မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

ဆရာတော်ဘုရား၏ အာသီသသြ၀ါဒဆီသို့


      စာရေးသူ ၂၀၁၂ - ခုနှစ်၊ အောက်တိုဘာ (၂၀)ရက်၊ စနေနေ့က အော်ရီဂွန် ပြည်နယ်၊ ပေါတလန်မြို့၊ သိရီမင်္ဂလာကျောင်း တိုးချဲ့ ဘုရားခန်းမဆောင် ရေစက်ချပွဲကို တက်ရောက်ခဲ့ပါတယ်။ သိရီမင်္ဂလာကျောင်း သွားချင်သော ဆန္ဒ မကြာခဏ ပေါ်လာသော်လည်း ကားကြုံလိုက်ရန် ကိစ္စ မစီစဉ် နိုင်သောကြောင့် (၉)နှစ် ကျော်ကာလ တစ်ခေါက်မှ မရောက်ခဲ့ပါ။
     သွားရန် တစ်ပတ်အလို ဖိတ်ကြားစာ ရောက်လာပါသည်။ “သွားရပါလို၏ ဆုတောင်းပါတယ်” စိတ် အာရုံထဲ ချက်ချင်း အတွေးပေါ်လာ ပါသည်။ သောကြာနေ့တွင် တိဋက ကျောင်းထိုင်ဆရာတော်အား ရေလာလှူမည့် အကြောင်း လျှောက်ပြီး “ဘုန်းဘုန်း မနက်ဖန် ပေါတလန်ကြွမယ် ဟုတ်လား” ပြောရာမှ “ဒကာမ လိုက်မလား” မေးလာသည်နှင့် ဘုရားခန်းမ ဆောင်အသစ်ဖွင့်ပွဲ ဆုတောင်းပြည့်စွာ ရောက်ခဲ့ပါ သည်။
      ပေါတလန် ဆရာတော် အရှင်သီရိန္ဒအား ဦးချပြီး ပါလာသော နေရာထိုင် တစ်ထည်နှင့် န၀ကမ္မ အလှူ အ၀တ္ထုများ လှူဒါန်းရာ ဆရာတော်က ကျောင်းသို့ လှူရန် ညွှန်းပါသည်။ “ကျောင်းကို သတ်သတ် လှူပါ့မယ်၊ ပေးတဲ့ဆုနဲ့ ပြည့်ပါစေသား” ဆုတောင်း ဦးချသောအခါ ဆရာတော် ထပ်မံ တစ်ခါ အလှူဝတ္ထုကို ကျောင်းသို့လှူရန် ဆိုလာသဖြင့် “ဘုန်းဘုန်းကို လှူတာပါ။ ကျောင်းကို သီးသန့်လှူပါမယ့် ဘုရား”ရိုသေစွာ လျှောက်ပါသည်။

.


    သံဃာ လှူဒါန်းသော တပည့်တော်မအား သာသနာ လှူရန် သွန်သင်ညွှန်ကြား သတိပေးသော ပေါတလန် ဆရာတော်၏ မြင့်မြတ်သည့် သာသနာပြု စိတ်ဓာတ်ကို စာဖွဲ့ရန် စဉ်းစားပါသည်။ ဖြစ်နိုင်လျှင် ထိုသာမန် ကိစ္စ အသံဖမ်းရုပ် မြင်ရိုက်စက် ဗွီဒီယို ရိုက်ယူပြီး မှတ်တမ်း တင်ထားမည်ဆိုလျှင် …….။
       နိုင်ငံရပ်ခြား သာသနာပြု သာသနာ့ ၀န်ဆောင် ကျေးဇူးရှင် ဆရာတော် ဘုန်းဘုန်းများ၏ သာသနာပြု စိတ်ဓာတ်များ ပေါ်လွင်စေသော တစ်စိတ် တစ်ဒေသ ကျွန်ုပ်ယခု သိမြင်ခဲ့သည် များကို မသိသေးသူများ ရှုစားနိုင်မည် မဟုတ်ပါလား။
ပေါတလန် ဆရာတော် အရှင်သီရိန္ဒက သီတင်းသုံးဖော် ဘုန်းဘုန်းဘုရား ဦးစက္ကိန္ဒာ ဘိဝံသ နှင့် စာရေးသူထံ ကြွလာပါသည်။ ဦးစက္ကိန္ဒာ ဘိဝံသ ဘုန်းဘုန်းကိုလည်း နေရာထိုင်နှင့် န၀ကမ္မအလှူ ၀တ္ထုများ လှူဒါန်း ပါသည်။ ယခု လှူဒါန်းသော နေရာထိုင် အလှူက ယခင်အနှစ် နှစ်ဆယ် ကျော်ကာလ USA လာခါနီး ပြုခဲ့သော ကုသိုလ် တစ်ခုကို နောက်ကြောင်းပြန် သတိရစေပါသည်။ လာခါနီးသိနေ၍ ရိပ်သာဝင် တရားထိုင်မှ စပြီး ကုသိုလ်များ အားထုတ်ယူပါသည်။ တေဇစက္ကီ ဆရာတော်ဘုရားအား အကြိမ်ကြိမ် သွားဖူးပြီး ဖေဖေ နယ်အထက် မြန်မာပြည် တာဝန်ကျစဉ် ၀ယ်လာသော မိုးလေး ကော်ဇောလှူပါသည်။ ဆရာတော်က “နေ့လည် တရားပွဲ ဒီကော်ဇော ပလ္လင်ပေါ် ခင်းထိုင် တရားဟောမယ်”ချီးမြှင့်သောစကား စာရေးသူအား ပီတိရွှန်း စိုခဲ့သည်များ ယခုစာရေး နေချိန်အထိ ခံစားနိုင်ပါသည်။ တေဇစက္ကီ ဆရာတော် ဘုရားသည် ပျံလွန်တော် မူပြီးဖြစ်၍ ဆရာတော် ဘုရား၏ ဂုဏ်ကျေးဇူး အထူးများကို ရည်ညွှန်းမှန်းဆခါ တပည့်တော်မ ရိုသေစွာ စိတ်အာရုံထဲ စာရေးရင်း ပူဇော်ကန်တော့ ပါသည်ဘုရား။ ဘုန်းဘုန်း ဦးစက္ကိန္ဒာဘိဝံသက တေဇစက္ကီ ဆရာတော်ကဲ့သို့ နေရာထိုင် အလှူကို ချက်ချင်းချီးမြှင့် သုံးဆောင် သည်များက ……။
       ဦးစက္ကန္ဒာဘိဝံသ ဘုန်းဘုန်းက “နေရာထိုင် လှူတယ်ဆိုတာ သင်္ကန်းလှူတာပဲ” ဆရာတော်၏ စကားကို စာရေးသူ နားမလည် သောကြောင့် မေးမြန်းသောအခါ “သင်္ကန်းအလှူမှာ နေရာထိုင် အပါအ၀င် (၉)မျိုးရှိကြောင်း” မမျှော်လင့်ဘဲ တစ်ကြိမ်တစ်ခါမှ မနာကြားဘူးသော တရားစကား နာကြားရ၍ လွန်စွာ ၀မ်းမြောက် ပီတိဖြစ်ပြီး နောက်နေ့လည် (၁၁)နာရီ ဘုရားဆွမ်းတော် တင်ပွဲတွင် ဘုန်းဘုန်းရှေ့က ဦးဆောင်၍ ရွတ်ဆိုပြီး ဘုရားရှိခိုး ၀တ်ပြုသောအခါ စာရေးသူလှူသော နေရာထိုင် ခင်းပြီး သုံးဆောင် သည်ကို မြင်ရ၍ အဘယ်မျှ စိတ်ရွှင်လန်း ၀မ်းမြောက်ပီတိ ဖြစ်သည်ကို စာရေးဖွဲ့ မဖော်ပြတတ်ပါ။ အတိတ်က ပီတိလှိုင်းများ သယ်ဆောင် ယူလာပေးသော ဘုန်းဘုန်း ဦးစက္ကိန္ဒာဘိဝံသအား တပည့်တော်မ စာရေးသားပြီး အခါခါ ပူဇော် ကန်တော့ပါသည်ဘုရား ..။
        ပီတိလှိုင်းများ ဤမျှနှင့် ရပ်မနေပါ။ တရား နာသောအခါ စိတ်ကြည် နူးမှုများ တိုးတိုးပြီး ခံစားရပါ သည်။ ဆရာတော် ဘုရားက တရားနာသူ ကလေးသူမှ အစ သက်ကြီးရွယ်အို အထိ သိမြင် နားလည်အောင် ရှင်းလင်း ဟောကြားတော် မူသောကြောင့် တရားနာရသည်မှာ ကုသိုလ်လည်းရ၊ အသိပညာ အလိမ္မာလည်း တိုးရပါသည်။   တရားထဲ စိတ်အာရုံ ရောက်နေသောကြောင့် စိတ်ရွှင်လန်း ချမ်းမြေ့ခြင်းလည်း မရပ်မဆဲဖြစ် နေသူများက တရား သဘောသား ထိမိသိမြင်ပြီး ထိုသူများ၏ ရယ်မောသံက စိတ်ရွှင် လန်းဆန်း ချမ်းသာမှု သင်္ကေ တများ မဟုတ်ပါလား။ ထိုအချိန် တရားသံမှ လွဲပြီး စကားပြောသံ၊ ပုဂံအိုးခွက် သိမ်းဆည်းဆေး ကြောသံများ မကြားရအောင် တရားနာ ပရိတ်သတ်တို့၏ ဆိတ်ငြိမ်မှုက ပတ်ဝန်း ကျင်တစ်ခွင် ကျော်လွှားပြီး အေးချမ်းမှုများ ခြံဝင်း အပြင်သို့ ရောက်လှမ်း ခဲ့ပါသည်။ တရားနာ ပရိတ်သတ် ခန်းမဆောင် တစ်ခုလုံး ပြည့်ကြပ် နေသောကြောင့် မမြင်ရသော ပုဂ္ဂိုလ်များ နေရာယူထား ပုံကို သိမြင်ရန် အတွက် ဒိဗ္ဗစက္ခု အမြင် ရှိရင်ဟူ၍ မမှီရာ လှမ်းမျှော်ကာ တွေးမိပါသည်။ ယခုကဲ့သို့ စိတ်ကြည် နူးမှုကို ဖြစ်စေသော အကြောင်း ကိစ္စ များက …….။
         ကျေးဇူးရှင် ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဆရာတော်၊ အရှင်ဇာဂရ (ကံထွန်းသစ်) ဆရာတော်၊ အရှင်ဥာဏိကာ ဘိဝံသ (ကာလီဖိုးနီးယား တက္ကသိုလ်) ဆရာတော်များက စေတနာ မေတ္တာလှိုင်း လွှင့်ခါ ဟောကြား ချီးမြှင့်သော တရားများ တစ်ဝကြီး ကြားနာရလို့ပါ။
ဘုရားခန်းမဆောင် ဖြစ်မြောက်မှု အဓိက သော့ချက် ညီညွတ်ခြင်း အလှအရသာ အောင်မြင်ပုံ အစချီကာ အရှင်ဥာဏိ ကာဘိဝံသက “အချိန်နေ့ရက် လတွေ စားမျိုရာမှ အိုနာသေ တားမရကြောင်း” အနိစ္စတရား သတိပေး စကားများ မှတ်သားရပါသည်။ အရှင်ဇာဂရ (ကံထွန်းသစ်) ဆရာတော်က တောင်ကျွန်း သူများ မြောက်ကျွန်းသူ၊ တာဝတိံသာ နတ်တို့ထက် သာရပုံကို အလှူဒါန၊ သတိပညာ၊ ဗြဟ္မစရိယ အကျင့်မြတ် တို့ကြောင့် သာလွန်သော ဘ၀ရထား၍ ဂုဏ်ယူစရာများ ကြားနာအပြီး ကျေးဇူးတော်ရှင် ဓမ္မဘေရီ ဆရာတော်က ကျန်သွားသည့် အကြောင်းများ ထောက်လှန်ပြီး ပြောခဲ့ သည်များက ……..။
         တစ်မှ စပြီး ဆယ်၊ ရာ၊ ထောင်ချီသည် အထိ လှူမယ့်ငွေ စွန့်လှူဖို့ တိုက်ပွဲ ၀င်ရကြောင်း၊ ထိုစကား မိမိကို တဲ့တဲ့ ပြောနေပါလားဟု ခံစားရပါသည်။ နောက်တစ်ခါ ဆရာတော်ကို ဖူးခွင့်ကြုံရရင် ထိုနေ့က မမေး လိုက်ရတဲ့ မေးခွန်း မေးမယ်ဆိုတာ တိုက်ပွဲ ဆိုတော့ သဒ္ဓါတရားနဲ့ မစ္ဆရိယ စိတ် တိုက်ပွဲလား။ မရေရာ၊ မသေချာ အမေး အဖြေများ အတွေး ၀င်လာပါတယ်။ စာရေးသူ ကျောင်းလှူရန် အိမ်ကလာစဉ် တုန်းက ($50) ဒေါ်လာ ငါးဆယ် ယူလာပေမဲ့ ထိုနေ့ လှူလိုက်တာက သုံးဆယ် ဒေါ်လာ ($30) ဖြစ်တဲ့အတွက် တိုက်ပွဲ ဆိုတဲ့ ထိုစကား မိမိကို တဲ့တဲ့ပြောတာ မဟုတ်ပါလား။ ထိုအဖြစ်မျိုး နှစ်ပေါင်းများစွာ အကြိမ် ပေါင်းများစွာ ကြုံပေမဲ့ တိုက်ပွဲမှန်း မသိခဲ့ပါ။ ဆရာတော် အခု ညွှန်ပြတော့ သိရပါတယ်။ ဓမ္မဘေရီ ဆရာတော်ရဲ့ ဂုဏ်ကျေးဇူး အထူးများကို ပူဇော်ပါတယ် သူတော်ကောင်း အပေါင်းတို့ ။
ဓမ္မဘေရီ ဆရာတော်က ဆက်ပြီး ဇေတ၀န် ကျောင်းတော် ဖြစ်ပေါ်လာပုံ ရွှေဒင်္ဂါးမြေခင်းဝယ်ခဲ့ရာမှ ကျောင်းအမည် အနာထပိဏ် မဟုတ်ဘဲ ဇေတ၀န် ဖြစ်ရပုံ သမိုင်းကြောင်း နာကြားရ။ အနာထပိဏ် သူဌေး ကဲ့သို့ နှလုံးအိမ် အက္ခရာ တွင်ပြီးပြုတဲ့ ကုသိုလ် ဆိုတာ ထင်ပေါ် ကျော်ကြားမှု ဂုဏ်ပကာဓန ထက် မြင့်မြတ် ဂုဏ်ရှိကြောင်း။ စစ်မှန်တဲ့ သာသနာ တော်ရဲ့ အနာဂတ် ရေရှည်အကျိုးကို ဆောင်ရွက်ပါကြောင်း။ ကျောင်းဝင်းပေါက် မုခ်ဦး ဆိုင်းဘုတ်က ဇေတ မင်းသား၏ အမည်ဆိုတာ ဆရာတော် ဟောပြောတော့မှ စာရေးသူ သိရပါတယ်။
တစ်ကယ်လို့ ထိုနေ့ တရား မနာခဲ့ရင် ဇေတမင်းသား အကြောင်း မသိခဲ့ရင်၊ အနာထပိဏ် သူဌေးရဲ့ မြင့်မြတ်ပြီး စံနမူနာ ထားရတဲ့ သာသနာပြု စိတ်ဓာတ်ကို အလေးအနက် ဂရုပြုမိမှာ မဟုတ်ပါ။ စာရေးသူ တရားနာပြီး မကြာ မကြာ ထိုအကြောင်းများ အတွေးထဲ ပြန်ပေါ် လာပါတယ်။ ထိုမြင့်မြတ်တဲ့ စိတ်ဓာတ်မျိုး သာသနာ ပြုရာမှ မဟုတ်ပါ။ နေ့စဉ် ပတ်ဝန်းကျင် လူတွေနဲ့ ဆက်ဆံပြောဆို လုပ်ကိုင်ရာမှာ လိုက်နာ နိုင်ပါက အနည်းဆုံး စိတ်ချမ်း မြေ့မှုကို ခံစား ရရှိနိုင်ပါလား။ လက်တွေ့ဘ၀ ကောင်းကျိုးပေးတဲ့ တရားဖြစ်တယ်။ ကျေးဇူးကြီးမား လှတဲ့အတွက် ဓမ္မဘေရီ ဆရာတော်အား အဝေးမှ လှမ်းကာ အာရုံယူ ပူဇော်ကန်တော့ ပါတယ် ဘုရား။
        အနာထပိဏ် သူဌေးက သာသနာတော် အကျိုးကြီးမား မှုအတွက် နှလုံးအိမ် ကဗည်းထိုး လှူဒါန်းခြင်း။ ဇေတ မင်းသားက နှလုံးအိမ် ကဗည်းထိုးနိုင်အောင် ဆောင်ရွက် သူဖြစ်ခြင်း။ ထိုအကြောင်း သာသနာ အတွက် လိုအပ်ပြီး ကြီးမားတဲ့ သာသနာပြု စိတ်ဓာတ်မျိုး ဆရာတော်က သိမြင်အပ်ပြီး ဆုံးမသြ၀ါဒပေး ခြင်း။ ဆရာတော်ရဲ့ သြ၀ါဒအဆုံး တရားနာ ပရိတ်သတ် နှလုံးအိမ် ကဗည်းထိုးတဲ့ သာသနာပြုစိတ်ဓာတ်များ ပေါက်ဖွားရှင်သန်လာခြင်း။ သို့လော … သို့လောနဲ့ အဆုံးမသတ်ပါ။
တိုင်းတစ်ပါး သာသနာပြု ရဟန်းတော်ဘ၀ တစ်စိတ် တစ်ဒေသဖြစ်တဲ့ ကျောင်းတစ်ကျောင်း ဖြစ် မြောက်ဖို့ များစွာ ကြိုးစားရပုံနှင့် ဖြစ်လာတဲ့ကျောင်း ဆက်လက် ထိန်းသိမ်းရပုံ ပေါ်လွင်စေတဲ့ ကိစ္စ များက ..။
ပေါ်တလန် ဆရာတော်က အရင်ဇာဂရ (ကံထွန်းသစ်) ဆရာတော်ကို “ကြမ်းပြုဆရာတော်” နှုတ်ဆက် စကားက ဘာကျမ်းပြုခဲ့လို့ ကျမ်းပြု ခေါ်ရကြောင်း အရှင်ဇာဂရ (ကံထွန်းသစ်) ဆရာတော် မေးစကားကို “ဆရာတော်တို့ ကျောင်းတစ်ဆောင် ဖြစ်လာဖို့ အိမ်ထရံ ဆေးသုတ်၊ ကြမ်းကိုပါ အသစ် ပြုပြင်ရတယ်” ပေါ်တလန် ဆရာတော်ရဲ့ အဖြေက အသံ ထွက်တူ ကျမ်းနှင့် ကြမ်းပါလား ကြိုးစားခဲ့ပုံ သိရပါ တယ်။
         ဤဒေသ ရေမြေ သဘာဝ နွေရာသီ မြက်ခင်းနဲ့ ပန်းပင် ရေလောင်းရ၊ Fall ရာသီ သစ်ရွက် ကြွေတော့ ကောက်ယူ ရှင်းလင်းရ။ ဆောင်းရသီ ရောက်တော့ ကိုယ့်အိမ်ရှေ့ ထွက်ပေါက်ရှိ စနိုးများ ကိုယ်တိုင် ရှင်းလင်း ရတယ်ဆိုတဲ့ ဒုက္ခကို စာရေးသူ အပြင် ဤနိုင်ငံ နေသူအများ သိကြပါတယ်။ စနိုး အကြောင်း၊ စနိုးဒုက္ခ ခံစားရပါတယ်။ ဆောင်းရာသီမှာ မိုးရွာလေ့ရှိ ပါတယ်။ တစ်ခါတရံ နေ့စဉ်ရက်ဆက် မိုးရွာနေရင် ခြံဝန်းအတွင်း ရေ၀ပ်၊ ရေအိုင်၊ ရေလျှံပြီး မြေအောက်ထပ် အတွင်း ရေ၀င်လာတဲ့အခါ မြေအောက် ထပ်ရှိ ပစ္စည်းများရဲ့ ရှုခင်းကို မြင်ရင် လူအင်အားနဲ့ ရှင်းလင်း ယူရမယ်ဆိုတာ သိမြင်နိုင်ပါတယ်။ ဤကား တစ်နှစ် ပတ်လုံး ရာသီဥတု အပေါ် အခြေခံပြီး သိမြင်ရတဲ့ ထိန်းသိမ်းမှု ဖြစ်ပါတယ်။ စာရေးသူ မသိမမြင် လိုက်တဲ့ ထိန်းသိမ်း စောင့်ရှောက်မှု ကိစ္စများစွာ ရှိနေမှာပါ။
            ထိုနေ့က ဆရာတော် ဘုရားများ ဟောကြားတဲ့ တရားများက အနှစ်သာရ များစွာ ပြည့်ဝစုံလင် ပါတယ်။ ဖတ်တဲ့အခါ တရား အရသာ စာပေ အရသာ မတွေ့ခဲ့ရင် စာရေးသူရဲ့ အားနည်းချက် စာပေ ရေးသားမှု မကျွမ်းကျင် သောကြောင့် ဖြစ်ပါတယ်။ အကယ်၍ ……။
(၁) တိုင်းတစ်ပါးမှာ သာသနာပြု နေထိုင်ကြတဲ့ သာသနာ့ ၀န်ဆောင် ကျေးဇူးရှင် ဆရာတော် ဘုန်းဘုန်းများရဲ့ ကျေးဇူးတရား။
(၂) ကျောင်းတစ်ကျောင်း ဖြစ်ဖို့ အဖက်ဖက် အောက်ခြေသိမ်း မြေအပါအ၀င် သစ်ပင် မြက်ရိုင်း၊ ဆူးတော မကျန် ခုတ်ထွင် ခဲ့တဲ့ လုပ်အားရှင်များ၊ ထရံဆေးသုတ်၊ ကြမ်းပြုပြင်၊ ရေမီးစသည် ဆောင်ရွက်တဲ့ ပညာရှင် များရဲ့ လုပ်အားကျေးဇူး။
(၃) ငွေအလှူရှင် များရဲ့ကျေးဇူး။
(၄) လစဉ် ဆွမ်းရေမီး စသည် အထွေထွေ ထောက်ပံ့လှူဒါန်း သူများရဲ့ ကျေးဇူး။
(၅) ဝေယျာဝစ္စ ဆောင်ရွက်သူများ ကျေးဇူး စသည် တစ်ယောက် မကျန် အသီးသီး တို့က ကိုယ်စီ ကိုယ်ငှ သာသနာ့ ၀န်ကို နိုင်သည့် ဘက်က ထမ်းဆောင် ပါကြောင်း ထင်ရှားပါတယ်။
         ဆရာတော် ဘုန်းဘုန်းများများ၏ ကျေးဇူး တရားမှ အစချီကာ အားလုံးသော ကျေးဇူးတရား များက ညီညွတ်ခြင်း ပင်စည်၏ အကိုင်း အခက်အလက် အရွက်များဖြစ်ခဲ့လျှင် အသီးအပွင့်များက ညီညွတ်ခြင်း၏ သဘာဝ အရသာအလှများ ဖြစ်ပါစေ ဖန်တီးယူ စိတ်ကူးယဉ်ကာ ကျေးဇူးတော်ရှင် ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ဆရာတော် ဘုရား၏ အာသီသ သြ၀ါဒဆီသို့ စိတ်ညွတ်လျှက် ညီညွတ်ခြင်း ဖြစ်စေသော သာသနာပြု စိတ်ဓာတ် ရှင်သန် တိုးပွားခိုင်မြဲ ပါစေသား ဆုတောင်းပါတယ်။

မှတ်ချက် ။  ။ (၁) စာရေးသူ ဆုတောင်းပြည့်အောင် ဖြည့်ဆီပေးသော တိပိဋက ကျောင်းထိုင် ဘုန်းဘုန်း ဆရာတော်အား ဤစာဖြင့် ကျေးဇူး တင်ပါကြောင်း မှတ်တမ်း တင်ပါသည်။ တိပိဋကကျောင်း တော်ကြီးမှီပြီး ကျေးဇူးတော်ရှင် သာသနာပြု ဆရာတော်များအား ဖူးရ လှူဒါန်းရ တရားနာရ၊ တရားအား ထုတ်ခွင့်ရသောကြောင့် တိပိဋက ကျောင်း ထူထောင် ပေးခဲ့သော တိပိဋက ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ လင်္ကာရနှင့် ကျောင်းထိုင် ဆရာတော် ဦးနန္ဒသာရတို့၏ ကျေးဇူး တရားများကို ပူဇော်ပါကြောင်း။
(၂) တိပိဋကကျောင်း ဖြစ်မြောက်ရန် အိမ်အတွင်း အပြင် ဆေးကြောသုတ်သင်၊ ပြုပြင်ဖာထေး၊ ဖြည့်စွက်ထည့်ကာ၊ ထရံဆေးသုတ်၊ ဆူးတော ခြုံတော အပင်ရိုင်းမှအစ သစ်ပင်ကြီး ငယ်ခုတ်ထွင်း၊ အမှိုက်သရိုက် ရှင်းလင်း သည်များ စာရေးသူ မြင်ယောင် သတိရလျှက် စာဖွဲ့မမှီနိုင်သော ကျေးဇူးတရားများ နှုတ်ဖွင့်ပြောခွင့် မကြုံ၊ အနည်းအကျဉ်း တစ်စိတ်တစ်ဒေသ စာပေပညာနှင့် ဖွင့်ဆိုရ၍ သာသနာ့ဝန် နိုင် သည့်ဘက် ထမ်းမည် ဆိုသည့် ရည်ရွယ်ချက် မြောက်ပါစေသား ဆုတောင်းပါသည်။
(၃) ပေါ်တလန် လူငယ် မောင်မယ်တို့၏ စာရိတ္တ မြင့်မားရေး ဦးတည်သော ယဉ်ကျေးမှု စာပေအဖွဲ့၏ ရွတ်ဆိုမှုနှင့် စုံလင်လှ၍ ထိုနေ့ အဖြစ်အပျက် အလုံးစုံကို အသေးစိတ် ဖော်ပြရန် မစွမ်းဆောင် နိုင်သည်ကို စာရှုသူတို့က မေတ္တာ ရှေ့ထား၍ သိမြင်နားလည် ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။
(၄) ဆရာတော် ဘုရား၏ ကောင်းမွန် လေးနက်သော တရားများကို တပည့်တော်မ ပြန်ဖော်ရေးသား ရာမှာ မပြည့်စုံပါ။ ပြည့်စုံအောင်လည်း မရေးသားနိုင်ပါ။ အကယ်၍ တပည့်တော်မ ရေးသား ဖော်ပြသည် များက မပြည့်မစုံလင်၊ အမှားအယွင်း အတိမ်း အစောင်းများ ရှိခဲ့လျှင် မေတ္တာ ရှေ့ထား၍ တပည့်တော်မအား သင်ကြားညွှန်ပြ သြ၀ါဒ ချီးမြှင့်ပါရန် လေးလေး နက်နက် ရိုသေစွာ လျှောက်ထားပါတယ် ဘုရား …။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်မြတ်သုံးရပ်သည် ကြာမြင့်စွာ တည်ပါစေ ….။

လင်းပွင့်ဖြူ
ဇန္န၀ါရီ(၄)ရက်၊ 2013
9:00 pm

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET