မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

အလက်ဇန္ဒြားလို မြင်းစီးကြမယ်

IMG 6629

          သူတို့လေးတွေ ရှေ့မှာ တန်းစီလာထိုင်နေကြတယ်။ မှန်း .. အံမယ် မလာတစ်ရက် လာတစ်ရက် ဇင်မင်းနဲ့ ရန်နိုင်ထွန်းတို့တောင်ပါသေး။ လူစုံပါလား။ နောက်နှစ်ရက်ဆို သူတို့ကျောင်းတွေဖွင့်တော့မှာ၊ ဒါကြောင့် နွေရာသီ ယဉ်ကျေး သင်တန်း .. အဲ လွတ်လပ်စွာ ကြောင်းကျိုးကျ စဉ်းစားနည်းသင်တန်း (ကိုယ့်ဟာကိုယ် နာမည်ပေးထား တာပါလေ) နားမယ့် နေ့မို့ နှုတ်ဆက် ကန်တော့ကြဖို့ ပြင်နေကြတာ။

.

          သူတို့လေးတွေ ဦးချကန်တော့အပြီးမှာတော့ ဆုပေးရတယ်။ ထုံးစံအတိုင်း “ပညာခေတ်မှာ တကယ့်ပညာတတ် ကြီးတွေ ဖြစ်နိုင်ကြပါစေ” လို့ ဆုပေးရတာပေါ့။ အဲဒီမှာ “ပေးတဲ့ဆုနဲ့ပြည့်ပါစေ” လို့ အားလုံးကဆိုကြပေမယ့် နာမည်နဲ့ လိုက်အောင် မှုန်တေတေနေတတ်တဲ့ တေဇာထွန်းကတော့ ဘာမှမဆိုဘဲ မှုန်ကြည့်နေတယ်။ ပြီးမှ ..

 

          “ဘုန်းဘုန်း ပညာဆိုတာ ဘာလဲဟင်”

          သိခြင်းပေါ့လို့ အလွယ်တကူ ဖြေလိုက်မယ်လုပ်ပြီးမှ သံသယဝင်လာပြီး အပြေးအလွှား စဉ်းစားရတယ်။ အဲဒီ အချိန်မှာ ..

          “ဟ မောင်တေကလည်း ဆယ်တန်းတက်မယ့်ကောင်က ဒါတောင်မသိသေးဘူး။ ပညာဆိုတာ ကျောင်းမှာ သင်ပေး တာတွေပေါ့ကွ”

 

          “ဒါဆို ကျောင်းမှာ မသင်ရတာတွေက ပညာ မဟုတ်ဘူးလား။ ဥပမာ - ကားမောင်းတာတို့ ဘာတို့ ပေါ့”

          “ဒါတွေက ဟို .. ဘယ်လိုခေါ်မလဲ ..”

          “လာပါဦးလို့ ခေါ်လိုက်ပေါ့ ဟီး ဟီး ဟီး ..”

          “နွယ်နီထွန်း နင်တို့ မိန်းကလေးတွေ မရှုပ်နဲ့၊ ဒါ တကယ့်ပညာရှိတွေကိစ္စ”

          “အံမယ် ကြီးကျယ်လို့ ဘာမှမသိတဲ့သူကများ”

          “ပညာဆိုတာ ဟို .. ကောင်းမြတ် မင်း ဘယ်လိုလဲ သိလား”

          “အတတ်ပညာနဲ့ အသိပညာလို့ ဆရာသင်ဖူးတယ် .. ကိုဇင်မင်း”

          “ဟုတ်တယ် ပညာဆိုတာ ဘာလဲမသိဘူး နော် .. နီလာတို့လည်း သိချင်တယ်”

 

          ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာမရှိသူ၏ဝန်ထမ်း စတဲ့ ပေါ်လာတဲ့ဆိုရိုးတွေကို စိတ်ဖြာ ကြည့်မိတော့ ပညာရဲ့အကျိုးတရားနဲ့ အမျိုးအစားတွေကို ပြတာတွေချည်း ဖြစ်နေတယ်။

 

          ပညာရဲ့သဘောကို ဖွင့်ပြတာမဟုတ်ဘူး။ ဒါနဲ့ ဆက်စဉ်းစားလိုက်တော့ (မေဓာဝီ - ကြောင်းကျိုးသိမြင် ပညာရှင်သည်) တဲ့။ ပ - အပြားအားဖြင့်၊ ညာ - သိခြင်း တဲ့။ တက်ခဲ့ဖူးတဲ့ စာလေးတွေပေါ်လာတယ်။ ဒါတင်မက အာမနာကျောင်းအမကြီး ရေးထိုးခဲ့တဲ့ ပုဂံခေတ် ကျောက်စာထဲက (ပညာရှိသော၊ အကြောင်းကိုသိသော) ဆိုတဲ့ ဆုတောင်းကိုလည်း ဖျတ်ကနဲ အမှတ်ရလိုက်တော့ ..

 

          “ကဲ ကဲ အားလုံးနားထောင်ကြ၊ ပညာဆိုတာ ဘာလဲဆိုတာ ဘုန်းဘုန်းပြောပြမယ်။ ဟဲ့ ဟိုအငယ်တွေ ဆော့မနေကြနဲ့ ဒီမှာ ပုံပြောပြမယ်။”

          ပုံပြောပြမယ်ဆိုမှ ဘုရင့်ရဲ့နာမည်က မေ့နေတယ်။ တတ်နိုင်ဘူး။ ယေဘူယျနာမည် သုံးရတော့မှာပဲ။

          “ဟိုးတစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိသတဲ့”

          “ဗြဟ္မဒတ်မင်းကြီးလား ဘုန်းဘုန်း”

 

          “မဟုတ်ဘူး ညီညီဝေထွန်းရဲ့ ဒါက အနောက်နိုင်ငံက ဘုရင်ကြီး။ သူ့နာမည်က ရစ်ချတ်ဆိုလား၊ ဖီးလစ်ဆိုလား၊ ထားလိုက်ပါ တော့ကွယ်။ နောက်မှ ဘုန်းဘုန်း ပြန်ပြောပြမယ်။ အဲဒီဘုရင်ကြီးဟာ တန်ခိုးဩဇာကြီးတဲ့ စစ်ဘုရင်ကြီးပေါ့။ စစ်သည် ဗိုလ်ပါတွေကလည်း အများကြီးတဲ့။ အဲ သူ့မှာ သားတော်လေးတစ်ပါးရှိတယ်။

 

   သူ့နာမည် ကတော့ “အလက်ဇန္ဒား” တဲ့။ ဘုရင်ကြီး တပ်စခန်းချနေတုန်း တစ်နေ့မှာ မြင်းကောင်းမြင်းသန်ကြီးတစ်စီး ဆက်သ ခံရတယ်။ မြင်းကြီးဟာ သန်လည်းသန် ရိုင်းလည်းရိုင်းဆိုတော့ စီးဖို့မလွယ်ဘူး။ ဘုရင်ကြီးက သူ့တပ်ထဲက ဗိုလ်ပါတွေကို တစ်ယောက် ချင်း စီးဖို့ ခိုင်းတယ်။ ဇက်ခွံ့ဖို့နေနေသာသာ အနားရောက်တာနဲ့ မြင်းက ပတပ်ရပ်၊ ခွာနဲ့ခုတ်တော့တာဘဲ၊ တစ်ယောက်မရ တစ်ယောက် ကြိုးစားကြတယ်။

    အသာတိတ်တိတ်လေး အနားကပ်သွားတာတောင် မြင်းကသိနေပြီး အနားရောက်တာနဲ့ ခုန်ပေါက်တော့တာပဲ။ အားလုံး လက်လျှော့နေ ကြရတယ်။ စီးဝံ့သူမရှိတော့ဘူးလားလို့ ဘုရင်ကြီးက မေးတဲ့အခါ သူစီးပါမယ်လို့ သားတော်လေးက လျှောက်လိုက်သတဲ့။ ဘုရင်ကြီးက မယုံဘူး။ သူ့ရဲ့တပ်ထဲက ရဲစွမ်းသတ္တိကြီးတဲ့ သူရဲ ကောင်းကြီးတွေတောင် မတတ်နိုင်တာ ဒီဆယ်ကျော်သက်လူငယ်လေးက ဘာတတ်နိုင်မှာလဲပေါ့။ နောက်ပြီး သူ့ရဲ့ ချစ်စွာသောသားရင်း၊ မတော်လို့ အန္တရာယ်ဖြစ်သွားရင်ခက်မယ်၊ ခွင့်မပြုဘူးပေါ့။ သူစီးနိုင် ပါကြောင်း ရဲရဲဝံ့ဝံ့ ထပ်လျှောက်တော့ ဘုရင်ကြီးက ခွင့်ပြု လိုက်တယ်။

 

          ပရိသတ်ကလည်း အံ့ဩသွားကြတယ်။ မယုံတစ်ဝက် ယုံတစ်ဝက်ပေါ့။ ဒီ နို့နံ့မစင်သေးတဲ့ ကလေးဟာ အရဲ ကိုးလွန်းတယ်ပေါ့။ အလက်ဇန္ဒားမင်းသားလေးကတော့ ရဲရဲဝံ့ဝံ့ပဲ မြင်းဆီ တဖြေးဖြေး တိုးကပ်သွားတယ်။ သူများတွေလို မြင်းနောက်ကတောင် မဟုတ်ဘူး။ မြင်းရဲ့ ရှေ့တည့်တည့် မျက်နှာချင်းဆိုင်ပေါ့။ ပရိသတ်ကတော့ ရင်တမမပေါ့။ မင်းသားကတော့ မြင်းဆီသို့ တိုးသွားပြီး အနားရောက်တာနဲ့ လည်ဆံမွေးကို အသာ တစ်ချက်နှစ်ချက်ပွတ်ကာ လွှားကနဲ မြင်းပေါ်ခုန်တက်လိုက်တယ်။ မြင်းက ပတပ်ရပ်ပေမယ့် မြဲမြဲဇက်ကို ဖက်ထားလို့ ပြုတ်မကျဘူး။ ပြီး မြင်းတစ်ပတ် စိုင်းပြ လိုက်တော့ ဘုရင်ကြီးအပါဝင် အားလုံး ဩဘာပေးကြတာ တခဲနက်ပေါ့။ မင်းသားလေး မြင်းပေါ်က ဆင်းလာတဲ့ အခါမှာတော့ ဘုရင်ကြီး သူ့သားတော်ကို ပွေ့ဖက်ဂုဏ်ပြုပြီး ချီးကျူး လိုက်တာက "ငါ့သား အလက်ဇန္ဒားသည် သူ့ဘုန်းစွမ်းနဲ့ ငါ့ပိုင်နက် မြေပြင်မဆံ့သည့်အတွက် သူ့ဘုန်းနဲ့ဆံ့မည့် နယ်ပယ်ကို သူ့ဘာသာ ချဲ့ထွင်ပေလိမ့်မယ်"လို့ အားရပါးရ ကောင်းချီးပေးလိုက်ပါသတဲ့။

 

          ဘုရင်ကြီးပြောတဲ့အတိုင်းဘဲ၊ နောင်မှာ သိပ်ကြီးကျယ်တဲ့ “အလက်ဇန္ဒားသည်ဂရိတ်” ဆိုတဲ့ ဘုရင်ကြီး ဖြစ်လာ တာပေါ့။ “ကဲ သားတို့ အသက်ကြီးတဲ့လူ ခွန်အားကြီးတဲ့သူတွေတောင် စီးလို့မရတဲ့မြင်းကြီးကို ဒီ အလက်ဇန္ဒားလေးက ဘာလို့ စီးနိုင်တာလဲ ..”

 

          “တော်လို့ ဘုန်းဘုန်း”

          “ဟုတ်ပြီလေ ဘယ်လိုတော်တာတုန်း”

          တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငြိမ်နေကြတယ်။ မျက်နှာတွေက ပြုံးဖြီးဖြီးနဲ့၊ စိတ်မရှည်နိုင်တဲ့ ကလေးမ တွေဘက်က အသံထွက်လာတယ်။

          “သူတို့မေးမနေနဲ့ ဘုန်းဘုန်း၊ အီးပေါတွေ ဘုန်းဘုန်းပဲ ပြောပြတော့”

 

          “အေး အေး ဒီလိုကွယ့် ရှေ့ကစစ်သူကြီးတွေ မြင်းနားကပ်ပုံကို အလက်ဇန္ဒားလေးက ကြည့်ရှုထားတယ်။ အဲဒီမှာ သတိပြုမိတာက မြင်းဟာ နေထွက်ရာကို ကျောပေးပြီး ရပ်နေတယ်။ အဲဒီတော့ သူ့နောက်က ကပ်လာသူရဲ့အရိပ်ဟာ မြင်းဆီကို တဖြည်းဖြည်း ရောက်သွားတယ်။ အဲဒီမှာ ရိပ်ကနဲတွေ့လိုက်ရတဲ့မြင်းဟာ လန့်ပြီး ပတပ်ရပ်တာကို မင်းသားလေး သဘောပေါက်သွား တယ်။ သူ့အလှည့်ကျတော့ မြင်းကို နောက်ကမနေဘဲ ရှေ့တူရှုကသွားတဲ့အခါ အရိပ်ကနောက်မှာပဲ ကျန်ခဲ့တော့ မြင်းဆီ မရောက်လို့ မြင်းက မလန့်တော့ဘူးပေါ့။ ဒါကြောင့် သူများ မတတ်နိုင်တာကို သူလုပ်နိုင်တာပေါ့”

 

          “သားတို့ သဘောပေါက်ကြရဲ့လား”

          ဒီလိုကွယ့်။ မြင်းလန့်ခြင်းဟာ အရိပ်ကြောင့်၊ အရိပ်ဟာ နေရောင်ကြောင့်ဆိုတာ သူသဘောပေါက်တော့ မြင်းမလန့်ဖို့ အရိပ် မမြင်ရမှ၊ အရိပ် မြင်းဆီကို မကျရောက်ဖို့ဆိုရင် နေကို မျက်နှာမူမှဆိုတဲ့ အကြောင်းကို သိလို့ပေါ့ သားတို့ရဲ့။ သဘောပေါက်ကြလား”

          “ပေါက်ပြီ ဘုန်း”

          “အေး ဒါဆို သားတို့သမီးတို့သိချင်တဲ့ ပညာဆိုတာ အဲဒါဘဲ”

          “အကြောင်းကိုသိတာ ပညာ ဟုတ်လား”

          “အေးပေါ့ကွယ် ဒီအကျိုးသည် ထိုအကြောင်းကြောင့်ဖြစ်တယ်။ ထိုအကြောင်းသည် ဘယ်မှစတယ် စသည်ဖြင့် အကြောင်းရင်း အကြောင်းဖျားတွေ အဆက်ဆက် သိလေလေ ပညာကြီးလေလေဘဲ။ အသိပညာဘဲဖြစ်ဖြစ် အတတ်ပညာဘဲဖြစ်ဖြစ် ဒီသဘောပဲကွယ့်”

 

          သစ္စာလေးပါးတို့၊ ပဋိစ္စသမုပ္ပါဒ်တို့ ခေါင်းထဲမှာ ပေါ်လာပေမယ့် အပ်ရာမသီးအောင် နားထွင်းမှ -

 

          “ကဲ ပြန်ချိန်လည်းကျပြီ။ နောက်ဆို စနေ၊ တနင်္ဂနွေမှာဘဲ လာကြ၊ ကဲ ကဲ သားတို့ သမီးတို့ အကြောင်းကိုသိသော တကယ့်ပညာရှင်ကြီးတွေ ဖြစ်ကြပါစေ”

          ဒီတစ်ခါတော့ အားလုံး ဘုန်းဘုန်းပေးတဲ့ဆုနဲ့ ပြည့်ပါစေ ... တဲ့ ။             ။

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET