မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

နမောဗုဒ္ဓဿ

“တိဟိတ်တစ်ဦးရဲ့ မဆုံးသေးတဲ့ခရီး”

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မြတ်ဗုဒ္ဓလက်ထက်တော်တုန်းက တပည့်သာဝကများထဲမှာ “လက်ျာရံအရှင်သာရိပုတ္တရာ မထေရ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”လို့ ဘယ်သူမှ မေးမြန်းစရာမလိုတဲ့ အထင်ရှားဆုံးအဂ္ဂသာဝကကြီး ဖြစ်ပါတယ်။

          မထေရ်မြတ်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နဲ့ ပတ်သက်လို့ ရဟန်း၊ ရှင်၊ လူတို့သာမက နတ်ဗြဟ္မာပါ သိမြင်ထင်ရှားတဲ့ မထေရ်မြတ်ကြီးပါ။ ဘက်စုံထင်ရှားတဲ့ မထေရ်မြတ်ကြီးရဲ့ ဂုဏ်တွေထဲမှာ ထူးထူးခြားခြား ပြောစမှတ်တွင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ကြုံခဲ့ဖူးပါတယ်။

          တစ်ချိန်မှာ ဇေတ၀န်ကျောင်းတိုက်ကို ဒကာ၊ ဒကာမတွေက ရဟန်းတော်များအတွက် ဆွမ်းစားပြီး ဘုန်းပေးဖို့ ခဲဖွယ်မုန့်(အချိုပွဲ)တွေ အမြောက်အများလာကပ်ပါတယ်။ ရဟန်းတော်များ ဘုန်းပေးပြီး ကျန်နေတဲ့ သံဃာတော်များဘုန်းပေးဖို့ ခဲဖွယ်တွေ လှူထားရစ်တယ်။

          မွန်းတည့်ခါနီးအထိ နောက်ထပ် ရဟန်းသံဃာ မလာတော့ဘူးဆိုတော့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးရဲ့ တပည့်သာမဏေအတွက် ချန်ထားတဲ့ ခဲဖွယ်ကိုမထေရ်မြတ်ကြီးအား ဆက်ကပ်လိုက် ပါတယ်။ မထေရ်မြတ်ကြီးကလည်းမွန်းတည့်ခါနီးပြီးဖြစ်လို့ မုန့်ခဲဖွယ်ကိုဘုန်းပေးလိုက် ပါတယ်။

          မထေရ်မြတ်ကြီး ဘုန်းပေးပြီးစမှာပဲ တပည့်သာမဏေပြန်ရောက်လာတော့ တပည့်အတွက် ချန်ထားတဲ့ ခဲဖွယ်ကိုဘုန်းပေးလိုက်တဲ့အကြောင်းအမိန့်ရှိတဲ့အခါ သာမဏေက “မွန်မြတ်တဲ့ ခဲဖွယ်ကို ဘယ်သူမမြတ်နိုးဘဲ ရှိပါ့မလဲဘုရား ”လို့ ပြန်လျှောက်ထားပါသတဲ့။

          အဲဒီအချိန်ကစပြီးမထေရ်မြတ်ကြီးက “နောက်နောင် ဆွမ်းစားပြီးသုံးဆောင်ရတဲ့ ခဲဖွယ်(အချိုပွဲ) ဘယ်တော့မှ မဘုန်းပေးတော့ ”လို့ ဆုံးဖြတ်လိုက်တယ်။ နောက်နောင် မထေရ်မြတ်ကြီး တစ်ပါးတည်း ဆွမ်းကပ်တဲ့အခါမှာတောင် ဆွမ်းဘုန်းပေးပြီးရင် အချိုပွဲခဲဖွယ်ကိုဘယ်တော့မှ မဘုန်းပေးတော့ပါဘူးတဲ့။

.

 

          ဒီအကြောင်း ရဟန်းလောကမှာ ပြောစမှတ်ကြီးဖြစ်လာလို့ ဘုရားရှင်နား ကြားတော်မူတဲ့အခါ ဘုရားရှင်က “ရှင်သာရိပုတ္တရာဟာ တစ်ကြိမ်စွန့်ပြီးတဲ့အရာကို နောက်နောင်မှာ အသက်သေလိုက သေစေ၊ ဘယ်တော့မှ ပြန်မယူဘူး၊ ဒါဟာအခုအဂ္ဂသာဝကကြီး ဖြစ်မှ မဟုတ်ဘူး၊ နုစဉ်ကာလ တိရစ္ဆာန်ဘ၀မှာတောင် သူ့ဆုံးဖြတ်ချက်ကို ပြုပြင်ရိုးမရှိခဲ့ဖူးဘူး”ဆိုပြီး ၀ိသ၀န္တဇာတ်ကို ဟောတော်မူပါ တယ်။

          အတိတ်တစ်ဘ၀မှာ ဘုရားလောင်းက အဆိပ်ကုဆေးဆရာ၊ အရှင်သာရိပုတ္တရာအလောင်းက မြွေဖြစ်ခဲ့တယ်။ ဘုရားလောင်းဆေးဆရာက မြွေဆိပ်ကို ဆေးနဲ့တိုက်ပြီးတော့လည်း ကုသနိုင်တယ်။ မန္တာန်ကိုရွတ်ပြီး ကိုက်တဲ့မြွေကသူ့အဆိပ်သူ ပြန်စုပ်ခိုင်းပြီးတော့လည်း ကုသနိုင်တယ်။ ကာယကံရှင် တွေက အံ့ဖွယ်သရဲဖြစ်တဲ့ မန္တာန်နဲ့ ကုသပေးပါဆိုတော့ ဘုရားလောင်းကမြွေကို မန္တာန်နဲ့ခေါ်ပြီးတော့မှ အနီးမှာ ထင်းမီးပုံတစ်ခုကိုလည်း စီစဉ်ထားတယ်။

          ပြီးတော့မှ “အဆိပ်ကို ပြန်စုပ်ပါ၊ မစုပ်က ဒီမီးပုံမှာ ဆင်းပါ”လို့ အမိန့်ပေးတဲ့အခါ မြွေက “ငါဟာစွန့်ပြီးသားကို ဘယ်တော့မှ ပြန်မစုပ်၊ မီးပုံထဲကိုပဲဆင်းပြီးအသေခံမည်”ဆိုပြီး မီးပုံရှိရာကို သွားတော့မှ ဘုရားလောင်း ဆေးဆရာက တားမြစ်ပြီး လူနာကိုလည်း ဆေးနဲ့ပဲ ကုသပေးလိုက်ပါ သတဲ့။(ဇာ၊ဋ္ဌ၊ ၁၊ ၃၂၈)

-------------

အင်းဝခေတ် သာသနာဝင်မှာ “မယ်နုအုတ်ကျောင်းဆရာတော်”လို့ ခေါ်စမှတ်ပြုခဲ့တဲ့ အရှင်ဇမ္ဗုဓဇဘွဲ့တော်ရှိ ဆရာတော် ဦးဗုဒ်(ငယ်နာမည် မောင်ပုပ်၊ နောင်ပညာတော်မူကိုအကြောင်းပြုပြီး မောင်ဗုဓ်)ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဘယ်သူမှ မေးမြန်းစရာမလိုပါ။ ကျမ်းပေါင်း(၆၀)ကျော် ပြုစုခဲ့ပြီး ကျောင်းဒကာ ကျောင်းအမများဖြစ်တဲ့ ရှင်ဘုရင်နဲ့ မိဖုရားတို့ကိုပင် စကားအပိုတစ်ခွန်းမပြော။ အချိန်ရသမျှ စာကိုသာ ကြည့်လေ့၊ ရေးသားလေ့ရှိတဲ့ မထေရ်မြတ်တစ်ပါး ဖြစ်လို့ ရှင်ရဟန်းတို့ရော၊ မင်းနှင့် ပြည်သူ တို့ကပါ လေးစားကြည်ညိုရတဲ့ မထေရ်တစ်ပါးပါ။

          ဆရာတော် ဦးဗုဓ်နဲ့ပတ်သက်လို့ ပြောစမှတ်တွေ အများကြီးရှိတဲ့ထဲကအထူးပြောစမှတ်တွင်ခဲ့တဲ့ ဖြစ်ရပ်ကတော့ - ကျောင်းအမကြီးနန်းမတော်ကြီးမယ်နုကကျောင်းဒကာရှင်ဘုရင်ကြီးအပေါ်မှာအတော်သြဇာပေး(နိုင်စား)လွန်းတဲ့အတွက် ရှင်ဘုရင်ကဆရာတော်ကိုဆုံးမပေးဖို့ လျှောက်ထားတဲ့အခါ ဆရာတော်က “သူ့ကြွေးရှိရင် ဆပ်ရပေလိမ့်မည်”လို့ စကားတစ်ခွန်းသာမိန့်ကြားခဲ့ပါသတဲ့။

          အင်းဝမှာသာယာဝတီမင်းထီးနန်းစည်းစိမ်ကိုရတဲ့အခါ နောင်တော်ရဲ့မိဖုရားဖြစ်တဲ့ ကျောင်းအမကြီး နန်းမတော်မယ်နုကိုအိမ်နိမ့်စံအဖြစ်နဲ့ အသက်ရှင်ခွင့်ပြုခဲ့ပေမယ့် ဘုရင်ကိုနန်းချဖို့ ကြိုးစားတဲ့ မတ္တရာ ပုန်ကန်မှုကို စီစဉ်ညွန်းကြားဦးဆောင်ခဲ့သူလို့ စစ်ဆေးတွေ့ရှိတဲ့အခါ မဟာဆီမဟာသွေးတို့ ထုံးစံနဲ့ အညီနန်းမတော်မယ်နုကိုရေမှာချပြီးအဆုံးစီရင်ဖို့ မြို့ဝန်လက်ကိုလွှဲအပ်လိုက်ပါတယ်။

          ရေမှာဖျောက်ဖျက်မည့်နေ့ ရောက်တော့ နန်းမတော်က “ဆရာတော်ဦးဗုဓ်ကို နောက်ဆုံးဖူးမြော် လိုပါတယ်”လို့ တောင်းဆိုတဲ့အခါ မြို့တော်ဝန်က သာယာဝတီမင်းကို လျှောက်တင်တယ်။ သာယာဝတီမင်းက ခွင့်ပြုတော်မူပြီး အမတ်တစ်ဦးကိုလည်းဆရာတော် ဘာများမိန့်ကြားမလဲဆိုတာ လိုက်ပါ နားထောင်ဖို့ အမိန့် ရှိပါတယ်။

          ဆရာတော်ကဘယ်သူ့ကိုမှ စကားပိုမပြောတဲ့အတွက် ဆရာတော်စကားလိုလိုလားလား ပြောတာကို ရှင်ဘုရင်ကအစ ကြားလိုလှပါသတဲ့။ တကယ်လို့ ဆရာတော်က “နန်းမတော်ကြီးရဲ့ အသက်ကို အလှူခံပါတယ်”လို့ မိန့်ကြားခဲ့မယ်ဆိုရင်တောင် ရှင်ဘုရင်က မငြင်းမဆန် လက်ခံမယ့် သဘောပါ။

          ကျောင်းအမကြီးမယ်နုက ဆရာတော်ကိုဦးချပြီး “ယခုအခါ သာယာဝတီမင်းရဲ့ အာဏာစက်နဲ့ တပည့်တော်မအသက်အဆုံးစီရင်ခြင်းခံရပါတော့မယ်”လို့ လျှောက်ထားတဲ့အခါ ဆရာတော်က ကျောင်းအမကို ကြည့်ပြီး “ သူ့ကြွေးရှိရင် ဆပ်ရပေလိမ့်မယ်”လို့ တစ်ခွန်းတည်းသော စကားကိုသာ မိန့်ကြားတော်မူခဲ့ပါသတဲ့။ (တောမှီရဟန်း၊ မယ်နုအုတ်ကျောင်းဆရာတော်- ၁၆၃)

          ဒီအကြောင်းသာယာဝတီမင်းကြားရတဲ့အခါ “အာဂတိဟိတ်ပုဂ္ဂိုလ်ပဲ၊ ဘယ်သူ့ကိုမှ စကားနှစ်မျိုး မပြော”လို့ မှတ်ချက်ပြုပြီးဆက်လက်ကိုးကွယ်ပါသတဲ့။

-----------------

ဒီနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ သတင်းစာဆရာကြီး “ဟံသာဝတီဦးဝင်းတင်”ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ဘယ်သူမှ မေးမြန်းနေစရာမလိုပါ။ လူရော၊ ရှင်ရော၊ ရဟန်းရောအားလုံး အသိပါ။

          ဒီပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်လို့ စာနယ်ဇင်းနယ်ပယ်၊ အနုပညာနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် အသီးသီးမှာ “အာဂတိဟိတ်”လို့ ဆိုရလောက်အောင် ပြောစမှတ်တွင်ရစ်ခဲ့တာတွေက ပြောမဆုံးနိုင် အောင်ပါ။ ပြောစမှတ်တွေထဲမှာအထူးသဖြင့် ပြောစမှတ်တွင်စရာကတော့ “အာဂတိဟိတ်ပုဂ္ဂိုလ်”တို့ရဲ့ ထုံးစံအတိုင်းယုံကြည်ချက်အပေါ်မှာအသက်နဲ့လဲပြီးခိုင်မြဲခဲ့ခြင်းပါပဲ။

          သူပြောခဲ့တဲ့စကားနဲ့ သူ့ရဲ့ယုံကြည်ချက်များခိုင်မြဲမှု တစ်ခုကြောင့်ပဲ မရေမရာစွပ်စွဲချက်များနဲ့ နှစ်ပေါင်းများစွာ ထောင်တွင်းချထားခြင်း၊ မသေရုံတမယ် ညှင်းဆဲခြင်းတွေနဲ့ လက်မရွံ့ ကြိုးစားခဲ့ပေမယ့် တစ်သမတ်တည်း ခိုင်မြဲခဲ့တာ၊ နောက်ဆုံးအချိန်ပိုင်းလိုတော့တဲ့ အချိန်ထိသူ့ရဲ့ကိုယ်ရောစိတ်ပါ ရှိသမျှအားလုံးကို ဒီတစ်သမတ်တည်းအပေါ်မှာ ထားရှိခဲ့တာကို “သင်္ကြန်ဆိုတော့ အပြောင်းအလဲ၊ နိုင်ငံရေးလည်း အပြောင်းအလဲ ဖြစ်စေ”ဆိုတဲ့ ၁၃၇၅ ခုသင်္ကြန်ဆုတောင်းစကားကို ကြည့်ရင် သိနိုင်ပါတယ်။

          ဆရာကြီးရဲ့ “အာဂတိဟိတ်”လို့ ပြောစရာတွေက များလွန်းသလိုအားလုံးရဲ့ အကြားအမြင် ထဲမှာလည်း ထင်ရှားပြီးဖြစ်လို့ ဘယ်သူမှ ကုန်စင်အောင် ပြောပြနိုင်မှာမဟုတ်လောက်ပါဘူး။

          ဆရာတင်မိုး (၆)နှစ်ပြည့် “စာကိုစီလိုလွမ်းတော်မူတယ်”မှာဆုံမိကြတော့ ဆရာကြီးက ဟံသာဝတီ စာပေ၀ိုင်းမှာ အမေးအမြန်းထူခဲ့တဲ့ သူ့ပရိသတ်ဟောင်းကိုသတိတရ နှုတ်ဆက်ပါတယ်။ မနှစ်က နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဆရာကြီးရဲ့ ဖောင်ဒေးရှင်အတွက် သွားရောက်လှူဒါန်းရင်း တော်တော်ကြာကြာလေး စကားပြောဖြစ်ခဲ့သေးတယ်။

          ဒီနှစ် ဆရာကြီးဆေးရုံတင်ရတယ်ဆိုတဲ့ အချိန်ရောက်တော့ မိမိက မြစ်ကြီးနားမြို့မှာသင်္ကြန်းတွင်း၊ ယဉ်ကျေးလိမ္မာတရားစခန်းရောက်နေတယ်။ ပြန်ရောက်ပြီးနောက်တစ်နေ့မှာမိုးထွန်းဆီဖုန်းဆက်မေးတော့ အထိုက်အလျှောက်နေသာခွင့် ရတဲ့ အခြေအနေလို့ ကြားရလို့ ၀မ်းသာမိသေးတယ်။ အဲဒီနောက်တစ်နေ့ (၂၀၊ ၄၊ ၂၀၁၄) ညနေ ၆ နာရီခွဲမှာဆရာကြီးနဲ့တွေ့ဖို့ စီစဉ်ထားပေမယ့် ကျောက်ကပ်ကို နောက်ထပ် ဆေးရတဲ့ အခြေအနေကြောင့် သတ်မှတ်ချိန်မှာမသွားနိုင်ခဲ့ပါဘူး။ ည (၉)နာရီကျော်လောက်ရောက်တော့မှ ဆရာကြီးနားအနီးကပ် စောင့်ရှောက်နေကြတဲ့ မဖြူဖြူသင်းနဲ့ ကြည်ဖြူသျှင်တို့က ဖြစ်နိုင်ရင် ခုညပဲ ကြွလာပါဆိုတာနဲ့ မိုးထွန်းလာကြိုလို့ ရောက်သွားတော့ ဆရာကြီးအတော်ကို ပင်ပင်ပန်းပန်း အသက်ရှူနေရတဲ့ အခြေအနေပါ။ ထုံးစံအတိုင်း လက်မထောင်ပြပြီး နှုတ်ဆက်တော့ မျက်လုံးတော့ ဖွင့်ကြည့်နိုင်ပါတယ်။ ခါတိုင်းလို အပြုံးမျိုးတော့ မတွေ့ရတော့ပါဘူး။

          မိမိက ဗောဇ္ဈင်သုတ်ကို ဘုရားရှင်ကရှင်မောဂ္ဂလာန်၊ ရှင်မဟာကဿပတို့ မကျန်းမာစဉ်က ရွတ်ပေးတဲ့ ပါဠိတော်မူရင်း အတိုင်း(၇)ခေါက် ရွတ်ပေးခဲ့တယ်။ ရွတ်နေစဉ်မှာ နှစ်ကြိမ် သုံးကြိမ်လောက် အားယူပြီး မျက်လုံးဖွင့်ကြည့်ပါသေးတယ်။ ပင်ပန်းလွန်းနေတဲ့အတွက် အနားယူသင့်ပြီဖြစ်လို့ ဆယ်နာရီခွဲလောက်မှာ ပြန်ခဲ့တယ်။

          နောက်နေ့ မနက်စော(၆)နာရီမှာ တစ်ခေါက်ပြန်သွားပြီး ဗောဇ္ဈင်သုတ်ကိုပဲ သုံးခေါက်အထိ ရွတ်ပေးလိုက်သေးတယ်။ အခြေအနေကအတော်ကို အားနည်းနေပါပြီ။ မျက်လုံးကတစ်ဖက်ပဲ နည်းနည်းပွင့်ပါတော့တယ်။ အခြေအနေတိုးတက်မလာခဲ့ဘူးလို့ မဖြူဖြူသင်းက တိုးတိုးပြောတယ်။ မိမိလည်းရိပ်မိတဲ့အတွက် ပြန်လာခဲ့ပါတယ်။ ကျောင်းကိုရောက်တဲ့ ၆ နာရီခွဲလောက်ရောက်တော့ “ဆုံးပြီ” လို့ မိုးထွန်းဖုန်းဆက်ပါတယ်။ “ဆုံးပြီး” ဆိုတာဆရာကြီးအတွက်သာအသက်ဆုံးရှုံးသွားတာမဟုတ်ဘူး ပြည်သူအားလုံးအတွက် အားထားမိခိုရာတိဟိတ်ပုဂ္ဂိုလ်ကြီးတစ်ဦးဆုံးသွားခဲ့တာပါ။

          ဆရာကြီးရေး ကျုပ်တို့ ပြည်သူတွေမှာဒီမိုကရေစီဆိုတာသံကြားအဆင့်ပဲရှိပါသေးတယ်။ ရုပ် မမြင်ရသေး ပါဘူး။ ပြည်သူအပေါင်းဒီမိုကရေစီကို ရုပ်မြင်သံကြားခံစားခွင့်ရရေးအတွက် ဆရာကြီးရဲ့ သင်ကြားချက်တွေ စိတ်ဓာတ်ခွန်အားစံနမူနာတွေ အများကြီးလိုအပ်နေပါသေးတယ်။          ပြည်သူအားလုံးအတွက် ဆရာကြီးအမြန်ပြန်လာပါ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

22.4.2014

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET