မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

ဗုဒ္ဓဘာသာနှင့် ကယ်တင်ရှင်

uzawtika

                      လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဒကာကြီးတစ်ယောက်က လျှောက်တယ်၊
မြန်မာပြည်က နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီး တစ်ယောက်ရဲ့သားက သူယူထားတဲ့ အခြား ဘာသာတစ်ခုကို ကိုးကွယ်ဖို့ဟောထားတာ (့You tube)မှာ  တွေ့လိုက်ရတယ်ဘုရား၊ ပထမတော့ ဗုဒ္ဓဘာသာတရားတော်တွေကိုဟောတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံတွေ အကြောင်းနဲ့ ‘ကုသိုလ်ကံပြုရင် ကောင်းတဲ့ဘုံကိုရောက်မယ်၊ အကုသိုလ်ကံပြုရင် မကောင်းတဲ့ဘုံကိုရောက်မယ်’ ဆိုပြီး တကယ်ယုံယုံကြည်ကြည်နဲ့ဟောနေသလိုပဲ...

.

    ပဋိစ္စသမုမ္ပါဒ်အကြောင်းကို ပြောသွားတာများ တော်တော်ကို လေ့လာထားပုံရပါတယ်ဘုရား၊ နောက်ဆုံးကျမှ သူကောက်ချက်ချလိုက်တာက မြတ်စွာဘုရားရဲ့ တရားတော်အတိုင်းဆိုရင် လူတွေသေရင် အပါယ်လေးဘုံကို ရောက်မဲ့သူတွေချည်းပဲ၊ နတ်ပြည်ရောက်မဲ့သူတွေက မရှိသလောက်ပဲ၊ ဘာပြုလို့လဲဆိုရင် ဘာလုပ်လုပ် လူတွေဟာ လောဘဒေါသတွေနဲ့ချည့် လုပ်ကြတာများတယ်၊ စားလဲလောဘ၊ သွားလဲ လောဘ၊ အိပ်လဲလောဘ၊ ဘာလုပ်လုပ်လောဘချည်းပဲ၊ ဒါကြောင့် သေရင်တော့ အပါယ်ဘုံပဲ ရောက်မယ်ဆိုတာ သေချာနေတယ်။


အဲဒီတော့ ဗုဒ္ဓဘာသာကို အားကိုးနေရင် နတ်ပြည်ရောက်စရာလမ်း မမြင်ဘူး၊ အားကိုးရာမရှိဘူး ဖြစ်နေတယ်၊ သေရင် ကောင်းမွန်တဲ့ဘုံ ကိုရောက်အောင် ကယ်တင်နိုင်တဲ့ ကယ်တင်ရှင် လိုတယ်၊ တကယ်လို့ကယ်တင်ရှင်က လူတွေကို နတ်ပြည်ရောက်အောင် ကင်တင်ပေးနိုင် မယ်ဆိုရင် အဲဒီကယ်တင်ရှင်ကိုပဲ အားကိုးသင့်တယ်။ ကိုးကွယ်သင့်တယ်၊ အဲဒီကယ်တင်ရှင် ရှိတဲ့ဘာသာကို ယူသင့်တယ်၊  


ဘာသာတွေကို ပြန်လေ့လာကြည့်လိုက်တော့ သူယူထားတဲ့ဘာသာမှာ ကယ်တင်ရှင်ရှိတယ်၊ ဘုရားသခင်(God)ရှိတယ်၊ ဘုရားသခင်က လူတွေကို ကောင်းမွန်တဲ့ဘုံဘဝရောက်အောင် ကူညီနိုင်တယ်၊ ဘုရားသခင်ကိုယုံကြည်ရင် ဘုရားသခင်က အပြစ်တွေကို ဆေးကြောပေးပြီး ကောင်းကင်ဘုံကို ပို့ဆောင်ပေးနိုင်တယ်၊ ဒါ့ကြောင့် ဘုရားသခင်ကိုပဲ ကိုးကွယ်သင့်တယ်၊ အဲဒီဘာသာကိုပဲ ကိုးကွယ်သင့်တယ်ျဆိုပြီး နောက်ဆုံး သူလိုချင်တဲ့ဘက်ကို ဆွဲဟောသွားတယ်ဘုရား။


ဒကာကြီးရဲ့စကားကို ကြားရတော့ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာမွေးပြီး ဗုဒ္ဓတရားတော်တွေကိုလဲ လေ့လာပါလျှက် ဗုဒ္ဓရဲ့တရားတော်တွေကို နားမလည် တာဟာ အင်မတန်မှ ဝမ်းနဲစရာ ကောင်းပါလားလို့တွေးလိုက်မိတယ်၊ စဉ်းစားစရာက ဆရာကောင်းကောင်းနဲ့ မလေ့လာမိလို့ နားလည်မှုတွေလွဲနေသလား ဒါမှမဟုတ် အပြစ်ရှာဖို့သက်သက်ပဲလေ့လာလို့ တကယ့်အဆီ အနှစ်တွေကို မရလိုက်တာလားဆိုတဲ့ အချက်ပါပဲ၊ ဆရာကောင်းကောင်းနဲ့ မလေ့လာမိလို့ နားလည်မှုတွေလွဲနေတယ်ဆိုရင် အကူအညီပေးမည့်လူလိုအပ်ပါတယ်၊

 

    ဒါမှမဟုတ် အပြစ်ရှာဖို့သက်သက်(အသုံးချဖို့သက်သက်)နဲ့လေ့လာတယ်ဆိုရင်တော့ သနားစရာ ကောင်းပါတယ်၊ ဘုရားတရားတော်တွေကို လေ့လာသင်ယူတဲ့အခါမှာ မြွေဖမ်းတဲ့စာသင်နည်း မျိုးနဲ့ မလေ့လာမသင်ယူမိဖို့ အရေးကြီးပါတယ်၊ မြွေဖမ်းတဲ့စာသင်နည်းမျိုးနဲ့လေ့လာသင်ယူ မယ်ဆိုရင် အကျိုးမဖြစ်ထွန်းတဲ့အပြင် အကြီးအကျယ် အကျိုးယုတ်တတ်ပါတယ်၊ ဒါ့ကြောင့် ဒီတရားဟောဆရာဟာ အပြစ်ရှာဖို့အတွက်နဲ့ ဗုဒ္ဓနရားတော်တွေကို လေ့လာတယ်ဆိုရင်တော့ အပြစ်ပဲမြင်တွေ့ပြီး။ ကောင်းတဲ့အရာတွေအားလုံး လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ်၊ အကောင်းမြင်ဝါဒနဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို လေ့လာပြီး လိုက်နာကျင့်ကြံအားထုတ်မယ် ဆိုရင် လေ့လာသလောက် ကျင့်ကြံအားထုတ် သလောက် ကောင်းကျိုးတွေရရှိပါလိမ့်မယ်၊


စာပေကျမ်းဂန်တွေမှာ စာသင်နည်းသုံးမျိုးရှိကြောင်း ပြဆိုထားတယ်၊ ဗဟုသုတအဖြစ် မှတ်သားထားဖို့ ကောင်းပါတယ်၊

(၁) အလဂဒ္ဒူပမ စာသင်နည်း၊

(၂) နိဿရဏတ္ထစာသင်နည်း၊

(၃) ဘဏ္ဍာဂါရိက စာသင်နည်း၊
(၁)    အလဂဒ္ဒူပမ (အလဂဒ္ဒ-မြွေနှင့်။ ဥပမာ-တူသော) စာသင်နည်းဆိုတာ မြွေကိုပြစားလိုတဲ့ ရည်ရွယ်ချက်နဲ့ မြွေဖမ်းမကျွမ်းကျင်ဘဲ မြွေဆိုးကို အမြီးကဖြစ်စေ ခေါင်းကဖြစ်စေ ကိုင်ပြီးဖမ်းလိုက်လို့  ဒုက္ခရောက်ရတဲ့ မြွေဖမ်းယောကျာ်းကဲ့သို့ အသုံးချဖို့ (ပြစားဖို့ အပြစ်ရှာဖို့ သက်သက်နဲ့ ဗုဒ္ဓစာပေတွေ ကို မမှန်မကန် သင်ယူခဲ့ရင် အကျိုးမဖြစ်ထွန်းသည့်အပြင် ဒုက္ခရောက်နိုင်တဲ့ လေ့လာ သင်ယူနည်းမျိုးကို ဆိုလိုပါတယ်၊


(၂)    နိဿရဏတ္ထ (လွတ်မြောက်လိုတဲ့) စာသင်နည်းဆိုတာ သံသရာမှထွက်မြောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဗုဒ္ဓတရားတော်တွေကို လေ့လာသင်ယူတဲ့ သင်ယူနည်းမျိုးကို ဆိုလိုပါတယ်၊


(၃)    ဘဏ္ဍာဂါရိက (ဘဏ္ဍာတိုက်အစောင့်) စာသင်နည်းဆိုတာ သံသရာမှထွက်မြောက်ပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ လေ့လာသင်ယူနည်းမျိုးကို ဆိုလိုပါတယ်၊ ရဟန္တာပုဂ္ဂိုလ်များဟာ ဗုဒ္ဓရဲ့တရားတော်များ အရှည်တည်တန့် ဖို့အတွက် တဆင့်ဖြန့်ဝေဖို့လေ့လာသင်ယူ ကြပါတယ်၊

 

ဒီစာသင်နည်းသုံးမျိုးထဲက အလဂဒ္ဒူပမ စာသင်နည်းမျိုးနဲ့ ဗုဒ္ဓတရားတော်တွေကို လေ့လာတယ် ဆိုရင် အကျိုးမဖြစ်ထွန်းဘဲ အကျိုးယုတ် တတ်ပါတယ်၊ ဘာကိုပဲ လေ့လာလေ့လာ အပြစ်ရှာ လိုတဲ့ရည်ရွယ်ချက်နဲ့လေ့လာရင် အပြစ်ပဲတွေ့ပါတယ်၊ အကောင်းကို မတွေ့တတ်ပါဘူး၊ ဒါ့ကြောင့် မတူညီတဲ့ ဘာသာ မတူညီတဲ့ယဉ်ကျေးမှုစသည်ကို လေ့လာတဲ့အခါ အကောင်းမြင် တတ်တဲ့စိတ်နဲ့ လေ့လာဖို့ အင်မတန်လိုအပ်ပါတယ်။


ဒီနေ့ဟောချင်တဲ့ ရည်ရွယ်ချက်က လျှောက်တဲ့ဒကာကြီးရဲ့စကားနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဟာ ကိုးကွယ်ရာမဲ့ အားကိုးရာမဲ့ ကယ်တင်ရှင်မဲ့တဲ့ဘာသာ မဟုတ်ဘူးဆိုတာ သိစေချင်လို့ပါပဲ၊ ဒီအကြောင်းကို ဥပရိပဏ္ဏာသပါဠိတော်။ ဂေါပကမောဂ္ဂလာနသုတ်မှာ အရှင်အာနန္ဒာ မထေရ်မြတ် မိန့်တော်မူထား တဲ့တရားစကားနဲ့ ဟောပြပါ့မယ်၊  


မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမသင်္ဂါယနာတင်ဖို့အတွက် အရှင်အာနန္ဒာက ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်၊ အဇာတသတ်မင်း ကြီးကလဲ စဏ္ဍပဇ္ဇောတမင်းရဲ့ရန်က ကြောက်လို့ တိုင်းပြည်ကို အခိုင်အမာပြုပြင်နေတဲ့အချိန်၊ စဏ္ဍပဇ္ဇောတမင်းကြီးက ဗိမ္ဗိသာရမင်းကြီးနဲ့ သိပ်ပြီးရင်းနှီးတယ်၊ ဒါ့ကြောင့် အဇာတသတ်မင်းက ခမည်းတော်ဗိမ္ဗိသာရမင်းကြီးကိုသတ်ပြီး မင့်းဖစ်လာတဲ့အခါ  “စဏ္ဍပဇ္ဇောတ မင်းကြီးက သူ့ကို စစ်လာတိုက်လိမ့်မယ်” ဆိုတဲ့သံသယနဲ့ အမြဲစိုးရိမ် ကြောင့်ကြပြီး မြို့ရိုးတွေခိုင်အောင် အမြဲဂရုစိုက်တယ်၊


    တနေ့မှာ အရှင်အာနန္ဒာဟာ ဆွမ်းခံကြွရင်း မိတ်ဆွေဖြစ်တဲ့ ဂေါပကမောဂ္ဂလာန ပုဏ္ဏာကြီးဆီကို အလည်ရောက်တဲ့အခါ ပုဏ္ဏာကြီးက “အရှင်ဘုရား အာနန္ဒာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး သွားတဲ့အခါ မြတ်စွာဘုရားနဲ့ အချင်းခပ်သိမ်းဂုဏ်ရည်တူတဲ့ ရဟန်းတော်တစ်ပါးပါးများ ရှိပါသလား ဘုရား”လို့ လျှောက်တယ်။
 
    အရှင်အာနန္ဒာက   “ပုဏ္ဏာကြီး။ မြတ်စွာဘုရားနဲ့ အချင်းခပ်သိမ်း ဂုဏ်ရည်တူတဲ့ ရဟန်းတော် တစ်ပါးမှ မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရား က မပေါ်ပေါက်သေးတဲ့ မဂ္ဂင်လမ်း စဉ်ကို ပေါ်ပေါက်စေတယ်။ သူတစ်ပါးမဟောနိုင်တဲ့ မဂ္ဂင်လမ်းစဉ်ကို ဟောတော်မူတယ်။ မဂ္ဂင်လမ်းစဉ်ကိုသိတယ်။ မဂ္ဂင်လမ်းစဉ်မှာ ကျွမ်းကျင်တယ်၊ ရဟန်းတော်တွေဟာ မြတ်စွာဘုရားရဲ့ မဂ္ဂင်လမ်းစဉ်ကို လိုက်နာကျင့်ကြံပြီးမှ မဂ္ဂင်တရားတွေကို သိကြရတာ၊ ဒါ့ကြောင့် မြတ်စွာဘုရားနဲ့အချင်းခပ်သိမ်းဂုဏ်ရည်တူတဲ့ ရဟန်းတော်ဆိုတာ တစ်ပါးမျှ မရှိပါဘူး”လို့ ပြန်ဖြေပါတယ်၊


       အဲဒီလို စကားကောင်းနေတုံးမှာပဲ မြို့ရိုးတွေကို လိုက်လံကြည့်ရှုစစ်ဆေးနေတဲ့ ဝဿကာရ ခေါ်တဲ့ ပုဏ္ဏားအမတ်ကြီးဟာ အရှင်အာနန္ဒာတို့ စကားဝိုင်းကို ရောက်လာခဲ့တယ်၊ နှုတ်ခွန်းဆက်စကားတွေ ပြောကြားပြီးနောက် ဝဿကာရအမတ်ကြီးက “အရှင်ဘုရာတို့ တပည့်တော် မလာခင် ဘာတွေများ ပြောနေကြပါသလဲဘုရား”လို့လျှောက်တယ်၊ အရှင်အာနန္ဒာက အကြောင်းစုံကို ပြန်ရှင်းပြတယ်။

 

အဲဒီအခါ ဝဿကာရအမတ်ကြီးက “အရှင်ဘုရားအာနန္ဒာ ။ မြတ်စွာဘုရားက “ ငါမရှိတော့တဲ့အခါ ဒီပုဂ္ဂိုလ်ကို ကိုးကွယ်ကြလို့”အပ်နှင်းပေး ထားခဲ့တဲ့ ရဟန်းတော်တစ်ပါးပါး ရှိပါသလားဘုရား လို့လျှောက်တယ်။


အရှင်အာနန္ဒာက “အမတ်ကြီး။ မြတ်စွာဘုရားက ‘ငါမရှိတော့တဲ့အခါ ဒီပုဂ္ဂိုလ်ကို ကိုးကွယ်ကြ’ လို့ ရဟန်းတော် တစ်ပါးကိုမှ အပ်နှင်းမထား ခဲ့ပါဘူး”လို့မိန့်တယ်။
 
“အရှင်ဘုရားအာနန္ဒာ ။ မြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ ‘ဒီပုဂ္ဂိုလ်ကို ကိုးကွယ်ကြမယ်’လို့ သံဃာက (ရဟန်းအများစုက) သမုတ်ပေးထားတဲ့ ရဟန်းတော်တစ်ပါးပါးရော ရှိပါသလားဘုရား”လို့ မေးပြန်တယ်။


“ အမတ်ကြီး။ မြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ ‘ ဒီပုဂ္ဂိုလ်ကို ကိုးကွယ်ကြမယ် ‘ လို့ သံဃာက (ရဟန်းအများစုက) သမုတ်ပေးထားတဲ့ ရဟန်းတော် တစ်ပါးပါးလဲ မရှိပါဘူး။”


“ အရှင်ဘုရားအာနန္ဒာ၊ ဒီလိုဆိုရင် ကိုးကွယ်စရာ သတ်သတ်မှတ်မှတ် မရှိတဲ့ သံဃာတော်တွေမှာ စည်းလုံးညီညွတ်မှုဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ ဘုရားလို့ လျှောက်တယ်၊ ဒီလိုလျှောက်ရတာ အမတ်ကြီးမှာ ရည်ရွယ်ချက်ရှိတယ်။ 

    မြတ်စွာဘုရား လက်ထက်တော်အခါက ထင်ရှားတဲ့ တိတ္ထိဆရာကြီး ခြောက်ယောက်ရှိတယ်၊ အဲဒီဆရာကြီးတွေ သေသွားပြီးတာနဲ့ သူတို့ရဲ့တပည့် တွေဟာ ဆရာ့အယူအဆနဲ့ပတ်သက်လို့ အငြင်းအခုံတွေ ဖြစ်ကြပြီး အုပ်စုခွဲများစွာကွဲကုန်ကြတယ်၊  အဲဒါကို မြင်လို့ အမတ်ကြီးက ဒီစကားကို မေးပါတယ်။

“ အမတ်ကြီး၊ ငါတို့ဟာ ကိုးကွယ်ရာမရှိတာ မဟုတ်ပါဘူး၊ ငါတို့မှာ ကိုးကွယ်ရာ ရှိပါတယ်၊ ငါတို့အားလုံးဟာ ဓမ္မကို ကိုးကွယ်ကြပါတယ်၊ ဓမ္မဟာ ငါတို့အားလုံးရဲ့ ကိုးကွယ်ရာဖြစ်တယ်”။
         “အရှင်ဘုရား။ အဓိပ္ပာယ်ရှင်းပြပါအုံးဘုရားလို့လျှောက်တယ်။


“ အမတ်ကြီး။ မြတ်စွာဘုရားက ရဟန်းတော်တွေအတွက် သိက္ခာပုဒ်တွေကို ပညတ်ထားခဲ့တယ်၊ ငါတို့သံဃာတော်တွေဟာ လပြည့်လကွယ် ဥပုသ်နေ့တိုင်း သိမ်တွင်းမှာ စည်းဝေးထိုင်ကြပြီး အဲဒီသိက္ခာာပုဒ်တွေကို ရွတ်ဖတ်ကြတယ်၊ ရဟန်းတော်တစ်ပါးပါးက သိက္ခာပုဒ်တစ်ခုခုကို လွန်ကြူးမိရင် ဓမ္မအတိုင်း ဘုရားဝိနည်းအတိုင်း ဝိုင်းဝန်းပြီး ကုစားပေးကြတယ်၊”


“ အရှင်ဘုရားအာနန္ဒာ၊  အရှင်တို့က ပြုစေတာမဟုတ်။ ဓမ္မကသာ(ကိုးကွယ်ရာကို)ပြုစေတာဖြစ်တယ်ဆိုရင် ယခုအခါမှာ အရှင်ဘုရားတို့က ရိုသေထိုက် အလေးပြုထိုက် မြတ်နိုးထိုက် ပူဇော်ထိုက် မှီခိုထိုက်တဲ့ ရဟန်းတစ်ပါးပါးဆိုတာ ရော ရှိပါသေးသလား ဘုရားလို့လျှောက်တယ်။

 

 “အမတ်ကြီး။ ယခုအခါ ငါတို့က  ရိုသေထိုက် အလေးပြုထိုက် မြတ်နိုးထိုက် ပူဇော်ထိုက် မှီခိုထိုက်တဲ့ ရဟန်းတစ်ပါးပါးဆိုပြီးတော့ မရှိပါ၊ သို့သော် မြတ်စွာဘုရားကြည်ညိုဖွယ် ဆောင်နိုင်တဲ့တရား(ပသာဒနီယဓမ္မ)ဆယ်ပါး ဟောထားခဲ့တယ်၊ အဲဒီတရားဆယ်ပါး ရှိနေတယ်ဆိုရင် ဘယ်ရဟန်းပဲဖြစ်ဖြစ် အဲဒီရဟန်းတော်တွေကို ငါတို့က ရိုသေကြတယ် အလေးပြုကြတယ် မြတ်နိုးကြတယ် ပူဇော်ကြတယ် မှီခိုကြတယ်။


 
အဲဒီတရားဆယ်ပါးဆိုတာ-

(၁) အကျင့်သီလနဲ့ပြည့်စုံတဲ့ရဟန်း၊

(၂) ဘုရားတရားတော်တွေကို လေ့လာဆည်းပူးကျက်မှတ်ဆောင်ထားတဲ့ရဟန်း၊

(၃) ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးတို့ဖြင့် ရောင့်ရဲလွယ်တဲ့ရဟန်း၊

(၄) လောကီဈာန်တရားတွေနဲ့နေတဲ့ရဟန်း၊

(၅) တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်တဲ့ ရဟန်း၊

(၆) ဒိဗ္ဗသောတအဘိညာဉ်ရတဲ့ရဟန်း (လူ့ပြည်နတ်ပြည်။ အနီးအဝေးမှာရှိတဲ့အသံတွေကို ကြားနိုင် တဲ့ရဟန်း)၊

(၇) သူတစ်ပါးစိတ်ကို ပိုင်းခြားသိနိုင်တဲ့ရဟန်း၊

(၈) ရှေးရှေးဘဝတွေကို ပြန်လည်အောက်မေ့နိုင်တဲ့ ရဟန်း၊

(၉) ဒိဗ္ဗစက္ခုအဘိညာဉ်ရတဲ့ရဟန်း (နတ်မျက်စိကဲ့သို့ အနီးအဝေး မှာရှိတဲ့အာရုံတွေ ကို မြင်နိုင်တဲ့ရဟန်း)၊

(၁၀) မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ရဟန်း၊ ဒီတရားဆယ်မျိုးနဲ့ ပြည့်စုံတဲ့ရဟန်းတော်တွေကို ငါတို့က ရိုသေကြတယ် အလေးပြုကြတယ် မြတ်နိုးကြတယ် ပူဇော်ကြတယ် မှီခိုကြတယ်။”
 
အဲဒီအခါမှာ အမတ်ကြီးက သူ့နောက်မှာပါလာတဲ့ ဥပနန္ဒဆိုတဲ့ စစ်သူကြီးကို တိုင်တည်ပြောတယ်၊ “အမောင်စစ်သူကြီး ဘယ်လိုသဘော ရသလဲ၊ ဒီရဟန်းတော်တွေဟာ ‘ ရိုသေထိုက်သူကို ရိုသေတယ်။ အလေးပြုထိုက်သူကို အလေးပြုတယ်။ မြတ်နိုးထိုက်သူကို မြတ်နိုးတယ်။ ပူဇော်ထိုက်သူကို ပူဇော်တယ်’ လို့မထင်ဘူးလား၊ ဒီတရားတွေနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကိုမှ မရိုသေလျှင် အလေးမပြုလျှင် မမြတ်နိုးလျှင် မပူဇော်လျှင် မမှီခိုလျှင် ဘယ်လို ပုဂ္ဂိုလ်မျိုး ကို ရိုသေမလဲ၊ လေးစားမလဲ၊ မြတ်နိုးမလဲ၊  ပူဇော်မလဲ၊ မှီခိုမလဲ။’


 
   ဒီသုတ္တာန်ရဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကို ပြန်ကြည့်ရင် အားကိုးရာ မှီခိုရာကိုးကွယ်ရာ (တနည်း) မိမိကို ကယ်တင်ပေးမည့်အရာ အစစ်ဆိုတာ ဘုရားလည်း မဟုတ်ဘူး။ ဘုရားကသတ်မှတ်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်လည်း မဟုတ်ဘူး။ လူအများစုက သမုတ်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ယောက်လည်းမဟုတ်ဘူး၊ ရိုသေထိုက် အလေးပြုထိုက် မြတ်နိုးထိုက် ပူဇော်ထိုက် မှီခိုထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံအားထုတ်ကြ ရတဲ့ တရား တော်ပဲဖြစ်တယ်၊ ဒီတရားတွေဟာ အားကိုးရမှီခိုရမဲ့ အရာတွေဖြစ် တယ်၊ ဒီတရားတွေနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဟာ ရိုသေထိုက် ပူဇော်ထိုက် ဆရာ တင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။

 

      ဒီ(ပသာဒနီယ)တရားတွေရှိနေတဲ့ ပုဂ္ဂိုလ်ကို ဆရာတင်ပြီး  ဒီတရားတွေနဲ့ပြည့်စုံအောင် အားထုတ်မယ်ဆိုရင် မိမိအားထုတ်တဲ့တရားက မိမိကိုပြန်ပြီး စောင့်ရှောက်မယ်။ ကယ်တင်မယ်။ ကောင်းကင် ဘုံလောက်တင်မကဘဲ ကောင်းကင်ဘုံထက် အဆပေါင်းများစွာ သာတဲ့ ဆင်းရဲ့ငြိမ်းရာ နိဗ္ဗာန်ထိအောင် ပို့ဆောင်ကယ်တင် ပေးပါလိမ့်မယ်။


 
       ဒါ့ကြောင့် ဗုဒ္ဓဘာသာမှာ ကယ်တင်ရှင်ရှိပါတယ်၊ အဲဒီကယ်တင်ရှင်ဟာ အခြားလူပုဂ္ဂိုလ် နတ်ပုဂ္ဂိုလ် ဗြာဟ္မာ ပုဂ္ဂိုလ် တစ်ယောက်ယောက် မဟုတ်ပါဘူး၊ မိမိကိုယ်တိုင် လေ့လာ သင်ကြား အားထုတ်ထား ရရှိထားတဲ့ တရားတွေ သာဖြစ်ကြောင်း ဤသုတ္တာန်အရ လေ့လာသိရှိနိုင်ပါတယ်။

 

    ဓမ္မပဒပါဠိတော်မှာလည်း “အတ္တဟိ အတ္တနော နာထော။ ကော ဟိ နာထော ပရော သိယာ ဆိုပြီး အတိအကျ ဟောထားတာ ရှိပါတယ်၊ အဓိပ္ပာယ်က  “ မိမိသည်သာလျှင် မိမိ၏ကိုးကွယ် ရာဖြစ်သည်၊ အဘယ်တစ်ပါးသူ တစ်ယောက်ယောက်က မိမိ၏ ကိုးကွယ်ရာ ဖြစ်နိုင်ပါမည်နည်း၊ မဖြစ်နိုင်ရာ” လို ဆိုလိုပါတယ်။

 

     နောက်ပြီး “ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ”လို့လဲ ဟောထားတာ ရှိပါသေးတယ်၊ “တရားဓမ္မက တရားဓမ္မကျင့်တဲ့ပုဂ္ဂိုလ်ကို စောင့်ရှောက်၏တဲ့၊ မိမိအားထုတ်တားတဲ့ မိမိရဲ့ဓမ္မကသာ မိမိရဲ့ကယ်တင်ရှင်အစစ်ဖြစ်ပြီး။ ဤကယ်တင်ရှင်ကိုသာ အားကိုးရမည် ကိုးကွယ်ရမည်ဟု ဗုဒ္ဓဘာသာက ဆိုကြောင်းနဲ့ ဗုဒ္ဓဘာသာဟာ ကိုးကွယ်စရာ ထင်ထင်ရှား ရှားမရှိတဲ့ ဘာသာ ကယ်တင်ရှင်မဲ့တဲ့ဘာသာ မဟုတ်ကြောင်း လေ့လာသိရှိနိုင်ပါတယ်။


 
မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု မိမိ၏ ဓမ္မသည်သာလျှင် မိမိ၏ ကိုးကွယ်ရာအစစ် ကယ်တင်ရှင် အစစ် ဖြစ်အောင် စွမ်းဆောင်နိုင်ကြပါစေ။


                                                                                                                                 ဦးဇောတိကာဘိဝံသ
                                                                                                                                    North Carolina

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2013-ခု၊ ဒီဇင်ဘာလ(၈)ရက်၊ တနင်္ဂနွေနေ့ ...

 

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET