မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

မိစ္ဆာစာရလေးပါး သုံးသပ်ချက်

တပည့်တော် ဖတ်ရတဲ့ စာအုပ်ထဲက မိစ္ဆာကာမလေးပါးထဲမှာ အနင်္ဂေဆိုတဲ့ ပါဠိစကားလုံးရဲ့ အနက်အဓိပာယ်ကို သိလိုပါသည် အရှင် ဘုရား။ အခြားစာလုံးတွေကိုတော့ အဓိပာယ်နဲ့တကွ ရှင်းပြထားလို့ နားလည်ပါတယ် ဘုရား။ ဒါပေမယ့် အနင်္ဂေကို အခါမဟုတ်သည်၌ သွားလာခြင်းလို့လည်း ဖော်ပြထားပြီး ဘယ်လို ဆိုတာကို ရှင်းပြမထားပါ။ အကာလေဆိုတဲ့ စကားလုံးနဲ့ အဓိပာယ် တူနေပါတယ် ဘုရား။ ဒါကြောင့် အနင်္ဂေနဲ့ အကာလေ စကားလုံးနှစ်ခုရဲ့ ကွာခြားချက်ကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

.

 

                                                                                                                                      Shadow Man

မိစ္ဆာစာရလေးပါး (သို့မဟုတ် မိစ္ဆာကာမလေးပါး)လို့ အဓိပာယ်ရနိုင်တဲ့ ဖော်ပြချက်မျိုးကို ပါဠိတော် အဋ္ဌကထာတွေမှာ မတွေ့ဖူးသေးပါ။ ကျီးသဲလေးထပ် ဆရာတော်စတဲ့ ပညာရှင် ဆရာမြတ်များလည်း ပါဠိတော် အဋ္ဌကထာကျမ်းများမှ ကိုးကားပြီး ဖြေဆိုသည်ကို မတွေ့ရ။ ထိုထို ဆရတော်တွေ ဖော်ပြတဲ့ မိစ္ဆာစာရလေးပါး ရည်ညွှန်းကျမ်းကတော့ “ဆဂတိဒီပနီ”ကျမ်းပါပဲ။ အချို့မှာ ကိုးကားတဲ့ ပါဠိစာသား မမှန်တာ၊ အနက်အဓိပာယ် မှားယွင်းတာတွေ တွေ့ရလို့ ညှိပေးလိုက်ပါတယ်။

ဆဂတိဒီပနီ

“ဆဂတိဒီပနီကို သီဟိုဠ်ကျွန်း အနုရာဓမြို့နေ အသမဃောသဆရာ စီရင်သည်”လို့ ပိဋကတ်တော်သမိုင်း စာကိုယ် အမှတ်-၃၆၇ မှာ ဆိုတယ်။ ဒါပေမယ့် Pali Literature of Ceylon နှင့် Handbook of Pali Literatureကျမ်းတွေမှာ ဒီကျမ်းကိုရော ကျမ်းပြုပုဂ္ဂိုလ်ကိုပါ ဖော်ပြချက် မတွေ့မိပါ။ သက္ကတကနေ ပါဠိဘာသာ ပြန်ထားတာဖြစ်လို့ ၎င်းတို့ရဲ့ ပါဠိစာပေသမိုင်းထဲ မထည့်သွင်းခဲ့တာများလား။ ဒီ ကျမ်းရဲ့ နိဒါန်းမှာ “မူရင်း ဆဂတိဒီပနီကျမ်းကို သက္ကတ ဘာသာနဲ့ ရေးထားလို့ သီဟိုဠ်ကျွန်း အပြင်ပမှာ နေကြသူတွေ သိနိုင်ခဲတဲ့ အတွက် အသမဃောသထေရ်က မာဂဓီဘာသာ ပြန်ဆိုကြောင်း” ဆိုထားပါတယ်။ ဒါကြောင့် ဒီကျမ်းရဲ့ ပါဠိအသွားအလာမှာ အတော် ထူးခြားနေတာကို သတိပြုမိပါတယ်။ နိဂုံးမှာ ကျမ်းပြုသူ အကြောင်းကို မဖော်ပြလို့ ကျမ်းပြုခေတ်ကို မခန့်မှန်းနိုင်ပါ။ သီဟိုဠ်မှာ ရေးတာ မှန်ရင် ရတနာပုံခေတ်မှာ ဒီကျမ်း မြန်မာနိုင်ငံကို ရောက်ပြီးနေတာ သေချာတယ်။ ဒီကျမ်းမှာ ကာမေသု မိစ္ဆာစာရလေးပါး ရှိကြောင်း အောက်ပါအတိုင်း ဆိုတယ် ..

ရည်ညွှန်းမူရင်း

ဝုတ္တမိစေတံ - စတ္တာရော ကာမေသု မိစ္ဆာစာရာ၊ ကတမေ စတ္တာရော? အကာလော အဒေသော အနင်္ဂေါ အဓမ္မော စာတိ။ တတ္ထ အကာလော နာမ မရဏာသန္နာ ဂဗ်္ဘိနီ ဗာလာနံ ပါယနီ အနိစ္ဆန္တီ အစ္ဆန္ဒီ ယောနိဒုက္ခဒေါမနဿသဟာဂတာတိ၊ အယံ အကာလော နာမ။ အဒေသော ဓာတုစေတိယံ ပဋိမာ ပေါတ္ထကံ အာစရိယံ ဥပဇ္ဈာယံ မာတုပိတုသန္နိဝါသဋ္ဌာနံ၊ အယံ အဒေသော နာမ။ အနင်္ဂေါတိ ဌပေတွာ ယောနိမဂ္ဂံ မုခ၀စ္စမဂ္ဂါဒိကံ အနင်္ဂံနာမ။ အဓမ္မောတိ သဗာ ပရပရိဂ္ဂဟိတာ ဣတ်္ထိ မာတာဘဂိနိအာဒယော စ သဗေပဗဇိတာ စ၊ ဣမေ အဓမ္မာ နာမ (ဆဂတိဒီပနီကျမ်း၊ ပေမူ၊ ဖံ-၀မ်း၊ ဖံ-ကျော)။

မြန်မာပြန်။ ။ ကျမ်းဂန်တို့၌ ဤသို့ဆို၏ - ကာမေသု မိစ္ဆာစာရ လေးမျိုးရှိ၏။ ယင်းတို့မှာ မမှီဝဲသင့်ချိန်၌ မှီဝဲခြင်း၊ နေရာဒေသ မဟုတ် သည်၌ မှီဝဲခြင်း၊ အင်္ဂါမဟုတ်သည်၌ မှီဝဲခြင်း၊ ဓမ္မနှင့် မလျော်သူတို့၌ မှီဝဲခြင်းတို့တည်း။ ထိုတွင် မမှီဝဲသင့်ချိန်၌ မှီဝဲခြင်းဟူသည် သေခါနီး နေသူ၊ ကိုယ်ဝန်ရှိသူ၊ ကလေးငယ်အား နို့တိုက်သူ၊ (မေထုန်ကို) အလိုမရှိသူ၊ အမစိတ်မရှိသူ (နပုံး)၊ အင်္ဂါဇာတ်တွင် ဆင်းရဲနာကျင် ဖြစ်နေသူတို့၌ မှီဝဲခြင်းတည်း။ နေရာဒေသ မဟုတ်သည်၌ မှီဝဲခြင်းဟူသည် (ဗုဒ၊ ရဟနာတို့၏) ဓာတ်တော် ကိန်းဝပ်သည့် စေတီ (ယင် ပြင်၊ ပရိဝုဏ်အတွင်း)၊ ဆင်းတုတော် (ယင်ပြင်၊ ပရိဝုဏ်အတွင်း)၊ စာပေ သင်ကြားသည့် နေရာ (စာသင်ခန်းမ)၊ စာသင်ဆရာ အနီးကပ် ဆုံးမပဲ့ပြင်သူတို့၏ အနီး (မြင်လောက်သည့် အရပ်)၊ မိဘနှစ်ပါးတို့ နေထိုင်သည့် နေရာတို့၌ မှီဝဲခြင်းတည်း။ အင်္ဂါမဟုတ်သည်၌ မှီဝဲခြင်း ဟူသည် ယောနိမဂ် (အင်္ဂါဇာတ်)မှ လွဲ၍ ပါးစပ် စအို စသည်တို့၌ မှီဝဲခြင်းတည်း။ ဓမ္မနှင့် မလျော်သော မိန်းများ၌ မှီဝဲခြင်းဟူသည် ကာမပိုင်ရှိသော မိန်းမများ၊ မိခင်၊ အစ်မနှမ စသည်နှင့် ရဟန်းပြုသူ အားလုံး (ဘိက္ခုနီ သာမဏေမ သိက္ခမာန် သီလရှင် ယောဂီ) စသည် တို့၌ မှီဝဲခြင်းတည်း။

ဝန်ခံချက်

ဆဂတိဒီပနီနိဿယ (မည်သည့်ပုဂ္ဂိုလ် စီရင်ကြောင်းမသိ)ကို စာကြည့်တိုက်စာရင်းမှာ တွေ့ပေမယ့် ကျမ်းစာကို ရှာမရလို့ ကိုယ်တိုင် ကြိုးစားပြီး ဘာသာပြန်ထားတာပါ။ အစ္ဆန္ဒိကပုဒ်ကို ဋီကာ(ဒီ-ဋီ ၁၊ ၁၃၁)မှာ ဣတ္ထိယတို့ကို အလိုမရှိသူ (အဖိုစိတ်မရှိသူ)လို့ ဖွင့်ပါတယ်။ ဒါကြောင့် အစ္ဆန္ဒီကို အမစိတ်မရှိသူ (နပုံး)လို့ ဘာသာပြန်ပါတယ်။ ကျမ်းဂန်တို့၌ ဤသို့ဆို၏ ဆိုတာ သာသနာဝင်ကျမ်းကို ညွှန်းတာ ဟုတ်မှ ဟုတ်ရဲ့လား။ သက္ကတ ဘာသာနဲ့ ရှိ နေတဲ့ ကျမ်းတွေကို ညွှန်းတာများလား။

ဝေဖန်သူ

ဒီကျမ်းကို သံဂါယနာတင် ကျမ်းကြီးမဟုတ်လို့ ပညာရှိတို့ အလွန်ကြီး လေးစားပုံ မရဘူး။ ဒါကြောင့် မောင်းထောင်သာသနာပိုင် ဆရာ တော် စီရင်တဲ့ သီလက္ခန်ဋီကာသစ်မှာ ဆဂတိဒီပနီကျမ်းမှ စာသားကိုယူပြီး ဧကေ၀ါဒ (ကျမ်းပြုသူက ကိုယ့်ထက် ညံ့တယ်လို့ ယူဆထား တဲ့ ပုဂ္ဂိုလ်ရဲ့ အယူအဆ)အနေနဲ့ ဖော်ပြပြီး အောက်ပါအတိုင်း ဝေဖန်ထားပါတယ် ..

ယေ ပနေကေ ၀ဒနစတ္တာရော ကာမေသု မိစ္ဆာစာရာ အကာလော အဒေသော အနင်္ဂေါ အဓမ္မော စာတိ။ တေ ၀ိပဋိပတ္တိမတ္တံ ပတိ ပရိကပေတွာ ၀ဒနိ။ န ဟိ သာဂမနီယဋ္ဌာနေ ပ၀တ္တာ ၀ိပဋိပတ္တိ မိစ္ဆာစာရော နာမ သမ္ဘ၀တိ (သီ-ဋီ-သစ် ၁၊ ၃၃၄)။

မြန်မာပြန်။ ။ ကာမေသု မိစ္ဆာစာရတို့သည် အကာလ = သွားလာအပ်သောအခါ မဟုတ်သည်၌ သွားလာခြင်း၊ အဒေသ = သွားလာအပ် သောအရပ် မဟုတ်သည်၌ သွားလာခြင်း၊ အနင်္ဂ = အင်္ဂါ မပြည့်စုံခြင်း၊ အဓမ္မ = အတင်းအဓမ္မ ဗလက္ကာရဖြင့် မှီဝဲခြင်းဟူ၍ လေမျိုးရှိ၏ဟု ဆိုသော ဆရာအချို့သည် ဖောက်ပြန်၍ ကျင့်ကာမျှကို စွဲ၍ ကြံဆ၍ ဆို(ခြင်းဖြစ်)ကုန်၏။ အမှန်သော် သွားလာ ကျူးလွန်အပ်သည်နှင့် တကွဖြစ်သော အရပ် (ဌာန သို့မဟုတ် ၀တ္ထု၊ သို့မဟုတ် သိက္ခာပုဒ်အရ အပြစ်လွတ်သည့် ယောက်ျား မိန်းမ)၌ ဖြစ်သည့် ဖောက်ပြန်၍ ကျင့်ခြင်းသည် မိစ္ဆာစာရ မဖြစ်သင့်။

မှတ်ချက်

ညောင်ရမ်းဆရာတော်ဘုရား ရေးစီရင်တဲ့ သီလက္ခန်ဋီကာသစ် နိဿယ၊ ဒုတိယတွဲ၊ စာ-၃၁၀ အတိုင်း မြန်မာပြန်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အနင်္ဂကို “အင်္ဂါမပြည့်စုံခြင်း၊ အဓမ္မကို “အတင်းအဓမ္မ ဗလက္ကာရဖြင့် မှီဝဲခြင်းလို့ နိဿယပြန်ခြင်းမှာ မူရင်းကျမ်း (ဆဂတိ ဒီပနီ)ရဲ့ အာဘော်နဲ့ မကိုက်ညီ။ ဆရာတော်က “ယေ ပနေကေ ။ပ။ သမ္ဘ၀တိ-ဟူသော ၀ါကျသည် ဋီကာဟောင်း၌ မရှိလို့ မှတ်ချက်ပြု ထားတာကို ထောက်ရင် နိဿယကို ရေးစဉ်က ဆရာတော်ကြီး အနားမှာ ဆဂတိဒီပနီကျမ်း ရှိပုံမရ။ ဋီကာဟောင်းဆိုတာ အေဒီ ၇-ရာစု အစောပိုင်းလောက်ကပင် ၀ိသုဒိမဂ္ဂ မဟာဋီကာကျမ်းပြု အရှင်မဟာဓမ္မပါလ ရေးတဲ့ကျမ်းပဲ။

နားလည်မှု

မောင်းထောင်ဆရာတော်က မှားယွင်းစွာ ကျင့်ခြင်း (မိစ္ဆာစာရ)နဲ့ ဖောက်ပြန်စွာ ကျင့်ခြင်း(၀ိပဋိပတ္တိ) နှစ်မျိုးကို ခွဲခြားပြီး ယူစေလိုတယ်။ ရှေ့နားမှာ ၀ိပဋိပတ္တိအရ အဗြဟ္မစရိယ (မေထုန်မှီဝဲခြင်း)နဲ့ ကာမေသု မိစ္ဆာစာရ (မမှီဝဲ ကောင်းသူတွေနဲ့ မှီဝဲခြင်း) နှစ်မျိုးလုံးကို ယူထား တယ် (သာ ပနေသာ ဒုဝိဓာပိ ၀ိပဋိပတ္တိ)။ ဒါကြောင့် ဆရာတော်အရ မှီဝဲကောင်းသူ (သာဂမနီယဋ္ဌာန)နဲ့ မေထုန်ပြုရင် ဖောက်ပြန်စွာ ကျင့် (၀ိပဋိပတ္တိဖြစ်)ပေမယ့် မိစ္ဆာစာရ မဖြစ်ဘူးလို့ နားလည်ရတယ်။ ဒီနှစ်မျိုးလုံးပဲ သီလစတဲ့ ဂုဏ်ရှိခြင်း မရှိခြင်း၊ အတင်းအကျပ် ပြုခြင်း မပြုခြင်း၊ အလိုတူခြင်း မတူခြင်း၊ ကိလေသာနဲ့ လုံ့လပြုမှု အားပြင်း အားနည်းအလိုက် အပြစ်ကြီး အပြစ်ပေါ့ ကွဲပြားကြောင်း လည်း ဆရာတော်က ရှင်းပြခဲ့ပါတယ် (သီ-ဋီ-သစ် ၁၊ ၃၃၄ ရှု)။

ဥပမာ .. ရာဂစိတ်(တပ်ခြင်း)တူတဲ့ မှီဝဲကောင်းသူ ကျားမနှစ်ဦးရဲ့ ပဿာဝ (အင်္ဂါဇာတ်) မဟုတ်တဲ့ မဂ် (ပါးစပ် စအို)နဲ့ သံဝါသပြုမှုဟာ ဆဂတိဒီပနီအရ အနင်္ဂဖြစ်လို့ ကာမေသု မိစ္ဆာစာရ ဖြစ်တယ်။ မောင်းထောင်အရ ၀ိပဋိပတ္တိ(ထုံးစံက သွေဖည်ပြီး လုပ်တာ) ဖြစ်ပေမယ့် ကာမေသု မိစ္ဆာစာရလို့ မဆိုသင့်။ ထိုအတူ မှီဝဲကောင်းသူ ဖြစ်ပြီး (ဥပမာ ကိုယ့်ဇနီး) အလိုတူတဲ့ ကိုယ်ဝန်ဆောင်၊ ကလေး နို့တိုက်သူ တွေလည်း မောင်းထောင် အလိုအရ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ယူဆခွင့် ရှိပါတယ်။

ဆဂတိဒီပနီအရ ကလေး နို့မပြတ်ခင် ကိုယ့်ဇနီးနဲ့ သံဝါသ ပြုမိရင် ကာမေသု မိစ္ဆာစာရ ဖြစ်သွားနိုင်လို့ ဘုန်းကြီးအနေနဲ့ မောင်းထောင် ဆရာတော်ရဲ့ ဆုံးဖြတ်ချက်ကို နှစ်သက်ပါတယ်။

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET