မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

“ရွှေစင်ဖြစ်လာတဲ့ သထ္တုများ”

dhammabayri-1

 

   ရှေးတုန်းက ဂျပန် ဆင်းရဲသား သားသမီး တွေက “တို့လဲ မိဘက ချမ်းသာလို့ ရွှေဒင်္ဂါးနှစ်ပြား လောက်များ အရင်းအနှီး ထုတ်ပေးခဲ့ မယ်ဆိုရင် သူဌေးကြီး ဖြစ်အောင် ကြိုးစား ပြနိုင်ပါတယ်”လို့ တောင့်တ ကြုံးဝါး လေ့ရှိသတဲ့။ ဒီအကြောင်း ကြားဖူးစက မိမိစိတ်ထဲမှာ “ဒီလိုတောင့်တ ကြုံးဝါးမှုမျိုး တို့ဗုဒ္ဓဘာသာ တွေမှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲ”လို့တွေးရင်းက သူတို့ကို ပြန်ပြောချင်တဲ့ အကြောင်းအရာ များကိုလည်း တသီတသန်း ကြီး အတွေးနယ်ချဲ့ ခဲ့ဖူးတယ်။

   ဗုဒ္ဓဘာသာဝင် သူတော်စင်များ အနေနဲ့ အခုဘ၀မှာ တော်စပ်ကြတဲ့ မိဖတွေကိုသာ သိမှတ်ကြတာ များပါတယ်။ အမှန်ကတော့ အခု တော်စပ်နေကြတဲ့ လူမိ လူဖ တို့ဆိုတာ အခုဘ၀ တစ်ခုမှာသာ တွေ့ကြုံရ တာပါ။ သံသရာ တစ်ခုလုံးနဲ့ ချီပြီး ပြောမယ် ဆိုရင်တော့ ဟိုးအတိတ် ဝေးကွာ ရှေးကမ္ဘာ တွေဆိုတုန်း ကလည်း တွေ့ဖူးကောင်း တွေ့ဖူးကြမှာ ပေါ့လေ၊ ဒါပေမယ့် ဒါတွေက ပြန်မသိနိုင် ကြတဲ့ အရာများပါ၊ နောင် အနာဂတ် ဘ၀တွေ ကျတော့လည်း ဒီအတိုင်းပါပဲ။

.


     အဲ … သံသရာ အစကနေ သံသရာခရီး မဆုံးသမျှ တော်စပ်ခဲ့ကြ၊ တော်စပ်နေကြ၊ တော်စပ် နေရဦးမယ့် မိဘတွေ ကိုတော့ ပါးစပ်က စကားစပ်မိ ပါလျှက် သတိမထား မိတတ်ကြပါဘူး။ အဲဒါကတော့ “ကံသာ လျှင်အမိ၊ ကံသာလျှင် အဖ”ဆိုတဲ့ ကံမိဘ တွေပေါ့။ အတိတ်ဘ၀ တွေတုန်းက ကံမိဘတွေဆိုတာ ချမ်းသာ အကျိုးပေးတဲ့ ကုသိုလ်တွေလား၊ ဆင်းရဲကျိုး ပေးတဲ့ အကုသိုလ် တွေလားဆိုတာ အတိအကျ မပြောနိုင်ပေမယ့် အခုဘ၀မှာ တော်စပ်တဲ့ ကံမိဘတွေ ကတော့ အပြစ်ကင်းခြင်းနဲ့ ကောင်းကျိုး ချမ်းသာတွေကို ပေးစွမ်းနိုင်တဲ့ ကုသိုလ်မိဘ တွေဆိုတာ ဘာမှ သံသယဖြစ်စရာ မလိုပါဘူး။ လူ့ဘုံ လူ့ဘ၀ ဆိုတာ သု - ကောင်းသော ကုသိုလ် ကံကြောင့်၊ ဂတိ - ဖြစ်လာရတဲ့ သုဂတိဘုံသား “လူ” ဖြစ်နေ ကြရတယ် မဟုတ်လား။
   ကိုယ့်မိဘရင်း ဖြစ်တဲ့ ကုသိုလ်ဆိုတာ ဘယ်လောက် အထိ ချမ်းသာတယ် ဆိုတာလည်း အထူးပြော စရာ မလိုပါဘူး။ လူ့ပြည်မှာ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာဝတေး မင်းတို့ရဲ့ စည်းစိမ်ချမ်းသာ တွေကို ပေးနိုင်ရုံမျှမက  ဟိုး … အထက် နတ်ပြည် ခြောက်ထပ်တို့၊ ဗြဟ္မာ့ပြည် နှစ်ဆယ် တို့မှာရှိတဲ့ နတ်ချမ်းသာ၊ ဗြဟ္မာ့ ချမ်းသာတွေအထိ ဒီကုသိုလ်ကံ မိဖရဲ့  အမွေတွေ ချည်းပဲဆိုတာ ကြားဖူးနားဝနဲ့ပဲဖြစ်ဖြစ် သိကြပြီး သားပါ။
        အဲ … တစ်ခုတော့ ရှိတယ်။ တို့ရဲ့ မိဘရင်းဖြစ်တဲ့ ဒီကုသိုလ်ကံက ကပ်စေးနဲ လွန်းတယ်လို့ ဆိုရ မလား၊ ဒါမှမဟုတ် စည်းစနစ်ကြီး လွန်းတယ်လို့ပဲ ဆိုရမလား မသိဘူး၊ သူ့ရဲ့ သားသမီး ရင်းချာတွေဖြစ်တဲ့ တို့တတွေ ကိုတော့ ရွှေဒင်္ဂါး နှစ်ပြားစီပဲ ပေးထားကြပါတယ်။ ဗုဒ္ဓဘာသာ သူတော်စင်များ အနေနဲ့ “တို့တတွေဟာ ကမ္ဘာမှာ သာမက ရှိသမျှ ဘုံဌာနတွေမှာ အချမ်းသာ ဆုံးဖြစ်တဲ့ “ကံသူဌေး”ရဲ့ သားသမီးတွေ ဖြစ်တယ် ဆိုတာရယ်၊ တို့မှာ တို့ရဲ့ မိဘရင်း ကံသူဌေးက ပေးထားတဲ့ အမွေအနှစ် ရွှေဒင်္ဂါး နှစ်ပြားစီ ပိုင်ဆိုင် ထားကြတယ် ဆိုတာရယ်ကို သတိမထား တတ်ကြပါဘူး။ တစ်ခါတစ်ခါ သတိထား မိပြန်တော့လည်း အလေးအနက် မထားမိ တတ်ကြပါဘူး။
       အဲဒီ ရွှေဒင်္ဂါးနှစ်ပြား ဆိုတာကတော့ “ဟောဒီ သာသနာ တွင်းမှာ လူဖြစ်ကြရတဲ့ ခန္ဓာကိုယ်ကြီး ထဲက “ရုပ်နဲ့နာမ်” ဆိုတဲ့ ရွှေဒင်္ဂါးနှစ် ပြားပါပဲ။ သုံးတတ်ရင် အခုနပြောတဲ့ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာဝတေး မင်းတို့ရဲ့ စည်းစိမ်တွေ၊ နတ်စည်းစိမ်၊ ဗြဟ္မာ့ စည်းစိမ်တွေ ကိုသာမက နိဗ္ဗာန် ချမ်းသာအထိ ၀ယ်လို့ရနိုင် လောက်အောင် တန်ဖိုးရှိတာ ဖြစ်လို့ အဖိုးမဖြတ်နိုင် လောက်အောင် တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးနှစ်ပြား ဖြစ်တယ် ဆိုတာ အရိယာတရား ကြားဖူးနားဝ ရှိသူတိုင်း ခန့်မှန်းမိ လောက်ပါတယ်။
       တစ်ခုတော့ သတိပေး ရဦးမယ်၊ တို့ရဲ့ ကံမိဘက တို့တတွေကို ရွှေဒင်္ဂါး နှစ်ပြားစီ အမွေ ပေးတယ်ဆို ပေမဲ့ ပကတိ ရွှေစင်ဖြစ်ပြီးသား တော့လည်း မဟုတ် တတ်ပြန်ပါဘူး။ ဒါကြောင့် ကပ်စေးနဲ လွန်းတာလား၊ စည်းကမ်းကြီး လွန်းတာလား မပြောတတ် ဘူးလို့ ပြောရတာပေါ့။ အမှန်ကတော့ အောက်သက် ကျေပြီး အထက်တန်းအထိ ရောက်စေ ချင်လွန်းတဲ့ မေတ္တာတရား ကြောင့်ပဲ ဖြစ်မှာပါ။ ကံမိဘက တို့ကိုပေးလိုက်တဲ့ ရွှေဒင်္ဂါးနှစ်ပြားက တဖြည်းဖြည်း စနစ်တကျ ပြုပြင်မွမ်းမံ တတ်ရင် အဖိုးမဖြတ် နိုင်လောက်အောင် အရည်သွေးပြည့်ဝတဲ့ ရွှေဒင်္ဂါး ကြီးတွေ ဖြစ်လာနိုင်တဲ့ သတ္တုများ သာလို့ ဆိုရမယ် ထင်ပါတယ်။
      ဟုတ်ပါတယ်၊ ဒီသတ္တုတွေက စနစ်တကျ ပြုပြင် မွမ်းမံရင် အမြတ်ဆုံး ချမ်းသာကို ရယူနိုင်လောက်တဲ့ အရည် အသွေးပြည့် ရွှေဒင်္ဂါးတွေ ဖြစ်လာနိုင်သလို စည်းပျက်၊ စနစ်ပျက်၊ ပစ်စလက်ခတ် အသုံးပြုမယ် ဆိုရင်တော့ ကမ္ဘာဖျက် လက်နက်တွေ  ပြုလုပ်တဲ့ ယူရေနီယံ သတ္တုထက် ကြောက်စရာကောင်းတဲ့ သတ္တု အမျိုးအစား တွေလည်း ဖြစ်သွား နိုင်တယ်ဆိုတာ ခေတ်၊ စနစ်၊ ပတ်ဝန်းကျင်ကို သတိပြုမိ ကြသူတိုင်း သဘော ပေါက်ကြမှာပါ။
        မြတ်စွာ ဘုရားရှင်ရဲ့ သာသနာ တော်ကြီး ပွင့်ထွန်း ပေါ်ပေါက် လာတာဟာ ဒီလို သုဂတိဘုံ သားတို့ရဲ့ ကံအမွေ သတ္ထုတွေကို ရွှေစင်ဒင်္ဂါး များအဖြစ် အရည်သွေး မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီသတ္ထုတွေဟာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဒီဂရီတွေ ဖြည့်ပေးရင် ပေးသလောက် “နိဗ္ဗာန်ချမ်းသာ” ဆိုတဲ့ အတုမဲ့ချမ်းသာ ကြီးကို ရယူနိုင် လောက်အောင် အထိ အရည်အသွေး မြင့်တင်နိုင်ပါတယ်။
       ဒါကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်များ အနေနဲ့ “တို့ မိဘက ချမ်းသာလို့ ရွှေဒင်္ဂါးနှစ်ပြား လောက်များ အရင်းအနှီး ထုတ်ပေးခဲ့မယ်ဆိုရင် သူဌေးကြီး ဖြစ်အောင် ကြိုးစားပြ လိုက်ချင်ပါတယ်”ဆိုတဲ့ တောင့်တ ကြုံးဝါးမှုမျိုး ပြုစေ ချင်တာပါ။ အခုလောက်ဆိုရင် တို့ဗုဒ္ဓဘာသာ ၀င်တွေဟာ အချမ်းသာဆုံး အဆင့်အထိ ဖြစ်နိုင်တဲ့ ကံသူဌေးရဲ့ သားသမီး တွေဖြစ်ကြတယ်။ အချမ်းသာဆုံး အဆင့်အထိ ရောက်နိုင် လောက်တဲ့ ရွှေဒင်္ဂါး နှစ်ပြားစီ ပိုင်ဆိုင် ထားကြသူတွေ ဖြစ်တယ်ဆိုတာ သဘောပေါက်လောက် ကြပါပြီ။ ဘယ်လို တောင့်တ ကြုံးဝါးကြမယ် ဆိုတာကိုပဲ ဆုံးဖြတ်ကြဖို့ပါ။ အချို့ ဆိုရင်တော့ ကိုယ့်တန်ဖိုးကိုယ် သိနေကြလို့ ကြုံးဝါး ကြိုးစားခဲ့ကြတာ လောက သူဌေးတွေထက် အဆများစွာ သာလွန် ချမ်းသာကြတဲ့ သီလသူဌေး၊ သမာဓိသူဌေး၊ ပညာသူဌေး ကလေး တွေတောင် ဖြစ်သူတွေ ဖြစ်နေကြတာ ကိုလည်း မိမိတို့ဝန်းကျင်မှာ တွေ့နိုင် မြင်နိုင်ကြမှာပါ။ ဟော … အခုလည်း တစ်ဦးကို အမှတ်ထင်ထင် တွေ့လိုက်ရပါပြီ။ “ဓမ္မဒူတ ဒေါက်တာ ဘဒ္ဒန္တ ပညိဿရ”တဲ့။ ဒီအရှင်မြတ်က ဓမ္မဒူတ ဆရာတော်ကြီး ဘဒ္ဒန္တပညာ ဇောတရဲ့ တပည့် တစ်ဦးဖြစ်လို့ အမည်နဲ့ ဂုဏ်ထူးတို့ရဲ့ ရှေ့ဖျားမှာ “ဓမ္မဒူတ”ဆိုတဲ့ ဂုဏ်မြောက်တဲ့ အမည်ထူး တစ်ခုကို ဦးထိပ်ရွက် တပ်ဆင် ထားတာပါ။

      ဒီအရှင်မြတ်ရဲ့ ဆရာဖြစ်တဲ့ ဓမ္မဒူတ ဆရာတော်ကြီးနဲ့ ပတ်သက်လို့ ဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ တောင်စွန်းက ဓမ္မဒူတ ကျောင်းတိုက် ငွေရတုသဘင် အထိမ်းအမှတ် မဂ္ဂဇင်းမှာ “နှလုံးသားများကို ထုဆစ်တဲ့ မဟာပန်းပု ပညာရှင်”ဆိုပြီး တင်စားပူဇော် ခဲ့ဖူးပါတယ်။ အခုတော့ အကြောင်းအရာကို လိုက်ပြီး “သတ္ထုတို့ကို ရွှေစင် ဖြစ်လာအောင် မြှင့်တင်နိုင်စွမ်းတဲ့ မဟာဓာတ်ပြောင်း ပညာရှင်”လို့ တင်စား ပူဇော်ရပါ လိမ့်မယ်။ ဟုတ်ပါတယ်။ ဆရာတော်ကြီး ဓာတ်ပြောင်း ပေးလိုက်တဲ့ အတွက် အရှင်ပညိဿရ အပါအ၀င် ဓမ္မဒူတ အရှင်တို့ဟာ ကိုယ်တိုင်လည်း သီလ၊ သမာဓိ၊ ပညာ အရည် အသွေးတွေ ပြည့်ဝတဲ့ ရွှေဒင်္ဂါးတွေ ဖြစ်ကြသလို အခြား တိဟိတ် လူသားတို့ရဲ့ ကံအမွေရ သတ္ထုနှစ်ပြား စီတို့ကိုလည်း “စာရေး၊ စာချ၊ တရားဟော၊ တရားပြ”ဆိုတဲ့ ဆရာ့အမွေ အတတ်ပညာ တွေနဲ့ ရွှေစင် ရွှေရည် မြင့်တက်အောင် မြှင့်တင်ပေးနေကြတဲ့ ပင်ကြီး၊ ပွင့်သန်၊ မျိုးစေ့မှန်တဲ့ ဓမ္မဒူတ မျိုးဆက်တွေပါ။

        အဲဒီ မျိုးဆက်သစ် တွေထဲက ဒီအရှင်မြတ်ဟာ ဆရာကောင်း တပည့်ပီသစွာ အတွင်းသား သတ္ထုများက ရွှေစင်အဖြစ် မြင့်တက် လာခဲ့သလို မွေးဖွားလာချိန်ကစပြီး ရေတွက်တဲ့ ရုပ်နာမ်ခန္ဓာ အစုအဝေး အားဖြင့်လည်း နှစ်ငါးဆယ်ပြည့်တဲ့ ရွှေရတု ကာလကို ရောက်ခဲ့ပါပြီ။ လူ့ပြည်ရောက်တဲ့ နှစ်သက်တမ်းတွေ တစ်နှစ် ထက်တစ်နှစ် တိုးလာခဲ့တာကို တစ်ချို့ကတော့ အိုလာ ကြတယ်လို့ ထင်မှတ် အားငယ်ပြီး အသက်အရွယ် ကိုတောင် လျှော့ပြော တတ်ကြသူတွေကို တွေ့ရဖူးပါတယ်။ ဒါဟာ တကယ်တော့ ဘ၀ အဓိပ္ဗာယ်ကို ရှာဖွေ ချင့်တွက်ပြီး အမှန်အကန် ကောက်ချက် မချတတ်ကြ လို့ ဂုဏ်ယူ အားတက်စရာကို ကြောက်ရွံ့ အားပျက်စရာ ထင်နေကြတာ ဖြစ်ပါလိမ့်မယ်။

        မိမိတို့မှာ ကိုယ်စီပါလာကြတဲ့ ကံအမွေ ရွှေဒင်္ဂါးနှစ်ပြားကို အရည်အသွေး တက်အောင် မမွမ်းမံ မပြင်ဆင် တတ်ကြတဲ့ သတ္ထုပြား ပိုင်ရှင်များ အနေနဲ့တော့ သက်တမ်းတွေ ကြာလာတာဟာ အိုမင်းလာကြ တာပဲဖြစ်လို့ ကြောက်ရွံ့ အားပျက်စရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ကံအမွေ သတ္ထုနှစ်ပြားကို ရွှေသား ရွှေစင်ဖြစ်အောင် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ သုံးပါးနဲ့ အရည်အသွေး မြှင့်တင်တတ်ကြ သူများကတော့ သက်တမ်းတွေ ကြာလာတာနဲ့ အမျှ ကြီးမားရင့်ကျက် လာတာကို သိမြင် ပွားများရင်း ဂုဏ်ယူ အားတက် နေကြမှာပါ။ “အိုမင်းတာနဲ့ ကြီးရင့်တာ ဘာများ ထူးလို့လဲ”လို့ တွေးထင်ကောင်း တွေးထင် မိကြပါလိမ့်မယ်။ သိပ်ကို ထူးပါတယ်။ အိုမင်း လာသူတွေ ဆိုတာ ကုသိုလ်မပြု၊ ကောင်းမှုမမွေ့၊ သတိမေ့ကြသူတွေဖြစ်လို့ “ပမာဒေါ မစ္စုနော ပဒံ = သတိမစိုး သူသေမျိုး”ဆိုတဲ့ ဓမ္မပဒဒေသနာ တော်အတိုင်း သေရာဖက်ကို နီးသွား သူများဖြစ်ပါတယ်။ ဒီလို အသက်ရှည် နေကြ သူတွေကို “အဖိုးအိုတွေ”လို့ ဆိုရမယ် ထင်ပါတယ်။ တန်ဖိုးတွေ လျော့ကျ အိုမင်း လာကြသူတွေ ဖြစ်လို့ပါ။

      သီလ၊ သမာဓိ၊ ပညာ အရည်အသွေး တွေနဲ့ ရင့်ကျက်ကြီးမား လာသူများကတော့ “အပ္ဗမာဒေါ အမတံ ပဒံ = သတိအုပ်စိုး မသေမျိုး”ဆိုတဲ့ ဒေသနာအတိုင်း မသေရာ နိဗ္ဗာန်နဲ့ ပိုပိုနီးလာ ကြသူတွေသာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အသက်ရှည် နေကြသူတွေကိုတော့ “အဖိုးကြီးတွေ”လို့သာ ဆိုရပါလိမ့်မယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ တန်ဖိုးတွေ တိုးတက်ကြီးမား လာကြသူတွေ ဖြစ်လို့ပါ။ အခု ဂုဏ်ပြုပူဇော်ခံ အရှင်ပညိဿရလည်း ဒုတိယ အမျိုးအစားထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ နှစ်ငါးဆယ် ရတုမှသည် ရာပြည့်ရတု တိုင်အောင် အထိလည်း ဘယ်တော့မှ အဖိုးအို မဖြစ်ဘဲ အဖိုးကြီးသာ ဖြစ်ပါစေလို့ ဆုတောင်း ပတ္ထနာပွားရင်း ဒီစာ တမ်းငယ်နဲ့ မုဒိတာတရားပါ ထပ်ဆင့်ပွားလိုက်ပါတယ်။

                                          ရွှေခြေလှမ်းတို့ မဂ်လမ်းမချော်၊ ရာပြည့်ကျော်၍ မွေ့လျော်နိဗ္ဗာန်တိုင်စေသော်။

 

http://www.ashinsirinda.com/

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

2013-ခု၊ ဒီဇင်ဘာလ(8)ရက်၊ တနင်္ဂနွေနေ့...

 

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET