မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

မိုးနဲ့အတူ

6324797836 5ff2a59f11 z

ဥာဏ်ဦးမောင်

   အချို့သူတွေက မိုးရေထဲမှာ လမ်းလျှောက်တယ်။ အချို့သူများကတော့ မိုးစိုခံရုံ သက်သက်မျှသာ။

ဒီနေ့နံနက်စောစော ရွာခဲ့တဲ့မိုးက နွေအလွန် ဖောလ်(ရွက်ကြွေ)ရာသီဦးမှာ အမှတ်ပြုဖွယ် ပထမဦးဆုံး ရွာတဲ့မိုး။ မျှော်ခေါ်မှန်းဆ တမ်းတမ်းတခိုက် ဆိုက်မြိုက်ရောက်လာ ကောင်းခြင်းမင်္ဂလာတွေ သယ်လာ မယ့်မိုး။ ဒီမိုးက တကယ့်ကိုမှ ရွှေမိုးငွေမိုး။ ဒီလိုပဲ ယူဆလိုက်တယ်။

   ဒီနှစ်က ကာလီဖိုးနီးယားမှာ မိုးနည်းလို့ရေရှားတဲ့နှစ်။ စမ်းချောင်းတွေရေခန်း၊ ကန်တွေဆည်တွေ ခြောက်လုနီးပါး မို့ ရေကိုချွေ တာသုံးကြဖို့ သက်ဆိုင်ရာများက သတိပေးစကားများ ပြောလာရတဲ့အထိ။ ဒီတော့ သူသူငါငါ ရေကိုချွေတာ သုံးစွဲကြ ရတော့တယ်။ မသုံးလို့လည်း မရ။ ချမှတ်မည့်ပြစ်ဒဏ်က ကြီးမြင့်တယ်လေ။

 

.

 အားလုံးက ရေကိုချွေတာသုံးကြတော့ အဦးဆုံးထိခိုက်တာက အိမ်တွေမှာ စိုက်ပျိုးထားကြတဲ့ ပန်းပင် နဲ့သစ်ပင်တွေ၊ မြက် ခင်းတွေ။ ပန်းတွေလည်းညှိုးနွမ်း၊ မြက်ခင်းတွေလည်း ခြောက်သွေ့။ သူ့အိမ်ရှေ့ ကိုယ့်အိမ်ရှေ့ တကူးတက ချယ်သထားတဲ့ အလှ တရားတွေလည်း ကွယ်ပျောက်ခဲ့ရတော့တာပေါ့။

 

   တကယ်တော့ မြက်ခင်းတစ်ခင်း စိမ်းလန်းစိုပြည်ဖို့၊ ပန်းပင်တစ်ပင် ရှင်သန်ဖူးငုံဖို့က တယုတယ စောင့် ရှောက်ကြရတာ။ တချို့ဆို တစ်နှစ်နဲ့ မငုံ၊ နှစ်နှစ်နဲ့ မဖူးနိုင်လို့ သုံးလေးနှစ် ပိုးမွေးသလို ပြုစုစောင့်ရှောက် ကြရတာ။ အဲဒီလိုနှစ်ရှည်လများ အရိပ် တကြည့်ြ ကည့် ပြုစုစောင့်ရှောက်လာခဲ့ရတဲ့ သစ်ပင်ပန်းမာလ် တွေ ရေလုံလောက်စွာ မသောက်ရ လို့ နွမ်းသွေ့ ညှိုးခြောက်ဖြစ် သွားရတာ ဘယ်လောက်တောင် နှမြော ဖို့ကောင်းသလဲ။

 

    ဒီထက်ပိုပြီး ကိုယ်စိုက်ပျိုးတဲ့ သစ်ပင်ပန်းမာလ်တွေအပေါ်မှာ သံယောဇဉ်ပိုတဲ့ အသိထဲကတစ်ယောက်ကတော့ ညှိုးနွမ်းခြောက်သွေ့သွားတဲ့ သူ့ရဲ့ပန်းပင်လေးတွေကိုကြည့်ပြီး ငိုချင်စိတ်တောင်ဖြစ်မိပါသတဲ့။ ဟုတ်မှာပေါ့။ သံယောဇဉ်ဆိုတာ တွယ်မိတွယ်ရာ တွယ်တတ်တာမျိုး။ ခွေးချစ်သူက ခွေးကြောင့်၊ ကြောင်ချစ်သူကကြောင်ကြောင့်။ အဲ ပန်းချစ်သူကလည်း ပန်းကြောင့် ပင်ပန်းနွမ်းလျမှု ဖြစ်နိုင်တာပေါ့။

 

ကံကောင်းတယ်လို့ဆိုရမလား။ ခြံထဲမှာ မြေအောက်ရေတွင်းရှိလေတာမို့ ရေကို အထူးခြွေတာနေဖို့ မလို။ တစ်ရက်တစ်နာရီ၊ ဒီထက်ပိုပြီး အချိန်ရတဲ့အခါမျိုးမှာဆို တစ်နာရီခွဲနှစ်နာရီ မော်တာနဲ့ရေကို စုတ်တင်ပြီး ပိုက်နဲ့ရေဖျန်းလိုက်တာနဲ့ ခြံထဲမှာ ရှိတဲ့ မြက်ခင်းနဲ့ပန်းပင်စားပင် အကုန်လုံးရေလုံလောက် သွားတယ်။ ရေဝဝသောက်ရတော့ မြက်ခင်းပြင်က စိမ်းလန်း စိုပြေ၊ နှင်း ဆီတွေက ဝေဆာပွင့်လန်း။ မြက်တစ်ခင်းရဲ့ ပသာဒ၊ ပန်းတစ်ခင်းရဲ့ လှဂုဏ်ရည်၊ စုံညီနေမှုက ရှုကြည့်ဖွယ်ရာ။

 

မြို့ကပေးတဲ့ရေနဲ့တော့ သူ့အချိန်တန်လျင် အလိုအလျောက် ရေဖျန်းတဲ့စနစ်ကို တပ်ဆင်ထားပါရဲ့။ ဒါပေမယ့် မြေအောက်ရေနဲ့ အလိုအလျောက်ရေဖျန်းတဲ့စနစ်ကို မတပ်ဆင်ရသေး။ ကျွမ်းကျင်သူများကို ခေါ်မေးကြည့်တော့ သစ်ပင်အားလုံးအတွက် အလို အလျောက်ဖျန်းတဲ့စနစ်ကိုတပ်ဆင်မယ်ဆိုရင် ဒေါ် လာလေးထောင်လောက် ကုန်ကျမယ်တဲ့။ ဒီကုန်ကျစရိတ်က ကိုယ်တတ်နိုင် တာထက်ဟိုဖက် တော် တော်ဝေးဝေးမှာ ရောက်နေတဲ့အနေအထား။ ဒီတော့လည်း နေ့စဉ် တစ်ရက် တစ်နာရီနှစ်နာရီလောက် အချိန်ပေးပြီး ကိုယ်တိုင်ပဲ ပိုက်နဲ့ဖျန်းလိုက်တော့တယ်။ ကိုယ်တိုင်လုပ်တော့ ကျန်းမာရေးအတွက်လည်း အထောက် အပံ့ဖြစ်စေတာပေါ့လို့ ကိုယ့်ကိုယ်ကိုလည်း ဖြေတွေးအားပေးရင်းပေါ့လေ။

 

ဘာပဲဖြစ်ဖြစ်ပါ။ ခြံဝင်းအတွင်းမှာ မြက်ခင်းလေးတွေ စိမ်းလန်းနေတာ၊ သစ်ပင်လေးတွေ ရှင်သန်နေ တာ၊ ပန်းပင်လေးတွေ ပွင့်လန်းနေတာက ကြည်နူးဝမ်းသာဖွယ်ရာပါ။ ကိုယ်တင်လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ခြံလေးရှိရာ ရောက်လာတဲ့ နီးနီးဝေးဝေးက ဧည့်သည်တွေ၊ ခြံရှေ့ကဖြတ်သန်းသွားလာတဲ့ လမ်းသွားလမ်းလာတွေ၊ အားလုံးကလည်း စိုပြေစိမ်း လန်းကာ ရောင်စုံပန်းတွေပွင့်နေတာကို ကြည့်ပြီး ကြည်နူးကျေနပ် ဖြစ်သွားတတ်ကြပါတယ်။ သိပ်လှတဲ့ ဥယျာဉ်လေး ရယ်လို့ လည်း သွားရင်းလာရင်း ချီးကျူးစကား ဆိုတတ်ကြပါတယ်။ မြင်ရသူတွေ စိတ်လန်းဆန်းမှုကိုဖြစ်စေခြင်းဟာ အမြင်ကောင်းခြင်း (ဒိဋ္ဌမင်္ဂလာ) ကိုဖြစ်စေတာပဲ မဟုတ်လား။

 

မြေအောက်ရေ အလုံအလောက်သောက်ရလို့ မြက်ခင်းနဲ့သစ်ပင်ပန်းမာလ်တွေ စိုပြေလန်းဆန်းနေပေ မယ့် မိုးရေဆွတ်ဖျန်းလို့ ဝန်းကျင်တစ်ခွင်လုံးပါ သန့်ရှင်းလန်းဆန်းနေတာမျိုးလောက်တော့ အလှက မပြည့်စုံဖူးလို့ ခံစားမိတယ်။ ဒါကြောင့် မြက်ခင်း စိမ်းစိမ်းနဲ့ ရောင်စုံပန်းခင်းကိုကြည့်ပြီး မိုးရွာပါစေရယ်လို့ ဆုတောင်းမိတတ်ပါတယ်။ ခုနှစ်လို ရေရှားပါးပြတ်လပ် တဲ့အခါမျိုး မှာတော့ မိုးကိုပိုလို့မျှော်လင့်မိပါ တယ်။

 

ရေရှားပါးပြတ်လပ်တဲ့ခုချိန်မျိုးမှာ ရွာသွန်းဖြိုးတဲ့မိုးဟာ ပြောခဲ့သလို တကယ့်ကိုမှ ရွှေမိုးငွေမိုးပါပဲ။ ရေ ငတ်နေတဲ့မြက်ခင်းတွေ၊ မိုးမျှော်တမ်းတနေတဲ့သစ်ပင်ပန်းပင်တွေအတွက် တကယ့်ကိုမှ အထောက်ပံ့ ဖြစ်စေတဲ့၊ တန်ဖိုးကြီးမားတဲ့ မိုးပဲမဟုတ်လား။ ဒီထက်အချိန်ကြာကြာ ရေပါပါ ရွာသွန်းဖြိုးခဲ့မယ်ဆိုရင် တော့ ပိုမိုပြီး ကျေးဇူးတင်ဝမ်းမြောက်စရာ မိုးဖြစ်မှာပေါ့လေ။ ဒါပေမယ့် လည်း လုံးဝ မရွာခဲ့တာနဲ့စာလျင် တော့ ခုလောက်ရွာသွန်းခဲ့တဲ့မိုးကပဲ တော်တော်ကျေနပ်စရာဖြစ်ခဲ့ပါပြီ။ မိုး…. မိုး…..ရွာသာ ရွာပါမိုး။

 

နှင်းဆီတွေစိုက်ပျိုးတာ၊ သစ်ပင်ပန်းပင်တွေစိုက်ပျိုးတာ ဝါသနာထုံတဲ့သူအတွက် ကောင်းကင်ပြင်ကြီး ကတော့ နှင်းဆီမိုးတွေ ဘယ်တော့မှ ရွာပေးမှာ မဟုတ်ပါဘူး။ နှင်းဆီတွေများများပွင့်တာကိုလိုလား တယ်ဆိုရင်တော့ သစ်ပင်သစ်တောတွေကို များများစိုက်ပျိုးဖို့လိုမယ်ရယ်လို့ နားလည်မိပါရဲ့။

 

မိုးနဲ့ပတ်သက်ရင် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာရယ်လို့ ပြောတတ်ကြတယ်။ ဘဝကံ မလှပသူတွေ အတွက် ကံက ဆိုးပြီးရင်း ဆိုးတာကို ပြောလိုတာဖြစ်မှာပါ။ နေစရာလုံလုံခြုံခြုံလေးမှ မရှိသူတစ်ဦးအတွက် မစဲနိုင်တဲ့မိုးရေအောက် မှာ ထောက်တည် ရာနေရာ မရနိုင်တာကြောင့် မိုးကို အဆိုးအနေနဲ့ ဥပမာပေးကာ ပြောတာပဲဖြစ်မှာပါ။ ခုလိုရေတွေရှားပါးလို့ သစ်တော သစ်ပင်တွေသေကြေ၊ မြင်ခင်းနဲ့ ပန်းပင်တွေ ခြောက်ခန်းလာတဲ့အခါမျိုးမှာ ရွာသွန်းတဲ့မိုးမျိုးကတော့ ကံဆိုးလို့ရွာတာ မဟုတ်လေ ပဲ ကံကောင်းစေဖို့ ရွာတဲ့မိုးသာဖြစ်မှာပါ။

 

နောက်ပြီး ကိလေသာမိုးရယ်လို့ ကိလေသာကိုမိုးနဲ့ ခိုင်းနှိုင်းတတ်ကြတယ်။ မိုးဆိုတာ သစ်ပင်ပန်းမာလ် တွေကို ရှင်သန်စေ၊ တိုးပွားစေသလို ကိလေသာဆိုတာကလည်း ဘဝသစ်တွေ၊ ဒုက္ခအသစ်အသစ်၊ သမုဒယအသစ်သစ်တွေကို ရှင်သန်စေတဲ့ သဘော၊ တိုးပွားစေတဲ့သဘောမျိုးနဲ့ ပြောတာပဲဖြစ်မှာပါ။

 

သံသရာခရီးကို သွားနေကြရသူတွေအဖို့ မိုးနဲ့ခိုင်းနှိုင်းပြောဆိုတဲ့ ကိလေသာမိုးတွေနဲ့တော့ တွေ့နေကြ ရဦးမှာပါ။ ကိလေသာတွေ မကုန်သေးသမျှတော့ပေါ့။ မိုးလိုပဲပေါ့၊ ကိလေသာဆိုတဲ့ သဘောတရား တွေကလည်း တခါခါမှာ ဘဝရှင်သန်လန်းဆန်းစေရေး၊ ဘဝနေပျော်ဖွယ်ဖြစ်စေရေးအတွက် အတိုင်း အတာတစ်ခုအထိလည်း လိုအပ်နေမှာပါ။ တာဝန်ဆိုတာ တွယ်တာခြင်း၊ အမှတ်ပြုခြင်းလေးပါပါမှသာ ကျေပွန်စွာ လုပ်ကိုင်လိုကြတာမျိုး မဟုတ်လား။

 

အချို့သူတွေက မိုးရွာထဲမှာ လမ်းလျှောက်တယ်။ အချို့သူများကတော့ မိုးစိုခံရုံသက်သက်မျှသာ။ မိုး ရေစွတ်စိုခံရတာခြင်းအတူတူ မိုးရွာနေချိန် မိုးရေထဲမှာ မိုးစိုခံသက်သက်မျှရပ်တန့်မနေပဲ လမ်းဆက် လျှောက်ဖို့လည်း လိုတယ်လေ။ ကိုယ်သွားလိုတဲ့ ခရီးကို လည်းရောက်၊ မိုးရေကိုလည်းချိုးပြီးသား ဖြစ် သွားတာမျိုးဟာ မိုးစိုခံရုံမျှ၊ ရေစွတ်စိုရုံမျှ သက်သက်ထက် ပိုကောင်းပေ လိမ့်မယ်။

 

ကိလေသာမိုးနဲ့တွေ့ရတဲ့အခါမျိုးမှာ မိုး အစိုခံရရုံမျှသာမဟုတ်ပဲ အဲဒီမိုးအောက်မှာပဲ ကိုယ်လိုတဲ့ပန်း တိုင်အထိ ဆက်လျှောက်သွား မယ်ဆိုရင်ဖြင့် အဆုံးတစ်နေ့မှာတော့ လိုရာပန်းတိုင်ကို ရောက်ရမှာ အမှန်ပါ။ မိုးလွတ်ရာအရပ်ဆီကို တကယ်ပဲရောက်မှာပါ။ မိုးဆိုတာ အစဉ်ထာဝရ ရွာနေတတ်တာမျိုး ရယ်မှ မဟုတ်လေတာ။ ။

 

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET