မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

အဘိဓမ္မာအခါတော်နေ့

Upannashiha


    ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု နေ့ထူးနေ့မြတ်သတ်မှတ်ကြလျှက် ကုသိုလ်ကောင်းမှု့များ ပြုလေ့ရှိကြပါသည်။
    ဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ဝါဆိုလပြည့်နေ့တွင် သာဝတ္ထိမြို့၊ သရက်ဖြူကုန်း တွင် ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူရာ လူပရိတ်သတ် သုံးဆဲ့ခြောက်ယူဇနာတိုင် လာရောက်ဖူးမျှော်ကြကုန်၏။ လူတို့သည် တန်ခိုး ပြာဋိဟာကို အံ့ဩကြည်ညိုစွာကြည့်နေစဉ် လအထောင် ၊ နေအထောင်တို့ကွယ်ပျောက်သကဲ့သို့ ဘုရားရှင်သည် မြင်ကွင်းမှ ရုတ်တရက် ကွယ်ပျောက်တော်မူသွား၏။

.


    မြင်ကွင်းမှပျောက်ကွယ်သွားသဖြင့် လူတို့က  “အရှင်ဘုရား၊ အခု မြတ်စွာဘုရား ဘယ်ကြွ သွားတာပါတုန်းဘုရား” ဟု အရှင်မောဂ္ဂလာန်ကို မေးကြရာ အရှင်မြတ်သည် ကိုယ်တိုင်သိပါသော် လည်း အရှင်အနုရုဒ္ဓါ၏ဂုဏ်ကို ပရိတ်အလယ်ဖေါ်ထုတ်လို၍ “အရှင်အနုရုဒ္ဓါကို ပေးလျှောက်ကြ” ဟု မိန့်တော်မူသဖြင့်-


    အရှင်အနုရုဒ္ဓါကို မေးကြရာ  “အခုအခါ ဘုရားမြတ်စွာသည်တာဝတိံသာနတ်ပြည်ရှိ ပင်လယ် ကသစ်ပင်အောက် ပဏ္ဍုကမ္ဗလာမြကျောက်ဖြာထက်၌ သီးတင်းသုံးတော်မူပြီး မယ်တော်မိနတ်သား အမှုးထား၍ နတ်ဗြဟ္မာတို့အား တစ်ဝါတွင်းလုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပါမည်၊ ဘုရားရှင် တိုင်း ရေမီးအစုံစုံသောတန်ခိုးပြာဋိဟာကို ပြတော်မူပြီးလျှင် တာဝတိံသာနတ်ပြည်၌ ဝါကပ်တော် မူမြဲဓမ္မတာဖြစ်၍ ရှေးဘုရားရှင်တို့နည်တူ (၇)ဝါ မြောက်ဝါကို ထိုတာဝတိံနတ်ပြည် ၌ ဝါကပ်တော်မူပါမည်” ဟု မိန့်တော်မူပါသည်။


     “လူ့ပြည်သို့ ဘယ်တော့ ပြန်ကြွလာမှာတုန်းဘုရား” ဟု ထပ်၍ မေးလျှောက်ကြသဖြင့်  “ဝါလကင်းလွတ် သီတင်း ကျွတ်လပြည့်နေ့တွင် ပြန်ကြွမည်ဖြစ် ကြောင်း” မိန့်ကြားတော်မူသဖြင့်-               
     “ငါတို့သည် မြတ်စွာဘုရား ပြန်ကြွမလာမချင်း မပြန်ကြတော့ကုန်”ဟု ကြံ၍ ထိုသရက်ဖြူကုန်း တွင် သစ်ရွက်တဲများ ထိုး၍ နေကြကုန်၏။ မြေကြီးသည် လူတို့၏အညစ်အကြေးတို့ကို မျှိုပစ်သဖြင့် ထိုနေရာသည် အမြဲစင်ကြယ်နေသတဲ့။


    မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်ကို “သင်က တစ်ဝါတွင်းလုံး လူတို့အား တရားဟော၊ စူဠအနာထပိဏ်သူဋ္ဌေးက လူတို့ကို ကျွေးမွေးလှူဒါန်း” ဟု မိန့်တော်မူခဲ့သဖြင့် တရားဟောခြင်း၊ အဝတ်ဆေးဝါး အစားအစာ ကျွေးမွေးခြင်းကို တစ်ဝါတွင်းလုံး သရက်ဖြူကုန်းတွင် ဆောင်ရွက်နေကြ၏။


    ဝါဆိုလပြည့်နေ့ ညဦးအချိန်မှစ၍ မယ်တော် တော်စပ်ခဲ့ဖူးသောသန္တုသိတ နတ်သားနှင့် စကြာဝဠာတိုက်တစ်သောင်းမှရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မတရားကို စတင်ဟောကြားတော်မူပါသည်။


    တာဝတိံနတ်ပြည်တွင် အဘိဓမ္မတရားကို နေ့ညအသံမစဲ ဟောကြားတော်မူပြီး လူ့ရွာသို့ ဆွမ်းခံဝင်ချိန်၌ နိမ္မိတရုပ်ပွားတော်ကို ဖန်းဆင်းတော်မူပြီး “နိမ္မိတရုပ်ပွားတော်၏ သင်္ကန်းရုံဟန်၊ ကိုယ်နေသဏ္ဍာန်၊ အသံတော်၊ အသွင်အပြင် အမူအရာ အားလုံးတို့သည် ငါးဘုရားနှင့်ထပ်မျှတူသူ ဖြစ်ပါစေ၊ ဤမျှသော တရားတော်ကို ငါ၏ကိုယ်စား ဟောကြားတော် မူရစ်ပါစေ”ဟူ၍ အဓိဋ္ဌာန်ထား ခဲ့ပါသည်။ တန်ခိုးကြီးသော နတ်ဗြဟ္မာတို့သာ ဗုဒ္ဓအစစ်နှင့် နိမ္မိတ ဘုရားကို ခွဲခြားသိနိုင်ကြဟူ၏။


    ဘုရားမြတ်စွာသည် အနောတတ်အိုင်သို့ ဦးစွာကြွချီတော်မူပြီး နတ်များက ကွမ်းရိုးဒန်ပူကို ဆက်ကပ်ကြသဖြင့် ဒန်ပူဝါးကာ အနောတတ်အိုင်၌ပင် ရေချိုးသန့်စင်တော်မူပါသည်။ထိုနောက် ဆေးဒန်းမြင်းသိလာ ကျောက်ဖြာထက်တွင်နှစ်ထပ်သင်္ကန်းကြီးကိုရုံ၍ နတ်မင်းကြီးလေးပါးတို့ ကပ်လှူထားသော ကျောက်ညိုအဆင်းရှိ သပိတ်တော်ကို ပွေ့ပိုက်တော်မူလျှက် မြောက်ကျွန်းသို့ ဆွမ်းခံဝင်တော်မူ၏။ အနောတတ်အိုင်အနီး သာယာပျံဖြူး ကမ်းဦးတွင် သပ္ပါယ်စွာ ထိုင်တော်မူ လျှက်နေ့ဆွမ်းဘုဉ်းပေးတော်မူ၏။ ထိုနောက် နေ့သန့်တော်မူ(နားနေ)ရန် စန္ဒကူးတောသို့ကြွတော်မူပါသည်။


      အရှင်သာရိပုတြာသည် ထိုစန္ဒကူးတောသို့ လာရောက်၍ ဘုရားရှင်အား ဝတ်ကြီးဝတ်ငယ်ပြု သဖြင့်  “ချစ်သားသာရိပုတြ၊ ဒီကနေ့ အဘိဓမ္မာတရားကို ဤမျှ ဟောကြားတော်မူခဲ့ပြီ” ဟု အကျဉ်းနည်း ဟောပြတော်မူ၏၊ ပညာဧတဒဂ်အရှင်သည် ထိုအကျဉ်းနည်းမျှဖြင့်ပင် အဘိဓမ္မာကို နည်းပေါင်းထောင်သောင်းမက အကျယ်ချဲ့၍ သိနိုင်၏။ ကမ်းနာ၌ရပ်လျှက် သမုဒ္ဒရာကြီးကို ပြသကဲ့သို့ ထင်းလင်းတော့၏။ အရှင်သာရိပုတ္တရာကို ဟောကြားပြီးမှ တာဝတိံ သာနတ်ပြည်သို့ပြနကြွတော် မူကာ ကိုယ်တော်တိုင်ဆက်လျှက် ဟောကြားတော်မူပါသည်။


    နေ့စဉ်နေ့စဉ် အကျဉ်းနည်းဖြင့် ဟောကြားတော်မူခဲ့သော အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာသည် ကဿပဘုရားမြတ်စွာလက်ထက် လင်နို့သားဖြစ်ဖူးသော တပည့်ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့်  တဆင့်ပြန်၍ ဟောကြားတော်မူသည်။ဘုရားရှင် တာဝတိံ သာနတ်ပြည် အဘိဓမ္မာတရား အပြီးအဆုံး ဟောကြားပြီးသည်နှင့်ထိုရဟန်း ငါးရာတို့သည်လည်း အဘိဓမ္မာ(၇)ကျမ်းကို နာယူသင်ကြားမှု့ ပြီးဆုံး၏။ အဘိဓမ္မာဆောင်ရဟန်းများ ဖြစ်လာကြ၏။ နောင်တွင် ရဟန္တာများ ဖြစ်ကြပါသည်။


    သီတင်းကျွတ်လဆန်း(၉)ရက်နေ့တွင် “ဘုရားရှင်သည် သီတင်းကျွတ်လပြည့်နေ့ ဘယ်မြို့မှာ သက်ဆင်းပြန်ကြွလာမှာပါလဲဘုရား၊ မဖူးရဘဲ တပည့်တော်တို့ မပြန်ဘူးဘုရား” ဟု အရှင်မောဂ္ဂလာန် အား လျှောက်ထားကြသဖြင့် “ကောင်းပြီ ဒကာတို့” ဟု ဆိုကာ မြင်းမိုရ်တောင်ခြေအရောက် မြေလျှိုးပြီး တော်ခြေမှပေါ်ထွက်လျှက်  “မြင်းမိုရ်တောင် အတွင်းမှတာဝတိံသာနတ်ပြည်သို့  ကြွနေသောငါ့ကို လူအများ မြင်ကြစေ” ဟု အဓိဋ္ဌာန်တော် မူလျှက် လူအများမြင်ကွင်းမှ မပျောက်စေဘဲ ကြွတော်မူပါသည်။


    တာဝတိံသာနတ်ပြည် ဘုရားမြတ်စွာ၏ခြေဖမိုးတော်ကို ဦးတိုက်၍ လူများစွာတို့ ဖူးမြှော်ရန် စောင့် ဆိုင်းနေပါ ကြောင်း၊ မည်သည့်နေရာသို့ ပြန်လည်သက်ဆင်ြးွကချီတော်မည်ကို မိန့်ကြားတော် မူပါရန် လျှောက်တားရာ-
     “သင့်နောင်တော်ကြီး သာရိပုတ္တရာ၊အခု အဘယ်အရပ်မှာ သီတင်းသုံးနေထိုင်ပါလဲ”?
     “သင်္ကဿမြို့မှာ ဝါကပ်ပါတယ်ဘုရား”


     “ဒါဆို သီတင်းကျွတ်လပြည့်နေ့တွင် ထိုသင်္ကဿမြို့တံခါးသို့ သက်ဆင်းမယ်၊ဖူးမြှော်လိုသူများ သင်္ကဿမြို့သိုလာကြ၊ လမ်းခရီးမှာ စားသောက်စရာဘာရိက္ခာမှ ယူစရာမလို” ဟု မိန့်တော်မူပါသည်။


    အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ နာကြားကြရသဖြင့် ကုဋေပေါင်း ရှစ်သောင်း လေးထောင်သောနတ်ဗြဟ္မာ တို့သည် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြ၏။ မယ်တော်မိနတ်သားလည်း သောတာပတ္တိဖိုလ်၌တည်၏။


    သီတင်းကျွတ်လပြည့်နေ့တွင် မြို့သူ ၊ မြို့သားတို့သည် နံက်စာစားသောက်ပြီးကြသည်နှင့် သာဝတ္ထိမြို့နှင့်ယူဇနာ(၃၀)ကွာဝေးသော သင်္ကဿမြို့တံခါးသို့ “ယနေ့တော့ ဘုရားဖူးရတော့အံ့”ဟု ထွက်ခဲ့ကြရာ ရွာဦးကျောင်းသို့ သွားကြသည့်အလား မပင်ပန်းကြဘဲလျှက် သင်္ကဿမြို့တဲ့ခါးသို့ ရောက်လာကြကုန်၏။
    ဘုရားရှင်က သိကြားမင်းအား  “ယနေ့ လူပြည့်သို့ ဆင်းသက်တော်မည်” ဟု မိန့်တော်မူသဖြင့် သိကြားမင်းသည် နတ်တို့အတွက် လကျာ်ဘက် ရွှေစောင်းတန်း၊ဗြဟ္မကြီးများအတွက် လက်ဝဲဘက် ငွေစောင်းတန်း၊ မြတ်စွာဘုရားအတွက် အလယ်မှပတ္တမြားစောင်းတန်းဟူသော စောင်းတန်း သုံးသွယ်ကို ဖန်းဆင်ပြီး စောင်းတန်းဦးတို့သည် မြင်းမိုရ်တောင်ထိပ်၌ တည်ပြီး စောင်းတန်းအခြေ တို့သည် သင်္ကဿမြို့တံခါး၌ တည်၏။


    ဘုရားမြတ်စွာသည် လူ့ပြည်သို့ သက်ဆင်အံ့သောငှါ မြင်းမိုရ်တောင်ထိပ်၌တည်လျှက် အထက်ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အကနိဋ္ဌဗြဟ္မာပြည်သို့တိုင်၊အောင်ခြေသို့ ငုံ့ကြည်လိုက် စဉ် အဝီစိငရဲသို့တိုင် အပိတ်အပင် အတားအဆီးမရှိ ထုတ်ချင်းပေါက် ဟင်းလင်ပွင့် ဖြစ်တော့သည်။ တူရှုအရပ်၊ အထောင့်အရပ်တို့ကို အလားတူ ကြည်ရာတွင်လည်း စကြာဝဠာတိုက်အပေါင်း ထောင်သောင်းများစွာ ဟင်းလင်းပွင့်၍ တပြင်တည်းဖြစ်လေ၏။ ထိုအခါ နတ်ဗြဟ္မာတို့ကလည်း လူတို့ကို၊ လူတို့ကလည်း နတ်ဗြဟ္မာတို့ကို မြင်ကြရလေကုန်၏။


    ဘုရားမြတ်စွာသည် ဝဲယာနတ်ဗြဟ္မာများ ခြံရံလျှက်၊ရောင်ခြည်တော်ခြောက်သွယ် မြူးကွန့် တော်မူပြီး ဆင်းသက်တော်မူရာ၊ အလွန်မှတင့်တယ်၊ အလွန်မှကျက်သရေရှိ၊ အလွန်မှကြည်ညိုဖွယ် ရှိလှ၍  (၃၂)ယူဇနာအဝန်းရှိ ဖူးမြင်ရသူ လူအပေါင်းတို့က ဘုရားအဖြစ်ကိုပင် အားကြတောင့်တကြ ကုန်၏။
    ပဉ္စသိခါနတ်သားက လကျာ်ဖက်မှ ဗေဠုဝစောင်းကိုတီးလျှက်၊သုယာမနတ်မင်းက စမရီသားမြီး ယပ် ခပ်လျှက်၊ သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်း တလွှဲလွှဲခပ်လျှက်၊သိကြားမင်းက ဝိဇယတ္တရခရုသင်းမှုတ်လျှက်၊မဟာဗြဟ္မာကြီးကာ ဝက်ဝဲဖက် ငွေစောင်းတန်းမှ ထီးဖြူကြီးကိုမိုးလျှက် အခြားသော နတ်ဗြဟ္မာတို့ကလည်း အထူးအထူးကိုပူဇော်ကြကာ  ဘုရားနှင့်အတူ သက်ဆင်းလိုက်ပါ လာကြကုန်၏။


    သင်္ကဿမြို့တံခါးသို့ ခြေတော်ချလိုက်သည်နှင့် အရှင်သာရိပုတ္တရာက အဦးဆုံးရှိခိုးပူဇော်၏။ ထို့နောက် ပရိတ်များပူဇော်ကြ၏။ပထမဆုံး လကျာ်ခြေတော် ချရာအရပ်ကို  “ အစလစေတိယဋ္ဌာန” ၊သင်္ကဿမြို့တံခါးနေရာကို  “အဝိဇဟိတဋ္ဌာန” ဟုခေါ်ဆို၏။ ဘုရားရှင်တိုင်း နတ်ပြည်၌ အဘိဓမ္မာ တရား ဟောကြားပြီးနောက် အမြဲခြေတော်ချရာအရပ်၊သက်ဆင်းတော် မူရာအရပ်တို့ဖြစ်သော ကြောင့်ဟူ၏။ ထိုသို့ အဘိဓမ္မာတရား ဟောကြားတော်မူပြီး၍ နတ်ပြည်မှလူပြည်သို့ သက်ဆင်းတော် မူရာနေ့ကို အစွဲပြုလျှက် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော် နေ့ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။


    အဘိဓမ္မာတရားဟူသည် “ကုသလာဓမ္မာ၊အကုသလာဓမ္မာ၊အဗျာကတာဓမ္မာ” ဟူ သုံးပါဒကို နည်းမျိုးစုံဖြင့်အကျယ်ဝေဘန်၍ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။


     “ကုသလာ-အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိကုန်သော။ ဓမ္မာ-သတ္တလည်းမဟုတ်ç ဇီဝ လည်း မဟုတ်ကုန်သော ဓမ္မသက် သက်တို့ ဖြစ်ကြကုန်၏။


    အကုသလာ-အပြစ်နှင့်တကွဖြစ်ခြင်း၊မကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိကုန်သော။ ဓမ္မာ-သတ္တလည်း မဟုတ်çဇီဝလည်း မဟုတ်ကုန်သော ဓမ္မသက်သက်တို့ဖြစ်ကြကုန်၏။


    အဗျာကတာ-ကုသိုလ်လည်းမဟုတ်çအကုသိုလ်လည်းမဟုတ်çကုသိုလ်အကုသိုလ်တို့မှတခြားဖြစ်ကုန်သော။ဓမ္မာ-သတ္တလည်းမဟုတ်çဇီဝလည်း မဟုတ်ကုန်သော ဓမ္မသက်သက်တို့ ဖြစ်ကြကုန်၏။”


    တစ်ဝါတွင်းလုံး အဘိဓမ္မာတရားဟောကြားခြင်းဖြစ်၍ ဝါတွင်းရက်တိုင်းကို အဘိဓမ္မာအခါ တော်နေ့ ဟု ဆိုနိုင်ပါ သည်။တချို့မြို့ရွာတို့တွင် ဘုရားတန်ဆောင်းတို၌ တစ်ဝါတွင်လုံးအဘိဓမ္မာ (၇)ကျမ်းကို နေ့ညမပြတ်အသံမစဲ အလှည့်ကျ ရွတ်ဖတ်ပူဇော်လေ့ရှိကြ၏။ ဝါတွင်း၌ ကျဉ်းပ အပ်သော တရားပွဲများကိုပင် အဘိဓမ္မာတရားပွဲဟု ခေါ်ဆိုကြ၏။


    ထိုသို့ ဘုရားရှင်သည် မယ်တော်တော်စပ်ခဲ့ဖူးသော နတ်သားကို တရားဖြင့်ကျေးဇူးဆပ်သည်ကို နည်းမှီအတူယူလျှက် ဗုဒ္ဓဘာသာတို့သည် သီးတင်းကျွတ်လပြည့်နေ့တွင် ဘိုးဘွားမိဘ ဆရာသမား သက်ကြီးရွယ်အိုတို့အား ကန့်တော့ကြခြင်းဖြင့် ကျေးဇူးဆပ်ကြပါသည်။


     တာဝတိံသာနတ်ပြည်မှ သက်ဆင်းတင်းတော်မူသည်ကို ရည်းစူးပြီးဆီးမီးများထွန်းလျှက်လည်း ကြိုဆိုပူဇော်ခြင်း ဖြစ်ပါသည်။ သောတာပန် အရိယာအဖြစ်သို့ ရောက်အောင် ကျေးဇူးဆပ်သဖြင့် မယ်တော်တော်၏ကျေးဇူး နို့တစ်လုံးဖိုးမျှမက အကုန်ကျေပါသည်။ မယ်တော်သည် အပါယ်သို့ မကျတော့ဘဲ နိဗ္ဗာန်မျက်ပြုရမည်ဖြစ်သောကြောင့်ဟူ၏။


မဟာပဝါရဏာနေ့-
    သည့်အပြင် သီတင်းကျွတ်လပြည့်နေ့သည် တစ်သာသနာလုံးရှိ ရဟန်းတော်များ ဝါဆိုခြင်းကိစ္စပြီးဆုံး၍ ပဝါရဏာပြုကြရသောကြောင့် “မဟာပဝါရဏာနေ့” ဟုလည်း ဆိုရပါသည်။


    ကောသလတိုင်း၊ဇနပုဒ်ရှိ ကျောင်းတိုက်ကြီးတစ်တိုက်တွင်  “ ငါတို့ ဝါတွင်းမှာ အချင်းချင်း စကားမပြောလျှင်ပြဿနာ မဖြစ်နိုင်ဘူး၊ ဒါဆို ညီညွတ်စွာ နေခြင်း ဖြစ်မယ်” ဟု တိုင်ပင်ကြလျှက် တစ်ဝါတွင်းလုံးအချင်းချင်းစကားမပြောဘဲ နေကြသတဲ့။


    ဝါကျွတ်၍ ဘုရားရှင်ထံရောက်လာကြပြီး ထိုအကြောင်းကို လျှောက်ထားကြတော့ ဘုရားရှင် က “မဂ်ဖိုလ်နဲ့ဝေး မယ့်ရဟန်းတွေဘဲ တစ်ဝါတွင်းလုံး သိုးတွေလိုနေရတယ်လို့၊ရန်သူတွေလို နေရတယ်လို့” ဟု ပြစ်တင်တော်မူပြီး သီတင်း လပြည့်နေ့တွင် ပဝါရဏာပြုမည်-ဟု ပညတ်တော်မူပါသည်။


     “တပည့်တော်အပေါ် မြင်၍သော်လည်းကောင်း၊ ကြား၍သော်လည်းကောင်း၊ ယုံမှားသံသယ ကြောင့်သော်လည်း ချို့ယွင်းမှု့အပြစ်တစ်စုံတစ်ရာ ရှိခဲ့လျှင် ထောက်ပြတော်မူပါဘုရား” ဟု မိမိ၏ ချို့ယွင်းမှု့အပြစ်ကိုထောက်ပြရန် အချင်းချင်း ဖိတ်မံခြင်းကို ပဝါရဏာဟု ဆိုပါသည်။


    ယနေ့ခေတ် နိုင်ငံတော်အတွင်း ချို့ယွင်းချက် ၊ အားနည်းချက်နှင့်တရားမဲ့မှု့များကို နေ့စဉ် ဖေါ်ပြပေးနေသော မီဒီယာတို့သည် နေ့စဉ်ပဝါရဏာ ပြုနေကြခြင်းဖြစ်ပါသည်။ ဘုရားကြိုက်နှစ်သော ကိစ္စကြီးဖြစ်သည့်ပြင် အရေးခံရသူများက သဘောထားကြီးကြရပြီး၊ ဖေါ်ပြရေးသူများကလည်း ပြုပြင်ကြစေ လိုခြင်းဟူသော မေတ္တာစေတနာအရင်းခံကြရပါမည်။


    အမြင်မတူတာတွေကို ဖယ်ပြီး၊ တူတာတွေကို ပူးပေါင်းဆောင်ရွက်ကြမယ်-ဟု ဆိုကြသော်လည်း မတူတာတို့သည် မျက်နှာပျက်ဖြစ်မည့် ကိစ္စများဖြစ်ကြ၍ လက်ရှောင်ခြင်းမျိုးမဟုတ်ကြဘဲ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးမများနိုင်သည့် ကိစ္စများဖြစ်နေလျှင် ဖိတ်မံခြင်းမပြုသော်လည်း ပြောဆိုကြရပါလိမ့်မည်။ ပြုပြင်စေရပါလိမ့်မည်။ ပဝါရဏာသည် လူသား၏ စိတ်သဘောထား ကြီးမြတ်ခြင်းကို မှတ်ကြောက်တင်ခြင်းဖြစ်၏။


    ယခုအခါ သင်္ကဿမြို့နှင့်စပ်သမျှအရာခပ်သိမ်းတို့သည် တိတ်ဆိတ်ငြိမ်သက်ခြောက်သွေ့ လျှက် ကြီးကျယ်ခန်း နားခြင်းမှန်သမျှ ဘာမျှမရှိတော့သလို၊ လူ့ဘဝနှင့်ရာထူးဂုဏ်သိန် စည်းစိမ် တို့သည်လည်း မမြဲခြင်းသင်္ခါရ တရားတွေမို့ မိမိတို့တာဝန်ယူနေရခိုက် နိုင်ငံနှင့်လူမျိုး အကျိုးမဲ့ချို့ယွင်းမှု့တို့ မဖြစ်ပေါ်စေရန် ပြောဆိုညွှန်ပြဝေဘန်နိုင်စွမ်းရှိသူများကို ဖိတ်ခေါ် ဝေဘန်ပြောဆို စေခြင်းဖြင့် စိတ်သဘောထားများ ကြီးမြတ်နိုင်ကြပါစေ-

 

                                                                                                          အရှင်ပညာသီဟာဘိဝံသ(တရားဦးဓမ္မစကြာ)

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2013-ခု၊ ဒီဇင်ဘာလ(၈)ရက်၊ တနင်္ဂနွေနေ့ ။

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET