မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

ငယ်ဂုဏ် (လင်းပွင့်ဖြူ)

704307 104451186399732 1058410412 o

 နွေအကုန် Fall ရာသီအကူးနေ့တစ်နေ့ နေ့လည်ခင်း၏ ကြည်ပြာရောင်ကောင်းကင်အောက် တိမ်လွှာထုအား ထိုးဖောက်လာသော နေမင်း၏ ထိန်လင်းတောက်ပသော အလင်းရောင်သဘာဝ၏ သာယာနွေးထွေးမှုနှင့်လိုက်ဖက်သောမြင်ကွင်းကို မြင်ချင်ပါသည်ဟုဆိုလျှင် စဉ်းစားအဖြေရှာရပါမည်။ နွေးထွေးကြည်လင်သောပတ်ဝန်းကျင်ကို ပုံဖော် မည့်မြင်ကွင်းအကြောင်းကိစ္စများက…

.

 

စာရေးသူသည် ၂ဝ၁၂ ခုနှစ်အောက်တိုဘာလ ၂ဝရက် စနေနေ့တွင် အော်ရီဂွန်ပြည်နယ် ပေါ့တလန်မြို့ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း တိုးချဲ့ဘုရားခန်းမဆောင် ရေစက်ချပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထိုနေ့တိုးချဲ့ဘုရားခန်းမဆောင် ရေစက်ချပွဲ ဒါနကုသိုလ်မှ ဆင့်ပွားကုသိုလ် အာရုံများ ကျွန်ုပ်ခံစားရပါသည်။  သံဃာလှူဒါန်းသောကျွန်ုပ်အား သာသနာလှူဒါန်းရန် သတိပေးညွှန်ကြားသော ပေါ့တလန် ဆရာတော် ဘဒ္ဒန္တသိရိန္ဒ၏ မြင့်မြတ်သည့်သာသနာပြုစိတ်ဓာတ် မမျှော်လင့်ဘဲသိမြင်သော အခါ ကြည်နူးမှုခံစားချက်များကို အခြေခံသောစိတ်သည် “ဆရာတော်ဘုရား၏ အာသီသသြဝါဒဆီ သို့” စာဖွဲ့ခဲ့ပါသည်။ ထိုနေ့ ကျွန်ုပ်ဂရုပြုစိတ်ဝင်စားသော အကြောင်းကိစ္စတစ်ခု ယခုတစ်ခါ စာဖွဲ့ပါသည်။

 

 တရားနာပရိသတ်ပြည့်လျှံနေခြင်းကိုမြင်ရသောအခါ မမြင်ရသော ပုဂ္ဂိုလ်တို့၏ နေရာယူထား ပုံသိရန် ဒိဗ္ဗစက္ခုအမြင်ရှိလျှင်ဟူ၍ မမှီရာလှမ်းယူ စိတ်ကူးပေါ်ခဲ့ပါသည်။ လူကြီး၊ လူလတ်၊ လူငယ် တရားနာပရိသတ်သုံးမျိုးရှိရာ လူငယ်အကြောင်း စာဖွဲ့ပါမည်။ လူငယ်ဖြစ်သော ကလေးများသည် အသက်(၁ဝ)နှစ်ောက်နှင့် စုစုပေါင်း ၂၅ယောက်ခန့် ရှိပါမည်။ မိမိအပါအဝင် တရားနာပရိသတ်များအနက် ကလေးများအား ထုတ်ဖော်စာဖွဲ့ရခြင်းအကြောင်းက သူတို့၏စည်းလုံးညီညွတ်သော ဝီရိယအားမှဖြစ်ပေါ်လာသော အောင်မြင်မှုများသည် စာဖွဲ့ လောက်အောင် ချီးမြှောက်သင့်ပါသည်။

 

 တရားပွဲမစမီ တရားနာသူများနေရာယူထားပုံက ခန်းမဆောင်၏လေးပုံတစ်ပုံ ဘုရားခန်းမ အရှေ့ဘက်တဝက်ခန့် ကလေးများနေရာယူထားကြပါသည်။ ကလေးများ မိဘများနှင့်အတူ မထိုင်ကြပါ။ ဤကား တရားပွဲမစမီ ထူးခြားသောမြင်ကွင်းဖြစ်ပါသည်။ တရားပွဲစလျှင် ရှေးဦးစွာ အရှင်ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)၊ ထို့နောက် အရှင်ဇာဂရ (စာရေးဆရာ ကံထွန်းသစ်)၊ ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ဆရာတော်ဘုရားများ၏ စေတနာမေတ္တာ သွန်းလောင်းဟောကြားချီးမြှင့်သော တရားများနာကြားပြီးသောအခါ ကလေးငယ်များ၏ ရွတ်ဆိုသံများပေါ်လာပါသည်။ ကလေးများသီးခြားနေရာယူထိုင်ကြသောအကြောင်း သိရပါတော့သည်။

 

ကလေးငယ်များ၏ စည်းလုံးညီညွတ်သော ဝီရိယဇွဲမာန်အားအပြည့်အစုံကို ကျွန်ုပ်အမှီလိုက်၍ စာဖွဲ့မဖော်ပြနိုင်ပါ။ အကယ်၍ ဗီဒီယိုရုပ်မြင်သံကြားရိုက်ထားခဲ့လျှင် ရုပ်မြင်သံကြား ဇာတ်လမ်းတိုကို ကလေးများရှုစားပါက ဝမ်းသာစွေ့စွေ့ခုန်ကနေသူများနှင့် လက်ခုပ်လက်ဝါးတီး အောင်မြင်သူများ အဖြစ်မြင်ရပါမည်။ ကလေးများဖြစ်ကြ ၍ ဝေဖန်စကား များမပြောတတ်သကဲ့သို့ ချီးမြှောက်အားပေး စကားလည်းမပြောတတ်ကြပါ။ ဝမ်းသာလျှင် သူတို့၏ရင်တွင်းမှလာသော ရိုးသားဖြူစင်သည့် လှိုက်လှိုက်လှဲလှဲ ရယ်မော သံများ အော်ဆိုတတ်ကြပါသည်။ စိတ်ရွှင်လန်းမှုသင်္ကေတ တဖျပ်ဖျပ်လက်ခုပ်တီးတတ်ကြပါသည်။ အပြစ်ကင်းစင်သော ကလေးများ၏အသံဖြစ်၍ သူတို့၏ အပြုအမူ က မြင်ရကြားရသူထံသို့ ဝမ်းမြောက်ရွှင်လန်းမှုများ ကူးစက်ပျံ့နှံ့စေပါသည်။

 

 ကျွန်ုပ်သည် ကလေးများ၏ အနောက်တောင်ဘက်ခြမ်းတွင်ထိုင်ပါသည်။ သူတို့၏ရွတ်ဆိုသံက မိမိအား သုံးကြိမ်အထိ အကဲခတ်လှည့်ကြည့်စေပါသည်။ ပထမအကြိမ်ရွတ်ဆိုမှု အမှားမပါခြင်းသည် စာအုပ်ကြည့်ဆိုမည်အထင်နှင့် လှမ်းကြည့်ပါသည်။ အလွတ်ရွတ်ဆိုနေသည်မှာ အမှန်ပဲလားဟု သေချာရန် ဒုတိယအကြိမ်ကြည့်ပါသည်။ ငယ်ရွယ်သော်လည်း အလွတ်ရွတ်ဆိုနိုင်သောကြောင့် ချီးကျူးသောမျက်လုံးနှင့် တတိယအကြိမ် ထပ်မံတစ်ခါကြည့်မိပါသည်။ ကျွန်ုပ် အဖန်ဖန်ရှုစားမိသော ထိုနေ့အဖြစ်အပျက်များ စိတ်အာရုံထဲ မကြာ ခဏပြန်ပေါ်လာသောကြောင့် ဤမြင်ကွင်းများသည် မိမိအားဖမ်းစားနေသည်ဟု ခံစားရပါသည်။ ထိုအချိန် ထိုမြင်ကွင်းနှင့်အသံများကို စိတ်ဝင်စားလွန်းသောကြောင့် အခါခါကြည့် မိပါသည်။ နောင်သောအခါ စဉ်းစားစရာ အမေးအဖြေများ ကျွန်ုပ်ရင်ထဲ အသံတိတ်မေးဖြေနေပါသည်။

 

 ကလေးငယ်များအလွတ်ရရန် မည်ကဲ့သို့စည်းရုံးပြီး တတ်မြောက်အောင်သင်ကြား ထားသနည်း။ ကလေးများ မြန်မာစာ မရေးတတ်၊ မဖတ်တတ်ကြပါ။ အမေရိကန်နိုင်ငံဖွား များဖြစ်ကြ၍ မြန်မာစကား ကောင်းစွာပြောနိုင်ကြမည်မဟုတ်ပါ။

 

      ကလေးများသည် ငယ်လွန်းသောကြောင့် ကစားရန်နှင့် စားသောက်ရန်အတွက် အာရုံရှိကြပါမ်။ ငါးပါးသီလအခြေခံထားသော အမေးအဖြေ(၁၅)ပုဒ် အလွတ်ရရန်ဆိုသည်မှာ ကလေးများအတွက် ခက်ခဲပါသည်။ သင်ကြားပို့ချသူအတွက်လည်း လွယ်ကူမည်မဟုတ်ပါ ဆရာဖြစ်သူသည် ထိုအခက်အခဲများကျော်လွန်အောင်မြင်ရန် ခိုင်မာသော လုံ့လဝီရိယဇွဲအားများအပြင် ဉာဏ်စွမ်းအား နှင့် ပံ့ပိုးပေးရန် လိုအပ်ပါသည်။ အထူးသဖြင့် ပေါ့တလန်ဆရာတော်၏ ထိုကလေးများ အလွတ် ရအောင် သင်ပေးရသော တာဝန် သည် မြင့်မြတ်သော သာသနာပြုလုပ်ငန်းဖြစ်ပါသည်။

 

 ဆရာတော်သည် ကလေးများအလွတ်ရအောင်သင်နိုင်ရန်အတွက် ပထမ ကလေးများရွတ်ဆို မှု၌ စိတ်ဝင်စားလာအောင် ကြိုးစားရပါမည်။ အဆော့အစားမက်မောသောကလေးများ သင်ကြား ပို့ချမှု၌ စိတ်ဝင်စားလာအောင် စိတ်ရှည်သည်းခံခြင်းနှင့် စည်းရုံးယူရပါမည်။ ထို့နောက် သင်အံမှု၌ ပျော်ရွှင်ပြီး အလွတ်ရအောင် ဖြည်းဖြည်း နည်းနည်း တစ်လုံးစ နှစ်လုံးစနှင့် ရက်ပေါင်းလပေါင်းများစွာ နှစ်ချီသင်ကြားထားသောကြောင့် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့ရှိ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း တိုးချဲ့ဘုရား ခန်းမဆောင် ရေစက်ချပွဲ၌ ကလေးငယ်များအား အတုယူချီးမွမ်း စံနမူနာထားရသော အောင်မြင်မှုကို ကျွန်ုပ်တို့ တွေ့မြင်ရပါသည်။

 

အသက်(၁ဝ)နှစ်အရွယ် ယောက်ျားကလေးကဦးဆောင်ပြီး မေးခွန်းထုတ်မေးပါသည်။ ကျန်ရှိသောကလေးများက ဇွဲမာန်အားနှင့် တညီတညွတ် တပြိုင်တည်း အသံကုန်အတူအော် ရွတ်ဆို ဖြေကြပါသည်။ အထစ်အငေါ့ မှားယွင်းမှု မရှိပါ။ ကလေး(၂၄)ယောက်အသံက တစ်ယောက် တစ်ပေါက်မဟုတ်ပါ။ (၂၄)ယောက်အသံ တစ်သံတည်းထွက်ပေါ်လာသောကြောင့် ကြားရသည်မှာ အံ့သြခြင်းနှင့် စာဖွဲ့ရန်ဆွဲဆောင်လာပါသည်။

 

 ပေါ့တလန်ဆရာတော်သည် ကလေးများရွတ်ဆိုသော ငါးပါးသီလအခြေခံသည့် စာများနှင့် လိုက်ဖက်သော သူတော်ကောင်း ယောဂီရောင်ဝတ်စုံကို ကလေးများအား ဝတ်ဆင် ပေးထားကြောင်းမြင်ရပါသည်။ ရွတ်ဆိုသံများ ပြတ်သားကြည်လင်လန်းဆန်းပါသည်။ ထိုကလေး အုပ်စုသည် “ငယ်ဂုဏ်”နှင့် ဝီရိယဇွဲအောင်ပွဲ ဆင်နွှဲနေသောကြောင့် ဤအချိန်အခါ ဤမြင်ကွင်းထက် ကျက်သရေမင်္ဂလာရှိသောမြင်ကွင်း အဘယ်မှာတွေ့နိုင်မည်နည်း။

 

 ကလေးများသည် ငယ်လွန်းသောကြောင့် သူတို့ရွတ်ဆိုသည့်စာများ၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်စသော အကြောင်းကိစ္စများ မည်သငည့်အဆင့်အထိ သိမြင်ကြကြောင်း အတိအကျမပြောနိုင်သော်လည်း ကျွန်ုပ်အား မြတ်စွာဘုရားဟောကြားသော သီလအကြောင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မင်္ဂလာဗျူဟာတွင် အဘိဓမ္မာသင်တန်းတက်ခဲ့ခြင်း အတိတ်အကြောင်း သတိရ စေပါသည်။ သီလကို ပုညကြိယာဝတ္ထု(၁ဝ)ပါး၊ မဂ္ဂင်ရှစ်ပါးတရားများနှင့် အပါယ်လားကြောင်း ဒုစရိုက်(၁ဝ)ပါးတရားများ အဘိဓမ္မာ သင်ကြားကျက်မှတ်ခဲ့သော အသိပညာ အခြေခံအား တရား နာခြင်း တရားဓမ္မစာပေများ ဖတ်မှတ်ဆည်းပူးခြင်းနှင့် စုစည်းရေးဖွဲ့ပါမည်။

 

ကျွန်ုပ်တို့ကြည်ညိုတော်မူသော ဗုဒ္ဓမြတ်ဘုရားသည် သီလမျိုးမည်ကို ပိုင်းခြားသိရန် ဟောကြားသည်မှာ……  ဝေနေယျဖြစ်သူ အပေါင်းလူတို့သည် အကုသိုလ် ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို မပြုရှောင်ကြဉ် ဝိရတီနှင့်ယှဉ်သော ကုသိုလ်စိတ်အစဉ်သည် သီလမည်၏။ ငါးပါးသီလကို လူများ ဝတ်ထားသော ခါးဝတ်ပုဆိုးကဲ့သို့ အမြဲစောင့်ရှောက်ရမည့် နိစ္စသီလမျိုး၊ ရှစ်ပါးသီလကို ဥပုသ်နေ့ တို့၌သာ စောင့်သုံးအပ်သောကြောင့် ဥပေါသထသီလမျိုး၊ ဆယ်ပါးသီလကို ရှင်အာနန္ဒာအလောင်း သုမနမင်းသားကဲ့သို့ ပက္ခ၊ လ၊ နှစ်စသည်ကိုမှတ်၍ စောင့်သုံးအပ်သောကြောင့် နိယမသီလမျိုး ဟူ၍ ဥဒါန်းအဋ္ဌကထာ ဣတိဝတ်အဋ္ဌကထာတို့၌ ပြဆိုထား၏။

 

 ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပ-တွဲ၊ နှာ-၁၅) အလိုအားဖြင့်ကား ဆယ်ပါးသီလကို ဃဋိကာရ အိုးထိန်းသည်တို့ကဲ့သို့ အသက်ထက်ဆုံး စောင့်အပ်သောကြောင့် နိစ္စသီလမျိုးဟူ၍လည်း ဆိုထား၏။ ထို့ကြောင့် ဆယ်ပါးသီလလည်း နိယမနိစ္စသီလနှစ်မည်ရ၏။

 

ဇာတ်ပါဠိတော် အဋ္ဌကထာ၌ကား ဘုရားအလောင်းသူတော်ကောင်းတို့သည် အလေးအမြတ်ပြုအပ်သောကြောင့် ငါးပါးသီလသည် ဂရုဓမ္မသီလမည်ကြောင်း ပြဆိုထား၏။

 

ငါးပါးသီလလုံခြုံပါက အပါယ်လေးပါးသို့ မလားသောကြောင့် မြတ်စွာဘုရားသည် ဂရုဓမ္မ သီလဖြစ်သော ငါးပါးသီလကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ရှောက်ရကြောင်း ဆုံးမတော်မူပါသည်။

 

 မြတ်စွာဘုရားသည် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးပါးသို့ လားစေ တတ်သော ဒုစရိုက်(၁ဝ)ပါးနှင့် အပါယ်လားကြောင်းအပြစ်များကို တားမြစ်စောင့်ရှောက်ရန် ငါးပါး သီလသိက္ခာပုဒ် ပညာဟောကြားတော်မူပါသည်။

 

ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား (၁ဝ)ပါးဟူသော်ကား ---

၁။ ပါဏာတိပါတ၊ သူတစ်ပါး၏အသက်ကို သတ်ခြင်းတစ်ပါး။

။ အဒိန္နာဒါန၊ အရှင်မပေးသော သူတစ်ပါး၏ဥစ္စာကို ခိုးဝှက်လုယူခြင်းတစ်ပါး။

၃။ ကာမေသုမိစ္ဆာစာရ၊ အုပ်ထိန်းခြင်းရှိသော မိန်းမများကို ကျူးလွန်ပြစ်မှားခြင်းတစ်ပါး။ ဤသုံးပါးကား မကောင်းမှုကို ကိုယ်ဖြင့် ကျူးလွန်ပြစ်မှားသောကြောင့် ကာယဒုစရိုက်သုံးပါးမည်၏။

၎။ မုသာဝါဒ၊ မဟုတ်မမှန်သောစကားကို အမှန်မဟုတ် ပြုလုပ်ပြောဆိုခြင်းတစ်ပါး။

၅။ ပိသုဏဝါစာ၊ သူနှစ်ဦးကို မေတ္တာကင်းအောင် အတင်းစကားပြောကြား ကုန်းတိုက်ခြင်းတစ်ပါး။

၆။ ဖရုသဝါစာ၊ အကြမ်းအတမ်း ငေါက်ငမ်းဆဲရေးခြင်းတစ်ပါး။

၇။ သမ္ဖပ္ပလာပ၊ အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုခြင်းတစ်ပါး။

ဤလေးပါးကား မကောင်းမှုကို နှုတ်ဖြင့်ကျူးလွန်ပြစ်မှားသောကြောင့် ဝစီဒုစရိုက်လေးပါးမည်၏။

၈။ အဘိဇ္ဈာ၊ သူ့စည်းစိမ်ဥစ္စာကို ကိုယ့်ဟာဖြစ်လာသော် ကောင်းလေစွဟု စိတ်ကကြံ ဆောင်ခြင်း တစ်ပါး။

၉။ ဗျာပါဒ၊ သူတစ်ပါးအား သေကြေပျက်စီးသွားအောင် စိတ်ကကြံဆောင်ခြင်းတစ်ပါး။

၁ဝ။ မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူကို ယူခြင်းတစ်ပါး။ ဤသုံးပါးကား မကောင်းမှုကို စိတ်ဖြင့်ကြံစည်ကျူးလွန်သောကြောင့် မနောဒုစရိုက်သုံးပါးမည်၏။ ဤဆယ်ပါးသောဒုစရိုက်တရားတို့ကို ရှောင်ရှားရန် ဟောကြားတော်မူသော မြတ်စွာဘုရားသခင်အား။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

 

 

လူတို့အား အပါယ်လားကြောင်းဒုစရိုက်များကို တားမြစ်စောင့်ရှောက်ရန် ငါးပါးသီလသိက္ခာပုဒ် မြတ်စွာဘုရားပညာဟောကြားတော်မူသည်များက….

၁။ ဗျာပါဒ၊ ပါဏာတိပါတ ဤဒုစရိုက်နှစ်ပါးကို တားမြစ်စောင့်ရှောက်ရန် “ပါဏာတိပါတာ ဝေရမဏိ” ဟူသော ပဋ္ဌမသိက္ခာပုဒ်ကို ဟောကြားပညတ်တော်မူပါသည်။

၂။ အဘိဇ္ဈာ၊ အဒိန္နာဒါန ဤဒုစရိုက်နှစ်ပါးကို တားမြစ်စောင့်ရှောက်ရန် “အဒိန္နာဒါနာ ဝေရမဏိ” ဟူသော ဒုတိယသိက္ခာပုဒ်ကို ဟောကြားပညတ်တော်မူပါသည်။

၃။ ကာမေသုမိစ္ဆာစာရ ဒုစရိုက်ကို တားမြစ်စောင့်ရှောက်ရန် “ကာမေသုမိစ္ဆာစာရာ ဝေရမဏိ” ဟူသော တတိယသိက္ခာပုဒ်ကို ဟောကြားပညတ်တော်မူပါသည်။

၎။ အကျိုးဖျက်မုသား၊ ကုန်းတိုက်မုသား၊ ကြမ်းကြုတ်မုသား၊ အဖျင်းပြောမုသား ဤဝစီကံမု သားလေးမျိုးကို တားမြစ်စောင့်ရှောက်ရန် “မုသာဝါဒါ ဝေရမဏိ” ဟူသော စတုတ္ထသိက္ခာပုဒ်ကို ဟောကြားပညတ်တော်မူပါသည်။

၅။ သုရာပါန ဒုစရိုက်ကိုတားမြစ်စောင့်ရှောက်ရန် “သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ” ဟူသော ပဉ္စမသိက္ခာပုဒ်ကို ဟောကြားပညတ်တော်မူပါသည်။

 

 ငါးပါးသီလလုံခြုံအောင် စောင့်ထိန်းသောကုသိုလ်သည် လူနတ်ချမ်းသာ အကျိုးပေးပါသည်။ မြတ်စွာဘုရားသည် သတ္တဝါတို့အား လူနတ်ချမ်းသာထက် သာလွန်မြင့်မြတ်လွန်းသော ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ ချမ်းသာအစစ် မဂ်ဖိုလ်တို့၏အာရုံဖြစ်သော အသင်္ခတနိဗ္ဗာန်ချမ်းသာကို ရောက်လှမ်း အောင် မဂ္ဂင်ရှစ်ပါးတရားနှင့် ကုသိုလ်ပြုဖွယ် ပုညကြိယာဝတ္ထု(၁ဝ)ပါးတရားများကို ဟောကြား တော်မူပါသည်။

 

 ပုညကြိယာဝတ္ထု(၁ဝ)ပါးဟူသည်ကား..

၁။ ဒါန၊ သဒ္ဓါကြည်ဖြူပေးလှူပူဇော်ရခြင်းတစ်ပါး။

၂။ သီလ၊ ကာယဝစီ ခုနစ်လီသော ဒုစရိုက်တရားကို ရှောင်ရှားရခြင်းတစ်ပါး။

၃။ ဘာဝနာ၊ သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်းတစ်ပါး။

၎။ အပစာယန၊ အသက်သိက္ခာ ဂုဏ်ဝါကြီးမားပုဂ္ဂိုလ်များကို ရိုသေလေးစားရခြင်းတစ်ပါး။

၅။ ဝေယျာဝစ္စ၊ ကုသိုလ်ဖြစ်ဖွယ် အမှုကြီးငယ်တို့ကို သယ်ပိုးဆောင်ရွက်ပေးရခြင်းတစ်ပး။

၆။ ပတ္တိဒါန၊ မိမိပြုရသော ကုသလကို အမျှပေးဝေရခြင်းတစ်ပါး။

၇။ ပတ္တာနုမောဒန၊ သူတစ်ပါးပြု မြတ်ကောင်းမှုကို ကောင်းချီးနုမော် သာဓုခေါ်ရခြင်းတစ်ပါး။

၈။ ဓမ္မသဝန၊ ဘုရားစကား မြတ်တရားကို သင်ကြားနာယူရခြင်းတစ်ပါး။

၉။ ဓမ္မဒေသနာ၊ ဘုရားစကား မြတ်တရားကို ဟောကြားပြသပေးရခြင်းတစ်ပါး။

၁ဝ။ ဒိဋ္ဌိဇုကမ္မ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဖြောင့်မှန်စွာယူရခြင်းတစ်ပါး။

 

ဤဆယ်ပါးသော ကုသလကမ္မပထ ပုညကြိယာဝတ္ထုတရားကို ပွားများအားထုတ်ရန် ဟောကြားတော်မူသော မြတ်စွာဘုရားသခင်အား။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

 

 မဂ္ဂင်ရှစ်ပါးဟူသည်ကား..

၁။ ကောင်းစွာမြင်ခြင်းပညာစေတသိက်ဟူသော သမ္မာဒိဋ္ဌိမဂ္ဂင်။

၂။ ကောင်းစွာကြံစည်ခြင်း ဝိတက်စေတသိက်ဟူသော သမ္မာသင်္ကပ္ပမဂ္ဂင်။

၃။ ဝစီဒုစရိုက်မှရှောင်ကြဉ်ခြင်း သမ္မာဝါစာစေတသိက်ဟူသော သမ္မာဝါစာမဂ္ဂင်။

၎။ ကာယဒုစရိုက်မှရှောင်ကြဉ်ခြင်း သမ္မာကမ္မန္တစေတသိက်ဟူသော သမ္မာကမ္မန္တမဂ္ဂင်။

၅။ ဒုစရိုက်ကိုပြု၍ အသက်မွေးမြူခြင်းမှရှောင်ကြဉ်ခြင်း သမ္မာအာဇီဝစေတသိက်ဟူသော သမ္မာအာဇီဝမဂ္ဂင်။

၆။ ကောင်းစွာအားထုတ်ခြင်း ဝီရိယစေတသိက်ဟူသော သမ္မာဝါယာမမဂ္ဂင်။

၇။ မမေ့မပျောက် ကောင်းစွာမှတ်သားအောက်မေ့ခြင်း သတိစေတသိက်ဟူသော သမ္မာသတိမဂ္ဂင်။

၈။ ကောင်းစွာတည်ကြည်ခြင်း ဧကဂ္ဂတာစေတသိက်ဟူသော သမ္မာသမာဓိမဂ္ဂင်။ ဤရှစ်ပါးပေတည်း။

 

  သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့သည် သီလမဂ္ဂင်ဖြစ်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့သည် သမာဓိမဂ္ဂင်ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတို့သည် ပညာမဂ္ဂင်ဖြစ်ပါသည်။

 

 ဘုရားဖြစ်အောင် အားထုတ်ရသော ပါရမီတော်(၁ဝ)ပါး ဘဝဖြစ်စဉ်ကို ကြားနာရသူ ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့သည် သဒ္ဓါတရားတိုးပွားသည့် အမျှကုသိုလ်တရားလည်း တိုးပွားပါကြောင်း ရှင်တော်မြတ်ဘုရား၏ ဂုဏ်တော်အနန္တ၊ ကျေးဇူးတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ဘုန်းတန်ခိုးတော်အနန္တအား တပည့်တော်မ နေ့စဉ်နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရိုသေစွာ ပူဇော်ရှိခိုးပါသည်ဘုရား။

 

 ပါရမီ(၁ဝ)ပါးဟူသည်ကား..

၁။ ဒါနပါရမီ။

၂။ သီလပါရမီ။

၃။ နေက္ခမ ပါရမီ။

၎။ ပညာပါရမီ။

၅။ ဝီရိယပါရမီ။

၆။ ခန္တီပါရမီ။

၇။ သစ္စာပါရမီ။

၈။ အဓိဋ္ဌာန်ပါရမီ။

၉။ မေတ္တာပါရမီ။

၁ဝ။ ဥပေက္ခာပါရမီ တို့ဖြစ်ပါသည်။

 

 ပုညကြိယာဝတ္ထု(၁ဝ)ပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ပါရမီ(၁ဝ)ပါးတို့၌ သီလအကြောင်း ပါဝင်သည်များက…  ကျွန်ုပ်တို့ကြည်ညိုဆည်းကပ် ကိုးကွယ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် သီလပါရမီ အပါအဝင် ပါရမီ(၁ဝ)ပါး အပြား(၃ဝ)ဖြည့်ကျင့်၍ “အရဟံ” ဂုဏ်တော်အစအဦးနှင့် ဂုဏ်တော်(၉)ပါး ပြည့်စုံတော်မူသော “ဗုဒ္ဓ”ဘုရား ဤကမ္ဘာလောက၌ ပွင့်ပေါ် လာရပါသည်။

 

 ဘုရားဖြစ်ပြီး ဝါဆိုလပြည့်နေ့တွင် ဟောကြားတော်မူသော တရားဦးဓမ္မစကြာတရား၌ မဂ္ဂင်ရှစ်ပါးတရားနာရပါသည်။ ဗုဒ္ဓဘာသာ သာသနာတော်၏ ဦးတည်ချက်ပန်းတိုင် နိဗ္ဗာန်ရောက်လှမ်း နိုင်အောင် မဂ္ဂင်ရှစ်ပါးတရား ကိုယ်တိုင်ကျင့်ကြံပွားများအားထုတ်ရပါသည်။ နိဗ္ဗာန်ရောက်ကြောင်း အားထုတ်ရာတွင် သီလစွမ်းအားသည် အဓိသီလ၊ အဓိသမာဓိ၊ အဓိပညာ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပါသည်။

 

ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့အားထုတ်ရသော ပုညကြိယာဝတ္ထု(၁ဝ)ပါးတွင် သီလ ကုသိုလ်ကို နိဗ္ဗာန်ခရီးအတွက် ရိက္ခာအလို့ငှာ အားထုတ်ရပါသည်။ ငါးပါးသီလလုံခြုံမှု၊ ရှစ်ပါး သီလစောင့်သုံးမှုသည် အသက်ရှည်ကြောင်းတရားဖြစ်ပါသည်။

 

လူနတ်ချမ်းသာမှ နိဗ္ဗာန်ချမ်းသာထိ အကျိုးပြုသောသီလသည် ဆိုင်ရာပိုင်ရာ တာဝန်များ စွာရှိသောကြောင့် သီလအကြောင်း ရေးဖွဲ့ပြောဆိုရန် ကျွန်ုပ်၏ သေးငယ်နုငယ်သောဉာဏ် မစွမ်း ဆောင်နိုင်ပါ။ စာရေးသူအား သီလအကြောင်းစာဖွဲ့ခွင့်ပြုလျှင် သီလသည် ကာယကံ၊ ဝစီကံ ဒုစရိုက် လုပ်ရပ်များ မကျူးလွန်ရန် မိမိကိုယ်တိုင် စောင့်ထိန်းရပါသည်။ သီလကို လောကီစည်းစိမ် ဥစ္စာဓနနှင့် ဝယ်ယူမရနိုင်ပါ။ သူတစ်ပါးခိုးယူမရနိုင်သောကြောင့် သူခိုးဘေးရန်ကင်းပါသည်။ သီလလုံခြုံအောင် စောင့်ထိန်းပါက သီလကို လောဘ မီး ဒေါသမီးနှင့် မဖျက်ဆီးနိုင်ပါ။

 

သီလပျက်ရခြင်းအကြောင်းမှာ သီလစောင့်ထိန်းရန် မစွမ်းဆောင်နိုင်သူတို့သာလျှင် သီလ ပျက်ပါသည်။ သီလပျက်သူသည် သီလလုံခြုံပါက လူနတ်ချမ်းသာရပါမည်ဟု တရားနာ၍ သိထား သော်လည်း ထိုလူနတ်ချမ်းသာကို စွန့်ပစ်သောကြောင့် သီလပျက်ရပါသည်။ သီလပျက်သူကို သီလစောင့်ထိန်းရန် လေမုန်တိုင်းနှင့် ခြောက်လှန့်တွန်းပို့ဆောင်မရသကဲ့သို့ ငရဲမီးလောင်ကျွမ်းပြီး ချေဖျက်ရန်လည်း မစွမ်းဆောင်နိုင်သောကြောင့် သီလပျက်သူအတွက် အပါယ်ငရဲသည် ကိုယ်ပိုင် အိမ်မဟုတ်ပါလား။

 

 သီလကို ကာယကံ ဝစီကံနှင့် အကောင်အထည်ဖော်ရပါမည်။ သီလစောင့်ထိန်းသောကြောင့် ရရှိသောအကျိုး(၅)မျိုးသည်ကား…

၁။ မမေ့မလျော့ခြင်းကြောင့် များစွာသောစည်းစိမ်ဥစ္စာတို့ကို ရရှိခြင်း။

 

၂။ ကောင်းသောသတင်းကျော်စောခြင်းဂုဏ်ကို ရရှိခြင်း။

၃။ ပရိသတ်အလယ်၌ ရဲရင့်တင့်တယ်စွာနေရခြင်း။

၎။ မတွေဝေမမေ့မြောဘဲသေရခြင်း။

၅။ နတ်ရွာ၌ဖြစ်ရခြင်း။

 များစွာစည်းစိမ်၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောခြင်းပ၊ ရခြင်းမသွေ၊ ရဲတင်းပေ၏၊ မထွေသေရ၊ ရောက်ထနတ်ရွာ၊ ဤငါးဖြာကို၊ မဟာပရိ၊ မြတ်ပါဠိ၌၊ ဟောရှိဗုဒ္ဓါ၊ မိန့်ခဲ့ပါသည်၊ မှတ်ပါသူငါ သီလစောင့်ကျိုးတည်း။

 

 ယခုနောင်ခါ ထာဝစဉ်ကောင်းကျိုးပေးသောသီလကို အသေးအဖွဲကိစ္စမှစ၍ လိုက်နာ စောင့်ထိန်းရကြောင်းနျင့် ကာယကံ ဝစီကံစောင့်ထိန်းကာ မြတ်သီလနှင့် နိဗ္ဗာန်တက်လှမ်း မည်လော။ သီလမဲ့ သီလပျက် သီလပေါက်နှင့် အပါယ်ငရဲဆင်းမည်လောဟူ၍ ကျွန်ုပ်ရင်တွင်း မေတ္တာလှိုင်းမှ ရှိသောစကား ဖြစ်ပါသည်။

 

 ကလေးများ ယခုရွတ်ဆိုသောစာများသည် စာရိတ္တမြင့်မားရေး ဦးတည်ချက် ငါးပါးသီလနှင့် ထုံးဖွဲ့ထားသော အမေးအဖြေများကို ကျွန်ုပ်နှင့်ကြားရသူတို့အား ရင်တွင်း လှုပ်လှုပ်ရွရွ ငါးပါးသီလ ရွတ်ဆိုရန် လှုံ့ဆော်နေပါသည်။

 

 သမ္မာအာဇီဝကြဉ်သော နေ့စဉ်စားဝတ်နေရေးအတွက် စီးပွားလုပ်ကိုင်ရာတွင် လူများစု တို့သည် လောဘတစ်ကမ်း၊ ဒေါသတစ်လှမ်း ဖြစ်ကြပါသည်။ လောကီစည်းစိမ်တို့သည် လောဘ မကင်းသကဲ့သို့ ဒေါသလည်းကြုံတတ်ပါသည်။ လူတို့သည် အများအားဖြင့် လောဘနှင့်ဒေါသ နောက်လိုက်သောကြောင့် ကာယကံ ဝစီကံ ဒုစရိုက်များ ကျူးလွန်ပြစ်မှား သီလပျက်ကြပါသည်။

 

 သီလလုံခြုံအောင် မစောင့်ထိန်းပါက လောဘဒေါသဆိုင်ရာပြစ်မှုများ တိုးပွားများပြားသည့် အပြင် ဣသာမစ္ဆရိယတို့သည် အတားအဆီးမရှိဖြစ်ရန် လမ်းပွင့်သောကြောင့် သီလပျက်ပြီးလျှင် သီလဆက်ပျက်ရန်ဖြစ်ပါသည်။ သီလလုံခြုံပါက မိမိနှင့် မိမိပတ်ဝန်းကျင်ရှိလူများ ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခ အပြည့်အဝ လက်တွေ့ခံစားရခြင်းနှင့် သေလွန်သော် သုဂတိ(၇)ဘုံ (လူ့ဘုံနှင့် နတ်ပြည် ခြောက်ဘုံ)သို့ လားရခြင်းစသဖြင့် ကောင်းကျိုးပေးသောကြောင့် သီလကုသိုလ်အားထုတ်ပြီး တန်ဖိုးရှိသောလူ့ဘဝကို ပိုင်ဆိုင်ရပါသည်။

 

ငယ်ရွယ်သောကလေးများသည် ယေဘုယျအားဖြင့် ကလေးဘဝတွင် မိသားစုအတွက် ရှာဖွေကျွေးမွေးသောတာဝန်နှင့် မိမိဝမ်းစာအတွက် လုပ်ကိုင်ရှာဖွေသော တာဝန်မရှိပါ။ ကလေးများသည် လောကီစည်းစိမ်ဆိုင်ရာ ရှာဖွေရခြင်း၊ စုဆောင်းရခြင်း၊ တိုးပွားအောင်ကြိုးစား ရခြင်းစသော သုခ၊ ဒုက္ခ မရှိပါ။ နားမလည်ပါ။ မတတ်ကျွမ်းပါ။ အပူကင်းကြပါသည်။

 

 ထို့ကြောင့် အသက်ဆယ်နှစ်အရွယ်ကလေးများသည် သဘာဝအားဖြင့် အပြစ်ကင်း သောကြောင့် သူတို့၏ ကိုယ်နှုတ်နှလုံးတို့သည် ကြင်လင်လန်းဆန်း အေးချမ်းပါသည်။ ကလေးများ ရွတ်ဆိုသောစာများသည် ငါးပါးသီလအကြောင်းဖြစ်၍ စာသားနှင့် ကလေးများရင်တွင်းမှ ထွက်ပေါ်လာသောအသံများ တစ်ထပ်တည်းတစ်သားတည်းဖြစ်သောကြောင့် “ငယ်ဂုဏ်”ကို ကလေးများ ဖော်ဆောင်သည်ဟု ကျွန်ုပ်၏ယူဆချက်မျာကို တင်ပြပါသည်။

 

 ကလေးများသည် လိုအပ်သောပုံများသွင်းယူရသည့် ရွှံ့ရုပ်နှင့်တူပါသည်။ နှစ်သက်ရာ အရောင်ဆိုး၍ရသော အရောင်မဲ့အဖြူရောင်အရည်ကဲ့သို့ လိုအပ်သော အရောင် ပြောင်းယူရ နိုင်ပါသည်။ ကလေးများရွတ်ဆိုသောစာများသည် သူတို့အား ငါးပါးသီလစောင့်ထိန်းရန် ပြုစုပျိုးထောင်နေပါသည်။ အနာဂတ်သာသနာတော်၏ အမွေဆက်ခံကြမည့် ကလေးငယ်များအား ယခုကဲ့သို့ သာသနာတော်၏ အသက်ဝိနည်းဖြစ်သော သီလကို ပြုစုပျိုးထောင်ပေးသော မြင့်မြတ် သည့်သာသနာပြုတာ ဝန်ကို ပေါ့တလန် ဆရာတော်သည် ဆောင်ရွက်နေပါသည်။

 

 သာသနာတော်၏ အမွေဆက်ခံကြမည့် သားကောင်းသမီးကောင်း ရတနာများဖြစ်ကြသော ကလေးငယ်မျာကို ယခုကဲ့သို့ သာသနာတော်နှင့် မိတ်ဖွဲ့ဆက်သွယ်ပေးသော ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကောင်းများကို အတုယူဂုဏ်ယူချီးမြှောက်ရန် ကျွန်ုပ်၏ သာမညအသိအမြင်နှင့် စာဖွဲ့ပါသည်။

 

 ဤကဲ့သို့ အနာဂါတ်သာသနာတော်အကျိုး မျှော်တွေးသောလုပ်ဆောင်ချက်များကို ကာယကံ ဝစီကံ မနောကံမြောက်ဖော်ဆောင်ကာ လက်တွဲညီညာ ဇွဲမာန်အားအပြည့်နှင့် အနာဂါတ် သာသနာတော်ခရီးစခန်း တက်လှမ်းကြပါစို့ သူတော်ကောင်းအပေါင်းတို့။

 

ဒို့တတွေ  

သာသနာကိစ္စ ဒို့တာဝန်၊

သာသနာအကျိုး ဒို့သယ်ပိုး။

 သာသနာ့အမွေ ဒို့ထားခဲ့၊

သာသနာ့ကျေးဇူး ဒို့ပေးဆပ်။

 သာသနာဖူးညွန့် ဒို့လူငယ်၊ ပျိုးထောင်ကြစို့ ဒို့တတွေ။  

 

မှီငြမ်းသော ကျမ်းစာအုပ်များ

၁။ မဂ္ဂင်ရှစ်ပါး။ ပဏ္ဍိတဝေဒနိယဒီပနီကျမ်း။ သေက္ခတော် ဆရာတော်အရှင်ကိလောက

၂။ ငါးပါးသီလသိက္ခပုဒ်။ အဘိဓမ္မတ္ထရူပဒီပနီကျမ်း။ သေက္ခတော် ဆရာတော်အရှင်ကိလောက

၃။ ဒုစရိုက်(၁ဝ)ပါး။ ယောဂီလက်စွဲဘုရားရှိခိုးစာတမ်းနှင့် ဝိပဿနာအလုပ်စခန်း တက်လှမ်းရန်ဥပိယဝယဉာဏ်။ သုတေသနသရုပ်ပြ အဘိဓာန်ကျမ်းပြုဆရာတော် အရှင်သြဘာသာဘိဝံသ။

၎။ ပုညကြိယာဝတ္ထု(၁ဝ)ပါး။ ယောဂီလက်စွဲဘုရားရှိခိုးစာတမ်းနှင့် ဝိပဿနာ အလုပ်စခန်းတက်လှမ်းရန်ဥပိယဝယဉာဏ်။ သုတေသနသရုပ်ပြ အဘိဓာန်ကျမ်းပြုဆရာတော် အရှင်သြဘာသာဘိဝံသ။

၅။ သီလမျိုးမည်။ သဗ္ဗမင်္ဂလဓမ္မဒေသနာ။ ရန်ကုန်မြို့ ပါဠိတက္ကသိုလ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်ကျောင်းတိုက်တည် ဦးစီးပဓာန မဟာနာယက အရှင်ဝါသဝါဘိဝံသ။

 

လင်းပွင့်ဖြူ ၆၊ ၂၅၊ ၂ဝ၁၄

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET