မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

သားသမီးကောင်းမိဘဖြစ်ကြဖို့

dhammabayri-1

"မိဘက မခင်မင်လို့ဘဲ သားသမီးတွေက ရိုင်းကုန်ကြသလား။ သားသမီးတွေက ရိုင်းကြလို့ပဲ မိဘတွေက ခွေးလောက်တောင် ခင်ဖော် မရကြသလား ဆိုတာတော့  မပြောတ်တော့ပါဘူး။ မောင်ပဉ္ဇင်းရယ်။

                                                                                                                                           (အရှင်သေဋ္ဌိလ)

.

          ငယ်ငယ်က ကဗျာလေး မတောက်တခေါက် ရေးကြတော့ အိမ်ဖော်လက်ထဲ သားသ မီး ကို လွှဲခဲ့ပြီး လမ်းထဲ ခွေးကျောင်း ထွက်နေတဲ့ မိဘများအကြောင်းနဲ့ ဖခင် အကောင် အထည် ရှိလျက်နဲ့ သားသမီး မလိုချင်လို့ ဖြစ်ပေါ်လာပြီး သားကို ရှင်းထုတ်ပစ်ချင်တဲ့ မိခင်တစ် ကောင်းပေါ် ဖအေရယ်လို့ ဘယ်မှာမှန်းမသိဘဲ ရလာတဲ့ ကလေး တစ်အုပ်အတွက် ကျောင်း ၀ိုင်းထဲက ဆွမ်းကျန် ဟင်းကျန်တွေ အ၀စားသယ်သွားပြီး ကလေးတစ်အုပ်ကို အန်ကျွေးနေတဲ့ ခွေးမိခင်တစ်ယောက်အကြောင်းကို အပေါင်းအသင်းတွေ စုပေါင်းရေးပြီး ကဗျာစာအုပ်တစ် အုပ် ဖြစ်ကတတ်ဆန်း ထုတ်ခဲ့ကြဖူးတာ မှတ်မိသေးတယ်။

 

          အဲဒီတုန်းက ဒီလိုဖြစ်ရပ်တွေကကလည်း ခဏခဏ ကြားနေ၊ တွေ့နေရလို့ ရေးဖြစ်ကြ တာပေါ့။ ခုလည်း ပလက်ဖောင်းတွေပေါ်မှာ တန်ဖိုးကြီးတယ်ဆိုတဲ့ ခွေးလေးတွေ ကို ကြိုးနဲ့ ဆွဲပြီး ခွေးချင်းပြိုင် လမ်းသလာနေကြတဲ့ မိခင်အများပြားကို မြို့ကြီးပြကြီးတွေမှာ တွေ့ရပြန် တယ်။ ခွေးကျောင်းမိခင်ချင်း တွေ့ကြပြောကြတဲ့အခါ သူ့ခွေးက ဘယ်နိုင်ငံခြားကမျိုး၊ ဘယ် လောက်ပေးရတာ၊ နိုင်ငံခြားပြန် သားတော်မောင်က ၀ါသနာပါ လွန်းလို့ မွေးထားရတာ ဆိုပြီး နိုင်ငံခြားသံ၊ ဒေါ်လာသံတွေ ဟောင်ဖွာ ဟောင်ဖွာနဲ့ အတော် အာခံတွင်းတွေ့နေကြပုံပါပဲ။ အိမ်မှာကျန်ရစ်တဲ့ သားငယ်သမီးငယ် များခမှာမှာတော့ ပြည်တွင်းဖြစ်ကလေးတွေဖြစ်လို့များ တန်ဖိုးထားရကောင်း မှန်းမသိဘဲ အိမ်ဖော်နဲ့ လွှဲခဲ့လေသလားလို့ တောင် ထင်ရတယ်။

 

          ဒေးဒရဲ ကွင်းကျောင်းတိုက်မှ ဆရာတော်ကြီး အရှင်သေဋ္ဌိလရယ်၊ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးရယ်၊ ကွင်းချောင်း ဆရာတော်ရယ် ဦးစီးပြီး  နိကာယ်သင်တန်း ဖွင့်တန်းကလည်း သာမညဖလသုတ်ရောက်တော့ အဇာတသတ်မင်းနဲ့ စပ်မိရာက သားသမီး ကိုပစ်ပြီး ခွေးချစ်တဲ့ မိခင်များနဲ့ ပတ်သက်လို့ စပ်မိပြောဆို ကြသေးတယ်။ သားသမီးတွေအတွက် မိခင်ရဲ့ မေတ္တာ ဟာ ဘယ်လောက် အရေးပါသလဲဆိုတဲ့ ကိစ္စကို အလေးအနက် ဆွေးနွေးပြောဆိုကြတာပါ။

 

          ဆရာောတ်အ၇ှင်သေဋ္ဌိလက သားသမီးကို အိမ်ဖော်နဲ့လွှဲခဲ့ပြီး လမ်းထဲ၊ ပန်းခြံထဲမှာ ခွေးကျောင်းထွက်ကြတဲ့ အလေ့ဟာ အင်္ဂလန်မှာလည်း ခေတ်စားကြကြောင်းနဲ့ အဲဒီက အတုအပတွေ မြန်မာ ပြည်ကို ကူးစက်လာပုံရကြောင်း ပြောပြတော့ မိမိက " သားသမီးနဲ့ မိဘ ဘယ်သူကများ စရိုင်းကြလို့ မိဘတွေက သားသမီးထက် ခွေးကို ပိုပြီး ဂရုစိုက်ကြတာတုန်း" ဆိုတာ လျှောက်ထားတဲ့အခါ အထက်မှာပြခဲ့တဲ့ စကားကို မိန့်ကြားတော်မူပါတယ်။

 

          နတ်မှီတောရဆရာတော်ကြီးကတော့ ရှေးလူကြီးတွေက ခွေးကလေးတွေကို ကျားစိတ် ပေါက်ပြီး လိုက်ရဲ၊ ကိုက်ရဲဖြစ်အော် ကျားစွယ်ကို သွေးပြီးတော့ တိုက်လေ့ရှိကြ တယ်။ ခန္ဓာကိုယ်ကို ကိုယ့်အစားအစာနဲ့ မတည်ဆောက်နိုင်ခင် အရွယ်မှာ မိဘက တိုက်ကျွေးခဲ့တဲ့ နို့ရည်ဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံးအတွက် အခြေခံကျတယ်။ မိခင်ရဲ့ နို့သက် ဟာ လူတွေ အတွက်တော့ အသက်လေးဆယ်ရှိမှ ကုန်တယ်လို့တောင် ဆိုကြတယ်။ ခွေးက လေးတွေဟာ ကျားစွယ်ကို သွေးတိုက်လို့ ကျားစိတ်ပေါက်လာ မှန်ခဲ့ရင် လူကလေး တွေကို တိရစ္ဆာန်နို့နဲ့ တိုက်ကျွေးကြတာဟာလည်း စဉ်းစားစရာကောင်းတယ်လို့ မိန့်ကြားပါတယ်။

 

          ဒေးဒရဲ ကွင်းကျောင်း ဆရာတော်ကတော့" ဒီသာမညဖလသုတ်ရဲ့ အဖွင့်အဋ္ဌကထာ မှာပါတဲ့ အဇာတသတ်အကြောင်းကိုပဲ စဉ်းစားကြည့်ပါလား၊ မြတ်စွာဘုရားနဲ့တွေးတဲ့အခါ အဇာသတ်မင်းဟာ သောတာပန် ဖြစ်လောက်တဲ့ ပါရမီဓာတ်ခံရျိသူဖြစ်တယ်။ ဒါပေမဲ့ အဖ သတ်ကံနဲ့ သူရဲ့ပါမီအရင်းအဖြစ်ကို တူးဖြိုခဲ့မိလို့  သောတာပန်အခွင့်အရေးနဲ့ လွဲခဲ့ရတယ်" လို့ ဘုရားရှင်ကိုတိုင်ကလည်း ဟောထားတာရှိတယ်။ ဗီဇကောင်းဖြစ်တဲ့ ဒီကလေး စိတ်ရိုင်း သွား ရတား အတော်ကလေး စဉ်းစားစရာ ရှိတယ်။

 

          ပိဋကတော်တွေထဲမှာ "  မစ္စကုစ္ဆိမဂဒါယ" ဆိုတာ ကြားဖူးတယ်မဟုတ်လား။ မြန်မာ လိုတော့ " ဗိုက်ဖျက်ရာဘေးမဲ့တော" လို့ အဓိပ္ပါယ်ရတယ်။ အတော်ဆန့်ကျင်တဲ့ စကားနှစ်ခု ကို ပေါင်စည်းထားတဲ့ အမည်ပဲ။ ဒီအမည်ရလာပုံက အရှင်တို့လည်း ကြားဖူး မယ်ထင်ပါတယ်။ ဝေဒေဟီ မိဖုရားကြီးမှာ သန္ဓေရတော့ ဖခင်ရဲ့ လက်ရုံးသွေးကို သောက်လိုတဲ့ ချင်ခြင်း ဖြစ် တယ်။  ဗိမ္ဗိသာရမင်းကြီးကလည်း ဒီကိစ္စဘာခဲယဉ်းတာမှတ်လို့ဆိုပြီး လက်၇ုံးသွေးကို ရွှေဓား နဲ့ ဖောက်တိုက်လိုက်တယ်။ ဒီအကြောင်း ပုဏားများကို နိမိတ်ဖတ်ခိုင်းတော့ " ဒီကလေး ငယ် ဟာ မွေးဖွားပြီး လူလားမြောက်တဲ့အခါ အဖကို သတ်မည့်သား" အဖရဲ့ ရန်သူဖြစ် လာမည့် သား" ဆိုပြီး ဟောလိုက်ပါလေရော။ ဒါနဲ့ ဒီကလေးကလည်း လူပြည်မရောက်ခင်ကတည်းက " အဇာတသတ္တု- မမွေးဖွားမီက ရန်သူဖြစ်နှင်သူ" ဆိုပြီး အမည်ဆိုးတွင်ခဲ့တာပဲ။ အကောင်း အဆိုး ဘာမှ မသိရသေးခင် အမည်ဆိုး တွင်ခဲ့ရရှာတာပါ။ ရန်သူအဖြစ်သတ်မှတ်ခံရတာပါ။

 

          ဝေဒဟီ မိဖုရားကြီးဆိုတာ ပညာအမြော်အမြင်ရှိတဲ့ အမျိုးသမီးတစ်ဦးပါပဲ။ ဒါပေမဲ့  သူဝမ်းထဲ လွယ်ခဲ့တဲ့ သားက ကျေးဇူးရှင် အရိယာဘုရင်ကြီးကို သတ်မယ်ဆိုတာမျိုးတော့ အဖြစ်မခံလိုဘူး။ ဒါနဲ့ ခုနပြောတဲ့ ဘေးမဲ့တောကြီးထဲ သွားပြီး ဗိုက်ကို အနှိပ်ခိုင်းတော့တာပဲ။ ဒါကို ရှင်ဘုရင်က သိတော့မှ " ကလေး သားလား သမီးလားတောင် မသိရသေးခင် ဗေဒင် ကိုယုံပြီး ဖျက်ချတယ်ဆိုတာ  တိုင်းတစ်ပါးကြားလို့မှ မတော်ဘူး။ လုံးဝမဖျက်ရ။ လူလား မြောက်အောင် စောင့်ရှောက်မွေးဖွားရမယ်" လို့ အမိန့်ထုတ်လိုက်ရတယ်။ ကရုဏာ တရားရဲ့ သင်္ကေတဖြစ်တဲ့ "ဘေးမဲ့တောကြီး"ကတော့ မဆီမဆိုင် "ဗိုက်ဖျက်(နှိပ်)ရာ" ဆိုတဲ့ ဆန့်ကျင် ဘက် ဂုဏ်ပုဒ်ကြီးတစ်ခုနဲ့တွဲပြီး ထင်ရှားသွားတာပေါ့။

 

          ရှင်ဘုရင့်အမိန့်ကို မလွန်ဆန်ရဲလို့သာ လွယ်ထားရပေမယ့် " မွေးဖွားလာရင် ဖအေကို သတ်မယ့်သားကလေးဖြစ်လာမှာ" ဆိုတဲ့ ဆိုတဲ့ သံသယစိတ်နဲ့ လွယ်ထားရတဲ့ မိခင်တစ် ယောက်ရဲ့ သားအပေါ် သက်ရောက်လာမယ့် စိတ်ထားကို ခန့်မှန်းကြည့်ရင် သိနိုင်တယ်။

 

          ဒါက အဇာတသတ် အမိဝမ်းမှာနေခဲ့ရတဲ့ အခြေအနေကို ပြောတာ။ မွေးဖွားလာတဲ့ အခါမှာတော့ မိခင်ကလည်း မျက်နှာမမြင်ရခင်က စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ မျက်နှာမြင်ရတဲ့ အခါမှာတော့ ကိုယ့်သားကို ချစ်ရှာမှာပါပဲ။  ဖခင်ဖြစ်တဲ့ ဗိမ္ဗိသာရ မင်းကြီးကတော့ ဘာပြော စရာရှိမလဲ။ သားဆိုတဲ့ မေတ္တာစိတ်အပြင် ထီးမွေနန်းလျာဆိုတဲ့  မျှော်လင့် အားထားစိတ် ပါပေါင်းပြီး အချစ်က ကြီးချင်တိုင်ကြီးတော့မှာပေါ့။ အဲ အထိန်းတော်၊ ချော့တော်ဆိုတာတွေ ကတော့ ဘယ်လိုစိတ်ထားကြမယ်ထင်သလဲ၊ အခု သူတို့ အားထာမှီခို နေရတဲ့ ဗိမ္ဗိသာရ မင်းကြီးဆိုတာ သောတာပန် အရိယာရှင်ဘုရာကြီးလည်းဖြစ်၊ မြတ်စွာဘုရားရှင် ကျောင်းဒကာ ကြီးလည်းဖြစ်တယ်။ ဒီကလေးက ကြီးလာရင် ဖအေသတ် မယ့်သား၊ တစ်နည်းပြောရရင် သူတို့ရဲ့ မှီခို အားထားရာကို ဖျက်ဆီးပစ်မယ့်ကလေး ဆိုတဲ့ အသိမှားက လွှမ်းမိုးထားတော့ ဘုရင့် အမိန့်ကြောင့် ပြုစုဆက်ဆံ နေရပေမေယ့် သူတို့စိတ် ထားတွေကတော့ သူတို့ရဲ့ မျက်နှာမှာ အမြဲပေါ်လွင်နေမှာပဲ။ မိခင်ကလည်း သားဆိုတဲ့ ချစ်ခြင်းရှိတာက ရှိတာတခြားပဲ။ အဖကို သတ်လိမ့်မယ်ဆိုတဲ့ သံသယ မျက်နှာထားကတော့ ကင်းနိုင်မှာ မဟုတ်ဘူး။

 

          အဲဒီတော့ အဇာတသတ် လူလားမြောက်လာခဲ့တဲ့ ဘ၀လမ်းကြောင်း တစ်လျှောက်မှာ မေတ္တာဓာတ်နဲ့ မေတ္တာရဲ့ အရိပ်ယောင် ဆိုတာ ဖခင်ဗိမ္ဗိသာရမင်းကြီးနဲ့ တွေ့ရတဲ့ အချိန်ပိုင်း လေးလောက်ပဲရှိမယ်။ ကျန်တဲ့ အချိန်တွေအားလုံးမှာ မေတ္တာပန်း ခန်းနေသူတွေရဲ့ သံသယ မျက်လုံးတွေနဲ့ပဲ အမြဲရင်ဆိုင်မနေရလောက်ပေဘူးလား။ ဒီလိုအခြေ အနေရှိတဲ့ ပတ်ဝန်းကျင် မှာ လူလားမြောက်ခဲ့ရတဲ့ အဇာတသတ်ရဲ့  စိတ်ထား၊ မျက်နှာထားကတော့ ဘယ်လိုဓာတ်တွေ ကူးစက်နေမလဲဆိုတာ ခန့်မှန်းသာကြည့်ကြပေရောတဲ့။

 

          အဇာတသတ်ရဲ့ ဘ၀နှင့် ပတ်သက်လို့ မိခင်နဲ့ ပတ်ဝန်းကျင်မှာသာ ချို့ယွင်းခဲ့တာ မဟုတ်ပါဘူး။ ဖခင်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးမှာလည်း တာဝန်မကင်းဘူး။ ချို့ယွင်းချက် ရှိ တယ်လိုပဲ ပြောရမယ်။ သူက သောတာပန်အရိယ ပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ ဘုရားရှင် ကျောင်း ဒကာကြီးလည်းဖြစ်လို့ ဘုရားသွားကျောင်တက်ဆိုတာ တယ်ပြတ်မှာမဟုတ်ဘူး။ အဲဒီခေတ် ကာလက သာဝတ္ထိပြည်မှာ ဘာသာရေးက အတော်ထွန်းကားတွင်ကျယ်နေကြပြီ။ လူကြီး လူကောင်း စာရင်းဝင်ဖို့အတွက် ဘာသာရေးနဲ့ ကင်းလို့ကို မဖြစ်တော့တဲ့ အခြေအနေမျိုး ဖြစ် နေ ပြီ။ အဇာတသတ်ရှင်ဘုရင်ဖြစ်ပြီးလို့ သူ့ဒုက္ခတွေငြိမ်းဖို့ တိုင်ပင်တဲ့အခါ သူ့အနားမှာ ခစားနေ တဲ့ အမတ်တွေက သူတို့ ကိုးကွယ်ဆည်ကပ်ရာ ဘာသာရေးဂိုဏ်းဆရာ အသီး သီးရဲ့ ဂုဏ် တွေကို ဖော်ပြီး သွားရောက်တွေ့ဆုံဖို့ အကြံပေးကြတာကို ကြည့်ပါလား။ ဘာသာရေး ဘယ်လောက် တွင်ကျယ်နေပြီလဲ သိသာတယ်။

 

          ဘုရားရှင်အပေါ်မှာ သဗ္ဗညုတ ဉာဏ်တော်ရှင်ကြီးဖြစ်တယ်ဆိုတာ ဗိမ္ဗိသာရမင်းကြီး အနေနဲ့ သံသယကြီးဖြစ်တယ်ဆိုတာ ဗိမ္ဗိသာရမင်းကြီးအနေနဲ့ သံသယမရှိ ယုံကြည်ပြီးသားဖြစ်တဲ့ သောတာပန်အရိယာကြီးပဲ။ တကယ်ဆိုရင် ဒီကလေးသန္ဓေတည်ကစ မိခင်ချင်ခြင်း တပ်တဲ့ကိစ္စကို မြတ်စွာဘုရားထံ လျှောက်ထားခဲ့လို့ရှိရင်လည်း သဗ္ဗညုတဘုရားရှင်က သောတာပန်အရိယာ မျိုးစေ့ကောင်းလေးဆိုတာကို အမှန်အတိုင်းမိန့်ကြားလိုက်မှာပဲ။

 

    ဒီလိုဖြစ်ခဲ့ရင် ထီးညွန့်နန်းလျာလည်းဖြစ်၊ သောတာပန်လောင်းလည်း ဖြစ်တယ်ဆိုတဲ့ သား သန္ဓေအပေါ်မှာ မိခင်ရဲ့ မေတ္တာတရားဟာ ချစ်ခြင်းနဲ့အတူ အားထာလေးစားတဲ့ စိတ်ပါ ပိုလာ ဥိးမယ်။  ဒီလိုဆိုရင် ကလေးရဲ့ အမည်တောင်မှ " အဇာတသတ္တု" လို့ မဖြစ်တော့ဘဲ  " အဇာတအရိယ- မမွေးဖွားခင်က အရိယာအဖြစ် ထင်ရှားသူ" လို့တောင် တင်စားမှည့်ခေါ်လာ နိုင်တယ်။

 

          သာဝတ္ထိရဲ့ ယဉ်ကျေးမှုတွေထဲမှာ ဘုရားသွား ကျောင်းတက်ဆိုတာ လူယဉ်ကျေးတွေ ရဲ့ သင်္ကေတတစ်ခုဖြစ်နေပြီး ဘာသာမဲ့သမားရယ်လို့ ခောတ်မစား၊ လူရာမ၀င်တဲ့ အခြေအနေ မျိုးလိုတောင်ဖြစ်နေတဲ့ အခြေအနေမှာ တခြားမိဘတွေဟာ သားငယ်သမီးငယ်တွေကို ဘုရား သွားကျောင်းတက် အတူခေါ်သွားရာက ခုနှစ်နစ် အရွယ်လောက်နဲ့ သောတာပန်ဖြစ်ကြ၊ သာသနာ့ ဘောင်ဝင်ကြတာတွေတောင် ရှိနေပြီ။ ဗိမ္ဗိသာရက  ဒီအချက်ကို မေ့ချန်ခဲ့တယ်။ ဒီနေရာမှာတော့ ဗိမ္ဗိသာရဟာ အနာထပိဏ်သူဌေးကြီးနဲ့ အတော်ကွာတယ်။ သူဌေးကြီးကတော့ သူ့သားပေတေတေ သမားကို ဘုရားကျောင်းသွားအောင် ဆုပေးစနစ်နဲ့ ကျင့်သုံးပြီး လူကောင်း သူကောင်းဖြစ်အောင် အားထုတ်ပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီအရွယ်မှာသာ အဇာတသတ်မင်းသား ဘုရားရှင်နဲ့ တွေ့ခဲ့ရင်လည်း သူ့စိတ်ဓာတ်၊ သူ့သဘာဝဟာ ပြောင်းလဲ သွားမှာ အမှန်ပဲ။ သောတာပန်မျိုးစေ့ကောင်း တစ်ယောက်ဟာ ဘုရားရှင်နဲ့ အချိန်မီတွေ့ခွင့် ရရင် မျိုးစေ့မှန်အပင်မှန် ပေါက်လာမှာ မလွဲဘူး။

 

          အဇာတသတ် အရွယ်ရောက်လာပြီ၊ ပတ်ဝန်းကျင်က သံသယမျက်လုံးနဲ့ ကြည့်သူ တွေရဲ့ မျက်နှာထားနဲ့ သူ့အပေါ် မေတ္တာစစ်နဲ့ ကြည့်တဲ့ ဗိမ္ဗိသာရဲ့ မျက်နှာထားတကို ကွဲပြား ခြားနားတာကိုလည်း အကဲခတ်နိုင်ပြီ။ သူကလည်း သူ့ပတ်ဝန်းကျင်မှာ အကျိုးလိုလားသူနဲ့ မလိုလားသူတို့ကို ခွဲခြားသိတတ်လာပြီ။ နန်းတွင်းပတ်ဝန်းကျင်မှာတော့ ဖခင်ကြီးကလွဲရင် အားလုံးလိုလိုဟာ ဗေဒင်ဆရာစကားကိုပဲ အခိုင်အမာစွဲ နေကြပြီ။ ဒီအချိန်ဟာ ဗီဇနဲ့ ပတ် ၀န်းကျင်တို့ရဲ့ အားပြိုင်ပွဲပဲ။

 

          ပစ္ဆိမဘ၀ိကသားလို့ ခေါ်တဲ့ အခုဘ၀မှာ မုချ ရဟန္တာဖြစ်ရမယ့် အင်္ဂုလိမာလတို့လို ပုဂ္ဂိုလ်မျိုးအပေါ်မှာ ပတ်ဝန်းကျင်ရဲ့ အရှိန်အ၀ါက ဘယ်လိုမှ သက်ရောက်နိုင်စွမ်းမှ မရှိပေ မယ့် သောတာပန်အရိယာမျိုးစေ့ လောက်ကတော့ အနာထပိဏ်၊ ၀ိသာခါတို့လို ဆုကြီးပန် တွေ မဟုတ်ခဲ့ရင် ပတ်ဝန်းကျင်က လွှမ်းမိုးသွားနိုင်တာတွေ့ရတယ်။ မကောင်းတဲ့ ဘက်မှာ လည်း  အလားတူပဲ။  ဒေ၀တ်တို့ စိဉ္စမာဏတို့လို သံသရာနဲ့ချီပြီး ရန်ငြိုးထားခဲ့သူများက လွဲရင် ဗီဇအပေါ် ပတ်ဝန်းကျင်က လွှမ်းမိုးသက်ရောက်သွားစမြဲပါပဲ။

 

          အဇာတသတ်ရဲ့ အခြေအနေကတော့ ပတ်ဝန်းကျင်မှာ ဖခင်ကလွဲရင် ဘယ်လူကြီး လူကောင်းကမှ လူရာသွင်းပြီး အပေါင်းအသင်း မလုပ်ကြတဲ့သဘောမျိုးပါပဲ။ သူနဲ့ပေါင်းသင်း စရာဆိုရင် သူလိုအပယ်ခံ တစ်ခု လောက်ဘဲ ရှိနေတော့မှာပေါ့။ ခေတ်ယဉ်ကျေးမှုအရ ကိုးကွယ် ဆည်းကပ်စရာ ဆရာဒကာဆိုတာ မရှိပြန်ရင်လည်း လူရာမ၀င်ချင်ပြန်ဘူး။ ဒါကြောင့် ကိုးကွယ်ဆည်းကပ်စရာ ဆရာတစ်ဦးရှိဖို့ လိုအပ်တယ်။

 

          အဇာတသတ်ရဲ့ ဒီလိုအခြေအနေကို အခွင့်အရေးအဖြစ် အသုံးချဖို့ကြိုးစားသူကတော့ ဒေ၀တတ်ပါပဲ။ သူက နန်းတွင်းမှာ အရွယ်ရောက်တဲ့အထိ ကြီးပြင်းလာရသူပီပီ လောကအရေးမှာ အတော်ကျွမ်းကျင်ပုံရပါတယ်။

    သာသနာ့ဘောင်မှာ ရဟန်းပြုခဲ့ပြီး လောကီ အဘိညာဉ် လောက်အထိ ရထားပေမယ့် လောကုတ္တရာ တရားထူးအတွက်တော့ သူ့စိတ်ဓာတ်အရကိုက ပါရမီဓာတ်ခံဝေးခဲ့တယ်။ အခုလည်း မြတ်စွာဘုရားရှင်နဲ့ တပည့်သာဝကကြီးတွေ လောကထဲ မှာ နေလိုသလို ထင်ရှားနေတာဟာ အသိုင်းအ၀ိုင်းနဲ့ ဒကာ၊  ဒကာမ အင်အား တောင့်တင်းလို့ ပဲလို့ ယုံကြည်နေတယ်။ သူ့အကြံက မြတ်စွာဘုရား ရှင်လည်း သက်တော်ကြီးပြီ။ သံဃာပရိတ် သတ်ကို သူကလွှဲယူပြီး အားကိုးလောက်တဲ့ ဒကာကောင်းတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ အ ရှိန်  အ၀ါကို တည်ထောင်မယ်လို့ ကြံစည်နေတာ။

 

          ဒါနဲ့ သူရဲ့ လောကီအဘိညာဉ်အစွမ်းနဲ့ အဇာတသတ်ကို အံ့သြလောက်အောင် လုပ်ပြပြီး စည်းရုံးတော့တာပါပဲ။ တရားအသိ ဝေးပြီး လောကီတန်ခိုးကို ကိုးကွယ်ရာလို့ အထင်ကြီးမိတဲ့အတွက် အဇာတသတ်ကလည်း ယုံကြည်ကိုးစားသွားတော့တယ်။ ဆည်းကပ် စရာ အားထားကိုးကွယ်ရာကို ရှာရာက ဒေ၀ဒတ်နဲ့ ဆုံမိသွားတဲ့ အဇာတသတ်ရဲ့ အဖြစ်က တော့ ရောဂါပျောက်ဖို့ တောထဲ ဆေးမြစ်ရှာထွက်ခါမှ မြွေပွေးတက်နင်းမိသူထက် ဆိုးပါတော့တယ်။

 

           ဆရာဒေ၀ဒတ် တိုက်တွန်းချက်အတိုင်း ထီးနန်းကို မရအရယူဖို့ ကြိုးစားရာမှာ ၀ှက်ယူ လာတဲ့ ဓားမြှောင်နဲ့ အတူမိလို့ ရှင်ဘုရင်ဆီခေါ်သွားတော့ သားအပေါ် အချစ်ကြိး သလောက် မျှော်လင့်အားထားတဲ့ ဗိမ္ဗိသာရက ထီးနန်းစည်းစိမ်ကို အလွယ်တကူ လွှဲအပ်ပေးလိုက်ပါတယ်။ "သူရှင်ဘုရာင်ဖြစ်ပြီ" ဆိုတာ လျှောက်ထားတော့ ဒေ၀ဒတ်က "မြေခွေးကို အတွင်းမှာထားပြီး သားရေနဲ့ စည်ကျက်ရင် ကိုက်ထွက်သွားမှာပေါ့ကွ၊ ရှင်ဘုရင်ကို အသက် ရှင်လျှက်ထားပြီး ထီးနန်းလွှဲယူထားလို့ လုံခြုံမှု ဘယ်ရှိမလဲ၊ အပြတ်ရှင်းရမယ်" လို့ တိုက်တွန်းပြန်တာနဲ့ နောက် ဆုံးတော့ အဇာတသတ်ဟာ "အဖေသတ်ကံ" ဆိုတဲ့ အဆုံးစွန်အမိုက်မဲဆုံးကံကြီးကို ကျူးလွန် မိသွားရပါတော့တယ်။

 

          ဒေ၀ဒတ်ကိုယ်တိုင်လည်း မြတ်စွာဘုရားထံ သံဃာပရိတ်သတ်ကို လွှဲအပ်ဖို့တောင်းခံ တယ်။ သူက မင်းမျိုး မင်းနွယ်ပီပီ သာသနာတော်ကို အရိုက်အရာ သဘောနဲ့ လွှဲအပ်လို့ရမယ် ထင်နေတာကိုး။ မြတ်စွာဘုရားက တရားသဘောနဲ့ ဆုံးမတာကိုလည်း နားမ၀င်တော့ဘူး ။ နောက်ဆုံးတော့ မြတ်စွာဘုရားရှင်ကို အသက်အန္တရာယ်ပြုဖို့ ကြိုးစားတော့တာပဲ။

 

          အဇာတသတ်ဘုရင်ဟာကိုယ်တိုင် အဖေသတ်ကံကြီးကို ကျူးလွန်ရရုံမကသေး ဒေ၀ဒတ်က ဘုရားရှင်ကို လုပ်ကြံရာမှာလည်း သူ့ရဲ့လေးသမားတွေကို စေလွှတ်ကူညီပေး ရတယ်။ လုပ်ကြံဖို့ လွှတ်လိုက်လေသမျှ လေးသမားတွေလည်း ဘုရားရှင်နဲ့တွေ့တော့ အမြင် မှန်ရပြီး ရဟန်းဖြစ်ကုန်၊ ဂိဇ္ဈကုဋ်တောင်ကအဆင်း ကျောက်မောင်းနဲ့ ဆင်ပြီး ကြံစည်တာ လည်း မအောင်မြင် ဖြစ်ရတော့ နောက်ဆုံးမှာ အဇာတသတ်မင်းပိုင်တဲ့ နာဠာဂီရိဆက်ကြီးကို အရက်တွေ မူးအောင်တိုက်ပြီး မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံကြွချိန်မှာ အနင်းခိုင်း တော့တာပဲ။

 

          ရဟန်းဖြစ်တဲ့ ဒေ၀ဒတ်ရယ်၊ ဘုရင်အဇာတသတ်ရယ်၊ တိရစ္ဆာန်ဖြစ်တဲ့ နာဠာဂီရိ ဆင်ကြီးရယ်၊ ပေါ့င်းပြီး ကြံစည်တဲ့ ဒီပွဲဟာ ဒေ၀ဒတ်ဘ၀ရဲ့ နေ၀င်ချိန်ကို အဆုံးအဖြတ် ပေးတဲ့ ပွဲကြီးပဲ။ မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ အစွမ်းကြောင့် တိရိစ္ဆာန်ဖြစ်တဲ့ နာဠာဂီရိ ဆင်ကြီးက အံ့သြလောက်အောင် ယဉ်ကျေးသိမ်မွေ့ပြီး ဘုရားရှင်ရဲ့ အဆုံးအမကို နာခံ နေတာ မြို့သူ မြို့သားတွေ မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့အခါ ဒေ၀ဒတ်ရဲ့ အကြံယုတ် အကျင့်ယုတ်တွေကို တစ်မြို့လုံးက ၀ိုင်းဝန်းရှုတ်ချကြပြီး၊ ဘုရင်ကိုလည်း ဒေ၀ဒတ်နဲ့ မပေါင်းဖို့ ၀ိုင်းဝန်းတောင်းဆို ကြလို့ အဇာတသတ်လည်း ဒေ၀ဒတ်နဲ့ အဆက်သွယ် ဖြတ်လိုက်တယ်။ ဒေ၀ဒတ်ရဲ့ ဘ၀ဟာလည်း နေညိုချိန်မက နေ၀င်ခါနီးရောက်သွားတော့တာပါပဲ။ ဒီဇာတ်လမ်းရဲ့ ဖာတ်သိမ်းပုံကလည်း အတော်ကို ကမောက်ကမ နိုင်တဲ့ ပြောစမှတ်ကြီးတစ်ခုပါ။

 

          ရဟန်းတော်ဖြစ်တဲ့ ဒေ၀ဒတ်က ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ပျံတော်မမူရရှာပဲ အ၀ီစိ အထိ နစ်တော်မူရတယ်။

          ရှင်ဘုရင် အဇာတသတ်လည်း နတ်ရွာမစံရဘဲ လောဟကုမ္ဘီဆိုတဲ့ ငရဲမှာခံရတယ်။

ဒါတောင် ဘုရားရှင်နဲ့ အတွေ့စောလိုက်လို့ အ၀ီစိမရောက်လိုက်ရတာ။

 

          တိရိစ္ဆာန်ဖြစ်တဲ့ နာဠာဂီရိဆင်ကြိးကတော့ ဘုရားရှင်ရဲ့ အဆုံးအမကိုနာခံပြီး အရက်သောတာ၊ သတ္တ၀ါတွေညှင်းဆဲတာတွေ ရှောင်ကြဉ်တဲ့အတွက် သေချိန်မှာ နတ်ရွာ စံရပါတတဲ့။

 

          အဇာတသတ်ဟာ ဖခင်လည်းဆုံးပြီး ဆရာရင်းဖြစ်တဲ့ ဒေ၀ဒတ်နဲ့လည်း လမ်းခွဲခဲ့ပြီးသူ့ရဲ့ လုပ်ရပ်မှားကြီးကိုလည်း ကိုယ်တွေ့ ကိုယ်ကြုံ သိမြင်ခံစားနေရပြီး ထီးနန်းစည်းစိမ်ကြီး ရထားပေမယ့် အိပ်မယ်လို့ ကြိုးစားလိုက်တိုင်း ဓားတွေ လှံတွေနဲ့ ၀ိုင်းပြီး ထိုးကြခုတ်ကြ တော့မလို အရိပ်နိမိတ်တွေ မြင်ပြီး ကြောက်လန့်နေရလို့ သူတစ်ပါးတွေအတွက် အိပ်စက် နားနေချိန်ဖြစ်တဲ့ ညဥ့်အခါဆိုတာ သူ့အတွက် တော့ ပစ္စုပ္ပန်ငရဲကျချိန်ကြီးအဖြစ် ညစဉ် ကြုံတွေ့ ခံစားနေရတယ်။

 

             နောက်ဆုံး ဖခင်က မွေးစားခဲ့တဲ့ မွေးစားနောင်တော် ဇီဝကရဲ့ အကူအညီနဲ့ မြတ်စွာဘုရားထံ ရောက်လို့ သာမညဖလသုတ် ဒေသနာကြီးကို လျှောက်ထားနာကြား ခွင့်ရတော့မှ ဒီ ဒုက္ခတွေက လွတ်မြောက်ခဲ့တော့တယ်။ ဒီတရားနာပြီးတဲ့အခါ သူရဲ့ ဗီဇ ပါရမီဟာ သောတာပန်ဖြစ်လောက်တဲ့ မျိုးစေ့ကောင်း ဖြစ်ခဲ့တယ်ဆိုတာ သိရပေမမယ့် အချိန် နှောင်းသွားပြီ။ ဘာနဲ့မှ ချေချက်လို့ မရတဲ့ ပဉ္စာနန္တရိယကံကြီးက သူရဲ့ ပါရမီမျိုးစေ့ကို ဖျက်ဆီး သွားပြီ။

 

          ချေဖျက်လို့ မရလောက်တော့တဲ့ ကံကြီးကို ကျူးလွန်ခဲ့မိပေမယ့် အဇာတသတ်က ဘုရားရှင်မိန့်တော်မူသလို အရိယာဖြစ်လောက်တဲ့ တိဟိတ်စစ်စစ်ဆိုတဲ့ ဇာတိကိုတော့ ပြခဲ့ပါတယ်။ သူများတွေလို" တစ်တက်စားလည်း ကြက်သွန်ဖြူ နှစ်တက်စားလည်း ကြက် သွန်ဖြူပဲ" ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်မျိုးမထားဘူး။

 

အပြစ်ကို အပြစ်လို့ ရှုခြင်း

တရားနဲ့အညီ ကုစား၊

နောင် ဘယ်တော့မှ မဖြစ်စေရဘူးလို့  ဆုံးဖြတ်စောင့်စည်း။

 

          ဒါဆိုရင် မြတ်စွာဘုရားရှင်ရဲ့" တရားသဖြင့် ဆုံးမရာ သာသနာတော်မှာ ကြီးပွားချမ်းသာ ကြောင်းသာဖြစ်တယ်" ဆိုတဲ့ ဘုရားရှင် အဆုံးအမကို ဥိးထိပ်ရွက် ပန်ဆင်ပြီး ရတနာသုံးပါးကို အတိုင်းထက်အလွန် ချီးမြှောက်ပူဇော်တယ်။ ပုထုဇဉ်ထဲမှာ သူ့ရဲ့ သဒ္ဓါတရားကို ဘယ်သူမှ လိုက်မမီအောင် အသာဆုံးဖြစ်အောင် ကြိုးစားတယ်။ ဒါတွေကြောင့်လည်း သူကျူးလွန်ခဲ့တဲ့ ကံဟာ နှစ်ပေါင်းကုဋေကုဋာကြာမယ့် အ၀ီစိငရဲအထိ ကျရောက်နိုင်ပေမယ့် အနှစ်ခြောက် သောင်းသာ ကြာမယ့် လောဟကုမ္ဘီငရဲသာ ခံစားရတော့တယ်။ အ၀ီစိကျရမယ့်သူ လောဟ ကုမ္ဘီငရဲလောက် ကျခံရတာဟာ တစ်သက်တစ်ကျွန်းကျရမယ့်သူ ချုပ်ရက်ရမန် တစ်ပတ်နဲ့ တရားသေ လွတ်ခဲ့ရသလောက် ကွာပါတယ်။ ဒါကြောင့် အဋ္ဌကထာဆရာက "သေ လောက် တဲ့ အပြစ်ကို ကျူးလွန်ခဲ့ပြီး ပန်းတစ်ဆုပ်နဲ့ ကျေအေးသွားလိုက်သလိုပါပဲ"လို့ မှတ်ချက် ချပါတယ်။

 

          ထိုင်သင့်တဲ့ အပြစ်ဒဏ်ခံရပြီး ပါရမီဆက်လက် ဖြည့်ဆည်းပြီးတဲ့အခါ " ၀ိဇိတာဝီ" အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါအဖြစ်နဲ့ ပရိနိဗ္ဗာန်ပြု လိမ့်မယ်လို့ မြတ်စွာဘုရားက နိယတဗျားဒိတ် စကားနဲ့ မိန့်ကြားတာကိုလည်း ခံယူ ရရှိလိုက်ပါတယ်။ သောတာပန်မျိုးစေ့ ရှုံးခဲ့ရပေမယ့် ပစ္စေက ဗုဒ္ဓ မျိုးစေ့ကို အရယူနိုင်အောင်ပြန်လည်ကြိုးစားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 

          ဘာဘဲဖြစ်ဖြစ် သံသရာခရီးဆိုတာ ဒုက္ခမီးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ခရီးကြမ်းကြီး ဖြစ်တယ်လို့ သဘောပေါက်မိရင်တော့ နောက်ထပ်ရရှိတဲ့ ပစ္စေကဗုဒ္ဓ မျိုးစေ့ထက် ဒီဘ၀ မှာ ရရှိတဲ့ သောတာပန်မျိုးစေ့က မြတ်နိုးစရာအမှန်ပါ။ ဒါပေမဲ့ အစဉ်အလာ ဓလေ့ဟောင်းတွေ လွှမ်းမိုးဆဲဖြစ်တဲ့ မိခင်နဲ့ ပတ်ဝန်းကျင်တို့ကြောင့် အဇာတသတ်ရဲ့ဘ၀က " ဗေဒင်ဆရာ ပုဏားများရဲ့ ပါးစပ်ဖျားမှာပဲ ကံကြမ္မာ တန်ရာနဲ့ လွဲခံ့ရတဲ့ အဖြစ်ရောက်သွားခဲ့ရပါတယ်" လို့ ကွင်းကျောင်းဆရာတော်က အကျယ်တ၀င့် သုံးသပ်ဆွေးနွေးပြတယ်။

 

          မိမိတို့ စာလိုက်သံဃာများကတော့ အဇာတသတ်မင်းဟာ " မိုးခါးမိခံရတဲ့ မျိုးစေ့ ကောင်းလေး" လို့ မှတ်ချက်ချကြပါတယ်။

          ဒိမိုးခါး ဘယ်ကစပြီး ရွာချခဲ့သလဲ။

          သားသမီးကောင်း မိဘဖြစ်လိုသူတိုင်း စဉ်းစားကြဖို့ပါ။

မျိုးစေ့ကောင်းကလေးများ မေတ္တာမိုးနဲ့ ထိတွေ့ နိုင်ကြပါစေ။

 

                                                 

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET