မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

   Mg San  Dan

“မင်းတို့ရဲ့ ဒီအမေရိကန်တို့ အင်္ဂလန်တို့ တိုင်းပြည်အသီးသီးမှာရောက်နေတဲ့ ဒကာဒကာမတွေ အကြွား လွဲနေတာရှိတယ်။ ဘာလဲဆိုရင် “တပည့်တော်တို့သားလေးက၊ သမီးလေးက ဗမာစကားတောင် မပြောတတ်ဘူးဘုရာ့၊ အင်္ဂလိပ်လိုပဲပြောတယ်” လို့ ဆိုပြီး အကြွားလွဲနေတာတွေရှိတယ်။ ဗမာမိဘနှစ်ပါးက မွေးဖွားတဲ့ကလေးဟာ ဗမာစကားတော့ပြောတတ်ဘို့ကောင်းတာပေါ့။ အဲဒါကို တလွဲဆံပင်ကောင်းပြီးတော့ ကြွားနေကြတယ်။ အဲဒါတွေ ဆင်ခြင်ဘို့ကောင်းတယ်။”

.

 

    ဒီကနေ့ ၂၀၁၁ ခုနှစ် ဇွန်လ (၁) ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် မောင်စံကျောင်းထိုင်ရမယ့် “သီတဂူသံဃဝိဟာရ” ကျောင်းဖွင့်ပွဲမှာ မစိုးရိမ်ဆရာတော် သြဝါဒမိန့်ကြားနေတာ “အကြွားမလွဲနဲ့” တဲ့။

 

    အင်း သိပ်မှန်တာပဲ မောင်စံတို့ဗမာတွေ ကြွားလိုက်ချက်ကတော့ ကမ်းကုန်တယ်။ ကလေးတွေ မွေးကတည်း က ပြောနေကျမို့ အင်္ဂလိပ်လိုပြောတာကို ထားပါတော့၊ မနေ့တနေ့ကမှ ကိုယ့်နိုင်ငံကထွက်လာပြီး ဗမာအချင်းချင်း မီးကျိုးမောင်းပျက် ငပိအင်္ဂလိပ်တွေနဲ့ ပြောဆိုနေကြတာကို ကြားရတာ အလွန်နားယားတာပဲ။ တချို့ဆို ကိုယ့်ကလေးက ဗမာတွေနဲ့တွေ့တုန်း ဗမာ လိုကြိုးစားပြီးပြောနေတာကိုတောင် လိုက်ဟန့်တဲ့မိဘကရှိသေးတယ်၊ ဗမာတွေနဲ့ ပေးမတွေ့တော့ပဲ အနောက်တိုင်း ပုံစံသွင်းပစ် လိုက်ကြတယ်။ ကလေးက အရွယ်ရောက်လာလို့ မိဘကို အရိုအသေပေး ရမှန်းမသိတော့ဘဲ ကလန်ကဆန် လုပ်လာတော့မှ မျက်ရည်နဲ့မျက်ခွက် ဘုန်းကြီးဘက်လှည့်ချင်ကြတယ် အရှင်ဘုရား ညီမကို ဆုံးမပါဦးဘုရားတဲ့၊ သောက်ကျိုးနည်း။

 

    ပြောမယ့်သာ ပြောရတာပါ မောင်စံလည်းပဲ အင်္ဂလိပ်စာကို အတော်ရူးခဲ့သေးတာ။ မစိုးရိမ်မှာတုန်းကပေါ့၊ 1986 ရောက်စပဲရှိသေးတယ်။ သိတဲ့အတိုင်းပဲ စာဝါကအပြည့်၊ မိုးမလင်းခင် ဘုံဆွမ်းခံထွက်၊ (၈) နာရီခွဲလောက် ပြန်ရောက်၊ ကမန်းကတန်း အဆာပြေ တစ်လုပ်နှစ်လုပ်လောက်ဝါးလိုက်ပြီး (၉)နာရီခွဲစာဝါကို မှီအောင်ပြေး။ (၁၀) နာရီခွဲတော့ ရေချိုးပြီး (၁၁) နာရီဆွမ်းစား၊ (၁၂) နာရီမှာခဏနားပြီး နေ့ (၁) နာရီကနေ ညနေ (၄) နာရီထိ စာဝါတွေ ပြန်သွား၊ ည ဘုရားဝတ်တက်ပြီး ဆရာတော့်ဆီမှာ ဝါကျခွဲ၊ ပြီးတော့ စာအံကျောင်းတက်၊ ည (၁၀) နာရီမှ အတန်းဖြုတ်ပြီး အိပ်ချင်အိပ်၊ မအိပ်ချင်သေးလို့ အငြိမ့်လေး၊ ဇာတ်ပွဲလေးရှိရင် သွားကြည့်ပေါ့။ အဲ့ဒီလို။

 

    ဒါ မစိုးရိမ်စာသင်သားတိုင်းမှာရှိတဲ့ တိုမ်းတေဘယ်။ မောင်စံက ရောက်စနှစ်မှာ သီလက္ခန် တစ်ကျမ်းတည်း လုပ်သေးတာမို့ တော်သေးတယ်၊ နှစ်ကျမ်း သုံးကျမ်းတွဲလုပ်ရတဲ့သူတွေဆို အားချိန်ကို မရှိတော့ဘူး။ အဲလို မအားတဲ့ ကြားထဲကပဲ အင်္ဂလိပ်စာကို ရူးဖြစ်အောင် ရူးခဲ့သေးတာ။

 

    ဘယ်ကစတာလဲဆိုတော့ ဦးသြသဓကို ဆရာတော်က အင်္ဂလိပ်စာ ခေါ်ခေါ်သင်ပေးတာကနေစတာ။ ဖတ်တတ်ချင်လိုက်တာ၊ ဦးပဏ္ဏဝကလည်း ကွမ်းလေးပါးစောင်ကပ်ပြီး တွေ့တိုင်း မိုင်ဖရင့် မိုင်ဖရင့်နဲ့  အင်္ဂလိပ်လို ခေါ် တာ၊ သူလည်း မိုင်ဖရင့်ကနေတော့ မတက်ဘူး၊ ဒါပေမယ့် ကိုယ်က အဲဒီလိုကို မဖရင့်နိုင်သေးတာ ဆိုတော့အထင်ကြီး တာပေါ့။ အဲ့ဒါနဲ့ စုံစမ်းကြည့်လိုက်တော့ စိန်ပန်းထဲမှာ ကိုယ်တော်တွေကို အင်္ဂလိပ်စာအခမဲ့ သင်ပေးတဲ့သင်တန်းရှိ တယ်လို့သိရရော။ ဘာပြောကောင်းမလဲ ဆွမ်းစားပြီး နားရတဲ့အချိန်လေးကို မနားတော့ပဲ အပြေးသွားတက်တာ။ အမယ် တပတ်လောက်တက်ပြီးတော့ Cat ကက်-ကြောင်၊ Rat ရက်-ကြွက်တွေ ဘာတွေ လုပ်လာပြီ။ တယ်ဟုတ်တဲ့ ငါပါလားပေါ့။

 

    မကြာပါဘူး ဒဏ်ကျပါလေရော။ ဒဏ်က နေ့လည်အိပ်ချိန်ကို မအိပ်ရပဲ ဆရာတော့်ဆီမှာ စာသွားကျက်ရတာ။ ကိုယ့်အင်္ဂလိပ်စာသင်တန်းကလည်း ဒီအချိန်ပဲဆိုတော့ ဘယ်လိုမှလုပ်လို့မရတော့ဘူး၊ အဲဒီမှာ အစပြတ်သွားတာပဲ။ ဘာကြောင့် ဒဏ်ကျတာလဲ ဟုတ်လား။ သီတဂူပေါ့ သီတဂူ။ မောင်စံက သီတဂူနဲ့ အဲဒီကတည်းက ဇာတ်လမ်းရှိတာ။ သီတဂူသုံးထပ်ကျောင်းကြီး ရေစက်ချပွဲမှာ၊ ကျောင်းအမကြီး ဒေါ်အေးက ငါးခြောက်နှပ်ကြွေးတယ်၊ အလျှံပယ်ပဲ၊ မကုန် လို့  ပိုတာတွေကို ခွဲဝေပြီးပေးတာပေါ့။ မောင်စံတို့တောင်ငူအဖွဲ့က (ဇလုံသေး) တစ်ဇလုံရတယ်။

 

    တညနေ အဲဒီငါးခြောက် ဇလုံကိုမီးဖိုထဲမှာနွှေးပြီး ကျောင်းထဲကိုပြန်ယူလာတာ။ ဘာဏကဆောင်မှာ။ ညနေခင်းဆိုတော့ ဆရာတော်ဘုရားရေချမ်းလာလဲနေကျ။ ဆရာတော်တွေ့မှာစိုးလို့ ဟိုဟိုသည်သည် အကဲခတ် လိုက်သေးတယ်။ သေချာပြီဆိုတော့မှ ဝမ်းသာအားရ ငါးခြောက်ဇလုံကြီး မပြီးကျောင်းထဲကို သီချင်းတကျော်ကျော်နဲ့ ဝင်ချလာတာ။

 

    “ငါးခြောက်ကလေးရယ်တဲ့.... အို ခမျာ၊ အို ခမျာ.....”
    “အမယ်... သီချင်းလေး တကျော်ကျော်နဲ့ ဟေ့ကောင် လာခဲ့”
    ဟိုက် သွားပါပြီ၊ ဆရာတော် ကျောင်းပေါ်ကို ဘယ်တုန်းကရောက်နေတယ်မသိ၊ လှေခါးအဆင်းမှာ ပက်ပင်းတိုးပါလေရော။
    “မင်း ပြေးလို့မလွတ်ပါဘူးကွ၊ လာခဲ့ မနက်ဖြန်ကစပြီး (၇) ရက် ဒဏ်လာထမ်း”

 

    သွားရော၊ အဲဒီကတည်းကစပြီး နေ့လည် ၁၂-နာရီကနေ ၁-နာရီထိ ဆရာတော်ဆီမှာ စာသွားကျက်ရတယ်၊ အင်္ဂလိပ်စာသင်တန်းကို သွားလို့မရတော့ဘူး။ ကိုယ့်လိုပဲ ဒဏ်ကျနေတဲ့သူတော့ အများကြီးပါပဲ။ ဆရာတော်က ပြောလေ့ရှိတယ်၊ “မင်းတို့ဒဏ်သမားတွေရဲ့ စာကျက်သံမကြားရရင် ငါကအိပ်မပျော်ဘူးကွ”တဲ့၊ ဟင်း ဟင်း။

 

    မောင်စံတို့ တောင်ငူကအဖွဲ့တောင့်တယ်၊ ခရမ်းအဖွဲ့နဲ့လည်း အရမ်းရင်းနှီးတာ ဆိုတော့ နှစ်ဖွဲ့ကိုတစ်ဖွဲ့တည်း ပေါင်းပြီး ဆွမ်းအတူတူစားကြတာ။ ဆွမ်းဝိုင်းအလယ်က ငါးခြောက်ဇလုံကြီးကိုကြည့်ပြီး သူငယ်ချင်းတွေက တခွီးခွီးရယ် ကြတယ်။ တချို့ကလည်း သီချင်းဆိုပြီး စတယ်၊ “ငါးခြောက်လေးရယ်တဲ့.... အို ခမျာ၊ အို ခမျာ...” တဲ့။ ဟင်း ဟင်း လူ့ကို ငိုချင်သလို ရီချင်သလို အတော်ကို ဆိုးပါတယ်။

    ရှိသေးတယ် အဲဒီ သီတဂူကျောင်း ရေစက်ချပွဲမှာပဲ၊ ပွဲအဝင်ညမှာ ခင်းကြကျင်းကြ ပြင်ဆင်ကြပေါ့ သူသူ ကိုယ် ကိုယ် အလုပ်တွေရှုပ်နေကြတာ။ မောင်စံက လာဘနဲ့အတူ လမင်းတရာအငြိမ့်ကို သွားငှားတယ်။ ရတယ်ပေါ့။ လူက နဂိုကမှ ဇာတ်ရူးဆိုတော့ အဲဒါတွေမှာ စပ်စပ်စပ်စပ်လုပ်ရတာ သိပ်ဝါသနာပါတာ။

 

    တရားပွဲအတွက် ကျောင်းရှေ့ကွင်းပြင်မှာ အသံချဲ့စက်တွေ ဆင်တဲ့နေရာမှာလည်း များလားများလားပေါ့၊ စက်ဆရာက ပြင်ဆင်လည်းပြီးရော မြို့မသီချင်းတွေဖွင့်တဲ့အခါ မောင်စံဘာပြောမလဲ စိတ်တွေမထိန်းနိုင်တော့ပဲ အသံ ကုန်လိုက်အော်ဆိုတော့တာ။ သူငယ်ချင်းတွေကလည်း စီးချက်တွေဘာတွေ လိုက်ပြီး အားပေးတယ်ပေါ့။

 

    ကျောင်းရှေ့ကုလားထိုင်တွေစီခင်းထားတဲ့အပေါ်မှာ ထိုင်ပြီးစီမံညွှန်ကြားနေကြတဲ့ နာယကတွေက မောင်စံကို ကြည့်ပြီး အတော်မျက်စိနောက်နေပုံရတယ်။ ခေါ်ပြီး ဆူတော့တာပဲ။

 

    “ဟေ့ကောင် လာစမ်း၊ မင်း ဘွဲ့ ဘယ်သူလဲ”
    “စန္ဒာသီရိပါဘုရား..”
    “ဘယ် အတန်းကလဲ”
    “စာချတန်း သီလက္ခန် တက်နေပါတယ်ဘုရား”
    “မင်း စာချတန်းတောင် ရောက်နေပြီ၊ ဘုန်းကြီး သီချင်းမဆိုရဘူးဆိုတာ မသိဘူးလား”
    မောင်စံ ဘာမှပြန်မဖြေဘဲ မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့နေလိုက်တယ်။
    “လူက ရောက်တာမှမကြာသေးဘူး၊ လပ်ယား လပ်ယားနဲ့၊ ဒေါင့်ကိုမကျိုးဘူး၊ သွား..”
    မောင်စံ တချက်တည်း ငြိမ်ကုတ်သွားတော့တာပဲ။

 

    အဲဒါကို နောက်ရက်နာယက ဆွမ်းဝိုင်းမှာ စကားစပ်ပြီးပြောဖြစ်ကြတယ်နဲ့တူပါတယ်၊ မောင်စံဆီကို ဆရာတော်ရဲ့ အမိန့် ရောက်လာပါလေရော။ “အဲဒီကောင်ကို ရာသက်ပန် ဒဏ်လို့ပြောလိုက်”တဲ့။ အီး ဟီး... သွားပါပြီ၊ (၇) ရက်နေလို့ ဒဏ်လွတ်ရင် အင်္ဂလိပ်စာသင်တန်း ပြန်သွားမယ်လို့ စိတ်ကူးထားတာ။ ရာသက်ပန်ဒဏ်ဆိုတာ ဒီတိုက်ကထွက်သွားပြီးရင်တောင် မပြီးသေးဘူး၊ ဘယ်လောက်ကြာမှတိုက်ထဲပြန်ဝင်ဝင် အဲဒီဒဏ်ဆက်ထမ်းရမယ်၊ ဒီလို။ အဲဒီကတည်းက အင်္ဂလိပ်စာသင်တန်း မသွားဖြစ်တော့ဘူး။ ပြတ်ကရော။ ဒါပေမယ့် ဦးပဏ္ဏဝနဲ့တွေ့တဲ့အခါတိုင်း မှာတော့ “ဟိုင်း မိုင်ဖရင့်၊ ဟောင်း အာ ယူ” ဆိုတာလောက်တော့ နောက်ရင်း ပြောင်ရင်း နှုတ်ဆက်ဖြစ်တယ်။

 

    မောင်စံရဲ့ကံကို သတိထားမိသလောက် နေရာအတော်များများမှာ လူကြီးတွေနဲ့တွေ့တွေ့ချင်း အဆင်မပြေ တတ်ဘူး။ တဖြေးဖြေး စိတ်အရင်းကိုသိလာတဲ့အခါကျတော့မှ တကယ်ရင်းနှီးသွားတော့တာ။ ခု မစိုးရိမ်နာယကတွေ လည်း ဘုန်းကြီးဦးကေတို့ ဦးသုစိတ္တတို့ဆိုတာ နောက်ပိုင်းကျတော့ တကယ့်အရင်းနှီးဆုံးဆရာတပည့်တွေ ဖြစ်သွား တော့တာ၊ ၈၈ နောက်ပိုင်းမှာပေါ့။ ဦးပေစိဘုရားထဲမှာ လုပ်ဆောင်ကြတာတွေ၊ မင်းကွန်းဘက်အတူသွားနေကြရင်း ဆန်ကုန်လို့ မောင်စံစွန့်စွန့်စားစား ပြန်ယူ တာတွေ ပြောစရာဇာတ်လမ်းက အရှည်ကြီး။ ထားတော့။

 

    မောင်စံနဲ့ဒဏ်အကြောင်းကို ဆက်ပြောဦးမယ်။ ကျထားတဲ့ဒဏ်က လွတ်ရက်မရှိ၊ ရာသက်ပန် လို့ဆိုပေမယ့် တိုက်ပတ်စာမေးပွဲအောင်တာတို့ စာဝါမှန်ဘုရားဝတ်တက်မှန်တာတို့ ဖြစ်လာရင် လွှတ်ပေးတတ်တယ် ဆိုတာသိထား aတာ့ မောင်စံ ကျိုးစားတာပေါ့။ စာဝါတွေ ဘယ်တော့မှ နောက်မကျစေရဘူး၊ ဘုရားဝတ်တက် ဘယ်တော့မှ မပျက်စေရဘူး၊ ဒဏ်ကိုလည်း မှန်အောင်သွားတယ်။ ဒဏ်မှန်မှန်သွားရလို့ စာတွေအများကြီး ရသွားတယ်။ ပထမနေ့ (စာမေးပွဲအသုံး) အတွက် နိယံတွေ၊ သံဝဏ္ဏနာတွေ၊ နည်းစစ်တွေ အကုန်ရ၊ ဘယ်လိုပွိုင့်ကလာမေးမေး ပထမနေ့အတွက်ကတော့ အဲဗားရယ်ဒီ၊ အဲဒီလို အကျိုးရှိခဲ့တယ်။

 

    မိမိနဲ့အတူ ဒဏ်ကျဖေါ်တွေက မိုးရွာတဲ့နေ့တွေဆိုရင် မိုးအေးတာအကြောင်းပြပြီး ဒဏ်ကိုမသွားကြဘူး။ ညှိထားသလိုပဲ တယောက်မှကိုမလာကြတာ။ ကိုယ်တယောက်တည်း ဆရာတော့်ကျောင်းမှာ၊ ဆရာတော်က မိုးရွာရင် မလာရဘူး လို့မိန့်ထားတယ်တောင် ထင်မိတယ်။ မိုးကလည်း သုံး လေးရက် ဆက်ရွာတယ်။ မောင်စံ စိတ်မလျှော့ဘူး၊ ဆက်သွားတယ်၊ တရက် မှာတော့ ဆရာတော်က-

 

    “အေး မင်း ဒဏ်မှန်တဲ့ကောင် မလာတော့နဲ့၊ ဟိုကောင်တွေကိုပြောလိုက် မနက်ဖြန်ကစပြီး နောက်သုံးလစီ ဒဏ်တိုးတယ်လို့” တဲ့။
    ဝါး... ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ မောင်စံ ဝမ်းသာအားရ စာအုပ်တွေပိုက်ပြီး ပြန်လာခဲ့တယ်။ မိုးရွာနေ တာတောင် ထီးဆောင်းဘို့မေ့နေတယ်။ ကိုယ့်ဒဏ်ကျဖေါ်တွေအတွက်တော့ စိတ်မကောင်းပါဘူး။

 

    ဆရာတော့်မှာ ဒဏ်နှစ်မျိုးရှိတယ်၊ တစ်မျိုးက စာဒဏ်၊ နောက်တစ်မျိုး
က ဘုရားဝတ်တက်ဒဏ်။ ဘုရားဝတ်တက် စာရင်းစစ်လို့ မပါရင် မနက်အစောကြီး (၅) နာရီထပြီး ဆရာတော့်ကျောင်းမှာ ဆရာတော်နဲ့အတူ ဘုရားသွား ဝတ်တက်ရတယ်။ မောင်စံ အဲဒီဒဏ်လည်း ကျဘူးတယ်။

 

    တနေ့ ညနေ (၄) နာရီစာဝါပြီးတော့ တောင်ငူကလူကြုံဧည့်သည်လာတယ်ဆိုလို့ ဘုရားကြီးဘက်မှာရှိတဲ့ တောင်ငူကျောင်းကို ဧည့်သည်သွားတွေ့တယ်။ စကားကောင်းနေတာနဲ့  ည (၇) နာရီဘုရားဝတ်တက်ကို မမှီလိုက် တော့ဘူး။ တစ်ခါလစ် တစ်ခါထိပဲ။ ဘုရားဝတ်တက်စစ်တဲ့ ဦးပညိန္ဒကလည်း သိပ်မှတ်ဥာဏ်ကောင်းတာ၊ မောင်စံတို့ခေတ်က သံဃာ (၃၀၀) လောက်ရှိတာ စာရွက်မကြည့်ပဲ ဘယ်နေရာမှာ ဘယ်သူမပါဘူးဆိုတာကို အတိ အကျသိတယ်ဗျာ။ ဘုရားဝတ်တက်ပြီးတဲ့အခါ ဆရာတော်ကို မပါတဲ့သူစာရင်း လျှောက်ပြရတယ်။ အဲဒီနေ့က မောင်စံ ရယ်၊ ခေမိန်ရယ်၊ ဘိုကိ (သုဇန) ရယ် တောင်ငူက သုံးပါးထိကြတယ်။

 

    နောက်တစ်ရက် မနက် (၅) နာရီထပြီး ဆရာတော်ကျောင်း (ဒါယာဒ) မှာ ဘုရားသွားဝတ်တက်ရတာပေါ့။ အိုး ---- ဒဏ် ကျတော့မှပဲ ဆရာတော်ရဲ့ ရောင့်ရဲသီးခံတတ်ပုံတွေကို ပိုသိလာရပြီး ပိုကြည်ညိုမိလာတယ်။ စာသင်တိုက် ကြီးတစ်ခုရဲ့ အဓိပတိဆရာတော်ကြီးဆိုပြီး ဟိတ်နဲ့ဟန်နဲ့ သီးသီးသန့်သန့် နေတာမဟုတ်၊ ကုတင်တစ်လုံးသာရှိတဲ့ အခန်းကျဉ်းလေးထဲမှာ အများနည်းတူနေတာ။

    အပြင်ဘက် Hall ထဲမှာ စာသင်သားသံဃာတွေက နံရံ ပတ် ပတ်လည်အပြည့်။ ခြင်ထောင်တွေဆိုတာ တစ်လုံးနဲ့တစ်လုံး ထိစပ်ပြီးထောင်ထားကြတာ ဘုရားခန်းရှေ့ရောက်ဘို့ ခြင် ထောင်တွေကြားထဲ ကုန်းကုန်း ကုန်းကုန်းနဲ့ ငုံ့ပြီးသွားရ တာ မောတောင်မောတယ်။ ဆရာတော်လည်း ဒီလိုပဲ ကြွလာခဲ့ တာပဲ။ မောင်စံတို့ နာရီဝက်လောက် ဘုရားဝတ်တက်ပြီး တာတောင် ခြင်ထောင်ထဲက ဘသားချောတွေ တစ်ယောက်မှ တုတ်တုတ် မလှုပ်ကြဘူး။ အဲဒါ နေ့တိုင်း နေ့တိုင်း။

    မစိုးရိမ်မှာ စနစ်ကောင်းတာက စာသင်သားကို စည်းကမ်းတွေ ဥပဒေတွေနဲ့ တင်းကြပ်မထားဘူး၊ စာဝါ ရယ် ဘုရားဝတ်တက်ရယ်နဲ့ပဲထိန်းထားတယ်။ စာဝါနဲ့ဘုရားဝတ်တက်မှန်ရင်ပြီးရော၊ ပြီးရင် ဘယ်သွားသွား၊ ပွဲတွေ အငြိမ့်တွေကြိုက်တာ သွားကြည့်လို့ရတယ်။ စာဝါနဲ့ဘုရားဝတ်တက်ကလည်း အချိန်ကောင်းတွေသတ်မှတ်ထားတာဆို တော့ စည်းပျက်ကမ်းပျက် အပြင် မသွားဖြစ်အောင် အလိုလိုထိန်းချုပ်ပြီးသားဖြစ်နေတယ်လေ။

 

    မောင်စံတို့ (၇) ရက်ဒဏ်ကျတာ၊ သုံးရက်ပြီး လေးရက်မြောက်တဲ့နေ့မှာ ဘာဖြစ်လဲဆိုတော့ တောင်ပြုံးပွဲ စတယ်။ တောင်ပြုံးပွဲက နာမည်ကြီး၊ ကြားဘူးတာကြာပြီ တခါမှမရောက်ဘူးသေးတော့ သွားကြည့်ချင်တာနဲ့ သူငယ် ချင်းတွေနဲ့အတူလိုက်သွားလိုက်တယ်။ မန္တလေးနဲ့မတ္တရာဆိုတာ တစ်နာရီခရီးဆိုတော့ အချိန်မီပြန်လာကြ မယ်ပေါ့။ 

 

    ဖြစ်ချင်တော့ ပြန်လို့မရတော့ဘူး၊ လိုင်းကားတွေမှန်သမျှကလည်း လူပြည့်လူလျှံ၊ တောင်ပြုံးနဲ့မန္တလေး ဆွဲပေးတဲ့ ရထားနဲ့ လိုက်မယ်ကြံပြန်တော့လည်းအမလေးလေး နေရာရဘို့ နေနေသာသာ ခြေထောက်တစ်ချောင်းတင်ပြီး တွဲလွဲဆွဲ လိုက်ဘို့တောင် နေရာမကျန်တော့ဘူး။ လူတွေလူတွေဆိုတာ ပြွတ်သတ်ကြိတ်ခဲလို့။ အော်ကြဟစ်ကြ နောက်ကြပြောင်ကြနဲ့ ဒီလူတွေကြားထဲမှာ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အဲဒါနဲ့ နောက်ဆုံးတော့ စိတ်ဒုန်းဒုန်းချပြီး မန္တလေးသိန်းဇော်ဇာတ်ပွဲ ဝင်ကြည့်နေ လိုက်ကြတယ်။

 

    မနက်လင်းခါနီးတော့မှ လူတွေရှင်းနေတာနဲ့ အပြန်လိုင်းကားတွေကို လွယ်လွယ်ကူကူပဲ ရလိုက်ကြတယ်။ ကျောင်းထဲကို ငိုက်စိုက်ငိုက်စိုက်နဲ့ ပြန်ဝင်လာကြပြီး သူငယ်ချင်းတွေကို သတင်းမေးကြည့်လိုက်တော့ “အေး မင်းတို့ အဖွဲ့ ဘုရားဝတ်တက်ဒဏ် တစ်လတိုးတယ်တဲ့ဗျာ...” ဟင်း ဟင်း ထင်တော့ထင်ထားပြီးသားပါ။ ဒီတော့လည်း မနက် တိုင်း ကုသိုလ်သွားယူကြရတာပေါ့လေ။ မကြာပါဘူး စာမေးပွဲအောင်တာနဲ့ ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့် ရသွားခဲ့ တယ်။

 

    မောင်စံ မစိုးရိမ်မှာတုန်းက သီတဂူသုံးထပ်ကျောင်းကြီး အပေါ်ဆုံးထပ်မှာနေရာရတယ်။ ကျောတစ်နေရာစာပါ ပဲ။ အဲဒီကျောတစ်နေရာစာရဘို့  (၂) နှစ်နီးပါးစောင့်ခဲ့ရတယ်။ စီနီယာအတိုင်း နေရာပေးတာဆိုတော့ ကိုယ့်ရှေ့မှာ အရင်ရောက်နှင့်နေ သူတွေက နေရာအရင်ရတယ်ပေါ့။ တဖြည်းဖြည်း ရှေ့ကလူတွေထွက်ထွက်ကုန်မှ ကိုယ့်အလှည့်ကို ရောက်လာတာ။

 

    အဲဒီမတိုင်ခင်က ကိုယ့်ပစ္စည်းတွေကို အသိသူငယ်ချင်းတစ်ပါးရဲ့ သေတ္တာပေါ်မှာ ထပ်တင်ထားပြီး ညအိပ်တော့ ကြုံသလို သစ်ပင်အောက်အိပ်လိုက်၊ အုတ်ပုံပေါ်အိပ်လိုက်၊ တခါတခါ ခွေးတွေက နေရာဦးထားလို့ မောင်းချပြီး ဝင်အိပ်ခဲ့ရတာ။ ကိုယ့်လိုလူတွေလည်း အများကြီးပဲ။ နှစ်တဝက်လောက်ကြာတော့ ဘာဏက ဆွမ်းစားကျောင်းပေါ်မှာ အိပ်စရာ နေရာရလာတယ်။

 

    ကံဆိုးချင်တော့ ကိုယ်ရတဲ့နေရာတည့်တည့်က မိုးယိုတဲ့နေရာ၊ မိုးရွာတဲ့ညဆို အိပ်ကောင်းနေတုန်း ရေတွေတပေါက်ပေါက် နဲ့ကျလာလို့ ထပြေးခဲ့ရဘူးတာလဲ အကြိမ်မနည်း။ ဒါပေမယ့်လည်း စာသင်သားတွေဟာ အားလုံးပျော်နေကြတာချည့်ပဲ။ အဲဒီလို စားစရာ နေစရာ ခက်ခက် ခဲခဲကြားထဲ ကပဲ အောင်မြင်တိုးတက်လာခဲ့ကြသူ တွေဟာ ဒုနဲ့ဒေးဆိုတော့ စာသင်သားတွေ ပျော် တာပေါ့။

    မောင်စံ စစ်ကိုင်း သီတဂူကိုရောက်တော့လည်း မစိုးရိမ်မှာအတူနေခဲ့ဘူးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ရတယ်။ ဒေါက်တာသြသဓ၊ ဒေါက်တာသဇ္ဇန၊ ဒေါက်တာသေဋ္ဌိလစတဲ့သူတွေဟာ မစိုးရိမ်မိတ်ဟောင်းတွေပေါ့။ သီတဂူဆေးရုံမှာ ဆရာတော် မျက်စိလာစစ်တာတို့၊ သီတဂူအခမ်းအနားတွေကို ကြွလာတဲ့အခါတို့မှာ သေသေချာချာ ပြုစုစောင့် ရှောက်ခွင့်ရခဲ့တယ်။ အိန္ဒိယမှာ တက္ကသိုလ်တက်နေတုန်းကလည်း ဘုံဘေရွှေတိဂုံစေတီတော်ကြီး ဌပနာ ပိတ်ပွဲကြွ လာတဲ့အတွက် ပြုစုခွင့်ရခြဲ့ ပန်တယ်။ ဟောအခု အမေရိကန် သီတဂူမှာဖူးတွေ့စောင့်ရှောက်ခွင့်ရပြန်ပြီ။ ဆုံးမသြဝါဒများကို နာကြားခွင့်ရပြန်ပြီ ဆိုတော့ မောင်စံ ကံကောင်းပြီးရင်း ကံကောင်းနေတာပေါ့။

 


    Oh! Great, I am very very lucky person. ကိုယ့်ကိုကိုယ်ကျေနပ်လွန်းလို့ ရေရွတ်လိုက်တာ အသံတောင် ထွက်သွားတယ်။


    “အေး မင်းတို့ အင်္ဂလိပ်စကား ပြောတာလည်းပြောပေါ့၊ ကိုယ့်စာနဲ့ ကိုယ့်စကားတော့ ဘယ်တော့မှ မေ့မထား ကြနဲ့။ ကလေးတွေကိုလည်း မြန်မာစာ မြန်မာစကား သင်ပေးကြ။ အကြွားလွဲမနေကြနဲ့။ ဒါပဲ ငါ့သြဝါဒက။”

 

    “သာဓု၊ သာဓု၊ သာဓုပါဘုရား။”
    ဟာ ဆရာတော် သြဝါဒပြီးသွားပြီပဲ။ ကိုယ့် အသံထွက်သွားတာ ဆရာတော်များကြားသွားလားမသိဘူး။ ဘုရား ဘုရား.. တော်ကြာ ဆရာတော်က နားကြားပြင်းကတ်ပြီး ရာသက်ပန်ဒဏ်ချနေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

 

   

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET