မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်

IMG 7952

(အရှင်ကေလာသ) ဓမ္မာစရိယ၊ B.A.(Philo)M.A.(Buddhism)

'သြောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်' ဘုရားရှိခိုး၌ ပါသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော်များကို အသေးစိတ် သိလိုပါ သည် ဘုရား။ထိုစက်လက္ခဏာများသည်မြတ်စွာဘုရား၏ခြေတော်၌မည်ကဲ့သို့တည်နေပါသနည်း။                                                                                                              ဦးမြသိန်း ------------------------------------------

ဗုဒ္ဓစက် စက်ဆိုတာ ပါဠိလို စက္က၊ မြန်မာလို အဝိုင်းအ၀န်းလို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ ခြေဖဝါးတော်မှာပါတဲ့ စက်ဝိုင်းပုံကို ဗုဒ္ဓစက်လို့ ခေါ်မှာပေါ့။ တစ်ရာ့ရှစ်ကွက် ဆိုတာကတော့ အဲဒီ စက်ဝိုင်းကို စနစ်တကျ ပတ်ဝန်းနေတဲ့ အခြံအရံ မင်္ဂလာ အမှတ်အသားတွေပါပဲ။ မဟာပဒါနသုတ် (ဒီ ၂၊ ၂၇)အဖွင့် အဋ္ဌကထာ (ဒီ-ဋ္ဌ ၂၊ ၃၇) မှာ စက်လက္ခဏာ ၃၉-ခုလောက် တွေ့မိပါတယ်။ အနာဂတဝံသအဋ္ဌကထာ (ပေမူ၊ မ-ဝမ်း၊ မ-ကျော)နဲ့ ဇိနာလင်္ကာရဋီကာ (ပုံနှိပ်မူ၊ စာ-၅၇)မှာတော့ ၁ဝ၈-မျိုး ဖော်ပြပါတယ်။ အဲဒီ စက်ဝိုင်းနဲ့ အကွက်တွေက ဘယ်လို တည်နေသလဲ၊ အဲဒီ တစ်ရာ့ရှစ်မျိုးက ဘာတွေလဲ ဆိုတာကို

.

 

ပဌမ ကျော်အောင်စံထားဆရာတော် ရေးသားတဲ့ 'စက္ကင်္ဂဝိနိစ္ဆယဒီပနီ'ကျမ်းကို အဓိက မှီငြမ်းပြုပြီး တောင်ခွင် ဆရာတော်ရဲ့ 'စက္ကလက္ခဏသင်္ခေပ'ကျမ်းမှ ခြားနားချက် အချို့ကိုပါ ဖော်ပြလိုက်ပါတယ်။

ပါဒနက်သန် 'ပါဒနက်သန်'လို့ခေါ်တဲ့ အောက်ပါ ၁၂-ဂါထာကို ပင်းယခေတ်စာဆို အဘိဓာန်ဋီကာကျမ်းပြု စတုရင်္ဂဗလအမတ် ရေးသား ခဲ့ပါတယ်။ ကျက်မှတ်လိုသူ အတိအကျ သိလိုသူတို့ လွယ်ကူစေရန်နဲ့ တိမ်မြုပ်နေတဲ့ ပါဒနက်သန် ဂါထာတော်တွေကို ဖော် ထုတ်ရန်ပါ ရည်ရွယ်ပြီး ပါဠိကိုရော ကျော်အောင်စံထားဆရာတော် ရေးတဲ့ နိဿယကိုပါ အစအဆုံး ဖော်ပြပါတယ်။ ဒီပါဠိ နဲ့ အနက်ကို ဖတ်ရင် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတွေကို နားလည်သွားပါလိမ့်မယ်။ 

၁။ ပါဒေသု ယဿ ဇာတာနိ၊ ဒွေ စက္ကာနိ သကမ္မတော။    နာနာကာရေဟိ ပုဏ္ဏာနိ၊ ဝန္ဒေ တံ ပုရိသုတ္တမံ။

ယဿ ပုရိသုတ္တမဿ၊ အကြင်မြတ်စွာဘုရား၏။ ပါဒေသု၊ ခြေတော်တို့၌။ သကမ္မတော၊ ကောင်းမှုတော်ကြောင့်။ ဇာတာနိ၊ ဖြစ်ကုန်သော။ နာနာကာရေဟိ၊ အထူးထူးသော အကန့်အကွပ် ပုံတောင်းတို့ဖြင့်။ ပုဏ္ဏာနိ၊ ပြည့်ကုန်သော။ ဒွေ၊ နှစ်ပါး ကုန်သော။ စက္ကာနိ၊ စက်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ တံ ပုရိသုတ္တမံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ ဝန္ဒေ = ဝန္ဒာမိ၊ ရှိခိုးပါ၏။

 

ကျော်အောင်စံထားမူအရ ဒီဂါထာနောက်မှာ ပါတဲ့ 'ဧကေကပါဒစက္ကမှိ'စတဲ့ သုံးဂါထာမှာ မူရင်းကျမ်းပြုသူ စတုရင်္ဂဗလရဲ့စာ မဟုတ်ကြောင်း ဆိုပါတယ်။ တောင်ခွင်မူမှာတော့ ဒီအမှတ်-၁ ဂါထာကိုပါ မဖော်ပြဘဲ ပါဒနက်သန် ၁၁-ဂါထာသာ ဖော်ပြ ပါတယ်။

 

၂။ သတ္တီ စ သိရိဝစ္ဆော စ၊ နန္ဒိယဝဋ္ဋမေဝ စ။    သောဝတ္တိကော ဝဋံသော စ၊ ဝဍ္ဎမာနဉ္စ ပီဌကံ။ (သတ္တီ-၌ ဆန်းကြောင့် ဒီဃ)။

ယဿ မဟေသိနော၊ အကြင်မြတ်စွာဘုရား၏။ ပါဒေသု၊ ခြေတော်တို့၌။ သတ္တိ စ၊ လှံမလည်းကောင်း။ သိရိဝစ္ဆော စ၊ အိမ်မွန် (အသရေရှိသော အိမ်)လည်းကောင်း။ နန္ဒိယဝဋ္ဋမေဝ စ၊ ဇလပ်ပန်းလည်းကောင်း။ သောဝတ္တိကော၊ လည်ရေး သုံးဆင့်လည်းကောင်း။ ဝဋံသော စ၊ ဦးဆောက်ပန်းလည်းကောင်း။ ဝဍ္ဎမာနဉ္စ၊ ထမင်းပွဲလည်းကောင်း။ ပီဌကံ၊ ရွှေသလွန် (ရွှေအင်းပျဉ်)လည်းကောင်း။

သောဝတ္တိကောတိ သောဝတ္တိအင်္ဂေါ (ဒီ-ဋီ ၂၊ ၃၇)အဖွင့်အရ လည်ရေးသုံးဆင့်ရှိသော ကိုယ်အင်္ဂါလို့ ဆိုတဲ့အတွက် အရစ် သုံးခုပါ လည်ပင်းပုံ ဖြစ်ဖွယ်ရှိပါတယ်။ ပါဠိပဒကျမ်းညွှန်းမှာတော့ သောဝတ္တိကော-ကို 'စကြာရုပ်ပုံ စက်လက္ခဏာ'လို့ ဆိုတယ်။ ကျော်အောင်စံထားက ဝဍ္ဎမာန-ကို ထမင်းပွဲလို့ ယူတယ်။ တိပိဋက ပါဠိမြန်မာ အဘိဓာန်မှာ ယင်းပုဒ်ကို 'ထမင်း အုပ်၊ ဘုရားရှေ့ ၌ထားသော ရွှေအုပ်ယွန်းအုပ်'လို့ ဆိုတယ်။ ပါဒနက်သန်လင်္ကာမှာလည်း 'ထမင်းပွဲတည်ဟန်'လို့ ဆိုတယ်။ တောင်ခွင်ကတော့ ဝဍ္ဎမာန = ဦးပေါင်း၊ ပိဋ္ဌကံ = စာပွဲတည်ခင်း အင်းပျဉ်ဝန်းလို့ ကွဲပြားစွာ ဆိုပါတယ်။ 

၃။ အင်္ကုသဉ္စေဝ ပါသာဒေါ၊ တောရဏံ ဆတ္တမေဝ စ။  

  ခဂ္ဂေါ စ တာလဝဏ္ဍဉ္စ၊ မောရဟတ္ထကဗီဇနီ။

အင်္ကုသဉ္စေဝ၊ ချွန်းတောင်းလည်းကောင်း။ ပါသာဒေါ စ၊ ပြာသာဒ်လည်းကောင်း။ တောရဏံ၊ တံခါးတိုင်လည်းကောင်း။ ဆတ္တမေဝ စ၊ ထီးဖြူလည်းကောင်း။ ခဂ္ဂေါ စ၊ သန်လျက်လည်းကောင်း။ တာလဝဏ္ဍဉ္စ၊ ထန်းရွက်ယပ်လည်းကောင်း။ မောရဟတ္ထကဗီဇနီ၊ ဥဒေါင်းမြီးယပ်လည်းကောင်း။

ဒီစက်လက္ခဏာတွေနဲ့ ပတ်သက်လို့ ကျော်အောင်စံထားနဲ့ တောင်ခွင်တို့ ခြားနားချက် မရှိ။ ၄။ ဥဏှီသံ မဏိပတ္တဉ္စ၊ ဒါမံ နီလုပ္ပလံ တထာ။    ရတ္တံ သေတုပ္ပလဉ္စေဝ၊ ပဒုမံ ပုဏ္ဍရိကံ တထာ။

ဥဏှီသံ၊ သင်းကျပ်တော်လည်းကောင်း။ မဏိ၊ ပတ္တမြားလည်းကောင်း။ ပတ္တဉ္စ၊ သပိတ်(ခွက်)လည်းကောင်း။ ဒါမံ၊ ပန်းဆိုင်း လည်းကောင်း။ နီလုပ္ပလံ၊ ကြာညိုလည်းကောင်း။ တထာ၊ ထိုမှတပါး။ ရတ္တုပ္ပလံ၊ ကြာနီလည်းကောင်း။ သေတုပ္ပလဉ္စေဝ၊ ကြာဖြူလည်းကောင်း။ ပဒုမံ၊ ကြာပဒုမ္မာလည်းကောင်း။ တထာ၊ ထိုမှ တပါး။ ပုဏ္ဍရိကံ၊ ကြာပုဏ္ဍရိုက်လည်းကောင်း။ အနာဂတဝံသအဋ္ဌကထာမှာ ပဒုမ္မာကြာ မပါဘဲ ပုဏ္ဍရိုက်ကြာကို အဖြူအနီ ခွဲပြကြောင်း၊ မဏိနှင့်ပတ္တကို တစ်ခုစီ ခွဲယူရ မည်ဖြစ်ကြောင်း၊ သုံးလိင်ဆန် ပတ္တသဒ္ဒါသည် သပိတ်ဟူသော ခွက်အထူးကို ဟောကြာင်း၊ ဘုရားခြေတော် ဖြစ်တဲ့အတွက် သပိတ်ပုံလည်း ရှိနိုင်ကြောင်း ကျော်အောင်စံထား ဆုံးဖြတ်တယ်။  တောင်ခွင်က ဥဏှီသ = ရွှေသင်းကျပ်ဖျားနှင့်တကွ မကိုဋ်၊ ပတ္တ = စားခွက်အထူးလို့ ဆိုတယ်။

 

၅။ ပုဏ္ဏဂ္ဃဋော ပုဏ္ဏပါတိ၊ သမုဒ္ဒေါ စက္ကဝါဠကံ။   

ဟိမဝါ စ သိနေရူ စ၊ သူရိယော စန္ဒိမာ တထာ။ (သိနေရူ-၌ ဆန်းကြောင့် ဒီဃ)။

ပုဏ္ဏဂ္ဃတော၊ မုံညင်းစသည်ဖြင့် ပြည့်သော အိုးလည်းကောင်း။ ပုဏ္ဏပါတိ၊ မုံညင်းစသည်ဖြင့် ပြည့်သော ဖလားလည်း ကောင်း။ သမုဒ္ဒေါ၊ သမုဒ္ဒရာလည်းကောင်း။ စက္ကဝါဠကံ၊ စကြဝဠာလည်းကောင်း။ ဟိမဝါ စ၊ ဟိမဝန္တာတောင်လည်း ကောင်း။ သိနေရု စ၊ မြင်းမိုရ်တောင်လည်းကောင်း။ သူရိယော စ၊ နေလည်းကောင်း။ တထာ၊ ထိုမှတပါး။ စန္ဒိမာ၊ လလည်း ကောင်း။

 

အချို့ဆရာတွေ 'ပုဏ္ဏဂ္ဃတော၊ ရေပြည့်အိုး။ ပုဏ္ဏပါတိ၊ ရေပြည့်ဖလား'လို့ ယူတာဟာ 'သိဒ္ဓတ္ထာဒိပုဏ္ဏဃဋပုဏ္ဏပါတိယော' ဆိုတဲ့ ဋီကာ (ဒီ-ဋီ ၂၊ ၃၇)နှင့် မညီကြောင်း ကျော်အောင်စံထား ဆုံးဖြတ်ပါတယ်။ ၆။ နက္ခတ္တာ စတုရော ဒီပါ၊ ဒွိသဟဿ ပရိတ္တကာ။     စက္ကဝတ္တိ သေတသင်္ခေါ၊ မစ္ဆာနံ ယုဂဠံ တထာ။

နက္ခတ္တာ၊ နက္ခတ်တို့လည်းကောင်း။ ဒွိသဟဿ ပရိတ္တကာ၊ ကျွန်းငယ်အရံ နှစ်ထောင်နှင့် တကွကုန်သော။ စတုရော ဒီပါ၊ လေးကျွန်းတို့လည်းကောင်း။ စက္ကဝတ္တိ၊ စကြာမင်းလည်းကောင်း။ သေတသင်္ခေါ၊ ခရုသင်း ဖြူလည်းကောင်း။ တထာ၊ ထိုမှတပါး။ မစ္ဆာနံ၊ ငါးတို့၏။ ယုဂဠံ၊ အစုံလည်းကောင်း (မစ္ဆာနံ ယုဂဠံ၊ ငါးကြင်းပွတ်လည်းကောင်း)။

မစ္ဆာနံ-ဟု သာမန်ရှိသည်ကို ဆရာစဉ်ဆက်အရ ငါးကြင်းဟု ဆိုကြောင်း၊ အရံကျွန်းငယ် ငါးရာနဲ့အတူ တစ်ကျွန်းကို တစ် ကွက်၊ လေးကျွန်းကို လေးကွက် ရေးရမယ်၊ အရံကျွန်းငယ်များအတွက် သီးခြားရေးရန် မလိုကြောင်း ကျော်အောင်စံထား ဆုံးဖြတ်ပါတယ်။

 

၇။ စက္ကံ သတ္တ မဟာဂင်္ဂါ၊ မဟာသေလာ မဟာသရာ။  

  သုပ္ပဏ္ဏကော သံသုမာရော၊ ဓဇော ပဋာကမေဝ စ။

စက္ကံ၊ စက်(စကြာ)လည်းကောင်း။ သတ္တ မဟာဂင်္ဂါ၊ သီဒါ ခုနစ်တန်လည်းကောင်း။ မဟာသေလာ၊ တောင်စဉ် ခုနစ်ထပ် လည်းကောင်း။ မဟာသရာ၊ အိုင်ကြီး ခုနစ်အိုင်လည်းကောင်း။ သုပ္ပဏ္ဏကော၊ ဂဠုန်လည်းကောင်း။ သံသုမာရော၊ မိကျောင်းလည်းကောင်း။ ဓဇော၊ တံခွန်လည်းကောင်း။ ပဋာကမေဝ စ၊ ကုက္ကားလည်းကောင်း။

 

စက္က-အရ စကြာရတနာ မဟုတ်၊ လက်နက် စကြာဖြစ်ပြီး ယင်းကို စက်ဝန်းပုံ ရေးရမည်ဖြစ်ကြောင်း၊ အချို့ ပါဒနက်သန်မူမှာ ဓဇပဋာကံ သို့မဟုတ် ဓဇပ္ပဋာကံ-ရှိခြင်းမှာ မသင့်ကြောင်း၊ ဓဇ နှင့် ပဋာကသည် တံခွန် မျိုး ၅-ပါးတွင် သီးခြားဖြစ်၍ တစ် ပါးစီယူပြီး စက်တော်ပုံကိုလည်း တစ်ခုစီ ရေးသင့်ကြောင်း၊ အနာဂတဝံသအဋ္ဌကထာမှာ တစ်ခုတည်း ယူပေမယ့် ဇိနာ လင်္ကာရမှာ တစ်ခုစီယူကြောင်း၊ ယင်းသို့ (တစ်ခုစီ) ယူရင် ၁ဝ၈-ကွက်ဖြစ်ဖို့ စကြဝဠာနှင့် ဟိမဝန္တာကို တစ်ခုတည်း ယူရ မည်ဖြစ်ကြောင်း ကျော်အောင်စံထား ဆုံးဖြတ်ပါတယ်။ တောင်ခွင်က 'ဓဇပဋာက မေဝ စ'ပါဠိကို ယူသော်လည်း စက် လက္ခဏာကိုမူ တစ်ခုစီ ယူပြီး ကိန္နရီနဲ့ ကိန္နရာကိုပဲ တစ်ခုတည်း ယူပါတယ်။

၈။ ပါဋကီ ဟရိဗီဇနီ၊ ကေလာသပဗ္ဗတော တထာ။   

သီဟရာဇာ ဗျဂ္ဃရာဇာ၊ ဝလာဟော စ ဥပေါသထော။

ပါဋကီ၊ ရွှေသံလျင်းလည်းကောင်း။ ဟရိဗီဇနီ၊ ရွှေဖြင့်ပြီးသော သားမြီးယပ်လည်းကောင်း။ ကေလာသပဗ္ဗတော၊ ကေလာ-သတောင်လည်းကောင်း။ တထာ၊ ထိုမှတပါး။ သီဟရာဇာ၊ ခြင်္သေ့မင်းလည်းကောင်း။ ဗျဂ္ဃရာဇာ၊ ကျားမင်းလည်းကောင်း။ ဝလာဟော စ၊ ဝလာဟကမြင်းလည်းကောင်း။ ဥပေါသထော၊ ဥပေါသထဆင်မင်းလည်းကောင်း။ ဒီစက်လက္ခတွေနဲ့ ပတ်သက်လို့ ကျော်အောင်စံထားနဲ့ တောင်ခွင်တို့ ခြားနားချက်မရှိ။

၉။ ဗာသုကီ နာဂရာဇာ စ၊ ဟံသော စ ဥသဘော တထာ။   

ဧရာဝဏော မကာရော စ၊ ဟရိနာဝါ စတူမုခါ။ (စတူ-၌ ဆန်းကြောင့် ဒီဃ)။

 

ဗာသုကီ နာဂရာဇာ စ၊ ဗာသုကီနဂါးမင်းလည်းကောင်း။ ဟံသော စ၊ ဟင်္သာမင်းလည်းကောင်း။ ဥသဘော၊ နွားမင်းဥသဘ လည်းကောင်း။ တထာ၊ ထိုမှတပါး။ ဧရာဝဏော၊ ဧရာဝဏ်ဆင်လည်းကောင်း။ မကာရော စ၊ ရွှေမကန်းလည်းကောင်း။ ဟရိနာဝါ၊ ရွှေလှေလည်းကောင်း။ စတုမုခါ၊ မျက်နှာလေးခုတို့လည်းကောင်း။ ဗာသုကီနဲ့ ဝါသုကီမှာ အတူတူ ဖြစ်ကြောင်း၊ အချို့ ပါဒနက်သန်မူမှာ ဆဒ္ဒန္တော နာဂရာဇာ-ဟု ရှိပေမယ့် ယင်းသည် ဇိနာ လင်္ကာရ၊ အနာဂတဝံသဋ္ဌတို့၌ မဆို၊ စတုရင်္ဂဗလအမတ် ရေးရင်းလည်း မဟုတ်၊ ရှေးဆရာတို့ စပ်ဆိုသည့် လင်္ကာမှာ 'ဥပေါ သထာယဉ်မွန်၊ ဆဒ္ဒန်တခြား'ကို ကြည့်ပြီး နှောင်းခေတ် ပုဂ္ဂိုလ်တို့ ပြင်ထားခြင်း ဖြစ်ကြောင်း၊ ဟရိနာဝါနဲ့ စတုမုခါကိုလည်း တစ်ခုစီယူပြီး ရွှေလှေပုံနဲ့ ခေါင်းလေးခုပါတဲ့ ဗြဟ္မာပုံ တစ်ကွက်စီ ရေးရမည်ဖြစ်ကြောင်း၊ တစ်ပေါင်းတည်း ယူပြီး မျက်နှာ လေးခုရှိသော ရွှေလှေဟု မယူရကြောင်း ကျော်အောင်စံထား ဆုံးဖြတ်ပါတယ်။

 

၁ဝ။  သဝစ္ဆကာ တထာ ဂါဝီ၊ ကိန္နရော ကိန္နရီပိ စ။     

   ကရဝိကော မယူရော စ၊ ကုဉ္ဇရာဇာ တထေဝ စ။

တထာ၊ ထိုမှတပါး။ သဝစ္ဆကာ၊ သားငယ်ရှိသော။ ဂါဝီ၊ နွားမလည်းကောင်း။ ကိန္နရော၊ ကိန္နရာဖိုလည်းကောင်း။ ကိန္နရီပိ စ၊ ကိန္နရာမလည်းကောင်း။ ကရဝိကော၊ ကရဝိတ်လည်းကောင်း။ မယူရော စ၊ ဥဒေါင်းလည်းကောင်း။ တထာ၊ ထိုမှတပါး။ ကုဉ္ဇရာဇာ ဧဝ စ၊ ကြိုးကြာလည်းကောင်း။ ကျော်အောင်စံထားက ကိန္နရီနဲ့ ကိန္နရာကို တစ်ခုစီယူပေမယ့် တောင်ခွင်က တစ်ခုတည်း ယူပါတယ်။

 

၁၁။ စက္ကဝက္ကဒိဇော စေဝ၊ ဇီဝဇိဝကနာမကာ။    

     ဆကာမာဝစရာ ဒေဝါ၊ ဗြဟ္မလောကာ စ သောဠသ။

စက္ကဝက္ကဒိဇော စေဝ၊ စက္ကဝက်ငှက်လည်းကောင်း။ ဇီဝဇိဝကနာမကာ၊ ဇီဝဇိုးမည်သောငှက်တို့လည်းကောင်း။ ဆကာမာ-ဝစရာ ဒေဝါ၊ နတ်ပြည်ခြောက်ထပ်တို့ လည်းကောင်း။ သောဠသ ဗြဟ္မလောကာ စ၊ ဗြဟ္မာ့ပြည် တစ်ဆယ့်ခြောက်ထပ်တို့ လည်းကောင်း။ 

 

ဇီဝဇီဝကနာမာကာ-ဟု ဗဟုဝုစ်နှင့် ရှိသောကြောင့် ရှေးဆရာတို့ ငှက်အစုံကို ယူကြောင်း၊ အနာဂတဝံသအဋ္ဌကထာနဲ့ ဇိနာလင်္ကာရဋီကာမှာ စက္ကဝက္ကနှင့် ဇီဝဇီဝက-ပုဒ်တို့ကို ရာဇသဒ္ဒါနှင့် တွဲပြသဖြင့် ငှက်မင်းလို့ ယူလိုပုံရကြောင်း ကျော် အောင်စံထား အမှာပြုထားပါတယ်။

၁၂။ ဧတာနဋ္ဌုတ္တရသတ-လက္ခဏာနိ မဟေသိနော။     ပါဒေသု ယဿ ဒိဿန္တေ၊ ဝန္ဒေ တံ ပုရိသာသဘံ။ ဣတိ၊ ဤသို့။ ဧတာနိ အဋ္ဌုတ္တရသတလက္ခဏာနိ၊ ဤတစ်ရာ့ရှစ်ပါးသော လက္ခဏာတော်တို့သည်။ ယဿ မဟေသိနော၊ အကြင်မြတ်စွာဘုရား၏။ ပါဒေသု၊ ခြေတော်တို့၌။ ဒိဿန္တေ၊ ထင်ကုန်၏။ ပုရိသာသဘံ၊ ယောက်ျားမြတ် ဖြစ်တော်မူသော။ တံ မဟေသိံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ ဝန္ဒေ = ဝန္ဒာမိ၊ ရှိခိုးပါ၏။ (တောင်ခွင်မူမှာ 'ဧတာနိဋ္ဌုတ္တရသတ-မင်္ဂလာနိ မဟေသိနော'လို့ မူကွဲ ရှိပါတယ်)။

 

ရေတွက်ပုံ တစ်ရာ့ရှစ်ကွက်ကို ကျော်အောင်စံထား ရေတွက်ပုံမှာ .. ၁) လှံမမှ တံလျင်းအထိ ၁ဝ၊ ၂) ထီးဖြူမှ ကြာနီထိ ၁ဝ၊ ၃) ကြာဖြူမှ နေထိ ၁ဝ၊ ၄) လမှ စကြာအထိ (အရံကျွန်းငယ် ငါးရာစီနှင့်တကွ ကျွန်းကြီး လေးကျွန်းကို တစ်ကျွန်းစီ ယူ၍) ၁ဝ၊  ၅) သီတာ ၇၊ တောင် စဉ် ၇၊ အိုင် ၇၊ ပေါင်း ၂၁၊  ၆) ဂဠုန်မှ ဆင်ထိ (တံခွန်နှင့် ကုက္ကားကို တစ်ပေါင်းတည်းပြု၍) ၁ဝ၊ ၇) ဗာသုကီ နဂါးမှ ကိန္နရီမ အထိ (မျက်နှာလေးခုရှိ ဗြဟ္မာနှင့် ရွှေလှေကို တစ်ခုစီယူ၍) ၁ဝ၊  ၈) ကရဝိတ်မှ ဇီဝဇိုးထိ ၅၊ ၁၁) နတ်ပြည် ၆-ကွက်၊ ၁၂) ဗြဟ္မာ့ပြည် ၁၆-ကွက်၊ ပေါင်း ၁ဝ၈ ကွက်။

ဆရာတော်က တံခွန်နဲ့ ကုက္ကားကို တစ်ခုစီယူဖို့ ဆုံးဖြတ်ပေမယ့် ရေတွက်တဲ့အခါ အနာဂတဝံသအဋ္ဌကထာနဲ့ အညီ တစ်ခုတည်း ယူပါတယ်။ ကိန္နရီဖိုနဲ့ ကိန္နရီမကိုလည်း (ကိန္နရော ကိန္နရီ-လို့ ယင်းအဋ္ဌကထာ ဖော်ပြပုံအရ) တစ်ခုစီ ယူလို့ ဗုဒ္ဓစက်တော် ၁ဝ၈-ကွက် ညီပါတယ်။ ဆရာတော့် အလိုဆိုရင် တံခွန်နဲ့ ကုက္ကားကို တစ်ခုစီယူ၊ စကြဝဠာနဲ့ ဟိမဝန္တာကို တစ်ခုတည်း ယူရမယ်။ တံခွန်နဲ့ ကုက္ကားကို တစ်ခုစီယူတဲ့ တောင်ခွင် အလိုကတော့ စကြဝဠာ ဟိမဝန္တာကို တစ်ခုစီယူပြီး ကိန္နရီကိန္နရာကိုပဲ တစ်ခု ယူရမယ်။

 

တည်နေပုံ ကျော်အောင်စံထား အလိုအရ 'စက်တော်ကား ခြေတော်ကို လေးဖို့ပြု၍ သုံးဖို့ ဖမျက်တော်အောက်၌ တည်သည် (စက္ကင်္ဂ ဝိနိစ္ဆယဒီပနီ၊ ပေမူ၊ ကော-ဝမ်း)'။ ဤဖော်ပြချက်အတွက် ဆရာတော် ကျမ်းကိုး မပြခဲ့ပါ။ ပုံတောင်းကို မြအဆင်း၊ ယင်း အလယ်၌ ငွေအဆင်းနဲ့ အပေါက် (ဝင်ရိုးပေါက်)ပုံ (ယင်းဝင်ရိုးပေါက် အလယ်မှာလည်း အညိုစက် ပါရမည်)၊ ပုံတောင်း ထိပ်တွင် ရွဲလုံးများစီပြီး ကြိုးသဏ္ဌာန် ပတ်ဝိုင်း၊ ပြီးမှ ပုံတောင်း ပတ်လည်ရှိ အကန့် ၁ဝဝဝ ကို အနီရောင် (တစ်ကန့်နဲ့ တစ် ကန့် မရောအောင် ရွဲလုံးများကို စီတန်းထားသလို ရေးရမည်)၊ အကန့်ရဲ့အဆုံး အကွပ်ကို သန္တာရောင် (ရွဲလုံးပေါက်လျက် ရေးရမည်)၊ ၁ဝ-ကန့် ၁ဝ-ကန့် အကြား ဝဲယာ၌ ပန်းဆိုင်း ဆွဲထားသည့် သန္တာရိုးတပ် ထီးဖြူ (အားလုံးပေါင်း ပန်းဆိုင်း ၂ဝဝ၊ ထီးဖြူ ၁ဝဝ ရှိမည်)၊ အနားကွပ်အတွင်းနှင့် ပုံတောင်းအနား အတွင်းတို့၌ စီလျက် ခံတွင်း၌ ပုလဲလုံး ဆွဲထားသည့် ခြင်္သေ့ပုံ ရေးဆွဲရမည် (ကျော်အောင်စံထား ဆရာတော်ဟာ ဤဖော်ပြချက်တိုင်းအတွက် အဋ္ဌကထာ၊ ဋီကာကျမ်း အဆို များကို ထုတ်နုတ်ပြီး ကိုးကားခဲ့ပါတယ်)။

 

လက္ခဏာစဉ် လှံမ၊ အိမ်မွန်စတဲ့ ၁ဝ၈ မျိုးသော လက္ခဏတော်တွေကို စက်တော်ဝန်းကျင် စက်တော်အနီးမှစ၍ ရေးဖို့ ညွှန်ကြားတဲ့အပြင် ရေးပုံကို ကျော်အောင်စံထား ဆရာတော်က အသေးစိတ် ဆိုပါတယ် 'အစမှစ၍ မရေးအပ်။ စကြဝဠာ ဟိမဝန်စသည် ကျမ်း ဆိုစဉ်ကား ဟုတ်၏၊ ရေးစဉ် မဟုတ်။ အရေးကိုကား ကြပတေ့ စကြဝဠာကဲ့သို့ စက်ဝန်းသားပြီးလျှင် တောင်စဉ်တတန် သီတာတတန် ခြားကာ၊ သမုဒ္ဒရာ ဟိမဝန်စသည် သဏ္ဌာန်ပြကာ ရေးအပ်သည်။ စကြာမင်း၏ အခြံအရံ ဆင်မြင်း စသည် ကိုလည်း စကြာမင်းနှင့် အနီးအစပ် ရေးအပ်သည်။ ကြွင်းသည်တို့ကား သင့်ရာသင့်ရာ ရေးအပ်သည်။ ယခုအခါ အရေးတို့ ကား သဘောသို့ မလိုက်၊ ကျမ်းဆို စသည်ကို လိုက်သည် (ယင်း၊ ကော်-ဝမ်း)'။

 

စက်တော်ရှိခိုး အတိုင်းမသိ၊ ကျေးဇူးရှိသည်၊ မုနိသကျ၊ ဂေါတမ၏၊ ပါဒမြတ်ကျော်၊ ဖဝါးတော်၌၊ ထွန်းပေါ်ကျစ်လစ်၊ တစ်ရာ့ရှစ်ကို၊ စင်စစ် ကောင်းထွေ၊ လျည့်လျည့်ရေအံ့၊ ချီထွေအစ .. လှံမ အိမ်မွန်၊ မကျန်ပွင့်ချပ်၊ ဇလပ်ပျံ့မွှေး၊ လည်ရေးသုံးဆင့်၊ လှတင့်သွန်းသွန်း၊ ဦးဆောက်ပန်းက၊ စသည်မကွဲ၊ ထမင်းပွဲ တည်ဟန်၊ ရွှေသလွန် ချွန်းတောင်း၊ ရောင်မောင်း ပြာဿာဒ်၊ အထွတ်မြင့်ခိုင်၊ တံခါးတိုင်နှင့်၊ အပြိုင်ထီးဖြူ၊ အတူ သန်လျက်၊ ထန်းရွက်ယပ်ဝန်း၊ တခန်းတင်ကြောင်း၊ ဥဒေါင်းမြီးယပ်၊ သင်းကျပ်တခြား၊ ပတ္တမြားရောင်ဖိတ်၊ သပိတ် ပန်းဆိုင်း၊ တုနှိုင်းမရ .. (၁၈)

 

ပွင့်လှထွားထွား၊ ငါးပါးကြာမျိုး၊ ရေအိုး ဖလား၊ ထူးခြားသမုဒ္ဒရာ၊ စကြဝဠာသဏ္ဌာန်၊ ဟိမဝန် မြင်းမိုရ်၊ ထိုထို နေ လ၊ နက္ခတ်စသား၊ ဒီပလေးခု၊ ဇမ္ဗုဒီပါ၊ ပြုဗ္ဗာဥတ္တရ၊ အပရဂေါယဉ်၊ တလျဉ်အံ့ဖွယ်၊ ကျွန်းငယ်နှစ်ထောင်၊ ဘုန်းခေါင် စကြာမင်း၊ ခရုသင်းဖြူဆွတ်၊ ငါးကြင်းပွတ် စကြာ .. (၂၂)

 

သီဒါ ခုနစ်တန်၊ သတ္တရဘန်၊ တောင်စဉ် ခုနစ်ထပ်၊ ကြပ်ကြပ်မြင့်ခိုင်၊ ခုနစ်အိုင်တသုန် .. (၂၁) ဂဠုန်တကြောင်း၊ မိကျောင်းရေသား၊ ကုက္ကားတံခွန်၊ မင်းတန် သံလျင်း၊ မကြွင်းတသီး၊ သားမြီးကေသာ၊ ကေလာသဘ၊ သီဟ ကျား မြင်း၊ ဆင်မင်းမြတ်စွာ၊ ဥပေါသထာယဉ်မွန်၊ ဆဒ္ဒန်တခြား၊ နဂါး ဝမ်းဘဲ၊ မကွဲတူကွ၊ ဥသဘမကျန်၊ ဧရာဝဏ် မကန်း၊ ထူးဆန်းအံ့ဖွယ်၊ တင့်တယ်လှထွေ၊ ရွှေလှေလျှံဝါ၊ မျက်နှာလေးပါး၊ နွားသားမိစစ်၊ အဖြစ်များစွာ .. (ကုက္ကားတံခွန် ၁၊ ဥပေါသထ ဆဒ္ဒန် ၁ လို့ယူပြီး ၁၈)

 

ကိန္နရာကိန္နရီ၊ တူပြီ ကရဝိတ်၊ ထိတ်ထိတ်သောင်းသောင်း၊ ဥဒေါင်း ကြိုးကြာ၊ သံသာစက္ကဝက်၊ ငှက်၏အမျိုး၊ ဇီဝဇိုးအစုံ၊ ခြောက်ဘုံနတ်ရွာ၊ ဆကာမာနှင့်၊ ဗြဟ္မာနတ်ရပ်၊ ဆယ်ခြောက်ထပ်က၊ စေ့စပ်မကြွင်း၊ ခပင်းများစွာ၊ ရံစကားနှင့်၊ စကြာ ခြေမွန် .. (ကိန္နရာကိန္နရီ ၁ လို့ယူပြီး ၂၉)

တင့်တယ်ဟန်ကို၊ ထက်စွန်မိုးဖျား၊ သိကြားဗြဟ္မာ၊ ထုရေးရှာလည်း၊ ဘယ်မှာတမျှ၊ အတုရချိမ့်၊ အသမသမာ၊ သုံးလူ့ချာ၏၊ ရတနာထွန်းဝင်း၊ နီဆင်းစင်သန့်၊ အကန့်တထောင်၊ ရွှေရောင်ခြယ်ကာ၊ သန္တာအကွပ်၊ ထိန်လျှပ်မြကောင်း၊ ပုံတောင်းပြိုး ပြက်၊ ခြေတော်စက်ကို၊ စုံမက်မြတ်နိုး၊ ရှိလျှင်ခိုးသည်၊ ကောင်းကျိုးလျင်ဆော .. ရောက်စေသော်။ ဆရာမြတ်တို့ရဲ့ အဆုံးအဖြတ်ကို ကြည့်ပြီး ၁ဝ၈-ကွက် အရေအတွက် မပို မလျော့အောင် ပေါင်းယူလို့ ရတာကို ပေါင်းယူ ပေးလိုက်ပါတယ်။

 

ဘယ်သူရေး ဒီလင်္ကာနဲ့ ပတ်သက်ပြီး ပထမ ကျော်အောင်စံထားဆရာတော်က 'ဤစက်တော်ရှိခိုးကို ရှင်ရဋ္ဌသာရ ဆိုသောဟူ၏။ ရှေးရှိ ခိုးသည် စက်တော်ရာ ရှိခိုးသာဖြစ်၍ ခြေတော်စက်ရှိခိုး ဖြစ်အောင် အဆုံးတွင် လောင်းစွက် ပြင်သည်'လို့ မှတ်ချက် ပြုခဲ့ပါ တယ်။ မူရင်းစာကို ဆရာတော်က အဆုံးနားမှာ အနည်းငယ် ပြင်ဆင်ထားပုံပါပဲ။ တောင်ခွင်ဆရာတော်လည်း မိမိအာ ဘော်နဲ့ ညီအောင် ဒီလင်္ကာကိုပဲ အနည်းငယ် ဖြည့်စွက် ပြင်ဆင်ခဲ့ပါတယ်။ ယင်းကိုတော့ အနည်းငယ် ပိုရှည်လို့ ထုတ် မပြတော့ဘူး။ အလိုရှိသူတို့ စက္ကလက္ခဏသင်္ခေပကျမ်းမှ ယူပါကုန်။

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET