်း လေးစား သိမှတ်လောက်အောင် အရှိန်အဝါ ကြီးမားကြတာတို့ အားလုံးအထက်တန်းအဆင့် ရောက်ကုန်ကြတာပါပဲ။

 

အဲ .. ဒီနေရာမှာ ဟိုး အဂုင်္တ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ကုလသုတ်မှာ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့အတိုင်း စံကျောင်းဆရာတော်ကြီးရေးခဲ့တဲ့ လင်္ကာလေးတစ်ပုဒ်ရှိတယ်ဗျ၊ ဘာတဲ့ .. အဲ … “ပျက်တာမပြင်၊ ပျောက်လျှင်မရှာ၊ ဗလဖွာသုံး၊ ဥာဏ်တုံးသူအား၊ ခေါင်းဆောင်ထား၊ စီးပွား ဆုတ်ယုတ်ကြောင်းတဲ့”တဲ့။ ဒါကိုပြည်သူတွေကလည်း သဘောပေါက်ပြီး ခေါင်းဆောင်ကောင်းကို စိစစ် ရွေးချယ်တတ်ဖို့တော့ လိုအပ်တာပေါ့နော်။

 

အဲဒီလိုသာဆိုရင် ဟို … ပုဂံရာဇ၀င်ထဲက မင်းတစ်ပါးလိုပေါ့၊ ဘာတဲ့ဗျာ ..   အဲ  နရသီဟပတေ့ ဆိုလား မင်းခွေးချေးဆိုလား ထင်ပါရဲ့ ။ သူအလွန်ချစ်တဲ့ မိဖုရားစောလုံကို နှုတ်လွန် အာလွန် သတ်မိန့် ပေးလိုက်မိတဲ့အတွက် ညရောက်တော့ သူ့ကိုစောင့်ရှောက်ပေးမည့် မိဖုရားကို တမ်းတပြီး “စောလုံ .. စောင့်ပါခလှည့်” လို့ မည်တမ်းနေတယ်ဆိုတာလေ။

 

ဒကာကြီးလည်း ပြည့်သူတွေအားလုံး အသိရှိရှိ၊ သတ္တိရှိရှိနဲ့ ကံဥာဏ်ဝီရိယ ပယောဂတို့ မှန်မှန်ကန်ကန် နဲ့ တော်တည့်မှန် ကန်တဲ့ ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်ကြရင် ကောင်းမွန်တဲ့ အပြောင်းအလဲ အနိစ္စရဲ့ ကောင်းကျိုးတွေကို သာ တွေ့ကြုံရ မယ်ဆိုတာကို သိရင်တော့ အနိစ္စအပေါ်မှာ အမြင်မကြည်တဲ့စိတ်နဲ့ ပြစ်မှားမိတာတွေ ဝန်ချတောင်းပန်ပြီး ညအိပ်ယာဝင်တိုင်း “အနိစ္စ.. စောင့်ပါ ခလှည့်” လို့များ မြည်တမ်းနေမလားပဲနော် ဆိုတော့ …

 

အဲလိုသာ ဖြစ်မယ်ဆိုရင်တော့ဘုရား “အတိုင်းထက်လွန်၊ တံခွန်နဲ့ဘုရား”ဆိုသလို အားလုံး လူသာဓုခေါ်၊ နတ်သာဓုခေါ်ပေါ့။ ဘယ်ပြောကောင်းမလဲ၊ တစ်တိုင်းပြည်လုံး ညအိပ်ယာဝင်ချိန်တောင် စောင့်မနေဘူး၊ အခုချက်ချင်းကို “အနိစ္စရေ မြန်မြန်ကြီးသာ စောင့် ပါခလှည့်” လို့ အော်လိုက်မှာပေါ့။ ပြောနေကြာတယ် အခုကို မြည်တမ်းလိုက်မယ်ဘုရား” ဆိုပြီး နေရာက ထထိုင်ပါတယ်။

 

နေဦး ဒကာကြီးရဲ့ ပါးစပ်က မြည်တမ်းနေရုံနဲ့လည်း မပြီးသေးဘူးဗျ။ စောစောကပြောသလို ပြည်သူတွေက သုံးသပ်ဆင်ခြင်နိုင်တဲ့ အသိဥာဏ် ဗဟုသုတတို့၊ ဆုံးဖြတ်ရဲတဲ့ သတ္တိ၊ မှန်မှန်ကန်ကန်လုပ်ကိုင်နိုင်တဲ့လုံ့လ ပယောဂတို့လည်း အခိုင်အမာရှိအုံးမှလေ” ဆိုတော့ ဒါတွေလည်း ရှိရမှာပေါ့ဘုရား၊ “အဲ … ပြည်သူတွေလည်း အရှင်ဘုရားပြောတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံကြပါစေ။ အနိစ္စတရားကလည်း မြန်မြန်ကြီး အဲ … ဘာတဲ့ အရှင်ဘုရားပြောသလို စောင့်ပါခလှည့်ပါဘုရား“ ဆိုပြီး တကယ်ပဲ လက်အုပ်ချီနှုတ်မြွက် ဆုတောင်းနေပါတော့တယ်။            ။

 

တောင်းတဲ့ဆု ယခုမြန်စွာ ပြည့်စေသော်………။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

အောက်တိုဘာ(၂၄) ၂၀၁၄ခု၊                                                                                                မေတ္တာနန္ဒဝိဟာရ                                                                                                                                     ဖရီးမောင့်၊ USA

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET