မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)
ဇာတ်စင်ကျိုးမှ ကကြိုးရပ်ကြမှာလား
unandawantha
                                                         ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
   နော့သ်ကာရိုလိုင်းနားဆောင်းရဲ့ နံနက်ခင်းတိုင်းလိုပင် အပြင်မှာ အပူဒီဂရီ ၅ဝ ဖာရင်ဟိုက်လောက်ရှိရင်   ကျောင်းဆောင်တွင်း အပူပေးစက်မှလာသောအနွေးဓာတ်များဖြင့် ကြာကြာနေလာသောအခါ ခန္ဓာကိုယ်ထိုင်းမှိုင်းပြီးလာလို့  အပြင်ဘက် မေပယ်သစ် ပင်များမှ ကြွေထားသောသစ်ရွက်တို့ကို လိုက်စုပြီး မြေနိမ့်ရာသို့  ဖို့ တဲ့အလုပ်ကို ကျန်းမာရေးလေ့ ကျင့်ခန်းဖြစ်သည်လို့ ယူဆပြီး ဒီရာသီ ရောက်တိုင်း မိမိကတော့ ပုံမှန်လုပ်သည်။
.
  အတော်လေး အေးလာသောအခါမှသာ ကျောင်းပေါ်ပြန် တက်လာခဲ့သည်။ ဇန်နဝါရီလဆောင်းတစ်နေ့ အေး လာလို့ ကျောင်းပေါ်တက်လာ တော့ တယ်လီဖုန်းရဲ့ မက်ဆေ့ဂ်ျ မီးအပြာလေးက မှိတ်တုတ်မှိတ်တုတ်နှင့်  အချက်ပြနေသည်။
  ဒီနေ့ ကျောင်းမှာလာပြီး ဆွမ်းပို့  မည့်ရက်မဟုတ်၍ မြို့ ခံဒကာတွေလဲ ဖုန်းဆက်ပြီး ဆွမ်းလာမပို့နိုင်ကြောင်းပြောထားတာလဲ မဖြစ်နိုင်။ မိမိရဲ့မိတ်ဆွေ ရဟန်းတော်တွေထဲက တစ်ပါးပါးသာလျှင် ဖြစ်လိမ့်မည်ဟုယူဆပြီး ဖုန်းကိုစစ်လိုက်သည်။ ထင်သည့်အတိုင်း မှန်နေသည်။ ပြည်နယ်ခြားနေသည့် ကိုယ့်အရှင် မိတ်ဆွေတစ်ပါး။
    ကိုယ့်အရှင်ပြောချင်သည့် အရာအများစုသည် သူ့ ကိုယ်ပိုင်နှင့် ပတ်ဝန်းကျင်တို့ ၏ တွေ့ နေ သည့် အခက်အခဲ များနှင့် ပြဿနာများ။ နောက်တစ်ခု သူက ကျောင်းတက် နေသူဆိုတော့ ဘာသာရပ် တွေ ဂရိဒ်ကောင်းလို့  သူ့ ကို ဆရာတွေက ချီးမွမ်းခန်းတွေ ဖွင့်ကြောင်းတို့သာလျှင်များသည်။ သူနှင့်စကားကြာကြာပြောမိတိုင်း အသေးအဖွဲ ကိစ္စပြီးမြောက်မှုများကို ကြီးမားသောအောင်မြင် မှုကြီးများကဲ့သို့ပြောသော စကားတွေကို အနည်းငယ်တော့ နားထောင်ရ၏။
  ထိုသောအခါ ပြုံးမိပြီး မိမိရဲ့ရှေးကုသိုလ်အကြောင်း မလှပသည်တို့ ကို သတိသွားထားမိသည်။ အားနာတတ်ခြင်းနှင့် နားမထောင်လိုဘဲ နားထောင်နေရခြင်းတို့ သည်လည်း ကံဆိုးခြင်းပဲပေါ့။  ကံအကြောင်းက စပ်ခဲ့ပြီမို့  ဘယ်တတ်နိုင်ပဆိုပြီး ဖုန်းပြန်ဆက်ဖို့  မက်ဆေ့ဂျစ် ပေးထားတော့ သူ့ မိုဘိုင်းဖုန်းကို ပြန်ဆက် လိုက်သည်။
 သူ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးချင်လို့ ၊ တတ်နိုင်က အကြံဉာဏ်လေး များပေးလိုလို့ ၊ သူရဲ့ပူလောင်သောစိတ်တွေ သက်သာပါစေတော့လို့ ဆိုပြီး ပြောသမျှကို အချိန်ရရင် စိတ်ရှည်စွာ နားထောင်ပေးသည်။
  ဒီတစ်ခါ သူ၏ပြောစကားထဲတွင် ပြီးခဲ့တဲ့နိုဝင်ဘာလက သူတို့ ကျောင်းရဲ့ ကထိန်ပွဲ ဒကာအချို့  ဒိုးပတ်တီးပြီး သီချင်းတွေ ဆိုကြလို့  ပုလိပ်လာတားကြောင်းနှင့် တရားရုံးက ဒီကိစ္စဖြေရှင်းဖို့  ရုံးတော်ကိုလာဖို့  ဆင့်ခေါ်ထားကြောင်းတွေပါနေသည်။
မိမိစိတ်တွင် သူပြောပြနေသော ပြဿနာတွေဆိုတာတွေကို အံ့သြမှုမဖြစ်ပါ။ တစ့် နေ့ မှာ ကိုယ်တို့ ထံတောင် ရောက်လာနိုင် သည်လို့ ထင်ခဲ့တဲ့ ပြဿနာတွေ။ ကိုယ့်လူထံ အခုဆိုက်ရောက်လို့လာနေပြီတကားလို့ စိတ်တွင်မှတ်ချက်ချပြီး သူ့ ကိုပြန်ပြောလိုက်သည် “လောက တစ်ချို့ လူတွေ ဟာ ဇာတ်စင်ကျိုးမှ ကကြိုးတွေ ရပ်မှာကွ”လို့ ။
အခုကိုယ့်လူတို့တွေ ပျော်ချင်လို့စင်ပေါ်တက်ကတာ စင်ကျိုးတော့ ပွဲပြီးပြီပေါ့လို့ ပြန်ပြောလိုက်သည်။ တပည့်တော် ဒိုးပတ်ဝိုင်းနဲ့ ပတ်သက်လို့ ဘာမှ မပါပါဘူးတဲ့ ခေါင်းကရှောင်လိုက်သေး။ ကိုယ်တော်တခါက ပြောဘူးတယ်။
   တစ်နေ့ တခြား ကျောင်းက စည်ကားလာပြီ။ ကထိန်လှည့်လဲ ဒိုးပတ်ဝိုင်းနဲ့ ၊ ထမင်းနှဲထိုးလဲ ဒိုးပတ်ဝိုင်းနဲ့ ဆို။ အားလုံးပျော် လို့ မြူးလို့ ဆို။ အဲဒါ ကိုယ်တော်ပါ တာပေါ့လို့ ဆိုပြီး ပြောချလိုက်သည်။
 သူနဲ့ ပတ်သက်လို့ သာ ပြောနေပေမဲ့ ကိုယ်ကိုယ်တိုင်ကလဲ ဒိုးပတ်ဝိုင်းနဲ့ မကင်း။ အတင်းသူ့ ကို နင်းပြောလို့ ကလဲ မဖြစ်သေး။ ကိုယ့်ကျောင်းမှာလဲ အိမ်နီးနားချင်း အမေရိကန်တွေ ကောင်းနေသည်းခံနေသေးလို့သာပ။ သို့မဟုတ်က ကိုယ့်ဇာတ်စင်လဲ ကျိုးကျမည်မှာ မလွဲ။ အခုတော့ ကိုယ့်လူတွေကလဲ ကမြဲသာ။ ကိုယ့်လူတို့ ရဲ့  ကကြိုးတွေကလဲ မရပ်သေးပါ။ ဇာတ်စင်ကျိုးမှ ကကြိုးရပ်ကြမည့် သဘောများ။
အမေရိကန်နိုင်ငံကြီးသည် ဥပဒေအလွန်များပြားလှ၏။ သူ့ ဒီမိုကရေစီနှင့် လွတ်လပ်မှုသည် ဥပဒေတွေနှင့် ပြည့်နက်နေ၏။ ဥပဒေမဲ့ လွတ်လပ်ချင်သူတို့ က အမေရိကကြီးနေရသည်ကို သိပ်မနှစ်သက်။ အမေရိကန်တို့ ရဲ့ လွပ်လပ်မှုသည် သူတစ်ပါးကို နဲနဲမှ သွားထိခိုက်လို့ မရ။
 မိမိအိမ်ထဲမှာ ဆူညံနေတာကို ဘေးအိမ်နီးချင်းများကြားပါက ပုလိပ်တိုင်သည်။ ပုလိပ်က လာ၍သတိပေးသည်။ ခဏခဏ အတိုင်ခံရလျှင် တရားရုံးကို အမှုဖွင့်ပို့ သည်။ မလိုက်နာသူတို့ ကို အဆင့်ဆင့်သော ဥပဒေများဖြင့် အပြစ်ပေးသည်။
ကျောင်းဝိုင်းထဲတွင် လူဘယ်နှစ်ယောက်သာ စုဝေးရမည်၊ ကားဘယ်နှစ်စီးသာ ရပ်ရမည် စသည့်ဥပဒေများအပြင် ငွေဒဏ် သို့ မဟုတ် မလိုက်နာပါက သက်ဆိုင်သူများကို ထောင်ဒဏ်တွေအပြစ်ပေးသည်။ ငါ့အိမ်ဝင်း ငါ့ကျောင်းဝင်း ငါ့အခွင့်အရေး ဆိုပေမဲ့ကိုယ်ထင်ရာကိုယ်လုပ်မရ။
  အမေရိကမှာ ရုပ်ဝါဒတိုးတက်ထွန်းကားပြီး လူတွေဟာ ကာမဂုဏ် ၅ပါးကို မျိုးစုံအောင် လွတ်လပ်စွာ ခံစားကြတယ်ဆိုပေမဲ့  ကိုယ့်အမြင်အာရုံ ကိုယ့်အကြားအာရုံ ကိုယ့်အနံအာရုံ ကိုယ့်အရသာအာရုံ ကိုယ့်အတွေ့ အထိအာရုံတွေအားလုံး ကိုယ့်ဟာကို လုံအောင်ထိန်းသိမ်း။ သူတို့ဘက်ကျော်မလာစေနဲ့။ ဥပမာ ငပိစားချင်လို့ ငပိကြော်ရင် သူတို့အိမ်ဘက်ကျော်ပြီး အနံ့ ရောက်လာရင် မကြိုက်တော့။
 မိမိကျောင်းနားမှ လူငယ်လေးများ သူတို့ အိမ်ဝင်းထဲမှာ ဆိုင်ကယ် အမြန်စီးပြိုင်ကြသည်။ အိမ်နီးနားချင်းတစ်ဦးဦးမှ ဆိုင်ကယ်သံများဆူလို့  ပုလိပ်တိုင်သည်။ ပုလိပ်က ဆိုင်ကယ်သမားတွေကို လာတားလိုက်သည်။ မိမိတို့ မြို့ မှ လာအို လူမျိုးတစ်ယောက် ကြက်ဥစားချင်၍ ကြက်တွေအိမ်မှာမွေးထားသည်။ အိမ်နီးနားချင်းမှ ကြက်သံဆူ၍ ပုလိပ်တိုင်သည်။ ပုလိပ်က လာပြီးကြက်တွေ မမွေးဖို့ ပြောသည်။
 ငါ့ခြံဝင်းထဲငါ ကြက်မွေးတာဘာဖြစ်လဲဆိုပြီးဆက်မွေးသည်။ ၃ခါလောက်ပြောပြီး နောက် ဒဏ်ငွေ ၂၅၀-ကျော်ရိုက်လိုက်သည်။ အဲဒီတော့မှ ဈေးကကြက်ဥဝယ်စားရင် အကောင်းသားတဲ့။
မိမိကိုယ်တိုင်ကလဲ ဥပဒေတွေသိပ်ကြပ်တာကို မကြိုက်ပါ။ မကြိုက်သော်လဲ လိုက်ကိုလိုက်နာရသည်။ တစ်ခါက မိမိကျောင်းဝင်းအတွင်းရှိ ရေတွင်းက ရေမလောက်၍ ရေးတွင်းအသစ်တူးဖို့  ခွင့်ပြုချက်တောင်းသည်။
 ရေတွင်းအသစ်တူးမည့်နေရာကို အစိုးရပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာန (Environmental Dept.)မှလာပြီး ကြည့်သည်။ ပြီးတော့ ဒီတွင်းသစ်တူးပြီးရင် တွင်းအဟောင်းကို ပိတ်ပေးရမည်ဖြစ်ကြောင်းပြောသည်။
 ရေတွင်းအဟောင်းကို သစ်ပင်ရေလောင်းဖို့ထားမယ်လို့ ပြောတော့ မရဘူး ပိတ်ကိုပိတ်ရမည်လို့ပြောသည်။ ဒါ ပြည်နယ်ရဲ့ ဥပဒေတဲ့။ မိမိက ဒါဆိုရင် ငါ့ကျောင်းက သစ်ရွက်တွေနဲ့  အမှိုက်တွေကို အဲဒီတွင်းထဲထည့်ပြီး ဖို့ မယ်လို့ ပြောလိုက်တော့ မရဘူးတဲ့။ မြေအောက်ရေတွေ ညစ်ညမ်းကုန်မယ်တဲ့။ ကွန်ကရစ်နဲ့ ဖို့ပေးရမယ်၊ ဒေါ်လာတစ်ထောင် လောက် ကုန်လိမ့်မယ် တဲ့။ ငွေကုန်မယ့်ဆိုတဲ့ စကားကြားရတော့ မိမိစိတ်ထဲတွင် ငါ့ဝင်းထဲမှာ ငါထားချင်ထားလို့ ရရမှာပေါ့၊ အမေရိကဘဲလို့ တွေးပြီး ငါကရေတွင်းကို မပိတ်ဘဲထားရင် မင်းတို့  အစိုးရက ဘာလုပ်မှာလဲပြန် မေးလိုက်သည်။
 ဒီပြည်နယ်မှာ အဲဒီလိုလူပေါင်း ၄၀၀ကျော်ရှိတယ်၊ တစ်ချို့ က တရားရုံးတက် နေရတယ်။ တစ်ချို့ ကြတော့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဥပဒေအရ ထောင်ထဲ ရောက်နေကြတယ်တဲ့။ မကြိုက်ပေမဲ့ တရားရုံးနဲ့  ထောင်ကိုတော့ လန့် သည်။ မရောက် ချင်ပါ၊၊ ဒဏ်ငွေတစ်ထောင်သာ ကုန်ပါစေတော့ဗျာဟုပြောပြီး ရေတွင်းဟောင်းကို ကွန်ကရစ်ကားခေါ်ပြီးပိတ်ပေးလိုက်ရသည်။
  ပိတ်သောနေ့တွင် အစိုးရပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအရာရှိ တစ်ယောက် ကိုယ်တိုင် လာကြည့်သည်။ ရေတွင်းရေ ကို ရေသန့် ရှင်းဆေးများနှင့် ထည့်ပြီးမှ ကွန်ကရစ်ကို လောင်းထည့်ပိတ်ရသည်။ ဥပဒေက အဲဒီလိုတွေ။ မလိုက်နာလျှင် တစ်နေ့ မှာ ပြဿနာတွေ့ ရမည်။
ဥပဒေတင်းကြပ်တာ မကြိုက်သော မိမိကိုယ်တိုင်က မိမိကျောင်းနဲ့ ဆိုင်တဲ့ကိစ္စတွေမှန်လျှင် ဥပဒေတွေထုတ်ရသည်။ မိမိကျောင်း တွင်အမြဲအတူနေမည့် ရဟန်းတော်တို့အတွက် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း စသည်စသည်တို့  မပြုလုပ်ရလို့  ဥပဒေထုတ်ထားသည်။
    ဒုလ္လဘရဟန်းတို့ကို ခေတ္တဝတ်တဲ့အချိန်မှာ လောဘ ဒေါသ မာနတွေ မပြတ်တောင် ဆေးလိပ်နဲ့ ကွမ်းတော့ဖြတ်ရ မယ်လို့ အပြတ်ပြောရသည်။ အတူယှဉ်တွဲ နေထိုင်ဖို့က အတူတူလိုက် နာနိုင်ပြီး ကောင်းကျိုးများမည့် ဥပဒေများကတော့ ရှိရမည်မှာမုချ။ သူများတွေကကောင်းမွန်ပြီး တရားမျှတသောဥပဒေကို လိုက်နာ နေချိန်မှာ ကိုယ်ကလဲ ဥပဒေမဲ့နေလို့မရ။  ဥပဒေကိုတတ်နိုင်သမျှလေ့လာပြီးစောင့်ထိန်းနိုင်ပါမှကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်နိုင်မည်သာ။                                         
   အမေရိကသို့ ကမ္ဘာအရပ်ရပ်မှ ပြောင်းရွှေ့ ၍ အခြေချနေထိုင်လာကြသော လူများ နှစ်စဉ် များပြားလှသည်။ သူတို့ နှင့်အတူ ဘာသာတရားများ ပါလာကြပြီး သူတို့ ရဲ့ဘာသာတရားကို စုပေါင်းကာ လုပ်ဆောင်ကြလေ့ရှိသည်။ ကိုယ့်နိုင်ငံမှာတော့ ကိုယ့်ဘာသာရေးအလုပ်ကအဆင်ပြေသည်။
    ဒီအမေရိကမှာက ကိုယ်နိုင်ငံများနှင့်မတူ။ ဥပဒေရှိသွားပြီးဆိုလျှင် ထိုဥပဒေကို ဘယ်အရာကမှ ကျော်မလုပ်ရ။ အခြေချလာသူ လူအသစ်များသည် ဥပဒေနှင့်ညီသော ဘာသာရေးအဆောက်အဦးများ မဆောက်လုပ်နိုင်ကြ၍ မိမိတို့နေထိုင်ရာ အိမ်နှင့် အခန်းများတွင်စုပေါင်းပြီးဘာသာရေးပြုလုပ်ကြသည်လည်းရှိသည်။
   ဥပဒေနှင့်ညီသော ဘာသာရေးအဆောက်အဦးများ ဆာက်လုပ်ဖို့လဲအလွန်တန်ဖိုးကြီးလှသည်။   မြန်မာပြည်မှ ရောက် ရှိနေကြသော ရဟန်းတော်များနှင့် ဒကာဒကာမများတို့သည်လည်းအမေရိကန်ရှိ ဥပဒေများနှင့်ညီအောင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ တည်ထောင်ပြီး ဘာသာရေးများကို ကြိုးစားပြီး လုပ်ဆောင်ကြပါသည်။
  သို့ရာတွင် အခက်အခဲမျိုးစုံ တွေ့ရပါသည်။ ပံ့ပိုးကြသော ဒကာ ဒကာမတို့ရဲ့ စီးပွားရေး၊ သဒ္ဓါတရား၊ ဒကာဆရာ ညီညွတ် မှုတို့ စုံညီကြသောကြောင့်၎င်း၊ ကျောင်းတိုက်တည်ထောင်လာခဲ့သည်မှာ နှစ်ကြာသည်က တစ်ကြောင်းတို့ကြောင့် အချို့ အချို့ သော ကျောင်းတိုက်တို့သာ အခက်အခဲများနှင့် ပြဿနာများသိပ်မရှိကြ။ အဆင်ပြေသည်ဟုပြောနိုင်သည်။ ပံ့ပိုးကြသူဒကာဒကာမနဲနဲနှင့် အသစ်တည်ထောင်နေကြသူရဟန်းတော်တို့၏ ကျောင်းများကတော့အခက် အခဲတွေ ပြဿနာတွေ များစွာ တွေ့ နေရဆဲ။
တကယ့်ကိုခမ်းနားလှသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တည်ဆောက်ကြပြီဆိုလျှင် ဥပဒေပညာရှင်များနှင့် တိုင်ပင်ပြီး လုပ်ရမည်ဖြစ်သည်။ ဥပဒေပညာရှင်များနှင့် တိုင်ပင်ပြီးလုပ်မှသာ အမှားနည်းပြီး ပြဿနာများကင်းနိုင်သည်။ ဥပဒေ ပညာရှင်ရှေ့ နေ ငှားခများကလဲ ဈေးကြီးလှ၏။
   ဥပဒေပညာရှင်တို့နှင့် မတိုင်ပင်နိုင် မငှားနိုင်၍ မိမိတတ်နိုင်သမျှကြိုးစားကာ ကျောင်းတိုက်လေးများ တည်ထောင်ပြီး ဘာသာရေးလုပ်နေကြသော မိတ်ဆွေ ရဟန်းတော်များနှင့် တွေ့ဆုံရင်း အတွေ့အကြုံလေးများကို ဖလှယ်ကြသော အခါ အောက်ပါ ပြဿနာများကို ကြားသိခဲ့ရသည်…
-ကျောင်းတိုက် ဘာသာရေးပွဲတော်များတွင် အသံများဆူညံသဖြင့် အိမ်နီးချင်းများမှ ပုလိပ်တိုင်၍   ငှားနေသောနေ ရာမှ ပြောင်းရွှေ့ ပေးခံရခြင်း၊  ကန့်သတ်ထားသော လမ်းမပေါ်တွင် ကားရပ်ထားမိ၍ ပုလိပ်မှ ဒဏ်ရိုက်ခြင်း၊ကျောင်းတိုက် ပွဲတော်အတွင်း ဟင်းချက်ရာမှထွက်လာသော အနံ့အသက်များကြောင့် အိမ်နီးချင်းများ ပုလိပ်တိုင်ရာမှ ကျန်းမာရေးဌာနမှ လာရောက်စစ်ဆေးခံရခြင်း၊
    စားသောက်ပြီးသား အရိုးများကို အမှိုက်ပုံးထဲမထည့်ဘဲ မြေကြီးပေါ်တွင်ပစ်ကြ၍ ထိုအရိုးများကို ငှက်များမှ ချီသွားကာ အခြားအိမ်ဝင်းအတွင်းကျသည့်အတွက်ကန့်ကွက်ခံရခြင်း၊ ရေအိမ်သာများမလုံလောက်၍ ဒကာတို့  မအောင့်နိုင် ဘဲ ကျောင်းခြံစည်းရိုးတွင်အပေါ့သွားရာမှ အိမ်နီးနားချင်းများမြင်၍ကန်ကွက်ခံရခြင်း၊ အိမ်နီးနားချင်း အိမ်ရှေ့ ကားရပ်ရာမှ ကန့် ကွက်ခံရခြင်း စသည်စသည်တို့ ။
    မိမိကျောင်းတည်ထောင်လာခဲ့သည်မှာ ၉နှစ်ကျော်ခဲ့ပါပြီ။ အမေရိကန်နိုင်ငံသား အိမ်နီးချင်းတို့ နှင့် အဆင်ပြေအောင်နေဖို့  ကြိုးစားပြီး သတိနဲ့ နေပါ၏။ ကိုယ်က သတိနဲ့ ပေမယ့် ကိုယ်နဲ့ ပတ်သက် နေသူတို့ က သတိမရှိလျှင်လဲ နေသူနှင့် ကျောင်းတိုက် သာလျှင်လာထိခိုက်၏။
    သတိမူနေသည့်ကြားမှ တွေ့ ရသည့်ပြဿနာတွေကမနည်း။ မိမိထံလာကြသူ(အချို့)ရဲ့ (ဥပဒေကို လိုက်နာရကောင်းမှန်းမသိ) စည်းမဲ့ကမ်းမဲ့နိုင်မှုများသည် ပြဿနာတို့ ၏ အဓိကအကြောင်းရင်း။ မိမိတွေ့ရသော အတွေ့အကြုံများမှာ  -ငှားနေသော အိမ်မှာတုန်းက ကထိန်ပွဲ စနေနေ့မနက်စောစော ဂး၃၀နာရီလောက် ဒိုးပတ်စမ်းတော့ ပုလိပ်က လာတားသည်။
     ယခုလက်ရှိနေရာရောက်တော့လဲ ကျောင်းဝင်းအကျယ်ကြီးထဲမှာ ကားရပ်စရာ နေရာရှိပေမဲ့  လမ်းမပေါ်ကားရပ်၍ အိမ်နီးနားချင်း တစ်ဦးဦးက ပုလိပ်တိုင်၍ ပုလိပ်ကကားပိုင်ရှင်ကိုဒဏ်တပ်သည်။ သင်္ကြန်ပွဲတွင် အသံအလွန်ကျယ်သော စပီကာများ မလိုအပ်ဘဲသုံး၍ သိပ်ဆူညံသံကိုမခံနိုင်သော အိမ်နီးနားချင်းတစ်ဦးဦးက ပုလိပ်တိုင်လို့ ပုလိပ်က လာတားသည်။ စားပြီးသောက်ပြီးသော ဘူးခွက်များကို လမ်းမပေါ်ပစ်၍ အိမ်နီးနားချင်းမှ အမှိုက်များကောက်ပြီး မိမိကို လှမ်းခေါ်ကာ မိမိလက်ထဲ အမှိုက်တွေ ထည့်ပေးသွားသည်။   
အခုကိုယ့်မိတ်ဆွေတွေ့ရသလို ဒိုးပတ်သံရဲ့ဆိုးကျိုး နောင်မှာ မိမိလဲမတွေ့ရဘူးမပြောနိုင်။ ကိုယ့်လူတို့ကလဲ ဒိုးပတ်ကို အသံချဲ့စက်နှင့်မှ တီးရတာအားရတဲ့ပုံမျိုး။ မိမိကိုယ်တိုင်ကဂီတနဲ့ မဝေးပါ။
 ကျောင်းသားလေးဘဝကပင် ဒိုးသီချင်းစာသားအပိုဒ်တို့ကို အလွတ်ရခဲ့ မှတ်မိခဲ့သည်။ ရွာကဒိုးပတ်ဝိုင်းခေါင်းဆောင် ကိုဘခင် တစ်ယောက် ခေါင်းမှာ လက်ကိုင်ပုဝါစလေးစည်းပြီး ရွာကထိန်ပွဲပဒေသာပင်လှည့်ရင်း ဒိုးပတ်ကို အားရပါးရတီး သီချင်းဆိုတာကို မျက်စိထဲ ခုထိမြင်ယောင်မိသည်။
  ၁၉၇၁ခုနှစ် မိမိ၁၁နှစ်သား ဘုန်းကြီးကျောင်းသားလေးဘဝက။ မှတ်မိသလောက်ရွာမှာ ဂီတသမားဆိုလို့ကိုဘခင် တစ်ယောက်သာ။ တစ်ခါသာကြားခဲ့ ရသောကိုဘခင်ရဲ့ဒိုးပတ်သံသည်မိမိနှလုံးသားဝယ် မြန်မာ့ဂီတကိုခံစားတတ် သည့် နှလုံး သားဖြစ်သွားစေခဲ့သည်တော့အမှန်ပင်။ ဒါကြောင့်မို့ထင်ပ။
   ကိုယ့်ကျောင်းက ပွဲတွေမှာ ဒိုးပတ်ဝိုင်းပါတိုင်း မိမိမှာ ဒိုးသံကို သည်းခံနိုင်စွမ်းရှိနေသည်။ နုနယ်သော နှလုံးသားရှိစဉ်က ဒိုးသံစဉ်ကို ကြားခဲ့ ခံစားခဲ့ဘူးသည်ကိုး။
မြန်မာတို့ ငါးပိ ကျော်အနံ့သည် မကြိုက်သူတို့အတွက် ရွံရှာဖွယ်ရာဖြစ်သလို ဒိုးပတ်သံဟာ မိုးပျံအောင်ကောင်းပါစေ၊ မနှစ်သက်သူတို့နားဝယ်ကွဲသွားမတတ်ဆူညံနေပါလိမ့်မည်။ မိမိသည်ခေတ်ကို လက်ခံနိုင်သည့်သူသာ။ ရှေးရိုးကိုလဲ မပျောက်ချင်သူ။ ပကာသနကိုတော့ မခုံမင်။ ဂါရဝဆန်သော ပကာသနကိုတော့ လုပ်ချင်သည်တော့အမှန်။
  မိမိကျောင်းအတွင်း ဒိုးပတ်တီးခြင်းသည် ကလေးလူကြီးပျော်ရွှင်ကြသည်ကို နားလည်ပါ၏၊၊ မိမိကို မရိုမသေစော် ကားမော်ကားလုပ်နေကြသည်မဟုတ်ဘူးဆိုတာလဲသိပါ၏။ ဂါရဝဆန်သော ဒိုးသီချင်းများကို သီဆိုကြသူတိုကိုလဲ လေးစား မိပါ၏။
   သို့ ရာတွင် အသံတွေကို အိမ်နီးချင်းများ နားမခံသာအောင်တော့ မလုပ်သင့်။ အသံတွေ လျှော့ချရမည်။ ဒိုးသံကြောင့်တော့ မိမိလက်ရှိကျောင်းမှာဘာပြဿနာမှမပေါ်သေးပါ။ ကိုယ်ငယ်ငယ်က ခံစားတတ်လာသော ဒိုးပတ်ဂီတသံဟာ ဘေးလူတွေ အတွက် ဆူညံနေလို့ကိုယ့်မိတ်ဆွေကိုတော့ စတင်ဆိုးကျိုး ပေးနေပြီ။ ကိုယ်ဆီလဲ ဒီလိုဆိုးကျိုး ဘယ်တော့ ရောက်လာမည် လဲလို့  စိတ်တွင်ပူပန်သွားမိသည်။
နစ္စဂီတကိုဥပုသ်သီလထဲထည့်ပေးနေသောရဟန်းတော်မိမိ၏ ဘုန်းတော်ကြီးကျောင်းမှာ ကခုန်သီဆိုတီးမှုတ်ခြင်းတို့ကို မနှစ်ခြိုက်လှသော ဒကာဒကာမတို့ကလဲ မိမိကိုအားနာလို့သာမပြောသာပ။ ကြိုက်ကြမည်တော့မဟုတ်ပေ။ ကျောင်းကို အလယ်ကြွလာတဲ့ ဆရာတော်ကဆို ကိုယ့်လူလဲ (ဒို့ )ဆရာတော်မဖြစ်ဘဲ (ဒိုး) ဆရာတော်ဖြစ်နေပြီလို့  ရယ်စရာ စသွားခဲ့သည်။ ဘယ်တတ် နိုင်ပ။ သူကြွလာစဉ်က ဒိုးပတ်ဝိုင်းနဲ  တိုးသွားသကိုး။
အမေရိကန်နိုင်ငံသည် မိမိတို့အတွက် ဥပဒေတွေက လိုက်နာဖို့အပုံပင်။ အပြစ်ကို မသိလို့လုပ်လဲ ခွင့်လွတ်မည်မဟုတ်။ ဥပဒေတွေကို ထိခိုက်လာလျှင် ဘာသာရေးဘုန်းကြီးကျောင်းပဲ ထားလိုက်ပါလို့ပြောမရ။ သူတို့သုံးတဲ့အသုံးက ဥပဒေအရ အရေးယူရမှာတဲ့။
   ဒါကြောင့် သူတို့ ကပြောလေ့ရှိသည် မသိခြင်းအတွက် ခွင့်လွတ်ခြင်းမရှိ (There is no excuse for ignorance.) တဲ့။ အမေရိကမှာ ဥပဒေနဲ့  အညီမလုပ်နိုင်ကြဘူး၊ ဥပဒေကို မလေးစားကြဘူးဆိုရင် တစ်နေ့ မှာ မိမိတို့ ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝဇာတ်စင်လေးဟာ သေချာပေါက် ကျိုးကျမှာမလွဲ။
   ဘုန်းကြီး ကျောင်းတွေမှာ စုပေါင်းပြီး ဘာသာရေးတွေ လုပ်နေကြတာဟာ ဘဝဇာတ်ခုံပေါ် ပျော်ရွှင်ချမ်းမြေ့ချင်လို့ တက်ကနေကြတာပဲလေ။ ဒီဇာတ်ခုံလေးတွေ ခိုင်မြဲဖို့ကအရေးကြီးတယ်။ သက်ဆိုင်သူ ဇာတ်ဆရာတို့ကို မမေးချင်လဲ မေးရတော့ မယ် ဇာတ်စင်ကျိုးမှ ကကြိုးရပ်ကြမှာလားလို့ ။
အော်မေးမိတာ မှားမြန်းသွားလားမသိဘူး။ သတိပြုလိုက်တော့… ဟေ့ ဒီဇာတ်တွေရပ်ကြလို့ မပြောဘဲ နေနေတဲ့ကိုယ်လဲ ဇာတ်ဆရာတွေထဲ ပါနေတာဘဲ။
မေတ္တာများဖြင့်
အရှင်သိရိန္ဒ
မေတ္တာဥယျာဉ်
http://www.ashinsirinda.com/
2014-ခု၊ ဇန်နဝါရီလ(၁၀)ရက်၊ သောကြာနေ့
2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET