မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

        မြင်းမိုရ်ဦးရဲ့ မသေပန်း

သင့်ကို ရိုက်ပုတ် နှင့်ထုတ်ကြပေမယ့် သူတို့ကို မသေစေလိုဘူးဆိုရင် သင့်နှလုံးသားမှာ “မေတ္တာတရား” မသေပါကလား    ( ဘုရားလောင်း သိကြားမင်း )      

ဒီသတင်းကိုကြားလိုက်စက  အဘွားအို“ကစ္စာနီ”မှာ မယုံကြည်နိုင်သလို တအံ့ တသြဖြစ်သွားသေးတယ်။ ဒါဟာ မဖြစ်ကို မဖြစ်နိုင်ဘူးလို့လည်း ဇဝေဇ၀ါးတွေးလိုက် မိသေးတယ်။

.

   ဒါပေမယ့် ကလေးတစ်ယောက် မွေးဖွားတယ်ဆိုတဲ့ကိစ္စဟာ အကြံအဖန်လုပ်လို့ ရနိုင်တာ မျိုးမဟုတ်သလို တစ်ရပ်လုံး အုတ်အော် သောင်းတင်း ပြောဆိုနေကြ တာဖြစ်လို့ ဘာမျှ သံသယဖြစ်စရာ မလိုတော့ဘူး။ တကယ့်အဖြစ်မှန်ပဲ။ ဒီလိုဆိုရင်….

 

အဘွားအို “ကစ္စာနီ”ဟာ သူချွေးမ သားဖွားတဲ့သတင်းက သံသယဖြစ်စရာမရှိတဲ့  အဖြစ်မှန်ပဲဆိုတာ အတိအကျ သိလာရချိန်မှာတော့ သက်ကြီးရွယ်အိုတို့ကို အရို အသေ လုပ်ကျွေးရမယ့် “ ဇေဋ္ဌပစာယနတရားနဲ့ သုစရိုက်တရားများ” အပေါ်မှာ သံသယ ဖြစ်လာခဲ့တော့တယ်။

 

        ဒီတရားတွေ မရှိတော့ဘူး။ ဟုတ်တယ်။ ဒီတရားတွေ မရှိကြတော့တာ သေချာပြီး။ တရားသာအသက်ရှင်နေရိုးမှန်ခဲ့ရင် အမိကို အိပ်ပေါ်မှာ ရိုသေလုပ်ကျွေးနေစဉ်က ချွေးမမှာ သားရတနာ မထွန်းကားပဲ အမိကို ရိုက်ပုတ် နှင်ထုတ်လိုက်ခါမှ သားရတနာ ထွန်းကားပြီး ကျန်းမာချမ်းသာနေကြရတယ်လို့ ဘယ်မှာဖြစ်နိုင်မလဲ။ ခုတော့ ဒီအတိုင်း ဖြစ်တာက အမှန် ဖြစ်နေပြီ။ ဒါဆို တရားသေသွားတာလည်း မုချပဲပေါ့။ ဘာလုပ်ရမလဲ။

 

        “အမှန်တရားများဟာ တစ်ချိန်က သူတို့ သက်ရှင် ထွန်းကားခဲ့တဲ့ ကျေးဇူးကြောင့် ငါ့မှာ အရွယ်အိုမုဆိုးမဖြစ်ရပေမယ့် ဘာမှ မချို့တဲ့ခဲ့ဘူး၊ အမိကို အိမ်ဦးနတ်လိုကိုးကွယ် လုပ်ကျွေးတတ်တဲ့ တစ်ဦးတည်းသော သားလိမ်မာလေး၊ ရေပူရေချမ်း၊ ယာဂုထမင်းက စပြီး အ၀တ်လျှော်ဖွပ်သည့်အထိ အစစ တာဝန်ကျေတဲ့ သားလိမ္မာရဲ့ ပြုစု စောင့်ရှောက် မှုကြောင့် အရာရာ ဘာမျှမချို့တဲ့၊ မတောင့်မတ မကြောင်းမကြ လိုအပ်သမျှ အရန်သင့်၊ ဒါတွေဟာ ဒီ သုစရိုက်တရားတွေရဲ့ ကျေးဇူးတွေပဲ မဟုတ်လား၊ ခုတော့ ကျေးဇူးရှင်တွေ သေကြပြီး၊ တို့ဗြဟ္မဏနွယ်တွေရဲ့  ထုံးတမ်းစဉ်လာအတိုင်း ကျေးဇူးရှင်သေခဲ့ရင်.. သူတို့ကို နောက်ဆုံးကျေးဇူးဆပ်တဲ့အနေနဲ့“ပိဏ္ဍပ်ကျွေး”(ဆွမ်းလွတ်)ပေးရမှာပေါ့”

 

        အဘွားအို“ကစ္စာနီ” စိတ်ကို ဒုန်းဒုန်းချဆုံးဖြတ်ပြီးတဲ့အခါမှာတော့ ဗြဟ္ခဏ လူမျိုးတို့ ထုံးစံအတိုင်း ပိဏ္ဍပ်ကျွေးရာမှာ ချက်ပြုတ်ရမယ့် နှမ်းမှုန်း၊ ဆန် နဲ့ အိုး၊ ထင်း၊ ယောက်မ တို့ကိုယူပြီး သုဿာန်သင်္ချိုင်းဆီ ထွက်လာခဲ့တော့တယ်။

 

        သူက သုဿာန်ဆီ သွားနေပေမယ့် စိတ်ကတော့ အတိက်ဆီ ပြန်တွေးနေမိတယ်။ အသက်အရွယ်ကြီးလို့ နောက်ဆုံး တော့ ယောင်္ကျားသားခမျာ “ အမေပြော တော့ တစ်လ၊ မယားပြောတော့ တစ်ခဏ” ဆိုတဲ့ အစားထဲ ရောက်သွားရရှာပြီး မယား သဘော အတိုင်း လိုက် လျောခွင့်ပြုလိုက်တယ်။ ဒါနဲ့ ချွေးမရဲ့ ကြိမ်းမောင်းနှင်ထုတ်တာ ခံရပြီး အဘွားအို“ ကစ္စာနီ” ခမျာ အိုကြီး အိုမ သူတစ်ပါးအိမ်မှာ အိမ်စေအဖြစ် ကပ်ရပ် မှီခိုရင်း အထီးအကျန် ဒုက္ခသည်ဘ၀ ရောက်ခဲ့ရတော့တယ်။

 

        တိုက်ဆိုင်ချင်တော့ အဘွားအို အိမ်မှာရှိစဉ်က အမြုံမ ဖြစ်နေတဲ့ချွေးမက အဘွား အိုလည်းမရှိရော သန္ဓေရပြီး သားယောင်္ကျားလေး ဖွားမြင်လာတယ်။ ဗြဟ္မဏ အနွယ်တို့ ရဲ့ ထုံးစံအတိုင်း အနွယ်ကို ဆက်ခံမည့် သားကောင်း မိခင်ဖြစ်ပြီဆိုတော့ သူဟာ အမျိုး ရဲ့ သခင်အဖြစ် အစစ စိုးပိုင်လာခဲ့တော့တယ်။ လင်ယောင်္ကျားအပေါ်မှာ လည်း ပြော အား ပိုရှိလာတာပေါ့။ “ အရင်က ယုတ်မာတဲ့ သက်ကြီးရွယ်အိုမကြီးကြောင့် အမြုံ ဖြစ်နေတာ၊ အခု သူ လည်းမရှိရော အမျိုးကိုဆက်ခံမည့် သားရတာရပြီ” ပေါ့။

 

        ဒါကြောင့် အဘွားအို “ကစ္စာနီ” က တရားကို သေပြီလို့ ယတိပြတ် ဆုံးဖြတ်ချက် ချပြီး ကျေးဇူးရှင် တရားအသေ အတွက် ပိဏ္ဍပ်ကျွေး(ဆွမ်းသွပ်) ဖို့ သုသာန်ဘက် ထွက်လာခဲ့တာ။

 

        သုသာန်ပေါ်ရောက်တဲ့အခါ လူသေရဲ့ ဦးခေါင်းခွံသုံးခုကို ဖိုခုံလောက်လုပ်ပြီး မီးပျိုးတယ်။ ပြီးတော့ ဗြဟ္မဏတို့ ထုံးစံအတိုင်း ချောင်းထဲသွားပြီး ဆံပင်ကိုလျှော်၊ အ၀တ်ဖြူကိုရုံပြီးမှ ဆံပင်ကို ခြောက်အောင်ခါပြီး ကျောဘက်မှာ ဖားလားချ ထားရင်း နှမ်းထမင်းချက်ဖို့ ပြင်ဆင် ပါတော့တယ်။

 

        အဲဒီတုန်းက ဘုရားလောင်းက သိကြာင်းမင်းဘ၀မှာ ဖြစ်နေခိုက်ဆိုတော့ လောကကြီးကို မမေ့မလျော့ ကြည့်လေ့ရှိတဲ့အချိန်။ သုဿာန်ပေါ်မှာ ထမင်းချက်ဖို့  ကြိုးစားနေတဲ့ အဘွားအိုကိုတွေ့တဲ့အခါ အကြောင်းစုံကို မေးမြန်းဖို့ ခရီးသွားပုဏ္ဏား အဘိုးအိုးအသွင်နဲ့ အဘွားအိုနား ချဉ်းကပ်ပြီး….

 

        “အို ကစ္စည်းနွယ်ဖွား အရှင်မ၊ ဘာကိစ္စအတွက် သုဿာန်ပေါ်မှာ နှမ်းထမင်းကို ချက်နေရပါသလဲ”

        “အို ပုဏ္ဏား၊ တရားသေတဲ့အတွက် ဆွမ်းသွပ်မလိုပါ”

        “ကစ္စာနီအရှင်မ နှိုင်းနှိုင်းချိန်ချိန်ပြောပါ၊ တရားမင်းတရားဖြစ်တဲ့ သိကြားမင်း ဆိုတာ မသေသေးပါဘူး၊ ဘာကြောင့် တရားကို သေပြီဆို ပြောနိုင်ရတာလဲ”

 

        “ပုဏ္ဏားကြီး၊ ဒီကိစ္စမှာ ကျွန်ုပ် ဘာမျှသံသယဖြစ်စရာ မလိုတော့ဘူး၊ အသေ အချာ ဆုံးဖြတ်ပြီးပြီ။ အကျွန်ုပ်ကို အိမ်ပေါ်မှာတင်ထားပြီး လုပ်ကျွေးနေစဉ်က ချွေးမ ဟာ သားသမီးမထွန်းကားတဲ့ အမြုံမ ဖြစ်နေခဲ့တယ်၊ ကျွန်ုပ်ကို ရိုက်ပုတ်နှင်ထုတ်လိုက် ပြီးတော့မှ သားကို ဖွားဖြစ်ခဲ့တယ်၊ ဒီလို ယုတ်မာတဲ့ မိန်းမက အမျိုးကို အစိုးရသူ ဖြစ် သွားပြီး မိခင်ဖြစ်တဲ့ ကျွန်ုပ်က အနှင်ခံဘ၀ နဲ့ အထီးကျန်ဖြစ်ရတယ်၊ ဒါဟာ တရား သေလို့ပဲ မဟုတ်ပါလား”

 

        “အို ကစ္စာနီအရှင်မ၊ ကျွနိုပ် သုစရိုက်တရာတွေကြောင့် သိကြားမင်းဖြစ်လာရသူ ပါ၊ ကျွန်ုပ်မသေသေးပါဘူး၊ အခုလာခဲ့တာဟာ သင့်ကို အကျိုးဆောင်ပေးဖို့ပါပဲ၊ သင့်ချွေးမဟာ သင့်ကို ရိုက်ပုတ်နှင်ထုတ်ပြီးမှ သားကို ဖွားမြင်ပြီး အိမ်ကို စိုးမိုးအုပ်ချုပ် ခွင့်ရသွားတာ ဖြစ်ခဲ့လျှင် သူသားနှင့်အတူ ပြာကျသွားအောင် ကျွန်ုပ် ပြုပေးပါမယ်။”

 

        “အို သိကြားမင်း၊ ဘယ်လိုပြောလိုက်တာလဲ၊ ဒီအကြံဟာ အလွန်စက်ဆုတ်စရာ ကောင်းပါတယ်၊ ကျွန်ုပ်မြေး မသေအောင် ပြုရမယ်၊ အသင် သိကြားမင်းဟာ ကျွန်ုပ် အကျိုးအတွက် ဒီကိုရောက်လာခဲ့တာမှန်ရင် ကျွန်ုပ် နဲ့အတူ သား၊ ချွေးမ၊ မြေးတို့ အားလုံး အတူတကွ ၀မ်းမြောက်ဝမ်းသာ အိမ်မှာအတူနေရအောင်သာ ပြုပါ”

 

        “အို ကစ္စာနီရှင်မ၊ သင့်ကို ရိုက်ပုတ်နှင်ထုတ်ခဲ့ပေမယ့် ငယ်ရွယ်သူတွေကို မသေစေလိုဘူးဆိုတဲ့ သင့်ရဲ့ မေတ္တာတရားကို မစွန့်လွှတ်ဘူးဆိုရင် သင့်နှလုံးသားမှာ မေတ္တာတရားဟာ မသေသေးပါကလား၊ ဒီလိုဖြစ်ရင် တရားသေကို ရည်မှန်းပြီး ဆွမ်းသွတ်ဖို့လုပ်နေတဲ့ သင့် အစီအစဉ်ကို ဖျက်လိုက်ပါတော့၊ သင့်ဆန္ဒပြည့်ဝအောင် ကျွန်ုပ် ဆောင်ရွက်ပေးပါမည်၊ မိသားစုတွေ ပြအန်လည် ပေါင်းဆုံကြဖို့သာ ပြင်ပါတော့”

 

        သိကြားမင်းက သူ့ကတိအတိုင်း သားနဲ့ချွေးမတို့ကို သံဝေဂရအောင် ပြောဆို ဆုံးမလိုက်တာကြောင့် မိခင်ရဲ့ ကျေးဇူးတွေကို ပြန်လည်အောက်မေ့ပြီး ကလေးငယ်ကို ပွေ့ချီရင်း မိခင်အရှာထွက်ကြတယ်။ ရွာသားများရဲ့ ပြောပြချက်အရ သုဿန်ဘက် ထွက်သွားတာသိရလို့ လိုက်လာကြပြီး မိခင်ရဲ့ခြေရင်းကိုဖက်ရင်း အပြစ်ကို ခွင့်လွှတ်ဖို့ နဲ့ ရှေးကအတိုင်း အိမ်မှာတင် ပြုစုလုပ်ကျွေးခွင့်ပေးဖို့ တောင်းပန်ကြတဲ့အခါမှာတော့ အဘွားအို“ကစ္စာနီ” ဟာ ပီတိကြောင့်ကျတဲ့ မျက်ရည်စ များကို ဖယ်ရှားပြီး မြေးငယ်ကို ပွေ့ချီ လိုက်တော့တယ်။

 

                                      (ဇာတက-အဋ္ဌကနိပါတ်-ကစ္စာနီဇာတ်)

        သားသမီးတိုင်း “မြင်းမိုရ်ဦးရဲ့မသေပန်း”ကို သိမြင် ပန်ဆင်နိုင်ကြပါစေသော်။

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET