မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

ရင်ခွင်မဲ့ ဘ၀များ

    လောကမှာ တရားအရိပ်ပြီးရင် မိဘမေတ္တာရိပ်ထက် လုံခြုံတဲ့အရိပ် မရှိနိုင်ဘူးဆိုတာ လူတိုင်းလက်ခံထားတဲ့ အမှန်တရားပါ။ မိခင်တွေကသာ သားသမီးတွေကို အသက်ပေးပြီး စောင့်ရှောက်ကြသလို၊ ဖခင်တွေက သားသမီးတွေကို ဘ၀တခုလုံးပေးဆပ်ပြီး ကျွေးမွေး စောင့်ရှောက် ကြသူတွေပါ။ မိဘအရိပ်နဲ့ကင်းကွာပြီး ရင်ခွင်မဲ့ဘ၀နဲ့ ကြီးပြင်းရတဲ့သူတွေ ဘ၀ကိုဘယ်လို အဓိပ္ပါယ်ဖွင့်ကြမှာပါလိမ့်။

.

 

      ကျွန်မ သူနာပြူတက္ကသိုလ်တက်တုန်းက ရွှေဂုံတိုင် မိဘမဲ့ကလေးထိန်းကျောင်းကို လေ့လာရေးသွားခဲ့ ရပါတယ်။ အသက် (၅)နှစ်အောက် မိဘမဲ့ကလေးတွေကို စောင့်ရှောက်တဲ့ လူမှုဝန်းထမ်းဦးစီဌာန လက်အောက်က ဌာနတခုဖြစ်ပါတယ်။ ကျွန်မတို့ ရောက်သွားတော့ ဌာနအကြီး အကဲနဲ့ ၀န်ထမ်းအချို့က ကလေးထိန်းကျောင်းရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကျွန်မတို့ သိချင်တာတွေကို ရှင်းပြပေး ပါတယ်။သူတို့ရှင်းပြတာတွေ နားထောင်ပြီးတော့ ကျွန်မတို့ ကလေးတွေနဲ့တွေ့ရ ပါတယ်။ဆင်တူဝတ်စုံတွေနဲ့ ကလေးငယ်တွေ ကျွန်မတို့ကို အပြေးအလွှား ဆီးကြို ဖက်တွယ်ကြပါတယ်။

    သူတို့လေးတွေ ယုယချီပိုးခံချင်လို့ ပြေးဖက်လာကြတာပါ။ ကျွန်မတို့သူငယ်ချင်းတစုလည်း တယောက်ကို ကလေးနှစ်ယောက်စီ ချီထားကြပါတယ်။ ကြာကြာမချီနိုင်တော့ ကြမ်းပြင်မှာ တင်ပလင်ခွေထိုင်ပြီး၊ ကလေးနှစ်ယောက်ကို ပေါင်တဖက်စီပေါ် တင်ထားကြပါတယ်။ ကြင်နာယုယမှုကို အငန်းမရ လိုချင်မွတ်သိပ်နေရှာတဲ့ ရင်ခွင့်မဲ့ကလေးတွေကို မြင်ရတာ ကြေကွဲ စရာကောင်းပါတယ်။

 

ကလေးထိန်းကျောင်းမှာ ကလေးတချို့က မိနှစ်ပါးလုံး ကွယ်လွန်သွားကြပြီး စောင့်ရှောက်မဲ့သူ မရှိလို့ လာပို့ထားကြတာ ဖြစ်ပါတယ်။ တချို့ကတော့ ဆေးရုံမှာကလေးမွေးပြီး မိခင်ဆေးရုံကဆင်းပြေးလို့ ထားခဲ့တဲ့မွေးကင်းစကလေးကို သက်ဆိုင်ရာက လာအပ်ထားတဲ့ ကလေးတွေပါ။ အဆိုးဆုံးကတော့ လမ်းဘေးမှာ စွန့်ပစ်ခံရလို့ တာဝန်ရှိတဲ့ လူမှု ၀န်ထမ်းကို လာအပ်ထားတဲ့ ကလေးတွေပါ။ ကလေးထိန်း ကျောင်းကို ပုံစံအမျိုးမျိုးနဲ့ ရောက်လာတဲ့ကလေးတွေထဲမှာ ကံကောင်းတဲ့ ကလေးအနည်းစုကိုတော့ မွေးစားချင်တဲ့လူတွေက ခေါ်ယူမွေးစား သွားကြတယ်လို့ သိရပါတယ်။

 

ကလေးထိန်းဌာနမှာ ကြီးပြင်းရတဲ့ ကလေးတွေဟာ နေစရာနဲ့ စားစရာဝတ်စရာ ရကြလို့ ရုပ်ပိုင်းရာလုံခြုံမှု ရကြပါလိမ့် မယ်။ မိဘမေတ္တာရိပ်အောက်မှာ ကြီးပြင်းရတဲ့လူတွေလို စိတ်ပိုင်းဆိုင်ရာလုံခြုံမှု မရကြတဲ့အတွက် သူတို့ဘ၀မှာ ဟာနေ တဲ့ကွက်လပ်က ဘယ်အရာတွေနဲ့မှ အစားထိုးဖြည့်စွက်လို့ ပြည့်မသွားနိုင်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် နေတဲ့ ခေတ်ကြီးမှာ  မိဘမဲ့ကလေးဦးရေ ပိုလို့များလာပါတယ်။ AIDSရောဂါကြောင့် မိဘနှစ်ပါး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ရပြီး၊ ကလေးတွေ မိဘမဲ့ဘ၀ရောက် ရတာတွေလည်းအများကြီးပါ။ တချို့ကတော့ တာဝန်မယူနိုင်၊ ဖခင်အမည် မဖော်နိုင်လို့ စွန့်ပစ်ခံရတဲ့ ကလေးတွေပါ။ လူတွေမေတ္တာနဲ့ သစ္စာတရားကို တန်ဖိုးထားကြပြီး၊ ကိုယ်ကျင့် သီလတွေ စောင့်ထိန်းကြရင် AIDSလိုကူးစက်ရောဂါတွေ၊ မွေးကင်းစကလေးတွေ စွန့်ပစ်ခံရ တာတွေ ပပျောက်သွားမှာပါ။

 

အဖေအမေ မရှိတော့တဲ့ တူတူမလေးယောက်နဲ့ ကျွန်မက တိုက်ရိုက်ပတ်သက်နေတော့ မိဘမဲ့ကလေးတွေကို ပိုပြီးစာနာ မိပါတယ်။ မိဘမေတ္တာရိပ်အောက်မှာ ကြီးပြင်းခွင့်မရတဲ့ သူတို့လေးတွေရဲ့ဘ၀ဟာ မပြည့်သောအိုးတွေလိုပါပဲ။

    ရွာမှာ ဆင်းရဲတဲ့ကလေးတွေ ကျောင်းမတက်ရပဲ ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ကြရ ပါတယ်။ ကျွန်မတူတူမတွေက ကျောင်း တက်ခွင့်ရကြ တာမို့ ရွာကလူတွေက သူတို့ကိုကံကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကလေးတွေကတော့ သူတို့ ကိုယ်သူတို့ ကံကောင်းတယ်လို့ မထင်မှတ်ကြပါဘူး။ ကျွန်မကိုယ်တိုင်လည်း သူတို့ကို ကံကောင်းတယ်လို့ မယူဆပါဘူး။ ကျွန်မက အဒေါ်တယောက်အနေနဲ့ သူတို့ရဲ့မိခင်နေရာမှာ အစားထိုး ပေးတဲ့အနေနဲ့ အနီးကပ် စောင့်ရှောက်ပေးသင့် ပါတယ်။

 

      ဒါပေမဲ့ မြန်မာပြည်မှာ ကလေး (၄) ယောက်နဲ့ အတူနေပြီး သူတို့ပညာသင်စရိတ်ရအောင် ငွေရှာနိုင်တဲ့ အရည် အချင်း ကျွန်မမှာမရှိတော့ သူတို့ရဲ့လိုအပ်ချက်တွေကို လစ်လျူရှုထားရပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးကိုပဲ ကျွန်မတို့ မောင်နှမတွေ ကြိုးစားပြီးဖြည့်ဆည်း ပေးနေရပါတယ်။

 

အမေနဲ့အဖေ အသက်ရှင်စဉ်က ပြည့်စုံအောင် မထောက်ပံ့နိုင်ခဲ့တာကို ကျွန်မတွေးမိတိုင်း စိတ်မကောင်းဖြစ် ပါတယ်။ တာဝန်မကျေခဲ့တာကို ပြန်ပေးဆပ်ဖို့ရန် အမေတို့အဖေ စိတ်ချမသွားတဲ့ မိဘမဲ့မြေးတွေကို စောင့်ရှောက်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်မမှာ တာဝန်အရှိဆုံး ဖြစ်နေပါတယ်။ မောင်နှမလေးယောက်လုံးကို ဘွဲ့ရတဲ့ထိပညာသင် စောင့်ရှောက်ပေးချင်ပါတယ်ဆိုပြီး ခရစ်ယာန်အသင်းတော်တခုက ရွာရောက်အောင်လာခေါ် ပါတယ်။

    အတိတ်ကံ ၀်ကြွေးတွေကို အရွယ်နဲ့မလိုက်အောင် ခံစားနေရတဲ့ ကျွန်မရဲ့ တ၊ူတူမလေးတွေ ဗုဒ္ဓဘာသာအဆုံးအမနဲ့ ကင်းကွာတဲ့ ပတ်ဝန်းကျင်မှာ လူလားမြောက်ရမှာကို လက်မခံနိုင်တဲ့အတွက် ကျွန်မငြင်းခဲ့ပါတယ်။ ကျွန်မကိုယ်တိုင် သူတို့ကို ပြည့်စုံအောင် မပံ့ပိုးနိုင်ရင် နီးစပ်ရာအကူအညီနဲ့ ပညာစုံပြီး သူတို့ဘ၀ကို ရပ်တည်နိုင်တဲ့ အချိန်ထိကြိုးစားပြီး စောင့်ရှောက် ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်နိုင်တဲ့အတွက် တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်အရှင် ဇနကဘိဝံသရဲ့ ကျေးဇူး တော်ကို ရှိခိုးဦးခိုက်မိပါတယ်။

 

ကျွန်မငယ်ငယ်က မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်သာရှိပြီး၊ တောင်မြို့ဆရာတော်ရေးတဲ့ ရတနာ့ဂုဏ်ရည် စာအုပ်ကိုဖတ် ရလို့ ရတနာသုံးပါးကို ခိုင်မြဲစွာယုံကြည်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်က သံဃာတော်အရှင်မြတ်တွေဟာ အသက် သွေးတွေစတေးပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်ကို စောင့်ရှောက်တော်မူခဲ့ကြတယ်။

    တောင်မြို့ဆရာတော်ဘုရားကလည်း မြန်မာပြည်အနာဂတ် သာသနာအတွက် နောက်ဆုံးအချိန်ထိ  ပင်ပန်းဆင်းရဲခံပြီး ဆောင်ရွက် တော်မူခဲ့တယ်။ ဆရာတော်ဘုရားရေးတဲ့ စာအုပ်တွေဖတ်၊ တရားတွေနာပြီး သာသနာတော်ကို ယုံကြည်စွာ ကြည်ညိုမှီခိုခွင့် ရခဲ့တဲ့ကျွန်မ အနေနဲ့ ဗုဒ္ဓဘာသာသွေးပါပြီးနေတဲ့ ကလေး(၄)ယောက်ကို ဗုဒ္ဓဘာသာစစ်စစ် တွေဖြစ်အောင် စောင့်ရှောက်ပေးခြင်းဖြင့် သာသနာကို ကာကွယ် စောင့်ထိန်းသင့်တယ်လို့ယူဆပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ပါလို့ ခံယူထားသူတိုင်း သာသနာကို အသက်နဲ့ထပ်တူ ကာကွယ် စောင့်ရှောက် သင့်တယ်မဟုတ်ပါလား။

 

အောင်မြင်မှုဆိုတာ ဘယ်ဆီနေမှန်းမသိသေးတဲ့ ကျွန်မဘ၀မှာ ဘယ်တုန်းကမှ စိတ်သွားတိုင်းကိုယ်မပါ ခဲ့ပါဘူး။ ဒီကလေးတွေ ပညာစုံလို့ သူတို့ဘ၀ကိုယ်တိုင် ရပ်တည်နိုင်တဲ့ အချိန်ရောက်ရင်တော့ ကျွန်မဘ၀မှာ တစုံတရာအောင်မြင် မှု ရခဲ့တယ်လို့ မှတ်ယူရမှာပါ။

     တခါတလေ စိတ်အားလူအားရှိတဲ့ အချိန်တွေမှာ ကလေးတွေအကြောင်းတွေးမိရင် သူတို့ ဘ၀လေးတွေကို ကျွန်မဂရုဏာဖြစ်မိပါတယ်။ လူတိုင်း အပြစ်အနာအဆာ မကင်းနိုင်ကြသလို ကလေးတွေလည်း အပြစ်နဲ့ မကင်းနိုင်ကြပါဘူး။ မလိမ်မိုးမလိမ်မာ သားသမီးတွေကို မိဘတွေကသာ အမြဲခွင့်လွတ်တတ်ကြသလို၊ အပြစ်ကိုကာကွယ် ပေးကြပါတယ်။ ကျွန်မရဲ့ တူတူမလေးတွေမှာတော့ ကာကွယ်ရပ် တည်ပေး မဲ့သူ မရှိကြတော့၊ အပြစ်တခုလုပ်မိတာနဲ့ သူများတံတွေးခွက်ထဲ ပက်လက်မျောရမဲ့ အဖြစ်တွေပါ။

     ကျွန်မငယ်ငယ် မြီးကောင် ပေါက်အရွယ်ကဆိုရင် အဖေကမားမား မတ်မတ်၊ အကိုမောင်တွေကြားမှာ နြေ္ဒရရ ကြီးပြင်းခဲ့ရတာမို့ ရွာမှာဘယ်သူကမှ မထီမဲ့မြင်မပြုရဲ ကြပါဘူး။ အကာအကွယ်မဲ့စွာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မတူမလေးတွေရဲ့ ဘ၀အကြောင်းကို တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။

 

ကျွန်မရဲ့မိဘနှစ်ပါးမရှိတော့တဲ့ နောက်ပိုင်းမှာ မိဘမဲ့ကလေးတွေရဲ့ ဘ၀ကိုပိုပြီး စာနာတတ်ခဲ့ပါတယ်။ ကျွန်မကျောင်းပြီးလို့ ဘ၀ရပ်တည် နိုင်တဲ့အချိန်ထိ မိဘနှစ်ပါးလုံး သက်ရှိထင်ရှား ရှိနေခဲ့တာတောင် အဖေအမေ မရှိတော့တဲ့နောက်ပိုင်း ဘ၀ကဟာနေသလို ခံစားရပါတယ်။ ပျော်စရာကြုံလို့ ၀မ်းသာအားရပြောပြစရာ အမေမရှိ၊ အဆင်မပြေအားငယ်နေချိန်မှာ အားပေးနှစ်သိမ့်မဲ့ အဖေမရှိတဲ့ ဘ၀အခြေအနေမျိုးကို ကိုယ်တိုင်ခံစားဖူးမှ အပြည့်အ၀နားလည်နိုင်ပါလိမ့်မယ်။ ဘ၀လမ်းကို ဘယ်လိုလျှောက်ရမယ်ဆိုတာ မသိသေးတဲ့ ငယ်ရွယ်နုနယ်တဲ့ ကလေးတွေရဲ့ဘ၀မှာ မိဘနှစ်ပါးမရှိခြင်းဟာ အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးပါပဲ။

 

မိဘမဲ့ဘ၀တွေကို ရေနဲငါးလို၊ ရေးဝေးကြာလို စပ်ဆိုကြတာကို ကျွန်မစိတ်ထဲမှာတော့ အတိအကျထပ်တူကျတဲ့ ဥပမာ အလင်္ကာတွေလို့ မြင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရကြတဲ့ ရင်ခွင်မဲ့ကလေးတွေရဲ့ နှလုံးသားမှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေ အမြစ်တွယ်နေ တတ်ပါတယ်။ သိမ်ငယ်စိတ်ဓာတ်ခံ ရှိထားတဲ့သူတို့အပေါ် အထင်အမြင်သေးစွာ နှိမ့်ချဆက်ဆံတဲ့အခါ ပြန်လှန်တုန့်ပြန်မှုတွေဟာ အဖျက် သဘောဆောင် နေတတ်ပါတယ်။

    လောကကြီးကို မကျေမနပ် ဖြစ်ပြီး၊ ရန်လိုစိတ် အနိုင်ရလိုစိတ်တွေ ဖြစ်လာနိုင်ပါတယ်။ သိပ်အစွန်း ရောက်သွားရင် ဖျက်လိုဖျက်ဆီး စိတ်တွေ ၀င်လာပြီး လောကကို ကောင်းကျိုးမပေးသူ၊ ရာဇ၀တ်မှု ကျူးလွန်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီသဘောလေးတွေကို နားလည်ပြီး၊ စာနာစိတ်အပြည့်နဲ့ ပြုပြင်စောင့်ရှောက် ပေးကြမယ်ဆိုရင် လူကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။

 

ဘ၀ဇာတ်ခုံပေါ်မှာ ပျော်စရာ လွမ်းမောစရာ ဇာတ်စုံကနေရတဲ့ ကျွန်မတို့တွေ မိစုံဖစုံနဲ့ကြီးပြင်းခဲ့ရတယ်ဆိုရင် ကံကောင်း ခြင်းတမျိုးကို ပိုင်ဆိုင်ကြတယ်လို့ မှတ်ယူရမှာပါ။

      ကံမကောင်းရှာကြတဲ့ ရင်ခွင်မဲ့ကလေးတွေကိုတော့ ညှာတာထောက်ထား ဂရုဏာပွားကြပြီး၊  တတ်နိုင်သလောက် ကူညီပံ့ပိုးသင့်ပါတယ်။ မိမိရဲ့ပရောဂကြောင့် ကလေးတယောက် မိဘမဲ့ဘ၀ ရောက်မသွားစေဖို့ကိုလည်း သတိထား ရှောင်ကြဉ်သင့် ပါတယ်။ ပွင့်သောပန်းတွေ အကြွေမစောစေဖို့နဲ့၊ ရေဝေးပန်းတွေ နွမ်းမသွားစေဖို့ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြစို့လို့ ဂရုဏာစိတ်နဲ့ တိုက်တွန်းလိုက်ပါတယ်။

 

ရွှင်လန်းချမ်းမြေ့ကြပါစေ

စံပယ်ဖြူ

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET