မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

IMG 7952

 

အရှင်ကေလာသ

 

ဓမ္မာစရိယ၊ B.A.(Philo)M.A.(Buddhism)

 

ခင်ပွန်းကြီးဆယ်ပါးဇာစ်မြစ်

   ဆရာတော် အရှင်သူမြတ်ဘုရား .. ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ ခင်ပွန်း ကြီး ဆယ်ပါးကို ဘုရားဟော ကျမ်းဂန်မှာ ဟောကြားပါသလား။ ခင်ပွန်းကြီးဆယ်ပါး အယူအဆ၏ သမိုင်းဇာစ်မြစ်ကို ကျမ်းကိုးအခိုင်အလုံနှင့် အကျယ်တဝင့် ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

 

.

ခင်ပွန်းကြီး ဆယ်ပါးကို ပြစ်မှားထားလျှင် တရားထိုင်၍ တရားထူးမရဟု ဆိုပါသည်။ ရဟန်းတစ်ပါး အနေနဲ့ တရားထူးရလိုလျှင် ခင်ပွန်းကြီး ဆယ်ပါးလုံးကို ပွဲတင်ပြီး ရှိခိုး ကန်တော့ရမလို ဖြစ်နေပါသည်။ ယခုအခါ လူအတော်များများနှင့် ရဟန်းတော်အချို့ပါ ပွဲကြီး ပွဲငယ်တင်ပြီး ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်ကန်တော့နေကြသည်မှာ အမှန်ထက် အမှား ဘက်ကို ဦးတည်နေသည်ဟု ထင်ပါသည်။

                                             ကျေးဇူးတင်ပါသည်။

                                        ထွတ်နုလှိုင်၊ ညောင်ဦး

                                                             -------------------------------------------------

 

သဲလွန်စ

ငယ်စဉ်က ဘုန်းကြီး မမြင်ဖူးတဲ့အဖွား (ဖခင်ရဲ့အမေ) ဖတ်ခဲ့တယ် ဆိုတဲ့ 'ဘုရားရှိခိုးမူမှန်' စာအုပ်ငယ်ထဲက ယနေ့ထိ အလွတ်ရနေတဲ့ ကဗျာတိုကလေးမှာ ..

'သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပစ္စေကာနှင့်၊ သင်္ဃာအများ၊ ထွဋ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊ ကျေးဇူးကြီးလှ၊ မိနှင့်ဘတည့်၊ ပြသ တတ်သင်၊ ပြုပြင်ဆုံးမ၊ ဟေထတရား၊ စောင့်ထားသီလ၊ ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊ ကြီးလှကျေးဇူး၊ ခေါင်အထူး'တဲ့။

 

ကဗျာကို ဆိုပြီးတိုင်း ကျေးဇူးကြီးသူ ဆယ်ယောက်ကို လက်ချိုးပြီး ရေတွက်ပြရတယ်။ ဘယ်သူ ဘယ်တုန်းက ရေးတယ်ဆိုတာ မသိပေမယ့် ဒီကဗျာကရတဲ့ သဲလွန်စက ဒီဆယ် ယောက်ကို မူဂပက္ခဇာတ်တော်မှာ ဖော်ပြတယ်ဆိုတဲ့ အချက်ပါပဲ။

 

နိဿယဟောင်း

ဒါနဲ့ မူဂပက္ခ(တေမိယ)ဇာတ်ပါဠိတော် (ဇာ ၂၊ ၁၅ဝ)ကို လေ့လာတဲ့အခါ ဖော်ပြပါ ကျေးဇူး ကြီးသူ ဆယ်ယောက် ဖော်ပြချက်ကို မတွေ့ရ ဘဲ မိတ်ဆွေကို မပြစ်မှားခြင်းရဲ့ အကျိုးကို ဖော်ပြတဲ့ ဂါထာဆယ်ပုဒ်ကိုပဲ တွေ့ရတယ်။ အဋ္ဌကထာကို ကြည့်ပြန်တဲ့အခါ အဲဒီ ဂါထာ တွေနဲ့ ပတ်သက်ပြီး 'ဒသ မိတ္တပူဇဂါထာ နာမ အာရဘိ (ဇာ-ဋ္ဌ ၆၊ ၁၆)'လို့ တွေ့ပါတယ်။ အဲဒီပါဠိကို အရှင်ဥပါလိ မထေရ် ရေးခဲ့ တဲ့ တေမိယဇာတ်အဋ္ဌကထာ နိဿယဟောင်းမှာ ဒီလို အနက်ပြန်ပါတယ် ..

 

     'ဒသမိတ္တပူဇဂါထာ နာမ၊ ခင်ပွန်းဆယ်ပါးတို့အားပူဇော်သော ဂါထာမည်သည်ကို။ အာရဘိ၊ အားထုတ်၏။ ဇာတ်ဝိသောဓနကျမ်း၌ကား .. ဒသမိတ္တပူဇဂါထာ နာမ၊ ခင်ပွန်းတို့အား ပူဇော် အပ်သည်ကိုဆိုရာဖြစ်သော ဆယ်ပါးသောဂါထာတို့ကိုဟူ၍ အနက်ပေး၏'။

                                                                                           (ပေမူ၊ ခေါ-ကျော)

ဒီနိဿယအရ 'ဒသမိတ္တပူဇဂါထာ' ဆိုတဲ့ ပါဠိစကားတွဲကို ..

'၁) ခင်ပွန်းဆယ်ပါးတို့အား ပူဇော်သော ဂါထာ

၂) ခင်ပွန်းတို့အား ပူဇော်အပ်သည်ကို ဆိုရာဖြစ်သော ဆယ်ဂါထာ'လို့ ယူဆပုံ နှစ်မျိုး တွေ့နိုင်တယ်။ ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြ ဂါထာ၊ ခင်ပွန်းပူဇော်ကျိုးပြ ဆယ်ဂါထာလို့ အဓိ-ပ္ပာယ်ယူဆပုံ နှစ်မျိုး ဖြစ်ပါတယ်။

 

ဇာတ်ဝိသောဓန

နိဿယဟောင်းမှာ ညွှန်ပြတဲ့ ဇာတ်ဝိသောဓန (ဒီကျမ်းနိဂုံးအရ ဒသဇာတက၀ိသောဓန) ကျမ်းကို ဋီကာကျော်ရဲ့အဖွင့် နာမည်ကျော် မဏိသာရမဉ္ဇူသာဋီကာ (သက္ကရာဇ် ၈၂၈-တွင် ရေးပြီး)ကို ရေးတဲ့ အရှင်မဟာအရိယဝံသ (သမန္တပါသာဒိက မဟာအရိယဝံသ ဟုလည်း ခေါ်) ရေးပါတယ် (သာသနာလင်္ကာရစာတမ်း၊ စာ-၁၄၅။ Pali Literature of Burma, p. 42)။ ဒီကျမ်းမှာ အောက်ပါ အတိုင်း ဖော်ပြတယ် ..

 

       'ဒသမိတ္တပူဇဂါထာ နာမ၊ ခင်ပွန်းတို့အား ပူဇော်အပ်သည်ကို ဆိုရာဖြစ်သော ဆယ်ပါး သော ဂါထာတို့ကို ဟုပေး။ ခင်ပွန်းဆယ်ပါး မဟုတ်။ ဂါထာဆယ်ပါး ဟူလိုသည်။ သူတချို့ကား ခင်ပွန်းဆယ်ပါးဟု ပေး၍ ဆယ်ပါးသရုပ်ကို ''ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။ မာ-တာပိတုဂုရုသဒ္ဓါ၊ ဓမ္မဒေသက ဒါယကာ''ဟု ရေးစကြကုန်၏။

 

       ကျမ်းကြီးတို့၌ မလာ။ သုံးစွဲပြီးသော သစ်ပင်ကိုမျှ မပြစ်မှားအပ် ဟူသည်နှင့် မတန်။ မှီ၍ အသက်မွေးအပ်သော နင့်သခင် မင်းကြီးသားကား ငါတည်း၊ ထိုသို့နှင့် အရှင့်သားဖြစ်သော ငါ ကား မပြစ်မှားအပ်သောသူတည်း၊ မပြစ်မှားအပ်သူကို ပြစ်မှားသောသူကား သူယုတ်တည်း ဟု ပြစ်မှားခြင်းအပြစ်ကို တခွန်းတည်းဖြင့် ထိတ်လန့်စေ၍ မပြစ်မှားသော အကျိုးကို ဆယ်ဂါထာ ဖြင့် ဟောမိန့်သောငှာ ဤဆယ်ဂါထာကို ဆိုသည်။ ဤသို့ ဖြစ်တုံမူကား ယခင် ရေသော ဆယ် ပါးကိုသာ ယူချေသော် ဘုရားလောင်းဘို့ လွတ်ရာခဲ့'။

                                                                 (ပေမူ၊ ကိ-ကျော၊ ကီ-ဝမ်း)

ဤကျမ်းအလို ခင်ပွန်းဆယ်ပါး မဟုတ်၊ ဂါထာဆယ်ပုဒ်လို့ပဲ ယူရမယ်။ အရိပ်ခိုဖူးတဲ့ သစ်ပင်တောင် ခင်ပွန်းဖြစ်ခွင့် ရှိတာပဲ။ ဆယ်မျိုးသာယူရင် ဘုရားလောင်း တေမိ မင်းသား တောင် ခင်ပွန်းထဲ မပါဘဲ ဖြစ်နေမယ်။

 

နိဿယသစ်

ဒန့်တိုင်ဆရာတော် အရှင်ဂုဏရံသာလင်္ကာရ ရေးတဲ့ တေမိယဇာတ်အဋ္ဌကထာနိဿယသစ် (ပုံနှိပ်မူ၊ စာ၊ ၁ဝ၃)မှာ ဒသမိတ္တပူဇဂါထာကို ..

       'ဒသမိတ္တပူဇ(န)ဂါထာ နာမ၊ ဆယ်ပါးသော ခင်ပွန်းတို့အား ပူဇော်ရာသော ဂါထာမည် သည်ကို။ တနည်းကား၊ ဘုရားအစရှိသော တကျိပ်သော အဆွေခင်ပွန်း ကောင်းတို့အား မပြစ် မှားရာသော ဆယ်ပါးသော ဂါထာမည်သည်ကို။ အာရဘိ၊ အားထုတ်၏'

 

လို့ ပြန်ဆိုပါတယ်။ ဒီကျမ်းအရ 'ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြဂါထာ၊ ခင်ပွန်းဆယ်ပါး ပူဇော် ကျိုးပြ ဆယ်ဂါထာ'လို့ ယူလိုဟန်ရှိ ပါတယ်။ ဂါထာဆယ်ပုဒ်ထဲက ပထမဂါထာမှာ ပါတဲ့ 'မိတ္တာနံ' ပုဒ်အဖွင့် အဋ္ဌကထာ(ဇာ-ဋ္ဌ ၆၊ ၁၇)ကို ဒီလို နိဿယပြန်ပါတယ် ..

 

     'မိတ္တာနန္တိ၊ မိတ္တာနံဟူသည်ကား။ ဗုဒ္ဓါဒီနံ၊ သဗ္ဗညုဘုရား အစရှိကုန်သော။ ကလျာဏ မိတ္တာနံ၊ အဆွေခင်ပွန်းကောင်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ ဗုဒ္ဓါဒီနံ၌ အာဒိသဒ္ဒါဖြင့် ပစ္စေက ဗုဒ္ဓါ၊ သာဝက၊ အဂ္ဂသာဝက၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံးပါး၌ ယုံကြည်သောသူ၊ ပစ္စည်း ဝတ္ထု ပေးကမ်းပေသောသူ၊ တရားဟောပေသောသူ၊ ဤသို့ ကိုးယောက်သော ကလျာဏမိတ္တ ကိုယူ။ ထို့ကြောင့် အဋ္ဌကထာဆရာတို့သည် .. ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓါ သာဝကာ အဂ္ဂသာဝကာ စ မာတာပိတု ဂရုသဒ္ဓါ ပစ္စယဒါယကာ ဓမ္မဒေသနာ-ဟူ၍ ဆိုတော်မူ ကုန်၏'။

                                                                               (ယင်း နိဿယ၊ စာ-၁ဝ၆)

လို့ ခင်ပွန်းဆယ်ပါး သရုပ်ကိုပါ ထုတ်ပြတယ်။

       ဒါပေမယ့် နိဿယသစ်မှာ ဖော်ပြတဲ့ ခင်ပွန်းကောင်း ဆယ်ပါးပြ ပါဠိစာသားမျိုး အဋ္ဌ ကထာတွေမှာ ပါဖွယ်မရှိ။ ဘာကြောင့်ဆို စာလုံးရေ မပြည့်လို့ ဂါထာလည်း မဟုတ်၊ အဋ္ဌ ကထာတို့ရဲ့ ဝါကျအဆင့်ကိုလည်း မမီလို့ပါပဲ။ နောက်တစ်ခုက 'သဒ္ဓါ စ၊ ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သော သူတို့လည်းကောင်း'လို့ ဆိုခြင်းမှာ ယုတ္တိမရှိ။ ရတနာသုံးပါးကို ယုံကြည် သူ(ဗုဒ္ဓဝါဒီ)ကိုသာ မိတ်ဆွေကောင်းလို့ သတ်မှတ်ခြင်းမှာ ဗုဒ္ဓရဲ့ ဆန္ဒတော်နဲ့ မကိုက်ညီနိုင်။ ဂန္ထဝံသကို ဂန္ဓဝံသလို့ ရေးဖတ်မိသလို သတ္ထာကို သဒ္ဓါလို့ အသံထွက် မှားရာကနေ သဒ္ဓါပုဒ် အတည် ဖြစ်သွားတာမျိုးလား။

 

       အံ့ဖွယ် တိုက်ဆိုင်မှုမှာ နိဿယဟောင်းမှာ 'မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ'ဆိုတဲ့ စာပိုဒ်ရဲ့ နိဿယပြန်ဆိုမှုကို မတွေ့ရခြင်းပါပဲ။ ပေကူးစဉ်က ကျန်ခဲ့ပုံပဲ။ ဒါ ကြောင့် နိဿယဟောင်းမှာ ခင်ပွန်းဆယ်ပါးသရုပ်ကို ပြမပြ မသိရ။

 

ရှေးစာဆို

နာမည်ကျော် ဇာတ်ကြီးဆယ်ဘွဲ့ကျမ်း (စာ၊ ၈၅)မှာ အဆွေခင်ပွန်းကောင်းကို မပြစ်မှားသူတို့ ရရှိတဲ့ အကျိုးတွေကို 'မိတ္တပူဇာဆယ်ဂါထာ'နဲ့ တေမိမင်းသားက သုနန္ဒာ ရထားထိန်းကို ဟောကြားကြောင်းနဲ့ မေတ္တာပွားရမယ့်သူ တကျိပ်(ဆယ်ယောက်) သရုပ်ကို ဖော်ပြပြီး ..

 

'ဤတကျိပ်ကုန်သော သူတို့သည် အဖန်တလဲလဲ ချစ်ခြင်း မေတ္တာကိုသာ ပွားစေအပ်သော ကြောင့် အဆွေခင်ပွန်း မည်ကုန်၏'

လို့ ဆိုတယ်။ ကန်တော်မင်းကျောင်းမေတ္တာစာ အဖြေမှာလည်း ..

'မပြစ်မှားရာသော ခင်ပွန်းတို့ကား ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာ .. တကျိပ်တည်း'

                                                               (စာပိုဒ် အမှတ်၊ ၅၃)

လို့ ဆယ်ပါးသရုပ်နှင့်တကွ ဖော်ပြတယ်။ ဇာတ်ကြီးဆယ်ဘွဲ့၊ မေတ္တာစာအဖြေ၊ နိဿယ သစ်နဲ့ နိဿယဟောင်းတို့က 'ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြဂါထာ၊ ခင်ပွန်းဆယ်ပါး ပူဇော် ကျိုးပြ ဆယ်ဂါထာ'၊ ဇာတ်ဝိသောဓနကျမ်းက 'ခင်ပွန်းပူဇော်ကျိုးပြ ဆယ်ဂါထာ' လို့ ယူတာ ကို တွေ့ရတယ်။

 

ကာလစဉ်

    ဇာတ်ကြီးဆယ်ဘွဲ့ကျမ်းထဲက တေမိယဇာတ်ကို သက္ကရာဇ် ၁၁၄၈-တွင် ရေးပြီး။ ကန်တော်မင်းကျောင်း မေတ္တာစာ အဖြေကိုေ ရးသူ တောင်တွင်း မင်းကျောင်းဆရာတော်မှာ ၁၁၂၄-ခုနှစ် သက်တော် ၂၇-ခန့်တွင် ပျံလွန်။ တေမိဇာတ်အဋ္ဌကထာ နိဿယ သစ်ကို ဆင်ဖြူရှင်မင်း (သက္ကရာဇ် ၁၁၂၅ နန်းတက်)လက်ထက် ပင်းတလဲမြို့စီရင်စု လှည်းကူးရွာဇာတိ ဒန့်တိုင် ဆရာတော် အရှင်ဂုဏာ လင်္ကာရ (နိဿယ နိဂုံးဂါထာအရ အရှင်ဂုဏရံသာလင်္ကာရ) ရေး။ ယင်း နိဿယဟောင်းကို နိဂုံးဂါထာအရ ရှင်ဥပါလိထေရ် (ပင်းယခေတ် ?) ရေး။ ဇာတ် ဝိသောဓနကျမ်းကို သက္ကရာဇ် ၈၂၈-ပတ်ဝန်းကျင်တွင်ရေး။

 

အဲဒီ ၅-ကျမ်းထဲမှာ ပါဠိမြန်မာ နှစ်ဘာသာနဲ့ရေးတဲ့ ဇာတ်ဝိသောဓနကျမ်းဟာ 'ခင်ပွန်း ဆယ်ပါး'လို့ သုံးနှုန်းတဲ့ အစောဆုံးကျမ်း ဖြစ်ဖွယ်ရှိပေမယ့် ခင်ပွန်းဆယ်ပါး အယူအဆကို တော့ လက်မခံခဲ့ဘူး။ နိဿယနှစ်စောင်နဲ့ နှောင်းခေတ် ကျမ်းပြု ပုဂ္ဂိုလ်တွေဟာ ဇာတ်ဝိသော ဓနကျမ်းရဲ့ ဆုံးဖြတ်မှုကို မလိုက်နာခဲ့ကြဘူး။

 

ဇာစ်မြစ်

ဘုန်းကြီးမှာ Hefnz Bechert နဲ့ Heinz Braun ဆိုသူတို့ တည်းဖြတ်ပြီး P.T.S. ထုတ် ဝေတဲ့ Pali Niti Literature of Burma စာအုပ်ကလေး ရှိတယ်။ ဒီရဲ့ နိဒါန်းမှာ ဓမ္မနီတိ၊ လောက နီတိနဲ့ မဟာရဟ နီတိကျမ်းတွေကို နှိုင်းယှဉ်လေ့လာမှုအရ ဓမ္မနီတိကျမ်းဟာ လောကနီတိ နှင့် မဟာရဟနီတိတို့ထက် ရှေးကျကြောင်း၊ မဟာရဟနီတိကျမ်းကို အရှင်မဟာသီလဝံသ ရေးတယ် ဆိုတဲ့ အဆိုမှန်ရင် ဓမ္မနီတိကျမ်းဟာ အေဒီ ၁၅-ရာစု နှောင်းပိုင်းထက် နောက်မကျ နိုင်ကြောင်း၊ ယင်း နီတိသုံးစောင်ရဲ့ သုံးပုံ တစ်ပုံလောက်ဟာ သက္ကတကျမ်းတွေဖြစ်တဲ့ ဗျာသ သုဘာသိတသင်္ဂဟနဲ့ ဗျာသဟာရကျမ်းတွေထဲက ဖြစ်ကြောင်းနဲ့ ဓမ္မနီတိ ကျမ်း ရေးသူရဲ့ အ မည်ကို မသိနိုင်ကြောင်း ဆိုတယ် (Ibid, p.p. lvi, lxxiii)။ အစောဆုံး နီတိကျမ်းဖြစ်တဲ့ 'ဓမ္မနီတိ'မှာ ပညာရှိတို့ မဖြစ်မှားသူ ဆယ်မျိုးကို ဒီလို ပြပါတယ် ..

 

'ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကော။

မာတာပိတာ ဂရုသတ္ထာ၊ ဒါယကော ဓမ္မဒေသကော။

ပဏ္ဍိတေဟိ ဣမေ ဒသ၊ န ဒုဗ္ဘန္တီတိ ဇာနိယာ'

                                               (ဓမ္မနီတိ၊ ၃၃၄-ဂါထာ၊ မူရင်းအတိုင်း)

   မဟာရဟနီတိကျမ်းကို ရေးသားတဲ့ ရှင်မဟာသီလဝံသ (သက္ကရာဇ် ၈၁၅-၈၈ဝ) ထက် ရှေးကျတဲ့ ဓမ္မနီတိကျမ်းဟာ 'မပြစ်မှားထိုက်သူ ဆယ်မျိုး'ကို သင်္ချာနဲ့ အတိအကျ ဖော်ပြတဲ့ အဦးဆုံးကျမ်းလို့ ဆိုနိုင်တယ်။

 

   ရှင်မဟာသီလဝံသထက် သက်တော် အနည်းငယ် ကြီးဖွယ်ရှိတဲ့ အရှင်မဟာအရိယဝံသ အပါအဝင် အဲဒီခေတ် မတိုင်ခင် က မြန်မာ့ဂန္ထဝင် ကျမ်းပြုပုဂ္ဂိုလ်ကျော်တွေ ရေးတဲ့ကျမ်း စာ စာရင်းမှာ ဓမ္မနီတိကျမ်းကို မတွေ့ရ။ ဘိုးတော်ဘုရား လက်ထက်မှာ ပထမ ဗားကရာ ဆရာတော် အရှင်ဓမ္မာဘိနန္ဒထေရ်က ဓမ္မနီတိပါဠိကို မြန်မာနိဿယ (၁၁၄၅-ကဆုန်လတွင် ရေးပြီး)ပြန်ပြီး ယင်းနိဿယ ထဲကအချို့ကို ရွေးထုတ်ပြီး အများသူငါ အလွယ်တကူ ဖတ်ရှု နိုင်အောင် စဥ့်ပါဆရာတော် (အဆိုပါမင်း လက်ထက်) က လေးဆစ်ချိုး ကဗျာ 'ဓမ္မနီတိချိုး'ကို ရေးခဲ့ပေမယ့် 'ပညာရှိတို့ မပြစ်မှားထိုက်သူ ဆယ် မျိုးပြဂါထာ' မပါခဲ့ဘူး။

 

ဘယ်လိုရ

ဆဋ္ဌသံဂါယနာမူ ဇာတကအဋ္ဌကထာမှာ 'ဒသ မိတ္တပူဇဂါထာ (ဇာ-ဋ္ဌ ၆၊ ၁၆)'လို့ ဒသနဲ့ မိတ္တ ပူဇဂါထာကို ခွဲပြီးစာစီလို့ အဓိပ္ပာယ် ရှင်းဖွယ်ရှိပါတယ်။ ဒါပေမယ့် 'ဒသမိတ္တပူဇ ဂါထာ'လို့ ပါဠိစကားတွဲ (သမာသ်ပုဒ်)အနေနဲ့ တစ်လုံးတည်းကြံပြီး မြန်မာပြန်ကြတဲ့ အဲဒီ ပိဋကတ်ကျမ်း တတ် ဆရာမြတ်တွေဟာ ပါဠိတော်နဲ့ နိကာယ်အဋ္ဌကထာ ကျမ်းကြီးတွေမှာ မတွေ့ရတဲ့ 'ခင်ပွန်းဆယ်ပါး' အယူအဆကို ဘယ်လိုရသလဲ ဘယ်ကရသလဲ ဆိုတာကို အတိအကျ ဆိုနိုင်ဖို့ ခက်သား။ ဘုန်းကြီး တွေးမိတာလေးကို တင်ပြရရင် ..

 

         မဏိမဉ္ဇူသာလို ပါဠိဘာသာ ဋီကာကျမ်းကြီးကို ရေးသားတော်မူတဲ့ အရှင်မဟာအရိယ ဝံသကတော့ 'ကျမ်းကြီးတို့၌ မလာ'လို့ ရဲရဲကြီး ဆိုခဲ့ပါတယ်။ ဒါပေမယ့် နှောင်းခေတ် ကျမ်း ပြုပုဂ္ဂိုလ်တွေဟာ သက္ကတကိုလည်း တတ်ကျွမ်းနိုင်တာဖြစ်လို့ သက္ကတကျမ်းမှ တိုက်ရိုက် ဖြစ်စေ၊ ယင်းတို့ခေတ်မှာ ရှိနေပြီလို့ ယူဆရတဲ့ ပါဠိဘာသာပြန် ဓမ္မနီတိကျမ်းမှ ဖြစ်စေ 'မပြစ် မှားအပ်တဲ့ ခင်ပွန်းဆယ်ပါး' ဆိုတဲ့ 'အမှတ်စွဲလေး' ရှိနေကြပုံရတယ်။ နိဿယသစ် ကျမ်းပြု အရှင်ဂုဏရံသာလင်္ကာရ ကျတော့ မှတ်ထားဖူးတာ ကြာနေလို့ ဖြစ်စေ၊ ငယ်စဉ်အခါ ဆရာ သမားများဆီက တစ်ဆင့်ကြားကို မှတ်မိနေလို့ ဖြစ်စေ၊ 'ဓမ္မနီတိ'စကား တစ်ပိုင်းတစ်စကိုပဲ အဋ္ဌကထာစကားလို့ ထင်မှတ်ပြီး မပြည့်စုံတဲ့ 'ခင်ပွန်းဆယ်ပါး သရုပ်ပြပါဠိ'ကို ၎င်းရဲ့နိဿယ ထဲမှာ ရေးခဲ့ပုံရတယ်။ နောင်အခါ ခင်ပွန်းကြီးဆယ်ပါး အယူ အဆကို နှစ်သက်သူတွေက 'အဟံ ဝန္ဒာမိ သဗ္ဗဒါ'နဲ့ အနား ကွပ်ပေးလိုက်မှာပေါ့။

 

ခြားနားပုံ

     ခိုင်လုံတဲ့ သံဂါယနာတင်ကျမ်းဂန် မရှိလို့ ခင်ပွန်းဆယ်ပါး ဖော်ပြပုံ အရေအတွက် တူပေမယ့် ဆယ်ပါးသရုပ် ယူဆပုံ တစ်ကျမ်းနဲ့ တစ်ကျမ်း ခြားနားတာကို တွေ့ရတယ် ..

၁) ဗုဒ္ဓ (မူကွဲမရှိ)

၂) ပစ္စကဗုဒ္ဓ (မူကွဲမရှိ)

၃) ရဟန္တာ (မူအများ)၊ သာဝက (နိဿယသစ်)၊ သံဃာများ (ဘုရားရှိခိုးမူမှန်)၊

၎) အဂ္ဂသာဝက (မူအများ)၊ ရဟန္တာ (ဘုရားရှိခိုးမူမှန်)

၅) အမိ (မူကွဲမရှိ)

၆) အဘ (မူကွဲမရှိ)

၇) ဂရု = အလေး အမြတ်ပြုအပ်သူ (မူကွဲမရှိ)

၈) အတတ်ပညာ သင်ပေးသူ (မူအများ)၊ အသက်ကြီးသသူ (ကန်ဖြေ)၊

   ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သောသူ (နိဿယသစ်)

၉) ဒါယကာ (မူ အများ)၊ သီလစောင့်သူ (ဘုရားရှိခိုးမူမှန်)

   ၁ဝ) ဓမ္မဒေသက (မူကွဲမရှိ)။

 

စဉ်းစားစရာတွေ .. အမှတ်-၇) အရ ဆရာတော်တွေ ပါနိုင်သလို ဒလိုင်းလားမားတို့ မာ သာထရီ ဇာတို့ကော ပါခွင့်မရှိဘူးလား။ အမှတ်-၈)အရ အသက်ကြီးတိုင်း ခင်ပွန်းကြီးဖြစ်နိုင်သလား။ ဒါကြောင့် ခင်ပွန်းဆယ်မျိုးကို မပြစ်မှားသင့်သူ၊ မေတ္တာပို့ရမယ့် သူ၊ ကျေးဇူး ရှိသူလို့ ဆိုနိုင်ပေမယ့် အဲဒီအထဲက အချို့ကိုတော့ လူဖြစ်စေ ရဟန်းဖြစ်စေ 'အဟံ ဝန္ဒာမိ သဗ္ဗဒါ (= အမြဲရှိခိုးပါ၏)'လို့ မဆိုထိုက်ဘူး။

 

ကျမ်းဆိုမရှိ

ပကိဏ္ဏကဝိသဇ္ဇနာကျမ်းပြု လုံးတော်ဆရာတော်ကြီးကတော့ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ ပါတယ် ..

       'ခင်ပွန်းသည် ဆယ်ပါးသာ မဟုတ်ရာ။ အများပင်ရှိရာ၏။ မူဂပက္ခအမည်ရှိသော တေမိ ယဇာတ်တော်တွင် သုနန္ဒာ ရထားထိန်းကို ဘုရားအလောင်းတော် တေမိမင်း ဆုံးမရာ၌ မိမိ ကိုယ်ကိုပင် သုနန္ဒာရထားထိန်း မပြစ်မှားသင့်သည်ကို အကြောင်းပြု၍ ဟောတော်မူသည့် အရာ၌လည်း ခင်ပွန်းဆယ်ပါးဟူ၍ မလာ။ ခင်ပွန်းကို မပြစ်မှားသသူတို့၌ အကျိုးရှိရာသည်ကို ဟောတော်မူသည့် ဒေသနာဆယ်ဂါထာ ဟူ၍သာ လာသည် ..

 

       ခင်ပွန်းဆယ်ပါးဟူ၍ ဂါထာစီကုံးလျက် ရှိကြသည်မှာ ဗဟုသုတရှိသူတို့ စီကုံး ရေးထား ဟန်ရှိ၏ .. ဂါထာသီကုံး ရေးသားထားကြသော ပုဂ္ဂိုလ် ၁ဝ-ယောက်တို့လည်း ခင်ပွန်းပင် မှတ် ရာ၏။ ယင်းသည့် ၁ဝ-ယောက်မှ တပါးလည်း ခင်ပွန်း ရှိသေး၏ဟု မှတ်ရာ၏'

                         (လုံးတော် ဆရာတော်၊ ပကိဏ္ဏကဝိသဇ္ဇနာ၊ အတွဲ ၁၊ စာ-၃ဝ၄၊ ၃ဝ၆)

 

လုံးတော်ဆရာတော်အနေနဲ့ 'ဒသ၊ ဆယ်ပုဒ်ကုန်သော။ မိတ္တပူဇဂါထာ နာမ၊ ခင်ပွန်းကို ပူဇော် (မပြစ်မှား)သူတို့၌ (အကျိုးရှိရာ သည်ကို ဟောတော်မူသည့်) ဂါထာမည်သည် တို့ကို' လို့ ဒသနဲ့ဂါထာကို တွဲလျက် 'မိတ္တပူဇာ ဆယ်ဂါထာ'လို့ပဲ အဓိပ္ပာယ် ယူခဲ့တယ်။

 

လုံးတော်နဲ့ ဇာတ်ဝိသောဓနကျမ်းတို့က ခိုင်လုံတဲ့ကျမ်းဆို မရှိတဲ့အတွက် ခင်ပွန်းပူဇော် ကျိုးပြ ဆယ်ဂါထာလို့ပဲ ယူခဲ့ကြပါတယ်။ ဒါကြောင့် ခင်ပွန်းကြီးဆယ်ပါးဆိုတာ ပါဠိတော် အဋ္ဌ ကထာကျမ်းထွက် မဟုတ်တဲ့အတွက် ဘုရားဟော မဟုတ်ဘူးလို့ ခပ်ရှင်းရှင်း မှတ်ဖို့ပါ။

 

တရားထူး

ခိုးသားဘဝတုန်းက ဗုဒ္ဓဘုရားကို လက်ညှိုးဖြတ်ဖို့ လိုက်ခဲ့ဖူးတဲ့ အင်္ဂုလိမာလရဲ့ ဖြစ်ရပ် အရ ဗုဒ္ဓ ပစ္စေကဗုဒ္ဓ အဂ္ဂသာဝက ရဟန္တာ သာဝက အမိအဘတို့ကို အနန္တရိယကံ ထိုက်သွားတဲ့ အထိ မဟုတ်ဘဲ သာမန် ကိုယ်နှုတ်စိတ်နဲ့ ပြစ်မှားမိတာမျိုးက တောင်းပန်ရင် တရားထူးကို မတားမြစ်နိုင်ပါဘူး။ သီလစောင့်သူ၊ သီလရှိတဲ့ အတတ်ပညာ သင်ပေးသူတို့ကိုလည်း ဆိုး ဆိုးဝါးဝါး မဟုတ်ရင် တောင်းပန် လို့ ရနိုင်ပါတယ်။ အလေးအမြတ်ပြုအပ်သူ ဓမ္မဒေသက ပစ္စယဒါယကာ အသက်ကြီးသူ ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သူ ဆိုတာတွေ ကတော့ သီလမရှိရင် လေးစားစရာ ဟုတ်ပေမယ့် အမြတ်မပြုနိုင်လို့ သာမန် စာရင်းထဲ ဝင်သွားပြီး အင်္ဂုလိ မာလ လက်ညှိုးဖြတ်ခံရ သူတွေနဲ့ တူနိုင်ဖွယ်ရှိပါတယ်။  

 

မပိုမလို

တရားအားထုတ်ရာမှာ အနှောက်အယှက် မဖြစ်အောင် ပြစ်မှားဖူးရင် ကျေပါစေလို့ ခင်ပွန်းများကို တောင်းပန်စကား ဆိုတာမျိုးက ကိစ္စ မရှိပါဘူး။ အဲဒီဆယ်မျိုးကို လူရောရဟန်းပါပွဲ ကြီးပွဲငယ်တင်တာ ကျတော့ မမှားဘူးလို့ ဆိုနိုင်ပေမယ့် ဖော်ပြပါ ဆယ်မျိုးထဲမှာ အဝန္ဒနိယ (ရဟန်းတို့ ရှိမခိုးထိုက်သူ)တွေ ပါနေလို့ ရဟန်းအဖို့ အားလုံးမှန်လည်းမဟုတ်ဘူး။ ပြီးတော့ ဒါကြီးကိုပဲခါးတောင်းကျိုက်ပြီး ခမ်းနားကြီး ကျယ်စွာလုပ်ပြနေရင်လည်း နည်းနည်းပိုရာကျမှာပေါ့။ နည်းမှန်လမ်းမှန် တရားကျင့်စဉ်ဖြစ်ဖို့သာ ပိုပြီးအရေးကြီးသင့် ပါတယ်။ r                  

                                

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET