မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

မှောက်ထားသော လက်ဝါးများ

သင်က အလှူပေးသူလား-

  • ကုသိုလ်ရဘို့ပဲ အားထုတ်ပါ။
  • အမြတ်ရဘို့လုပ်ရင်းက အရင်းပြုတ်တာမျိုး မဖြစ်ပါစေနဲ့။
  • လှူတာကိုပဲ ခံယူပါ။
  • ခံလို့ လှူရတာမျိုး မဖြစ်ပါစေနဲ့။

တစ်ခါတစ်ခါ ကုသိုလ်ပြုရင်းက အကုသိုလ်ကို ၀ယ်ယူသလိုဖြစ်နေတတ်တယ်။

သင်က အလှူခံ ဆိုခဲ့ရင်လည်း-

ကုသိုလ်ကို ရှယ်ယာလုပ်ရင်းက အကုသိုလ်ကို ၀ိုင်းလုတာမျိုး ဖြစ်နေတတ်တယ်။

ဘဝတက္ကသိုလ်ကြီးက သင်္ခန်းစာအသစ်ပေးလာတိုင်း ချရေးထားတတ်တဲ့ စာပိုဒ်လေးတွေထဲက တစ်ခုပါ။ “လောကော သတ္ထာန-မာစေရော” လို့ဆိုတယ်မလား၊ လောကကြီးက ကိုယ့်ဆရာပဲလေ။

       “မဆင်ပဲ မလှချင်နဲ့၊ မသင်ပဲ မရချင်နဲ့”တဲ့ ကိုယ်တိုင်က အစွမ်းမရှိဘဲ စွမ်းတဲ့သူတွေထက် အချီးမွမ်းခံ ဂုဏ် တက်ချင်နေရင်တော့ ရူးလို့ပဲပေါ့။ မိဘကပဲဖြစ်ဖြစ်၊ ဆရာသမားကပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်း အသင်းများကပဲ ဖြစ်ဖြစ် ကိုယ့်ထက် တခြားလူကို ပိုအလေးပေးတယ်ဆိုတာ တခြားလူမှာကိုယ့်ထက် အားသာချက်ရှိလို့ပါပဲ၊ အဲဒါ မနာလိုဖြစ်စရာ မဟုတ်ပါဘူး၊ အဲဒီလိုအလေးပေးခံချင်ရင်တော့ အဲဒီလို အရည်အချင်းမျိုးရှိအောင် ကျိုးစားရမှာပဲ၊ မကျိုးစားချင်ရင်တော့လည်း ပေးတဲ့ရလာဒ်နဲ့ ကျေနပ်နိုင်ရမယ်၊ ဒါမှ ချမ်းသာတာ။

.

 

လွတ်လပ်ချင်ရင် ဘာမှ မမျှော်လင့်နဲ့၊ မျှော်လင့်နေသမျှ မလွတ်လပ်ဘူး။

သူတပါးဆီက ငွေကြေးလာဒ်လာဘကို မျှော်လင့်တာလား၊ ကြည်ညိုလေးစားမှုကို ခံချင်တာလား၊ ချစ်ခင် ကြင်နာမှုကို ရချင်တာလား၊ ချီးမွမ်းထောမနာပြုမှုကို တောင့်တတာလား၊ သူ့ဆီက ဒါတွေမျှော်လင့်နေသမျှ သူ့အလို ကိုပဲ လိုက်နေရလိမ့်မယ်၊ ဘယ်သူ့ဆီက ဘာကိုမှ မျှော်လင့်မထားဘူးဆိုရင် ပြောချင်တာလည်း ပြောထွက်တယ်၊ လုပ်ချင်တာလည်း လုပ်ဖြစ်တယ်။ စိတ်ရောကိုယ်ပါ ပေါ့ပါးလွတ်လပ်နေလိမ့်မယ်။ အဲ ကောင်းတာဖြစ်ဘို့ အတွက် တော့ ကောင်းတာတွေပြောပြီး ကောင်းတာတွေပဲလုပ်ဘို့တော့ လိုတာပေါ့။

မပေးချင်လို့ မပေးတာ ဝမ်းနည်းစရာမဟုတ်သလို၊ ပေးချင်လို့ ပေးလာတာအတွက်လည်း ထူးပြီးဝမ်းသာ နေဘို့မလိုဘူး။ ကျေးဇူးသိတတ်ဘို့ နဲ့ ကျေးဇူးကိုထုတ်ဖေါ်ပြောကြားနိုင်ဘို့ပဲလိုတယ်။ ဒါမှ ကတညုတ ကတဝေဒီ ဖြစ်မှာ။ ဝမ်းသာ ဝမ်းနည်း ခံစားမှုတွေကြောင့် ရှေ့ခရီးမဆက်နိုင်သေးသမျှ ကျရှုံးနေဦးမယ်။

          ဘိက္ခတိ ယာစတိ ဘိက္ခု - လို့ စာတတ်ပေတတ် ရှေးဆရာ့ဆရာတွေ ဝိဂြိုဟ်ဝစန ပြုထားတယ်။ ရဟန်းမှန် ရင် အလှူခံစားရမယ်တဲ့။ ကိုယ်တိုင်ထွန်ယက်စိုက်ပျိုး ဥစ္စာတိုးအောင် စီးပွားရှာပြီး စားသောက်စရာမလို… လို့ ဗျတိရေက အပြန်အားဖြင့် ဆိုလိုတာပါပဲ။

          အင်း… ခက်တော့ခက်ပြီ၊ ကိုယ်ကလည်း အလှူခံရမှာကို အလွန်ဝန်လေး။ လုပ်ရမယ့်အလုပ်ကို မလုပ်ချင် တာဟာ တာဝန်ပျက်ကွက်မှု တစ်ခုပဲဖြစ်နေမလား… အဖန်ခါခါ ဘာသာစောကြောမိပါတယ်။ (ဝန်လေး၏ဟူရာ၌ လှူသည်ကို ခံယူခြင်းကားမဆိုလို၊ လှူဒါန်းရန် တောင်းခံခြင်းကိုသာ ဆိုလိုသည်။)

          “အလှူမခံတတ်သူ”လို့ ကိုယ့်ကိုကိုယ် ဂုဏ်ဖေါ်နေတာတော့မဟုတ်၊ ဒါဟာ ဂုဏ်လည်းမဟုတ်ပါဘူး။ တကယ်တော့ အဖြစ်မရှိတာကို ပြောချင်တာပါ။ ရဟန်းတို့တတ်ရမယ့် တရားဟောပြောခြင်း အတတ်ပညာ ကိုယ့်မှာမရှိ၊ မရှိတဲ့ အတတ်ပညာနဲ့ အလှူခံဘို့ဆိုတာကလည်း မလွယ်၊ သို့သော်လည်း ကိုယ့်မှာက လုံးဝတာဝန် ရှိနေတယ်။

          ဆရာဖြစ်သူက ယုံကြည်စိတ်ချစွာ ကျောင်းတိုက်ကြီးတစ်ခု ထူထောင်ဘို့တာဝန်ပေးထားတယ်။ အစွမ်းအစ ကို သိချင်တာလည်း ဖြစ်နိုင်တယ်။ ခက်တာက ဘာအစွမ်းမှမရှိတော့ ဘာအစမှလည်းမပြနိုင်ဘူး။ မြေအကျယ် (၂၅) ဧကတော့ ရထားပြီ၊ ဒါကလည်းကိုယ့်အစွမ်းမဟုတ်၊ သီတဂူဆရာတော်ကြီးကို ကြည်ညိုပြီး အလှူ့ရှင် (ဦးကျော် ကျော်+ဒေါ်မိုးဖြူ သမီး ရတနာကျော်) တို့က ကိုယ်တိုင် ဝယ်ယူလှူဒါန်းထားတာ။

ထူထောင်ရမယ့်ကျောင်းတိုက်ကြီးမှာ ဆောက်ရမယ့် အဆောက်အဦးတွေကမနည်း၊ ၁။ လောကနန္ဒာ စေတီကြီး၊ ၂။ ဓမ္မသဘာ တရားဟောဆောင်၊ ၃။ ပြန်ကြားရေး နဲ့ စာကြည့်တိုက်၊ ၄။ အဓိပတိဆောင်၊ ၅။ ကျောင်း ထိုင်ဘုန်းကြီးဆောင်၊ ၆။ သံဃာဆောင် (၅) ဆောင်၊ ၇။ ယောဂီဆောင် (၄၀) ခန့်၊ ၈။ ဧည့်ဆောင် လေးဆောင်တွဲ (၂) ဆောင်၊ ၉။ ဆွမ်းစားဆောင်၊ ၁၀။ အဝင်မုခ်ဦး၊ ၁၁။ ကားလမ်း နဲ့ ပါကင်တွေ၊ ၁၂။ အများသုံးအိမ်သာ ရေချိုး ခန်းတွေ၊ ၁၃။ ရေသန့်စက်နဲ့ရေစင်ရေပိုက်တွေ၊ ၁၄။ လျှပ်စစ်မီးလိုင်းတွေ၊ ၁၅။ ရေဆိုးထုတ်မိလ္လာကျင်းတွေ အို… အများကြီးဆိုမှ အများကြီး။

ဒါတွေကို မိမိကိုယ်တိုင် တရားဟောအလှူခံပြီး တည်ဆောက်ရမယ်ဆိုရင်တော့ ဒီတသက်ပြီးဘို့မမြင်ဘူး။ ရွှေဘုန်းရှင် ကူမမှ လူကြွကိန်းမြင်တော့မယ်။ ကိုယ်စွမ်းသလောက်လုပ်နိုင်တာကတော့ အလှူရှင်တွေကို မေတ္တာနာနာ ပို့သခြင်းပဲ။ ကိုယ့်ကိုမုန်းရင် ပိုပို့ဖြစ်တယ်။ မေတ္တာတော်ပဲ စူးရောက်လို့လား… အလှူရှင်တွေကိုယ်၌ကပဲ သဒ္ဓါတရားအားကောင်းလို့လား… လာလှူကြသူတွေတော့ အများသား။

အင်္ဂလန်၊ သီတဂူဒေါက်တာကျော်မြင့်ဦး+ဒေါ်သန်းသန်းရွေး တို့က စေတီတော်ကြီးနဲ့ သံဃာဆောင် (၂) ဆောင်အတွက် အလှူငွေ (US $ 210,000.00) ဒေါ်လာနှစ်သိန်းတစ်သောင်း (လှူပြီး)

ဖလော်ရီဒါ၊ ဦးသန်းနိုင်+ဒေါ်မမခိုင် တို့က ယောဂီဆောင် (၁) ဆောင်အတွက်  (US $ 10000.00) ဒေါ်လာ တစ်သောင်း (လှူပြီး)

ဖလော်ရီဒါ၊ ဒေါက်တာဝင်းမြင့်အောင်+ဒေါက်တာမြင့်မြတ်သွေး နှင့် မိဘများက ယောဂီဆောင် (၁) ဆောင် အတွက် (US $ 10000.00) ဒေါ်လာတစ်သောင်း (လှူပြီး)

စေတီတော် နဲ့ ကျောင်းတိုက်ပရောဂျက်အတွက် ဒေါ်လာတစ်ထောင်၊ နှစ်ထောင် စသဖြင့် လာရောက် လှူဒါန်းကြသူတွေလည်းရှိတယ်။ သီတဂူဆရာတော်ကြီးက စေတီတော်ကြီးကို လုံးဝတာဝန်ယူ လှူဒါန်းမယ်၊ အဓိပတိ ကျောင်းဆောင်တော်ကို မန္တလေး ကျောင်းအမဒေါ်ညွန့်ညွန့်အေးက လှူဒါန်းမယ်၊ ကျောင်းထိုင် ဘုန်းကြီးဆောင်ကို ရဟန်းဒကာဦးကျော်ကျော်+ဒေါ်မိုးဖြူတို့ကလှူဒါန်းမယ်၊ ဦးခင်မောင်ဝင်း (စူပါသောက်ရေသန့်) ကလည်း သံဃာ ဆောင် တစ်ဆောင်လှူဒါန်းမယ်၊ ကျန်အဆောင်တွေအတွက် လှူဒါန်းဘို့ စီစဉ်နေကြသူတွေလည်းရှိနေသေးတယ် ဆိုတော့ အင်း… မဆိုးလှဘူးပေါ့။ လာလှူတာကို ခံယူခြင်းကလည်း အလှူခံခြင်းပေပဲလို့ မှတ်ယူလိုက်ရင်တော့ မိမိဘက်က တာဝန်ကျေသလိုလို။

မြတ်စွာဘုရားတောင်မှ ဆွမ်းခံစားသေးတာ ဒင်းကဘာကြောင့် သူရဲဘောကြောင်နေရတာလဲ၊ ဘာသာ ပြန်မေးမိတယ်။ ယာစကော အပ္ဗိယော ဟောတိ - တောင်းရင် မချစ်ဘူး… တဲ့။ မချစ်ချင်နေပါ မုန်းတော့ မမုန်းစေ ချင်ဘူး။ မုန်းတယ်ဆိုတာ ဒေါသပဲ၊ ကိုယ့်ကိုအကြောင်းပြုပြီး အကုသိုလ်မဖြစ်စေချင်တာ။

ခပ်ငယ်ငယ် ကိုရင်ဘဝက သကလပ်စောင်ဝယ်ချင်လို့ ရဟန်းခံပေးမယ့်မိသားစုဆီမှာ ငွေတစ်ရာ အလှူခံ (တောင်း) ဘူးတယ်။ ရဟန်းဒကာမိသားစုကလည်း ဆင်းရဲနွမ်းပါးတော့ ကိုယ့်ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်လို့ စိတ်မ ကောင်းဖြစ်ကြရတယ်။ ကိုယ့်မှာလည်း “ငါ… ပြောလိုက်မိလေခြင်း…”လို့ အခုချိန်ထိ နောင်တရနေတုန်း။

အခုကြီးလာတော့ ချမ်းသာတဲ့ဒကာဆီမှာ တစ်ခါအလှူခံဘူးတယ်။ သဒ္ဓါတရားကို စမ်းသပ်တဲ့သဘောပါ။ သင်ခဲ့ဘူးတဲ့စာတွေထဲက “အလှူခံတွေကြောင့် အလှူရှင်ရဲ့ သဒ္ဓါတရား ပျက်စီးတတ်တယ်” ဆိုတဲ့အသိဟာ ပိုပြီး ခိုင်မာသွားတယ်။ ဒါကြောင့် အစမှာရေးခဲ့တဲ့ စာကြောင်းလေးတွေ ဖြစ်ပေါ်လာခဲ့တယ်။ သူတပါးကို ကုသိုလ်ရစေဘို့ လုပ်ပေးရင်း စိတ်မထားတတ်ရင် သူရောကိုယ်ပါ အကုသိုလ်တွေ ဝေယူနေမိတတ်တယ်လေ။

စာသင်သားဘဝက အလင်္ကာတက်ရင်း စာချဘုန်းကြီးပြောပြဘူးတဲ့ ဝတ္ထုလေးတစ်ပုဒ်ကို မှတ်မိနေတယ်။

အခါတပါး… ရသေ့တစ်ပါးကို ကြည်ညိုလွန်းလို့တဲ့ ရှင်ဘုရင်က ဥယျာဉ်ထဲမှာ ကျောင်းဆောက်လှူပြီး ကိုးကွယ်ထားတယ်။ မင်းဆရာဆိုတော့ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးအတွက် ပူစရာမလိုဘူးပေါ့၊ အမြဲလန်းဆန်းပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာယာနဲ့ တရားအလုပ် အားထုတ်နိုင်ခဲ့တယ်။

ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါ ရသေ့ကြီးဟာ တနေ့တခြား ပိန်လှီပြီး ငြှိုးရော်ခြောက်သွေ့လာတယ်။ တရားအလုပ် အားထုတ်ရတာလည်း ပိုလို့သာပင်ပမ်းလာတယ် သမာဓိကိုမရနိုင်ဘူး။ ရှင်ဘုရင်က ဘာများဖြစ်သလဲ လို့ အကျိုးအကြောင်း မေးမြန်းလျှောက်ထားတော့လည်း ရသေ့ကြီးက ဘာမှမဖြေဘူး၊ ရေငုံနှုတ်ပိတ်ပဲ။

ရောဂါကြောင့်ထင်လို့ နန်းတွင်းသမားတော်တွေနဲ့ စစ်ဆေးပေမယ့်လည်း ရောဂါရှာမတွေ့ဘူး၊ စိတ်ရောဂါကု သမားတော်နဲ့တွေ့မှ ခုခေတ်အခေါ် Depression စိတ်ကျရောဂါခံစားနေရတယ်ဆိုတာ ရိပ်စားမိတယ်။ ရေကြောင့်ဖြစ် တဲ့ရွှံ့ပေရင် ရေနဲ့ဆေးမှ စင်သလိုပဲ၊ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲပြန်ကုစားမှ ရမှာမို့ ကြောင်းရင်းဇစ်မြစ်ကို သိဘို့ ကျိုးစားရတယ်။

ရှင်ဘုရင် ထပ်ခါတလဲလဲ တောင်းပန်တော့မှ ခရီးထွက်ချင်တဲ့အကြောင်း၊ ခရီးထွက်ရင်လည်း ခရောင်းလမ်း တွေ ဖြတ်သန်းနိုင်ဘို့အတွက် စီးစရာဖိနပ်မရှိကြောင်း၊ ဖိနပ်တရံ အလှူခံဘို့ရာအတွက် အလွန်ဝန်လေးနေတဲ့ အကြောင်းတွေကို မိန့်ကြားတယ်။

ရှင်ဘုရင် စိတ်မကောင်းဖြစ်သွားပြီး “တပည့်တော်သည် အရှင်ဘုရားကို အသက်ပေးပြီး ကြည်ညိုသူ ဖြစ်ပါသည်၊ ဆရာအရှင်အလိုရှိပါက ဖိနပ်တရံကို မဆိုထားဘိ၊ တပည့်တော်၏ မင်းစည်းစိမ်ကိုသော်မှ စွန့်လွှတ် လှူဒါန်းနိုင်သူပါတည်း၊ အဘယ့်ကြောင့် မိန့်ကြားရန် ဝန်လေးရပါသနည်းဘုရား…” လို့လျှောက်တော့

ရှင်ရသေ့က “မင်းမြတ်၊ သင့်မှာ စည်းစိမ်ဥစ္စာ ကြွယ်ဝတာကို ငါအသိဖြစ်သည်၊ သို့သော် သဒ္ဓါတရား ကြွယ်ဝ မကြွယ်ဝကိုကား သာမန်မျက်စိဖြင့် မမြင်နိုင်ပေ၊ လောကမှာ တောင်းခြင်း အတောင်းခံရခြင်းဖြင့် မိတ်ပျက်ခြင်းကို ဖြစ်စေတတ်သည်၊ တောင်းသူဘက်က တောင်းသည့်အခါ မရလျှင်ဒေါသဖြစ်သကဲ့သို၊ အတောင်ခံရသူဘက်က မပေးလိုဘဲ ပေးရလျှင်လည်း ဒေါသဖြစ်သည်၊ ပေးချင်သော်ငြား ပေးစရာမရှိလျှင်လည်း စိတ်မကောင်းဖြစ်ရသည်၊ ဤသို့ တောင်းသူ နှင့် အတောင်းခံရသူတို့မှာ တောင်းခြင်းဟူသောအကြောင်းကြောင့် မိတ်ပျက်တတ်သည်၊ ထို့ကြောင့် ငါမတောင်း” လို့ မိန့်တော်မူလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ၊ ရသေ့ကြီးလောက် သည်းမခံနိုင်ပေမယ့် ရသေ့ကြီးရဲ့စိတ်ဓာတ်ကို လေးစားအားကျ ခဲ့တယ်။ ခပ်ငယ်ငယ် ဒီပုံပြင်ကို စကြားဘူးကတည်းက ဒီအတိုင်းပဲကျင့်သုံးခဲ့တယ်။ ချွင်းချက်အနေနဲ့ သူများအတွက် အလှူခံပေးခဲ့ဘူးတာတွေတော့ ရှိတာပေါ့။

အင်း… အခုလည်း ကိုယ့်အတွက်တော့မဟုတ် သာသနာတော်အတွက် ကိုယ့်လူမျိုး ကိုယ့်ဘာသာ နောင်လာ နောက်သားများအတွက် ကျောင်းတိုက်ကြီးပြီးမြောက်ဘို့ ကိုယ့်မှာတာဝန်တော့ ရှိလေရဲ့။

သို့သော်ငါ၏ လက်များကား... ...။

သီရိဘုန်းစံ

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET