မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

ဆရာကြီး ဦးဝင်းတင် နှင့် လက်ပွန်းတတီးနေနိုင်ကြပါစေ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ (အာယုသင်္ခါရလွှတ်ပြီ) ဆိုတာ သိရတော့ အရှင်အာနန္ဒာက “ဘုရားရှင် မရှိတော့ရင်တော့ တပည့်သာဝကတွေ အားလုံးခိုကိုးရာမဲ့ ဖြစ်သွားကြ လိမ့်မယ်”လို့ လျှောက်ထားပြီး ပရိနိဗ္ဗာန်ပြုဖို့ ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းပန်ပါတယ်။

          ဘုရားရှင်က “အာနန္ဒာ … ငါဘုရားရှင် သင်တို့အတွက် လေးဆယ့်ငါးဝါလုံး ဟောကြားခဲ့တဲ့ ဓမ္မက္ခန္ဓာတွေကို ငါဘုရားရှင် ကိုယ်စား သင်တို့ရဲ့ ဆရာအဖြစ် ခံယူ ကျင့်သုံး နေရစ်ကြ”လို့ မိန့်ကြားတော် မူပါတယ်။ ဘုရားတစ်ဆူ ပရိနိဗ္ဗာန် ပြုသွားပေမယ့် ကိုယ်စားတော်ပေါင်း ရှစ်သောင်း လေးထောင် ကျန်ရစ်တယ်လို့ ဆိုလိုတာပါ။

          ၂၁-၄-၂၀၁၄ နေ့က မြန်မာပြည်သူ အပေါင်းတို့ရဲ့ ဒီမိုကရေစီ မီးရှူးတန်ဆောင်ကြီး ဖြစ်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဘ၀ဟောင်းမှ ဘ၀သစ်သို့ ပြောင်းသွားပါတယ်။ ကျန်ရစ်တဲ့ ဒီမိုကရေစီ လိုလားသူ အားလုံးရဲ့ ရင်ထဲမှာ ဒီမိုကရေစီရေး အတွက် အားထား ကိုးကွယ်ရာ ပုဂ္ဂိုလ်ကြီး ဆုံးရှုံး သွားပြီလို့ ခံစားပြီး ၀မ်းနည်း ကြေကွဲမဆုံး ခံစားကြရမှာလည်း သေချာပါတယ်။

          ဒါပေမယ့် ဆရာကြီး ပြောဆို၊ ရေးသားခဲ့တဲ့ လမ်းညွှန် ချက်တွေ၊ လုပ်ဆောင် နေထိုင် သွားခဲ့တဲ့ စံနမူနာ ကောင်းတွေ ကတော့ အများကြီးပဲ ကျန်ရစ်ပါတယ်။ “ဘယ်လောက်လဲ” လို့ အရေအတွက် အတိအကျ မပြောနိုင် ပေမယ့် အများကြီးပါ။ ဆရာကြီး တစ်ယောက် ဘ၀သစ် ကူးသွား ပေမယ့် ကိုယ်စားတွေ အများကြီး ကျန်ရစ်ပါသေးတယ်။

.

 

--------------------

          မြတ်စွာဘုရား လက်ထက်တော်တုန်းက ဘုရားရှင်ကို အလွန်ကြည်ညိုတဲ့ ရဟန်းတစ်ပါး ရှိတယ်၊ “ရှင်ဝက္ကလိ” တဲ့။ အဲဒီပုဂ္ဂိုလ်က ဘုရားရှင်ကို ဘယ်လောက်ထိ ကြည်ညိုသလဲ ဆိုရင် စက္က၀က် ငှက်များဟာ လမင်းကြီးသာ နေတာကို ကြည့်နေရရင် အိပ်ဖို့ မဆိုထားနဲ့ မျက်လုံး ကိုတောင် လုံးဝမမှိတ်ဘဲ မပြတ်ကြည့်နေသလို ဒီအရှင်ကလည်း ဘုရားရှင် မျက်နှာတော်ကိုသာ ကြည့်နေရရင် မမှိတ်သော မျက်လုံးနဲ့ မပြတ်ကြည့်နေ လိုတယ်လို့ ဆိုပါတယ်။ တကယ်လည်း မပြတ်ကြည့်နေ တတ်ပါသတဲ့။

          အဲဒီ ရှင်ဝက္ကလိကို ဘုရားရှင် မိန့်ကြား ဆုံးမတော်မူတာ ကတော့ “ ၀က္ကလိ ငါဘုရား ဆုံးမ ညွှန်ကြားချက်တို့ကို မတိမ်းမစောင်း မဆန့်မကျင် လိုက်နာ ကျင့်သုံးနေသူဟာ ငါဘုရားရှင်နဲ့ ဝေးကွာတဲ့ အရပ်မှာ နေသည် ပဲဖြစ်စေ၊ ငါဘုရားရှင် ပရိနိဗ္ဗာန်စံ လွန်တော်မူပြီးတဲ့ နောက်ကာလ တွေမှာပဲ ဖြစ်စေ ငါဘုရားရှင်နဲ့ အမြဲမပြတ် တွေ့ဆုံနေရသူ ဖြစ်တယ်။

          ငါဘုရားရှင် ညွှန်ကြား ဆုံးမချက်တွေကို မလိုက်မနာ ဆန့်ကျင်နေခဲ့ ရင်တော့ သက်တော်ထင်ရှား ငါဘုရားကို တစိမ့်စိမ့် ကြည့်နေ ပေမယ့် ငါဘုရားရှင်နဲ့ အဝေးကြီး ဝေးကွာ နေသူပဲ ဖြစ်တယ်”တဲ့။

          ဟုတ်ပါတယ်၊ ဘုရားရှင် သက်တော် ထင်ရှားရှိစဉ်က ဘုရားရှင်ရဲ့ အယူဝါဒကို ဆန့်ကျင် နေကြတဲ့ တိတ္ထိကြီးတွေလို့ ခေါ်တဲ့ ဂိုဏ်းဆရာကြီး ခြောက်ဦးနဲ့ နောက်လိုက် နောက်ပါတွေဟာ ဘုရားရှင် သီတင်းသုံးတဲ့ ရာဇဂြိုဟ် ၀န်းကျင်မှာပဲ နေကြပြီး ဘုရားရှင်ကို တွေ့မြင်နေကြ ရပေမယ့် ဘုရားရှင်နဲ့ အဝေးကြီး ဝေးကွာ နေရုံမက ဘ၀ချင်းကို အဝေးကြီး ခြားနား နေကြပါတယ်။

----------------------

          ဆရာကြီး ဦးဝင်းတင် ဘ၀တစ်ပါး ပြောင်းသွားပြီးတဲ့နောက် ဆရာကြီး အသက် ထင်ရှားရှိစဉ်က ဆရာကြီးနဲ့ တွေ့ဆုံပြီး ဆရာကြီးရဲ့ လမ်းညွှန် စကားတွေ၊ ဗဟုသုတတွေ၊ ပညာရပ်တွေကို ကြားနာခွင့် ရကြသူတွေက သူတို့ အတွေ့အကြုံ တွေကို ပြန်လည် ပြောပြတဲ့အခါ ကြားနာရတဲ့လူ (အထူးသဖြင့် လူငယ်)တွေက “တို့တတွေ ဆရာကြီးနဲ့ လက်ပွန်းတတီး မနေခဲ့ရတာနာတယ်” လို့ စိတ်ထဲမှာ အားမလိုအားမရ ခံစားရသူတွေ ရှိကြမှာပါ။

          အမှန်ကတော့ ဆရာကြီး သက်ရှိထင်ရှား ရှိစဉ်က တွေ့ဆုံခွင့်ရကြသူ တွေထဲမှာလည်း ဆရာကြီးရဲ့ ခံယူချက်၊ လမ်းညွှန်ချက်တို့ကို ဖီလာ ဆန့်ကျင်နေသူတွေ အဖို့ ဆရာကြီးကို တွေ့မြင်၊ အချို့ဆိုရင် တစ်ဝင်း တစ်ဝိုင်း တည်းမှာ နှစ်ပေါင်း(၂၀)လောက် ဆရာကြီးနဲ့ စကားပြောဆို မေးမြန်းခွင့် ရကြပေမယ့် ဆရာကြီးနဲ့ ဘ၀ပေါင်း များစွာ ခြားနားပြီး အဝေးကြီး ဝေးနေကြတာပါ။

          တကယ်ပဲ ပြည်သူတွေ အနေနဲ့ ဆရာကြီး ဦးဝင်းတင်နဲ့ ဘ၀မခြား လက်ပွန်းတတီး နေလိုတဲ့ ဆန္ဒအစစ် အမှန်ရှိတယ် ဆိုရင် ခုအထိရော၊ နောက်နောင်ရော ဒီအခွင့်အရေး မဆုံးရှုံး သေးပါဘူး။ ရှင်ဝက္ကလိကို ဘုရားရှင် ဟောညွှန်ဆုံးမ တော်မူတဲ့ အတိုင်းဆရာကြီးရဲ့ လမ်းရည်မှန်းချက် ပန်းတိုင်နဲ့ လမ်းညွန် အသိပေးခဲ့ တာတွေ၊ ကိုယ်တိုင် သရုပ်ဆောင် ပြသွားတဲ့ စံနမူနာ ကောင်းတွေ အတိုင်းလိုက်နာ ကြိုးစားကျင့်သုံး နေကြသူတိုင်းဟာ ဆရာကြီးနဲ့ ဘ၀မခြား ထာဝရ လက်ပွန်းတတီး နေထိုင်ခွင့်ရသူ စစ်စစ်တွေ ဖြစ်ကြမှာပါ။

          ဘုရားရှင် ပရိနိဗ္ဗာန် ပြုသွားတယ်ဆိုတာ ဘုရားရှင်တို့ ကွယ်လွန်သွားတာ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ အဆုံးအမတွေ မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်း ထမ်းဆောင်၊ လိုက်နာ ကျင့်သုံးနေကြတဲ့ တပည့် သာဝကတွေ ရှိနေသမျှ ဘုရားရှင် မကွယ်လွန် ပါဘူး။ သာသနာ နေလိုလလို အဓွန့်ရှည်ကြာ ထွန်းလင်းထင်ရှား ရှိနေတာဟာ ဘုရားရှင် မကွယ်မပ ထွန်းလင်းထင်ရှား ရှိနေခြင်းရဲ့ သင်္ကေတာပါ။

          ဆရာကြီး ဦးဝင်းတင်လည်း ဘ၀ဟောင်းမှ ဘ၀သစ်သို့ ကူးပြောင်း သွားတယ်ဆိုတာ ကွယ်လွန်သွားတာ မဟုတ်ပါဘူး။ သူ့ရဲ့ လမ်းညွှန် ချက်တွေ၊ ရည်မှန်း ချက်တွေ လုပ်ဆောင် ကျင့်သုံးချက်တွေ အတိုင်း တက်ညီလက်ညီ ကြိုးစား ကျင့်သုံး နေသူတွေ ရှိနေသမျှ ဒီလူတွေနဲ့ အတူဆရာကြီး အမြဲရှိနေပါတယ်။ ဒီလို တပည့်ကောင်း တွေဟာဆရာကြီးနဲ့ လက်ပွန်းတတီး နေခွင့် ရနေသူတွေ ဖြစ်သလို သူတို့ရဲ့ ကြိုးစားမှု ရလဒ်အဖြစ်နဲ့ ဒီမိုကရေစီ ခေတ်စစ်စစ်ကြီး ထွန်းလင်း ထင်ရှားလာပြီ ဆိုရင်တော့ ဒါဟာဆရာကြီး ဦးဝင်းတင် ထွန်းလင်း ထင်ရှား ရှိနေခြင်းရဲ့ သင်္ကေတလို့ ဆိုရမှာ မလွဲပါဘူး။

ပြည်သူအားလုံး ဆရာကြီး ဦးဝင်းတင်နဲ့ လက်ပွန်းတတီး နေနိုင်ကြပါစေ ….။

ဆရာကြီး ထွန်းလင်းထင်ရှား ရှိနေကြောင်းအမြန်ဆုံးသိသာ မြင်သာပါစေ ….။

သိသာမြင်သာ ထွန်းလင်းထင်ရှားမှု အဓွန့်ရှည်ကြာတည်တံ့ပါစေ ….။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

၂၄-၄-၂၀၁၄

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET