မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

တံခါးခေါက်သံ


ဒေါက်..ဒေါက်..ဒေါက်...တဲ့

တံခါးခေါက်သံ

နံရံစည်းခြား

ကြားနေရသည်

နင် အေမီလား

သွား သွား သွား...

ငါ့ နှလုံးသားဖြူ

သူ တံခါးပိတ်

အိပ်စက်နေတယ်။

          လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် မောင်စံငယ်ငယ်က လျှောက်ခြစ်ထားတဲ့ ဘာလိုလိုစာကြောင်းလေးတွေထဲက “တံခါးခေါက်သံ” လေး။ အဲဒီနောက် ဆယ်နှစ်လောက်အကြာ-

ဒေါက်..ဒေါက်..ဒေါက်...တဲ့

.

ဟော … တံခါးခေါက်သံ

ကြားရပြန်ပြီ

ဒီတခါတော့

ပျော့ပျော့မဟုတ်

ဒုတ်ဒုတ်ဆူညံ

သူ့ခေါက်သံက

ထန်ထန်တင်းတင်း

အလွန်ပြင်းတယ်။

 

          ဟုတ်တယ် တံခါးခေါက်သံပါပဲ၊ ဒါပေမယ့် ကြားလိုက်ရတဲ့အသံက နည်းနည်းမှမတူ။ ငယ်ငယ်က ကြားခဲ့တဲ့ ခပ်ဖွဖွ တံခါးခေါက်သံ၊ လူလတ်ပိုင်းရောက်လို့ ကြားလိုက်ရတဲ့ ခပ်ပြင်းပြင်းတံခါးခေါက်သံ။ လာပြန်ပြီလားလို့ မကျေ မနပ် ချောင်းကြည့်ပေါက်က ကြည့်လိုက်တဲ့အခါ

          “ဟိုက် သေမင်းပါလား”

 

          ဘုရား ဘုရား... ဘယ်လိုလုပ်ရပါ့၊ သေမင်းကြီးကိုယ်တိုင်က အပေါက်ဝမှာ ခေါက်လိုက်တာ အသံအတော်ပြင်း တယ်။ ဖွင့်ပဲပေးလိုက်ရမှာလား၊ မကြားချင်ယောင်ပဲ ဆောင်နေရမှာလား၊ မရ ဒီလိုနေလို့ လုံးဝမရ၊ တစ်ခုခုတော့လုပ်ရမယ်။ အတွင်းကနေပဲ ချော့မော့ပြီးပြန်လွှတ်ရမှာပဲ၊ မဟုတ်ရင်တော့ အော်ဟစ်ငေါက်ငန်းပြီး ခြောက်လွှတ် ရမှာပေါ့။

 

          အဲဒီတုန်းက မောင်စံ အရမ်းကိုနေမကောင်းဖြစ်နေတယ်။ သာမန်ဖျားတာ နာတာမျိုးလောက်ကတော့ ဖြစ်နေ ကျမို့ မောင်စံအတွက် မဆန်း၊ အဲဒီတခါ ဖြစ်တာကတော့ ဘယ်လိုဘယ်လိုမှ မရနိုင်တော့ဘူး...လို့ ဆုံးဖြတ်လိုက်ရ တော့မယ့် အနေအထားထိ။

 

          ဖြစ်စဉ်ရဲ့အစကို သတိထားမိတာက- မောင်စံ နေရင်းထိုင်ရင်း အလွန်ပျင်းလာတယ်။ အလုပ်မလုပ်ချင်တာကို ပြောတာမဟုတ်ဘူးနော်၊ ဘာရယ်မသိ နေရထိုင်ရတာ ငြီးငြီးငွေ့ငွေ့ကြီးဖြစ်လာတာ။ ငြီးငွေ့လာတာကို ဒီလိုလည်း တွေးမိပါတယ်၊ အရင်က စာသင်တိုက်မှာ သူငယ်ချင်းစာသင်သားတွေအများကြီးနဲ့ စာကျက်လိုက် စာပြန်လိုက် စလိုက် နောက်လိုက် ရယ်မောလိုက်နဲ့  နှစ်ပေါင်းများစွာနေလာခဲ့ပြီး အခုတော့ ကိုယ့်ရွာကျောင်းမှာ သက်တော်ရှည်ဆရာတော် ကြီးကိုပြုစုရင်း ကျောင်းထိုင်တစ်ပိုင်းအဖြစ်နဲ့ ကိစ္စမှန်သမျှတွေကို လုပ်ကိုင်ဆောင်ရွက်ရတာဆိုတော့ Lifestyle က လုံးဝပြောင်းလဲသွားတယ်လေ။

 

    ကျောင်းမှာ တောထွက်ဦးဇင်းကြီးနှစ်ပါးရှိပေမယ့် ကိုယ်နဲ့ရွယ်တူမဟုတ်တော့ စကား များများမပြောဖြစ်ဘူး၊ သူတို့ကလည်း ကိုယ့်ကို အသက်ငယ်ရွယ်တယ်ဆိုပေမယ့် ဝါကြီးတာရယ်၊ စာသင်တိုက်ပြန် စာတတ်ပေတတ်လို့ သတ်မှတ်ပြီး အရည်အချင်းမတူတာရယ်၊ ကျောင်းထိုင်ဆရာတော်လောင်းလေးမို့ လေးစားရတာ တွေရယ်ကြောင့် တော်တော့်တန်တန် စကားမပြောရဲကြဘူး။ တစ်ရပ်လုံး တရွာလုံးကလည်း ချစ်ကြပေမယ့် လေးစား လွန်းတာကများတော့ အလ္လာပ သလ္လာပပြောဘို့ ဘယ်သူမှ အဖေါ်လာပြီး မလုပ်ဝံ့ကြဘူးလေ။ အဲ့ဒီလိုနဲ့ စကားပြောဖေါ် မဲ့ပြီး တဖြည်းဖြည်း ပျင်းရိငြီးငွေ့လာတယ်လို့ထင်တာပဲ။

 

          အဲဒီလို ပျင်းရိတဲ့ရက်တွေကြာလာတော့ စားရတာလည်း အရသာမရှိတော့ဘူး၊ အစားအစာ စားတာတွေ တဖြည်းဖြည်း လျော့နည်းလာတယ်၊ အစာမကြေဖြစ်လာတယ်၊ ပြောပါရစေတော့ မုန့်ဟင်းခါးစားတာတောင် ဝမ်းသွား ရင် အမျှင်လိုက်ပြန်ထွက်တယ်၊ အဲလိုဖြစ်တာ။ မောင်စံကို ကိုရင်လေးဘဝကတည်းက စောင့်ရှောက်လာတဲ့ ရဟန်း ဒကာ (ဦးချစ်မောင်+ဒေါ်ခင်နု) မိသားစုက မိဘမဲ့ မောင်စံကို သားအရင်းလိုချစ်တာဆိုတော့ စိုးရိမ်တကြီးပြုစုရှာတယ်။ ဆေးရုံဆေးခန်းတွေ ပို့ပေးတယ်၊ ဒါပေမယ့် သက်သာမလာခဲ့ဘူး။ နောက်ပိုင်း အစာကို လုံးဝစားချင်စိတ်မရှိအောင် ဖြစ်လာခဲ့တယ်။ အစာမစားတော့ အိပ်လို့မရ ဖြစ်လာတယ်၊ အိပ်မပျော်တဲ့ရောဂါ စဝင်လာတာပေါ့။ ဆရာဝန်က ဒိုင်ယာ စီဖင် အိပ်ဆေးပေးတယ်၊ ပထမတစ်ရက်သောက်ပြီး မောင်စံဆက်မသောက်တော့ဘူး၊ စွဲသွားမှာကြောက်လို့။

 

 

          အိပ်မပျော်တဲ့ရက်တွေ လနဲ့ချီပြီး ရှည်လာတဲ့အခါ စိတ်ထဲမှာ ကြောင်တောင်တောင်ဖြစ်လာတယ်။ အရာရာကို အလိုမကျဖြစ်လာတယ်။ ညည တလောကလုံး အိပ်မောကျနေတဲ့အချိန် ကိုယ်တစ်ယောက်တည်း နိုးနေတာကို စိတ်ထဲ မှာအလိုမကျဘူး။ နည်းအမျိုးမျိုးနဲ့ ကြိုးစားပြီးအိပ်ကြည့်တယ် မရဘူး။ လမ်းထလျှောက်ပြီး ရသမျှ ပရိတ် ပဋ္ဌာန်းတွေ ဂါထာထွေ အကုန်လျှောက်ရွတ်တယ်၊ မောပြီးအိပ်သွားအောင်လို့။ ခြေညောင်းတော့ အိပ်ယာထဲပြန်လှဲပြီး ပုတီးစိပ် တယ်၊ ဒါလည်းမအိပ်ဘူး၊ မအိပ်လေ စိတ်တိုလေ၊ စိတ်တိုလေ အိပ်မရလေနဲ့ ဂျာအေးသူ့အမေရိုက်နေတယ်။

 

          ရက်ကြာလာတာနဲ့အမျှ နှလုံးကအားနည်းလာတယ်။ တိတ်ဆိတ်နေတဲ့အချိန် အိမ်မြှောင်စုတ်ထိုးတာတောင် လန့်လန့်လာတယ်။ မောင်စံနေတဲ့ကျောင်းက ရှေးဟောင်း တိုင်တစ်ရာရှိတဲ့ကျောင်းကြီး။ တိုင်တိုင်းလောက်နီးနီးမှာ ရှေးဟောင်းသံစုံနာရီကြီးတွေ ချိတ်ဆွဲထားတယ်။ နေ့အခါ မသိသာပေမယ့် ညသန်းခေါင်တိတ်ဆိတ်ချိန်ဆိုရင် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာတဲ့ ဒေါင်ဒင် ဒေါင်ဒင်မြည်သံတွေက မောင်စံကိုအရမ်းဒုက္ခပေးတယ်၊ ဒါကြောင့် အကုန်လုံးကို လိုက်ပြီးရပ်ထားလိုက်တယ်။

 

          နောက်ပိုင်းဘယ်အထိ ဖြစ်လာသလဲဆို အရာရာကို အဓိပ္ဗါယ်မရှိဘူးလို့ မြင်လာတယ်။ လမ်းပေါ်မှာ သွားလာ လှုပ်ရှားနေတဲ့သူတွေ၊ တီဗွီထဲမှာ ပျော်မြူးအော်ဟစ် ဆိုကနေသူတွေ၊ မိုးလင်းကမိုးချုပ် တကုတ်ကုတ်နဲ့ အလုပ်တွေကို ပင်ပန်းကြီးစွာလုပ်ကိုင်နေကြသူတွေ စတဲ့စတဲ့လူတွေအားလုံးကိုကြည့်ပြီး “ဒီလူတွေ သေရမှာကို မသိတာလား၊ မေ့ထားကြတာလား၊ သေသွားတဲ့အခါ ဘာမှပါသွားမှာမဟုတ်ပဲ ဘာကြောင့် ဒီလောက်ပင်ပန်းခံ လုပ်နေကြတာလဲ၊ စား ဖို့သောက်ဖို့ ဆေးကုဘို့ လှူဒါန်းဘို့လောက်ပဲရှာပြီး သက်တောင့်သက်သာနဲ့ သေရမယ့်နေ့ကို စောင့်နေသင့်တယ်...” လို့ တွေးနေမိတယ်။ မိမိကိုယ်၌ကလည်း ဘာမှမလုပ်ချင်တော့ဘူး၊ သေမယ့်အတူ အပင်ပန်းမခံတော့ဘူးပေါ့။

 

          တကယ်တော့ စိတ်ကျရောဂါ (Depression) ဝင်လာတာကို မသိတာပါ။ အဲဒီအချိန်မှာပဲ ဓမ္မာစရိယစာမေးပွဲ အောင်စာရင်းထွက်လာတဲ့အခါ မောင်စံ ကျမ်းပြီးတဲ့အကြောင်း သိရတယ်။ အမှန်မှာ ဓမ္မာစရိယပြီးရင် ရဟန်းကိစ္စပြီးပြီ လို့ ပြောပြောနေတဲ့ ဒီစာမေးပွဲကြီးအောင်တာကို မိုးမမြင် လေမမြင် ရွှေဘဝင်လေဟပ်ပြီး မတ်တတ်ကလဲလောက် အောင် ပျော်ဘို့ကောင်းတာပါ၊ ဒါပေမယ့် လုံးဝလုံးဝ မပျော်ခဲ့ဘူး၊ “ငါသေရင် ဒါကြီးပါလာမှာမှတ်လို့” ဆိုတဲ့အတွေးနဲ့ ခပ်အေးအေးပဲနေလိုက်တယ်။

 

          ဒကာဒကာမတွေကတော့ ကိုယ့်ကိုယ်စားပျော်လို့ပေါ့။ မပျော်နိုင်တဲ့ မိမိကိုကြည့်ပြီး သနားကြတယ်။ ကောင်းနိုးရာရာ ဆေးဘက်လည်းဝင် မိမိနဲ့လည်း တည့်မယ့်ဟင်းလေးတွေ ချက်ချက်ပြီးလာပို့ကြတယ်။ ဒန့်ကျွဲရွက်ကို သုပ်စားရင် အိပ်တယ်ဆိုလို့  စားတယ်၊ ငါးချဉ့်နဲ့ ဖန်ခါးသီးရောချက်ပြီးစားရင် ဒူလာသွေးဝမ်း တွေအတွက်ကောင်းတယ် ဆိုလို့လည်းစားတယ်။ ရောဂါပျောက်ချင်တာဆိုတော့ ဘယ်သူက ဘာလာပို့ပို့ ဆေးဘက်ဝင်တယ်ဆို စားလိုက်တာပဲ။ ဒါပေမယ့် ခက်တာက နောက်တစ်ယောက် ဟင်းလာပို့တဲ့အခါမှာ-

 

          “ဘုန်းဘုန်း ဘယ်သူပို့တဲ့အစားအစာတွေ မစားနဲ့နော်၊ သူတို့က စုန်းတတ်တာ အရပ်ထဲမှာနာမည်ကြီး၊ ဘယ် အဆင့်ထိရှိတာ၊ ဘယ်သူ့ကို ဘယ်တုန်းက ဘာဖြစ်အောင် လုပ်လိုက်တာ သူတို့ပေါ့”

          “ဟင် !!!”

          နောက်လူ နောက်လူပြောတဲ့အချိန်မှာ ရှေ့လူရှေ့လူတွေရဲ့ အစားအစာတွေကို စားမိပြီးပြီ။ အဲဒါမှ ဒုက္ခ၊ ဘယ်လိုပြန်ဖြည်ရမလဲ၊ စိတ်ထဲမှာ ရှိနေတဲ့သံသယစိတ်တွေ ပိုခိုင်မာသွားတယ်။ အောက်လမ်းနည်းတွေကိုနိုင်တဲ့ ဆေးဆရာဘုန်းကြီးတစ်ပါးကို သွားပြတုန်းက “ဒီကိုယ်တော်လေးကို စုန်းပြုစားထားတာ”လို့ ပြောဘူးထားတော့ သံသယတွေဖြစ်နေတာ။ အမျိုးသားရော အမျိုးသမီးရော ဟိုလူဒီလူတွေကျွေးတဲ့ ကွမ်းယာတွေကိုလည်း စားထားဘူး တော့ အင်း.. သေချာပါပြီ။ ဒီလိုနဲ့ စိတ်ဓာတ်တွေ ပိုကျဆင်းလာတယ်။ လာပို့သမျှအစားအစာတွေကို စားဘို့မပြောနဲ့ လှည့်တောင် မကြည့်တော့ဘူး။ အစာလုံးဝ မစားတော့သလောက် ဖြစ်လာတယ်။ တမှေးမှလည်း မအိပ်တော့ဘူး။ လမ်းလျှောက်ချင် စိတ်တွေ လည်း မရှိတော့ ကုတင်ပေါ်မှာပဲ နေ့နေ့ညည လဲလျောင်းနေခဲ့တယ်။

 

          တစ်ည....

          ခပ်ပြင်းပြင်း တံခါးခေါက်သံကို ကြားလိုက်ရတဲ့ည။ အဲဒီညပေါ့။ ညဉ်နက်သန်းခေါင်အချိန်ရောက်တော့ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ်ဖြစ်လာပြီး မျက်စိအမြင်တွေ ဝေဝါးလာတယ်။ မြင်ရတဲ့အရာတွေက လည်ပတ်နေတယ်၊ ခဏနေ တော့ ရင်ခေါင်းထဲမှာမှာ တင်းကြပ်လာပြီး-

 

          “အေ့.....အေ.့...အစ်”

          “ဘုန်းဘုန်းလေး... ဘုန်းဘုန်းလေး... ဟာ သွားတော့မယ်နဲ့တူတယ်၊ ဒုက္ခပါဘဲ”

 

          တအေ့အေ့နဲ့ ကြို့ကြီးထောက်လာတယ်။ အခန်းထဲမှာ လာစောင့်အိပ်ပေးတဲ့ ဦးဇင်းကြီးက ထိပ်ထိပ်ပျာပျာနဲ့ ရင်ဘတ်ပေါ်ကို အားနဲ့ဖိပေးတယ်၊ ငုတ်တုတ်ဆွဲထူပြီး နောက်ကျောတွေကို တံတောင်တွေနဲ့ လိုက်ထောက်တယ်။ ခဏကြာတော့ ငြိမ်ကျသွားတယ်။ ဦးဇင်းကြီးကတော့ သူ့အတွေ့အကြုံအရ ကြို့ကြီးထောက်ပြီး ငြိမ်ကျသွားတာမို့ သွား ပြီလို့ကို ထင်လိုက်တော့တယ်။

 

          မသွားသေးပါဘူး၊ သူအနှိပ်ကောင်းလို့ပဲလားတော့မသိ ကြို့ထိုးတာရပ်ပြီး သတိကောင်းကောင်းပြန်ဝင်လာ တယ်။ အဲဒီမှာ စိတ်ကိုလျှော့ချလိုက်ရင်တော့ သွားပြီဆိုတာ အလိုလိုသိနေတယ်။ ဒါနဲ့ ပြန်စဉ်းစားလိုက်တယ် “ဒီနေ့ ချိန်ထိ ငါ့ရဲ့ သက်တမ်းတလျှောက်မှာ ကုသိုလ်နဲ့ အကုသိုလ်ဟာ ဘယ်ဟာပိုများနေလဲ၊ အားရကျေနပ်လောက်အောင် လုံလောက်တဲ့ကုသိုလ်မျိုး မရှိခဲ့သေးဘူး၊ ဒါက ကိုယ့်အတွက်။ သူတစ်ပါးအတွက်ရော ဘာတွေအကျိုးကျေးဇူးပြုခဲ့ဘူး ပြီလဲ၊ ပြောစမှတ်ပြုလောက်အောင် မရှိ။ ဒီတော့ ငါသေလို့မဖြစ်သေး၊ ငါ့တာဝန်မကျေသေး၊ တလောကလုံးအတွက် မဟုတ်တောင် တစ်ရပ်တစ်ရွာလောက်၊ အဲဒီလောက်မဟုတ်ရင်လည်း တစ်မိသားစုလောက်၊ အို... နောက်ဆုံး တစ်ယောက်လောက်ကိုပဲဖြစ်ဖြစ် ထူးခြားတဲ့ကျေးဇူးပြုခဲ့လိုက်နိုင်မယ်၊ အကျိုးပြုစာပေလေး တစ်စောင်လောက် ရေးခဲ့ လိုက်နိုင်မယ်ဆိုရင်ကို သေပျော်ပါတယ်၊ ဒါပေမယ့် အဲဒါတွေ လုံးဝမရှိခဲ့သေး၊ ဒါကြောင့် ငါသေလို့မဖြစ်သေး” ဆိုပြီး စိတ်ကိုပြန်တင်းခဲ့တယ်။

 

          လူးလူးလွန့်လွန့်ပြန်ဖြစ်လာတော့မှ ဦးဇင်းကြီးလည်း သက်ပြင်းချပြီး လူပျံတော်ပတ္တမြားသွေးဆေးမှုန့်တွေကို ရေနဲ့ဖျော်ပြီး ပါးစပ်ထဲလောင်းထည့်တယ်၊ ရင်ထဲအေးသွားသလိုတော့ရှိသား။ အဲဒီည သေမင်းက တံခါးလာခေါက်ပေ မယ့် ဖွင့်မပေးလိုက်တဲ့အတွက် ပြန်လှည့်သွားတယ်။ ကိုယ့်ကိုယ်လည်း လောလောဆယ် မသေတော့ဘူးလို့ အသိစိတ် ဝင်လာတယ်။ မနက်ရောက်တော့ အရပ်ထဲကလူတွေရော၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေရော အပြေးရောက်လာ ကြတယ်။ ဆိုသူဆို ငိုသူငိုနဲ့ တယောက်တပေါက်ပေါ့။ အရှေ့ပိုင်းက ကြွလာတဲ့ သာယာအေးကျောင်းဘုန်းကြီး ဦးဝိစိတ္တ (ရဟန်း ဒကာတူ နောင်တော်ကြီး) က-

 

          “ကဲ... မင်းတော့ စုန်းလုပ်လို့မသေဘဲ ရွာသူလုပ်လို့ သေလိမ့်မယ်၊ ငါနဲ့ ပဲလိုက်ခဲ့တော့”

          ဆိုပြီးအရှေ့ပိုင်း သူ့ကျောင်းကိုခေါ်သွားတယ်။ ဘုန်းကြီးပြောတဲ့ ရွာသူဆိုတာက ရွာထဲကသူတွေ တစ်ယောက် တစ်ပေါက် လာပြောနေတာနဲ့  ယုန်ထင်ကြောင်ထင် ဟိုဟိုဒီဒီထင်ပြီး မဖြစ်သင့်တာတွေ ဖြစ်သွားလိမ့်မယ်ဆိုတဲ့ သဘော။ ဘုန်းကြီးက အားလုံးကိုလည်း မှာခဲ့တယ် “မောင်စံရဲ့ ညီအစ်ကိုမောင်နှမ အရင်းတွေကလွဲပြီး ဘယ်သူမှ လူနာလာမမေးရ၊ ညီအစ်ကိုမောင်နှမတွေလည်း ဆံပြုတ် နွားနို့ စသည်လာပို့ပြီးတာနဲ့ ပြန်ရမယ်” လို့ အမိန့်ထုတ်ထား တယ်။

 

          ဝါတွင်းကြီးဆိုတော့ မောင်စံ (၇) ရက်ဝါပန်ပြီးလိုက်သွားတယ်။ ရောဂါက စိတ်ကြောင့်ဖြစ်တဲ့ရောဂါလို့ ဆို ရမယ်၊ အရှေ့ပိုင်း (မောင်စံမွေးရပ်မြေ) ကို ရောက်သွားကတည်းက စိတ်ထဲမှာ ကြည်လင်ပြီး ကျေနပ်လာတယ်။ မနက် တိုင်း ကားလမ်းတလျှောက် (၃) မိုင်လောက် ဘုန်းကြီးနဲ့အတူ လမ်းလျှောက်လိုက်ရတယ်။ ပြန်ရောက်ရင် ခဏနား ရေချိုးခိုင်းပြီး အစာတစ်ခုခုကို စားစေတယ်။ ဝမ်းပူလာတာဆိုတော့ အစာလေးတွေ နည်းနည်းပိုဝင်လာတယ်။

 

          ဘုန်းကြီးက အင်္ဂလိပ်ဆေးတွေ အကုန်ဖြတ်ထားပြီး ဓာတ်စာနဲ့ကုတယ်။ ကျွဲကောသီး (ရှောက်ပန်းသီး) ကို ပျားရည်နဲ့ရောစားရင် ဝမ်းမီးကိုတောက်စေ၊ အားကောင်းစေတာမို့  နေ့တိုင်းစားရတယ်။ ဒါကြောင့်ထင်တယ် ဆာတတ် လာတယ်။ ဆာလာပြီဆိုတော့မှ ဆန်ပြုတ်နေရာမှာ တခြားအစားအစာလေးတွေ ပြောင်းပြီးစားစေတယ်။ သို့သော် ခန္ဓာ ကိုယ်က အပွင့်ဓာတ်လိုနေသေးတဲ့အတွက် တောင်ငူက တိုင်းရင်းဆေးဆရာကို သွားပြပြီး ဆရာပေးတဲ့ (ဆေးအမှတ် (၃၅) လား (၃၉) လားတော့ မမှတ်မိတော့ဘူး) ဆေးမှုန့်တွေကို နံနက် နေ့ ည ပျားရည်နဲ့ သောက်တာသောက်၊ ရေကျက်အေးနဲ့သောက်တာသောက်၊ မှိုင်းခံပြီးရှူတာရှူ၊ သနပ်ခါးနဲ့သွေးလိမ်းတာလိမ်း ပုံမှန်လုပ်ခဲ့ရတယ်။ တဖြည်း ဖြည်း ငိုက်မြည်းတာလေးတွေ မှေးကနဲ ခဏအိပ်ပျော်သွားတာလေးတွေ ဖြစ်လာတယ်။ ဘေးကလူကတော့ ပြောတယ် “ဦးဇင်းကသာ မှေးကနဲ ခဏလေးလို့ထင်နေတာ၊ နာရီဝက်ကျော်ကျော် ကြာပါတယ်၊ ဟောက်တောင်ဟောက်နေသေး တယ်...”တဲ့။ အင်း ဟုတ်လားပဲ။

 

          ဒီလိုနဲ့ (၇) ရက်တကြိမ် အနောက်ပိုင်းမှာ ဝါပြန်ပြန်ပန်ပြီး သုံးပတ်လောက်မှာ ဝါကျွတ်တယ်။ ဝါကျွတ်ကျွတ် ချင်း ကညင်ပင်ရွာမှာ (၅) ရက် တရားစခန်းပွဲရှိတယ်ဆိုလို့ စာရင်းပေးပြီး သွားဝင်လိုက်တယ်။ ဆေးတွေလည်းပါသွား တယ်။ တရားစခန်းမှာ အိပ်ယာထချိန်၊ ရေချိုးချိန်၊ စားသောက်ချိန်၊ တရားအားထုတ်ချိန်၊ အိပ်ချိန်တွေကို စည်းကမ်းနဲ့ ပုံမှန်လိုက်လုပ်ရတာဆိုတော့ (၃) ရက်အတွင်းမှာပဲ လူကောင်းပကတိလို အိပ်တာတွေ စားတာတွေ မှန်သွားတယ်။ ညလုံးပေါက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာတယ်၊ စားတော့လည်း ဘာနဲ့မဆို များများစားလာနိုင်တယ်၊ တရားစခန်းမှာ ရောဂါ လုံးဝလုံးဝ ပျောက်ကင်းသွားတယ်ပေါ့။

 

          ဝိုင်းဝန်းပြုစု ကုသပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ အင်း... အများအကျိုးပြုဘို့ စိတ် ကူးထားတဲ့အတိုင်း စွမ်းနိုင်သလောက် လုပ်ရပေဦးမယ်။ တရားဟောတယ်၊ စာရေးတယ်၊ စာသင်တယ်၊ စာအုပ်စာပေ ဆရာသမားတွေဆီက ရရှိထားတဲ့ သြဝါဒတွေနဲ့ လူကြီးလူငယ် အရွယ်စုံအောင် ဆုံးမပေးတယ်၊ ဗဟုသုတတွေ လက်ဆင့်ကမ်းတယ်။ လက်ရှိနဲ့အားမရသေးလို့ ဆက်ပြီးလေ့လာတယ်၊ သီတဂူဆရာတော်ကြီးရဲ့ မေတ္တာရိပ်ကို ခိုလှုံပြီး နိုင်ငံခြားပညာတော်သင်ထွက်ခဲ့တယ်၊ ဘွဲ့တွေ ဒီဂရီတွေ ရရှိပြီးပြန်လာတော့ အမိတက္ကသိုလ်မှာ ညီငယ်ညီမငယ်များ ကို ပြန်လည်သင်ကြားပေးခွင့်ရခဲ့တယ်။ သီတဂူ ရေ၊ ဆေး၊ တက္ကသိုလ် ပရောဂျက်ကြီး (၃) ခုလုံးမှာ ဦးဆောင်သံဃာ တစ်ပါးအနေနဲ့ ပါဝင်သာသနာပြုခွင့်ရခဲ့တယ်။ အခု အသက်လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်ရောက်တဲ့အခါမှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ သာသနာထွန်းကားစေဘို့ “သီတဂူသံဃဝိဟာရ” ကျောင်းတော်ကြီးတည် ဆောက်ရေးအတွက် ဆရာတော်ရဲ့ရွေးချယ်စေလွှတ်မှုကို ခံယူရရှိခဲ့တယ်။

 

          “အလုပ်ဆိုတာ အခွင့်အရေးပဲ” ဆိုတဲ့ဆရာတော်ရဲ့ ဆုံးမသြဝါဒနဲ့အညီ လုပ်ခွင့်ရတုန်း ဆရာဒကာလက်တွဲပြီး မခိုမကပ်လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့အလျောက်လည်း အောင်မြင်တိုးတက်တယ်လို့ ဆိုရမယ်။ ဆရာတော်ကလည်း အသိ အမှတ်ပြုသလို နိုင်ငံအသီးသီးကလည်း Appreciate လှမ်းလုပ်ကြတယ်... ဆိုတော့ ကျေနပ်စရာပေါ့။ အင်း... ဒါပေမယ့် ဉာတကာနဉ္စ သင်္ဂဟော မင်္ဂလာနဲ့ မပြည့်စုံသေးဘူး၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဘာမှပြန်မလုပ်ပေးရသေးဘူး၊ စာသင်ကျောင်းတွေ ဆေးရုံတွေ စာကြည့်တိုက်တွေ မလုပ်ပေးနိုင်သေးတောင် ဗွက်ထူနေလို့အသွားအလာခက်ခဲပြီး ကူးသန်းရောင်းဝယ်ရေး မဖြစ်တဲ့လမ်းတွေကို လယ်ထွန်စက်ရော နွားလှည်းပါမောင်းလို့ရနိုင်အောင် လုပ်ပေးရမယ်၊ ဒါဆိုသေချာပေါက် ဖွံ့ဖြိုးတိုးတက်သွားမယ်၊ ဈေးတွေ အိမ်ဆိုင်တွေနဲ့ စည်ကားလာမယ်။ ဒါလွယ်ပါတယ် မြို့နယ် ရပ်ကွက် အရာရှိလူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မတည်ပေးလိုက်ရင် ဖြစ်သွားမှာ၊ ဟုတ်တယ် လုပ်ကိုလုပ်ပေးဦးမယ် တွေးနေတုန်း-

 

          ဒေါက် ဒေါက် ဒေါက်... တဲ့

          ဟော ခေါက်ပြန်ပြီ

          ဒီ အသံရှင်

          အပြင်က မဟုတ်

          တဒုတ်ဒုတ် နဲ့

          ကျုပ်ပဲ ကိုယ်တိုင် ခေါက်လိုက်တယ်။

 

          ဟုတ်တယ် ဒီတခါတော့ သေမင်းတံခါးကို ကိုယ်တိုင်သွားခေါက်လိုက်မိတယ်။ ဖြစ်ပုံက ဒီလို၊ လွန်ခဲ့တဲ့ (၆) လ လောက်က တကြိမ်၊ (၁) လလောက်ကတစ်ကြိမ် (မရိုသေ့စကား) ဝမ်းသွားတဲ့အခါ ဝမ်းတွေမဲနက်နေတာကို သတိထားမိတယ်၊ သာမန်မဲတာမဟုတ်ဘူးနော် ကတ္တရာစေးလိုမဲပြီး စေးထန်းနေတာ၊ ဖြစ်တိုင်းဖြစ်တိုင်း (၃) ရက် လောက်နေရင် ပုံမှန်ပြန်ပြန်ဖြစ်သွားတာမို့ ဆရာဝန်တွေကိုမမေးဖြစ်တော့ဘူး။

 

          ခုတစ်ခါ ဝမ်းမည်းတာက (၃) ကြိမ်မြောက်၊ ညက မည်းတယ်၊ မနက်မှာလည်းမည်းတယ် ဒါပေမယ့် ထူးထူး ခြားခြား ခံစားရတာမျိုးတော့မရှိ။ သို့သော် လှုပ်လှုပ်ရှားရှားနည်းနည်းလုပ်မိတာနဲ့ များများမောနေတတ်တာကိုတော့ သတိထားမိတာကြာပြီ၊ ဝမ်းမည်းပြီး ဒုတိယရက် နေ့ဆွမ်းကို ဆွမ်းဒကာတွေက ဂျပန်ဆူရှီးဘူဖေး စားသောက်ဆိုင်မှာ လိုက်ကပ်တယ်။ အဲဒီမှာ ဆူရှီးနဲ့အတူ ဝါဆားဘီ နဲ့ ဂျင်းကိုများများစားမိတယ်၊ အပူအစပ်တွေပေါ့။

 

          စားပြီးလို့ဆိုင်ပြင်ပြန်ထွက်ပြီး ပေါ်တီကိုအောက်မှာ အမှတ်တရစုပေါင်းဓာတ်ပုံလေး ရိုက်နေတုန်း ဗြုန်းဆိုခွေ ကျသွားတော့တာပဲ။ လောကကြီးနဲ့ (၅) မိနစ်လောက် အဆက်အသွယ်ပြတ်သွားတယ်။ သတိရတော့ ရဲကားတွေ၊ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေ တဝီဝီနဲ့ရောက်နေပြီ။ ဦးကာ နဲ့ အောင်ဆန်းဆရာတော်တို့ကလည်း မှီပေးထား ပြီး နှိပ်တဲ့သူကနှိပ် ချွေးသုတ်တဲ့သူကသုတ်ပေါ့၊ တကိုယ်လုံး ချွေးတွေချွဲနစ်အောင်ထွက်နေတယ်။ စားတဲ့အစားအစာ အပူနဲ့တွေ့တော့ အစာအိမ်ထဲကအနာက သွေးတွေယိုစိမ့်ပြီး လုံးဝ အရုပ်ကြိုးပြတ်လဲကျသွားတော့တာ။ သွေးနီဥ ခေါ်မလား Hemoglobin Rate က 6.4 ပဲရှိတော့တယ်တဲ့။ ပုံမှန် 12.6 – 17.7 အတွင်းမှာရှိနေရမယ့်သွေးဟာ 6.4 ထိ ထိုးကျသွားတယ်ဆိုတော့ တခါတည်းအသက်ပါသွားနိုင်တယ်လို့ ဆရာဝန်တွေကဆိုပါတယ်။

 

          ဒါဟာလည်း မရဏတံခါးကို ခေါက်လိုက်တာပါပဲ။ တကယ်တော့ ဝမ်းထဲကရောဂါက သေလောက်တဲ့ရောဂါ မဟုတ်ပဲ ကိုယ်ဂရုမစိုက်လို့ ခုလိုသေလောက်အောင်ထိ ဖြစ်သွားတာဆိုတော့ မရဏတံခါးကို ကိုယ်ကသွားခေါက်တာ လို့ပဲ ပြောရမှာပေါ့။         

          တော်သေးတယ် ဆွမ်းကပ်တဲ့ဒကာက အမေရိကန်လူမျိုးဆိုတော့ ချက်ချင်း (911) ခေါ်ပြီး အချိန်မီဆေးရုံကို ရောက်သွားနိုင်ခဲ့တယ်။ အရေးပေါ်ဌာနမှာ လိုအပ်တဲ့စစ်ဆေးကုသမှုတွေကို အချိန်နဲ့တပြေးညီ လုပ်ဆောင်သွားကြ တယ်။ ဆေးကုသစရိတ် တတ်နိုင်လား မတတ်နိုင်လားဆိုတာတွေကို စစ်ဆေးမေးမြန်းမနေဘူး။ ရောက်လာတဲ့လူနာ ကို အမြန်ဆုံးအသက်ကယ်နိုင်ဘို့ပဲ အဓိကထားကြတယ်။ ဒို့နိုင်ငံလို ဟိုလူ့ကပ်ရ ဒီလူ့ဖါးရ၊ ဆေးရုံပေါက်စောင့်တဲ့သူ ကိုတောင် လာဒ်ပေးရတာမျိုး လုံးဝမရှိဘူး။ ဆေးဝယ်ရတာတွေ၊ ကပ်ကျေးဝယ်ရတာတွေ၊ ပတ်တီးဝယ်ရတာတွေ ဘာမှမလိုဘူး၊ အင်း ဒါတွေပြောရင်တော့ ဆုံးမှာမဟုတ်ပါဘူးလေ။

 

          အရေးပေါ်ဌာနမှာ မိမိကို အောက်ဆီဂျင်ပေးထားပြီး၊ အီးစီဂျီရိုက်တာတို့၊ ကက်စတင်ရိုက်တာတို့၊ ချက်စကင် ရိုက်တာတို့နဲ့ တစ်ကိုယ်လုံးအနှံ့ ရောဂါရှာဖွေတယ်၊ သွေးဖေါက်စစ်တယ်၊ နှာခေါင်းထဲပိုက်ထည့်ပြီး အစာတွေကို စုပ်ထုတ်တယ်၊ နောက်တော့ နေရမယ့်အခန်းကိုပို့ပြီး သွေးနှစ်အိတ်ဆက်တိုက်သွင်းတယ်။ တခြားဆေးတွေကိုလည်း ဆေးရုံဆင်းသည်အထိ မပြတ်ချိတ်ထားတယ်။ နောက်တနေ့မနက် (၇) နာရီလောက်မှာ အောက်ထပ်က ရောဂါရှာဖွေ ရေးဌာနကိုခေါ်သွားပြီး ပါးစပ်ထဲကတဆင့် အစာအိမ်အူလမ်းကြောင်းတလျှောက် ကင်မရာနဲ့ ရောဂါရှာတယ်၊ မိမိ အိပ် ပျော်သွားတာမို့ ဘာတွေဘယ်လိုလုပ်နေတယ်ဆိုတာကို မသိလိုက်ဘူး၊ ပြီးလို့လှုပ်နှိုးလိုက်တော့မှ နာရီဝက်တောင်ရှိ သွားပြီဆိုတာသိတယ်။

 

          အစာအိမ်မှာ အနာသေးသေးလေးတွေ့တယ်တဲ့၊ အဲဒီနားက အသားစလေးကို ထုတ်ယူပြီး Biopsy လုပ်တယ်၊ ကင်ဆာမဟုတ် ဗက်တီးရီယားပိုးတွေကြောင့် အစာအိမ်မှာအနာဖြစ်လာတဲ့အကြောင်း သိရတယ်၊ နှစ်ညအိပ် သုံးရက် ညနေပိုင်းမှာ သွေးတစ်အိပ်ထပ်သွင်းပြီး ဆင်းခွင့်ပေးလိုက်တယ်။ ဆေးစာတွေရေးပေးပြီး နှစ်ပတ်စာဆေးတွေကို ပုံမှန် စားရမယ်၊ ပြီးရင် ဆေးရုံမှာပြန်ပြီး Follow up လုပ်ရမယ်ပေါ့။ ခုတော့ ဆေးရုံက ဆင်းလာတာ တစ်ပတ်ကျော်သွားပြီ၊ အစားအစာလေးတွေလည်း အပူအစပ် နဲ့ အချဉ်ရှောင်ပြီး ထမင်းပျော့ပျော့လေးတွေ စားလာပါပြီ။ မနေ့ကပဲ မိမိပြနေကျ Family Doctor နဲ့လည်းပြပြီး သွေးရော ဝမ်းပါ စစ်ဆေးပြီးခဲ့တယ်။ အားလုံးအိုကေတယ်... တဲ့၊ ဒါပေမယ် “အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်” ဆိုသလို အသက်ရှည်လိုရင်တော့ ဉာဏ်ကိုလွှာသုံးပြီး စားတာသောက်တာ လှုပ်ရှားတာတွေ လုပ်ရမှာပေါ့လေ။

 

          အင်း... မသေလို့ ပြောတာတော့ မဟုတ်ပါဘူး၊ ခုချိန်မှာ အကြောင်းတမျိုးမျိုးကြောင့် သေသွားမယ်ဆိုရင် တောင် ကြောက်စိတ်တော့ ငယ်ကလိုမဖြစ်တော့ဘူး၊ ကိုယ့်အင်ကိုယ့်အားနဲ့ ကိုယ်စွမ်းနိုင်သလောက် အကျိုးပြုလုပ် ငန်းတွေလုပ်ခဲ့ပြီးပြီလေ။ ထပ်နေရသေးရင်လည်း ထပ်လုပ်ခွင့်ရဦးမှာပေါ့...။

 

          “ဒေါက်... ဒေါက်... ဒေါက်...”

          ဟော... ခေါက်ပြန်ပြီ

          “ဒေါက်... ဒေါက်... ဒေါက်...”

          ဟင်... ဒီတခါတော့ မဖွင့်မချင်းကို ခေါက်နေပါပေါ့လား။ ကဲလေ ဒီလောက်တောင်ဖြစ်တာ မထူးတော့ပါဘူး၊ ဖွင့်ပေးလိုက်တော့မယ်။

          “ကျွီ.......”

          “အော် … လူနာမေးရင်း ဆွမ်းလာကပ်တဲ့ ဒကာဒကာမတွေပါလား...”

မောင်စံ (သီတဂူ)

Aug 16, 2013

နေမကောင်းစဉ်အတွင်း ဝိုင်းဝန်းပြုစုစောင့်ရှောက်ပေးကြသော ဖလော်ရီဒါ ဒကာဒကာမများအားလုံး၊ ဖုန်းဖြင့်မေးမြန်း မေတ္တာပို့ပေးကြသော သီတဂူဆရာတော်၊ ဓမ္မဘေရီဆရာတော်၊ အောင်ဆန်းဆရာတော်၊ ရေနံချောင်းဆရာတော်၊ ဆရာတော် ကံထွန်းသစ်၊ သီတဂူအရှင်ကာရုည နှင့်တကွ ပြည်နယ်အသီးသီး၊ နိုင်ငံအသီးသီးမှ သူငယ်ချင်းသီတင်းသုံးဖေါ် ဒကာဒကာမများအား ဤဆောင်းပါးဖြင့် ကျေးဇူးတုန့်ပြန်အပ်ပါသည်

 

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

2013-ခု၊ ဒီဇင်ဘာလ(၈)ရက်၊ တနင်္ဂနွေနေ့ ...

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET