မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

        မိမိကလဲ ပဌာန်းသင်တန်း ပို့ချပေးဖို့ရောက်လာခိုက်ဖြစ်ပါတယ်။ မိမိက ဦးချဝတ်ပြုပြီးတဲ့အခါ ဆရာတော်က “အေး-ဓမ္မ ဘေရီဆရာတော်လား-ကောင်းတယ် တပည့်တော်က ခရီးသွားတယ်ဆိုတာ ခြေရာထင်အောင်သွားနိုင် သူကို လေးစားပါတယ်။ ရောက်ဖူးတယ်ရှိရုံသွားနေလို့ကတော့ ဘာမှအဓိပ္ပါယ်မရှိဘူး“ တဲ့။


    ဒီစကားကို ဆရာတော်က အမှတ်တမဲ့မိန့်ကြား လိုက်တာတော့ မဟုတ်လောက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်ကိုယ်တိုင်လဲ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်ဟူသမျှ ရောက်ဖူးတယ်ရှိရုံသွားနေတာမဟုတ်ဘဲ ခြေရာထင်အောင် သွားခဲ့တာချည်းပဲမဟုတ်လား။ တရားပွဲခြေရာများကတော့(နေရာမလပ် ခြေရာထပ်မျှ)ဆိုသလောက်ဖြစ်လို့ အထူးပြောစရာမလို တော့ ပါဘူး။


ပြည်တွင်းမှာဆိုရင် နာဂစ်ဒဏ်ခံဒေသများမှာ ပညာရေး ကျန်းမာရေးနဲ့ ပတ်သက်တဲ့အခိုင်အမာ ခြေရာတွေ၊ စာရေးသူရဲ့ ဇာတိဖြစ်တဲ့ နတ်မောက်မြို့ အပါအ၀င် ပြည်နယ်-တိုင်းဒေသအသီးသီးမှာ သီတဂူ ဆေးရုံ၊ ဆေးပေးခန်းတွေကစလို့ စစ်ကိုင်းမှာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူအာယုဒါနဆေးရုံတော်နဲ့ သီတဂူ ရေအလှူတော်၊ မန္တလေးမှာ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၊ ရန်ကုန်မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စတဲ့ အထင်ကရ ခြေရာကြီးတွေ။ စစ်ကိုင်း၊ သဲကုန်း၊ မိုးကုတ်၊ ဘိုကလေး၊ ကွမ်းခြံကုန်းတို့မှာ သီတဂူ ကျောင်းတိုက်တွေ။


    ဒီအမေရိကန်မှာဆိုရင် တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကြီးနဲ့ ရွှေစည်းဂုံစေတီ တော်ကြီး၊ မီနီဆိုးတား ပြည်နယ်မှာ သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်၊ အခုဖလော်ရီဒါပြည်နယ်မှာ သီတဂူသံဃ၀ိဟာရကျောင်း တိုက်ဆို တဲ့ ခြေရာကြီးတွေ။


    အဲဒီလို မရပ်မနား ကမ္ဘာအနှံ့ခြေရာထင်အောင် ခရီးသွားနေတဲ့ဆရာတော်တစ်ပါးက မိမိစွမ်းနိုင်သမျှ ပို့ချနေတဲ့ ပဌာန်း သင်တန်းများကိုလဲ ခြေရာတစ်ခုအဖြစ်နဲ့ သိသိမှတ်မှတ် မိန့်ကြားလိုက်တာဟာ ဆရာတော်အနေနဲ့ အမှတ်တမဲ့ မိန့်ကြားလိုက် တာမဟုတ်သလို မိမိအနေနဲ့လဲ ခရီးသွားတိုင်း “ငါသွားတဲ့ခရီးမှာ ထိရောက်တဲ့ခြေရာ ထင်ကျန်ရစ်ရဲ့လား“ လို့ အလေးအနက် သုံးသပ်ဆင်ခြင်စရာ အမှတ်တရ စကားဖြစ်နေပါတယ်။


    ဆရာတော်မိန့်ကြားတဲ့ စကားများဟာ စကားလုံးရေအရ မများလှပေမယ့် အဓိပ္ပါယ်အရ ကျယ်ဝန်းနက်နဲတဲ့ သြဇာဂုဏ်ကြီးမားတာချည်းဖြစ်လို့ အခု စကားရဲ့ အဓိပ္ပါယ်ကိုလဲ မိမိဥာဏ်မှီသမျှ ဆန့်ထုတ် စဉ်းစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။


    တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းတိုက်မှာ နတ်မှီဆရာတော်ကြီးရဲ့ မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲလုပ်တော့ ယ္ခုလက်ရှိ နတ်မှီဆရာတော် အရှင်ဆန္ဒာဓိကနဲ့ စကားစပ်မိခိုက်မှာ သီတဂူဆရာတော်ရဲ့စကားကို အဓိပ္ပါယ်ဆန့်ထုတ်ကြတဲ့ စကားဝိုင်း တစ်ခု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဓိကကတော့ “ခြေရာထင်အောင် သွားတဲ့ခရီး“ ဆိုတာ ဘယ်လိုခရီးမျိုးလဲဆိုတဲ့ အချက် ကိုပါပဲ။
    ဒီအချက်နဲ့ ပတ်သက်လို့ နတ်မှီဆရာတော် အရှင်ဆန္ဒာဓိက ဆွေးနွေးတင်ပြတာကတော့------


ခြေရာထင်အောင် ခရီးသွားဆိုတာနဲ့ပတ်သက်လို့ အဓိပ္ပါယ်ကောက်ယူဖို့ဆိုရင် မြတ်ဗုဒ္ဓရဲ့ ပထမဆုံး “ခရီးသွားအမိန့်တော် ပြန်တမ်း“ ကို အခြေခံစဉ်းစားကြည့်ရင်ပိုပြီး အဓိပ္ပါယ်ပေါ်လွင်မယ်လို့ထင်တယ်။


    မြတ်ဗုဒ္ဓ မိဂဒါဝုန်မှာ ပထမ၀ါဆိုပြီးလို့ ရရှိလာတဲ့တပည့်ရဟန္တာခြောက်ကျိတ်တို့ကို ပ၀ါရဏာပြုပြီးတဲ့ နေ့မှာပဲ ခရီးသွား အမိန့်တော် ပြန်တမ်းကြီးကို ထုတ်ပြန်လိုက်ပါတယ်၊ အဲဒီအမိန့်တော်ပြန်တမ်းမှာ ဘယ်လိုပါသလဲဆိုတော့---


    “စရထ ဘိက္ခဝေ စာရိကံ- ချစ်သားတို့ ခရီးထွက် ကြရမယ်” တဲ့။ ဘယ်လိုရည်ရွယ်ချက်နဲ့ ခရီးထွက်ကြရမှာလဲ ဆိုတော့-“ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ၊ လောကာနုကမ္ပါယ၊ အတ္ထာယ၊ ဟိတာယ၊ သုခါယ၊ ဒေ၀မနုဿာနံ- သတ္တ၀ါတို့ရဲ့ အကျိုး စီးပွားနဲ့ ချမ်းသာသုခကို ဆောင်ရွက်ပြီး လောကကိုစောင့်ရှောက်ဖို့၊ နတ်လူအပေါင်းတို့ရဲ့ အကျိုးစီးပွားများနဲ့ ချမ်းသာ သုခတွေ ဖြစ်ထွန်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက် ခရီးသွားရမှာဖြစ်တယ်” လို့ ဆိုပါတယ်။


    မြတ်ဗုဒ္ဓရဲ့ ဒီအမိန့်တော်ပြန်တမ်းဟာ အခုန သီတဂူဆရာတော်ကြီးမိန့်ကြားတဲ့ ရောက်ဖူးတယ်ရှိရုံ ခရီးသွားတာမျိုး မဖြစ်စေဘဲ ခြေရာထင်အောင်ခရီးသွားတတ်ဖို့အတွက် အခြေခံထားရှိရမယ့် ရည်ရွယ်ချက် ဖြစ်တယ်လို့ အဓိပ္ပါယ်ယူနိုင်မယ် ထင်ပါတယ်။ ဒါက ထားရမည့် ရည်ရွယ်ချက်ပဲရှိသေးတယ်။


    ဒါ့ပြင် ခြေရာထင်အောင်က ဘာတွေဆောင်ရွက်ရမှာလဲဆိုတော့---
“ဒေသေထ ဘိက္ခဝေ ဓမ္မံ အာဒိကလျာဏံ” စတဲ့ ပါဠိအတိုင်းပေါ့လေ-အစ-အလယ်-အဆုံး ကောင်းခြင်း သုံးဖြာနဲ့ပြည့်စုံတဲ့ တရားကိုလဲ ဟောကြားရမှာတဲ့။ ဒီနေရာမှာ အစ-အလယ်-အဆုံးဆိုတာ သီလ-သမာဓိ-ပညာဆိုတဲ့သိက္ခာသုံးပါး ဆိုတာတော့ အားလုံး သဘောပေါက်ကြပြီးသားပါပဲ၊ အဓိကဆိုလိုရင်းက လူကြိုက်များရုံ ပွဲကျရုံသက်သက်တရားမျိုးမဟုတ်ဘဲ လူကျိုးများ မယ့် တရားမျိုးကို ဟောကြားရမှာလို့ ဆိုလိုတာပဲ။


    သီတဂူဆရာတော် စကားနဲ့ဆက်စပ်ပြီး အဓိပ္ပါယ်ဖွင့်ရမယ် ဆိုရင်တော့ လူကြိုက်ကိုလိုက်ပြီး ဟောတဲ့ တရားမျိုးနဲ့ ခြေရာမထင်နိုင်ဘူး၊ လူကျိုးကိုငဲ့ပြီးဟောတဲ့တရားဖြစ်မှ ခြေရာထင်တဲ့ တရားမျိုးဖြစ်မယ်လို့ အဓိပ္ပါယ်ကောက်ရင်လဲရမှာပါ။


    ပြီးတော့ နောက်ဆုံးအရေးကြီးတဲ့အချက်က--
“ကေ၀လပရိပုဏ္ဏံ၊ ဗြဟ္မစရိယံ၊ ပကာသေထ= အကျင့်မြတ်ရဲ့ ထက်ဝန်းကျင်ပြည့်စုံပုံကိုထင်ရှားပြကြ” တဲ့။ ဒါကအတော် အဓိပ္ပါယ်ကျယ်ဝန်းတယ်လို့ နတ်မှီဆရာတော်ကြီးရှိစဉ်က မိန့်ကြားဖူးပါတယ်။ အကျင့်မြတ်ရဲ့ ပြည့်စုံပုံကို ထင်သာမြင်သာဖြစ် အောင် ဘယ်လိုပြကြမလဲ၊ ဒါကို စဉ်းစားကြည့်တဲ့အခါ---


    မြတ်ဗုဒ္ဓရဲ့ အမိန့်တော်အရ ပထမ၀ါကျွတ်ရဟန်းတော်တို့ရဲ့ ခရီးစဉ်တွေထဲမှာ ရာဇဂြိုလ်ဒေသကိုကြွတော်မူတဲ့ အရှင်အဿဇိမထေရ်မြတ်ရဲ့ အသွင်အပြင် ဣနြေ္ဒတို့က အကျင့်မြတ်ကို လိုက်လံရှာဖွေနေတဲ့ အရှင်သာရိပုတ္တရာလောင်းလျာ ဥပတိဿကို တိမ်းညွှတ်လာအောင် ထင်ရှားပြခဲ့တာတို့၊ နိဂြောဓသာမဏေက အသောကမင်းကြီးရဲ့စိတ်ကို မြတ်ဗုဒ္ဓ သာသနာတော်ဘက် တိမ်းညွှတ်လာအောင် ထင်ရှားပြတာတို့လိုမျိုးလို့လည်း ဆိုနိုင်ပါတယ်။


    ပြီးတော့ မြတ်ဗုဒ္ဓရဲ့ ဗြဟ္မစရိယထွန်းကားရာ မြန်မာပြည်မှာကြည့်မယ်ဆိုရင်၊ ဥပမာ-ပုဂံဆိုပါတော့-ပုဂံမှာရှိတဲ့ စေတီ ဘုရားပုထိုးတွေကို မြင်လိုက်ရုံနဲ့ တစ်ချိန်က ပုံဂံပြည်မှာ အကျင့်မြတ်ထင်ရှားရှိခဲ့ပုံကို ဗုဒ္ဓဘာသာဝင်မဟုတ်သူများပင် သိသာ မြင်သာလောက်တဲ့ အသွင်အပြင်တွေ။ မြန်မာပြည်ရဲ့ ပခုက္ကူ၊ မန္တလေး၊ စစ်ကိုင်းစတဲ့မြို့ကြီးတွေမှာရှိတဲ့ စေတီဘုရားပုထိုးတွေ၊ စာသင်တိုက်ကြီးတွေ အစရှိတာတွေဟာ အကျင့်မြတ်ရဲ့ ပြည့်စုံမှုကို သိသာထင်ရှားစေတဲ့ ဥပနိဿယပစ္စည်းတွေလို့ ဆိုရမှာပဲ ဆိုတဲ့ အကြောင်း အကျယ်တ၀င့် တင်ပြဆွေးနွေးသွားပါတယ်။


------
    သီတဂူဆရာတော်ရဲ့ ပြည်တွင်းပြည်ပ သာသနာပြုခရီးတွေထဲက ပြည်တွင်းမှာ ထင်ကျန်နေတဲ့ ခြေရာများကတော့ အထူးပြောစရာမလိုတော့ပါဘူး၊ ပြည်ပခရီးတွေထဲက အမေရိကန်မှာဆိုရင်တော့ ပထမဆုံး တက္ကဆက်ပြည်နယ်၊ အော်စတင် မြို့မှာ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကြီးကို တည်ထောင်ပြီး  ကျောင်းဆောင်ကြီးငယ်တွေနဲ့ ဓမ္မာရုံကြီးအပါအ၀င် ခန့်ညား ထည်ဝါတဲ့ ရွှေစည်း ခုံစေတီတော်မြတ်ကြီးဟာ ရောက်ရှိဖူးမြင်ရသူတိုင်းရဲ့ စိတ်နှလုံးကို ချမ်းမြေ့ကြည်နူးစေလောက်အောင် ထင်ရှားပြနိုင်ခဲ့ပါပြီ။


    ဒုတိယခြေရာအဖြစ် မီနီဆိုးတားပြည်နယ်၊ သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်မှာလဲ အလားတူ ထင်ရှားသိသာစေဖို့ စီမံကိန်း ချပြီး(၂၄)ဧက ကျယ်ဝန်းတဲ့ ခြံမြေကြီးနဲ့ စတင်နေပါတယ်။


    အခု တတိယခြေရာဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊  သီတဂူသံဃ၀ိဟာရကျောင်းတိုက်ကို တည်ထောင်ခဲ့တာဟာ အခုဆို သုံးနှစ်ခရီးပြည့်လို့ လေးနှစ်မြောက် စတုတ္ထခြေလှမ်းကို ကျောင်း၊ ဇရပ်၊ ရေကန်၊ ဓမ္မာရုံ၊ စေတီဘုရား ပုထိုးများနဲ့ ပြည့်စုံ ထည်ဝါစွာ ထင်ရှားပြဖို့ စတင်နေပြီဖြစ်ပါတယ်။


    တချိ့ကတော့ “အမေရိကန်မှာ ဒီလောက်ကြီးကျယ်တဲ့ကျောင်းတိုက်ကြီးတွေနဲ့ စေတီပုထိုးတွေကို ဒီလောက်အကုန် အကျအများကြီးခံပြီး တည်ဆောက်နေတာ သာသနာအတွက် ဘယ်လိုအထောက်အကူ ဖြစ်နိုင်မှာမို့လဲ” လို့ မေးကြသူတွေ ကိုလဲ တွေ့ကြုံရပါတယ်။ သူတို့အတွက် အဖြေကို စဉ်းစားရင်း အိန္ဒိယနိုင်ငံက အဘိဓမ္မာပညာရှင်ကြီး ရာဟုလာ သံကိစ္စည်းပြောခဲ့တဲ့ စကားတစ်ခုကို သွားပြေးသတိရမိပါတယ်။


    ၁၉၅၉-ခုနှစ်လောက်ကလို့ ထင်ပါတယ်၊ ရာဟုလာသံကိစ္စည်း မြန်မာပြည်ကိုရောက်လာခိုက် ရန်ကုန်မြို့၊ ဂန္ဓီခန်းမမှာ နုတ်ဆက်ဂုဏ်ပြု ဧည့်ခံပွဲလုပ်တယ်။ အဲဒီပွဲကို အိန္ဒိယမှာ ပညာသင်စဉ်ကတည်းက ရင်းနှီးခင် မင်ခဲ့ကြတဲ့ တောင်တွင်းကြီး မြို့၊ နတ်မှီတော်ရဆရာတော်ကြီးအရှင်ဥက္ကဋ္ဌ နဲ့ ဆရာပါရဂူ စတဲ့ပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။ အဲဒီတုန်းက ဆရာတော်အရှင် ဥက္ကဋ္ဌက အိန္ဒိယကို သာသနာပြုရဟန်းတော်များ စေလွှတ်ဖို့ ကြိုးစားနေတဲ့အချိန်ပါ။


    အိန္ဒိယမှာ ဗုဒ္ဓသာသနာပြန်လည်ထွန်းကားရေးနဲ့ ပတ်သတ်ပြီး နတ်မှီတောရဆရာတော်ကြီးက ရာဟုလာသံကိစ္စည်းကို အကြံဥာဏ်တောင်းတဲ့အခါ ဆရာကြီးရာဟုလာသံကိစ္စည်းက---


    “တဏှာလောဘကို ဒုက္ခအားလုံးရဲ့အဓိက လက်သည်အဖြစ် သတ်မှတ်ပြီး တဏှာလောဘ လျော့ပါးကုန်ခမ်းရေးဆိုတဲ့ ဦးတည်ချက်နဲ့ သာသနာပြုနေတဲ့ ဂေါတမဗုဒ္ဓဟာ တဏှာလောဘ အကြီးစားတွေဖြစ်တဲ့ ဗိမ္ဗိသာရတို့ ကောသလတို့လို ပဒေသရာဇ်ကြီးတွေ အနာထပိဏ်တို့ ၀ိသာခါတို့လို အရင်းရှင်ကြီးတွေကို မိမိရဲ့ ခြေဖ၀ါးအောက် ရောက်လာအောင် ဘယ်လို စည်းရုံးခဲ့သလဲဆိုတဲ့ အဖြေကိုရှာနိုင်ရင် အိန္ဒိယကို ဗုဒ္ဓသာသနာထွန်းကားလာအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒီအဖြေကို မရှာနိုင်ရင်တော့ အိန္ဒိယမှာ ဗုဒ္ဓသာသနာထွန်းကားအောင် လုပ်ဆောင်နိုင်ဖို့ မလွယ်ဘူး” လို့ အကြံပေးခဲ့ပါသတဲ့။


    ဒီအဖြေကို ၀ိုင်းဝန်းစဉ်းစား ရှာဖွေတဲ့အခါ နောက်ဆုံး နတ်မှီတောရဆရာတော်ကြီးကတော့ “လူကို စည်းရုံးရာမှာ အထိရောက်ဆုံးက လူ့လိုအပ်ချက်ကို ဖြည့်စွက်ပေးနိုင်ခြင်းပဲ။ လောကီစည်းစိမ်တွေ အာဏာတွေနဲ့ ပြည့်စုံနေသူတွေမှာ အဓိကလိုအပ်ချက်က စိတ်အေးငြိမ်းချမ်းသာခြင်းဆိုတဲ့ ဓမ္မချမ်းသာဖြစ်တယ်။ ဒီလိုအပ်ချက်ကို ဖြည့်စွက်ပေးနိုင်ခဲ့ လို့သာ လောကီချမ်းသာအသီးသီးနဲ့ ပြည့်စုံကြသူတွေ ဘုရားရှင်ရဲ့ခြေဖ၀ါးအောက်မှာ ၀ပ်စဉ်းလာကြတာဖြစ်တယ်” လို့ ကောက်ချက်ချ ပါတယ်။


    အခု အမေရိကန်နိုင်ငံမှာဆိုရင်လည်း လောကီစည်းစိမ်ချမ်းသာများအနေနဲ့ ကမ္ဘာမှာအပြည့်စုံဆုံးဆိုတဲ့ နိုင်ငံကြီးတွေ ထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့နိုင်ငံပါ။ အရာရာကို အမှတ်တမဲ့မရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ “ရုပ်ဝတ္ထု စည်းစိမ်ချမ်းသာတွေ ဆိုတာ ခံစားနိုင်စွမ်း နည်းလာတာနဲ့အမျှ ချမ်းသာကိုပေးဆောင်နိုင်တဲ့ ပါဝါတွေလျော့ပါးလာရုံမျှမက မကျေနပ်စရာ ဆင်းရဲ ဒုက္ခတွေ တိုးပွားများပြားလာနေတယ်” ဆိုတာကိုလည်း သတိပြုမိကြမှာပါ။ အဲဒီအခါမှာ သူတို့ရဲ့ မကျေနပ်မှုတွေ၊ ပူဆွေးသောကတွေကို ဖယ်ရှားပေးနိုင်တဲ့ ဓမ္မချမ်းသာဆိုတာ ရှိတယ်လို့ကြားသိရတာနဲ့တစ်ပြိုင်နက် ဒီလိုအပ်ချက်ကို ဖြည့်စွက် ပေးနိုင်တဲ့နေရာကိုလဲ စုပြုံရောက်ရှိလာကြ တာပါပဲ။


    ကိုလိုရာဒိုဆိုတဲ့ပြည်နယ်မှာ ဒလိုင်လန်းမား တည်ထောင်ထားတဲ့ တရားစခန်းကျောင်းတိုက်ကြီးဆိုတာ တကယ့်ကိုမှ တောနက်ကြီးထဲမှာပဲ။ လာရောက်အားထုတ်ကြမည့်သူတွေအတွက် နေစရာ အဆောက်အဦးတောင် အခိုင်အမာသိပ်မရှိလှပါဘူး။ အဲဒီမှာ လာရောက်ပြီး တရားအားထုတ်ကြသူတွေဟာ ကိုယ့်ရွက်ဖြင်တဲ ကိုယ်ဆောက်ပြီး အားထုတ်နေကြတာ ရာသီ ဥတုမျှတချိန်မှာဆိုရင် နေ့စဉ်မပြတ်ရာနဲ့ချီပြီး ရှိနေကြပါတယ်။


    သီတဂူဆရာတော် အမေရိကန်မှာ တည်ထောင်ထားတဲ့ တရားစခန်းများထဲက အခုပြီးစီးနေပြီးဖြစ်တဲ့ တက္ကဆက်ပြည် နယ်၊ အော်စတင်မြို့က သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကြီးမှာဆိုရင် လာရောက်အားထုတ်ကြမည့်သူများအတွက် အသင့်နေ ထိုင်နိုင်တဲ့ ယောဂီကျောင်းဆောင်တွေ၊ ရေ၊ မီး၊ ရေချိုးခန်း၊ ရေလောင်းအိမ်သာ၊ အပူစက်၊ အအေးစက်များပါ အပြည့်အစုံးဖြစ်လို့ ဒီနေရာအကြောင်းသိလာတာနဲ့အမျှ လိုအပ်ချက်ရှိသူတွေ ၀င်လာမစဲဖြစ်လာမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ လူဆိုတာ လိုအပ်ချက်ပြည့်စုံစေမယ်ဆိုရင် အဝေးအနီးဆိုတာ အရေးမကြီးတော့တာ သဘာဝပါပဲ။


အတိုချုပ်ပြောရရင်တော့ ဒီလိုနေရာမှာ ဒီလောက်ကြီးကျယ်တဲ့ အဆောက်အဦးတွေနဲ့ ဒီလောက်အကုန်အကျခံပြီး တည်ထောင်နေတာဟာ ဒီဒေသရဲ့ လိုအပ်ချက်တွေကို ဗုဒ္ဓသာသနာတော်က အပြည့်အ၀ ဖြည့်စွက်ပေးနိုင်တဲ့ အကျိုးရှိတာကို မျှော်ကိုး သိမြင်လို့ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့သာ ဆိုရာမှာပါ။


    သူတပါးအပေါ်မှာ ခြေရာထင်အောင် ခရီးသွား တတ်သူကို လေးစားအသိအမှတ်ပြုတတ်တဲ့ ဆရာတော်ဟာ သူကိုယ်တိုင်သွားခဲ့တဲ့ ခရီးစဉ်များမှာလည်း ခြေရာထင်ကျန်ခဲ့ရုံမျှမက “ဆင်သွားရာ လမ်းဖြစ်” ဆိုသလို နောင်လာနောင်သား အတုယူလိုက်နာစရာ လမ်းကြောင်းထင်ကျန်ရစ်အောင် ခရီးသွားနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်လို့ ဆိုရင်လည်း အတိဝုတ္တဒေါသ သင့်နိုင်ဘွယ်မရှိလောက်ပါဘူး။


    သီတဂူဆရာတော်ရဲ့ ခြေရာထင်ပြီး လမ်းဖြစ်သွားတဲ့ခြေရာတွေထဲက အမေရိကန်နိုင်ငံမှာ တတိယမြောက်ခြေရာလို့ ဆိုရမည့် ဖလော်ရီဒါပြည်နယ်က သီတဂူသံဃ၀ိဟာရကျောင်းတိုက်ကြီးဟာလဲ သုံးနှစ်ပြည့်မြောက်လို့ လေးနှစ်ရောက်တဲ့ စတုတ္ထ ခြေလှမ်း

ကစလို့ လောကရဲ့လိုအပ်ချက်ဖြစ်တဲ့ ဓမ္မချမ်းသာကို အပြည့်အ၀ ဖြည့်စွက်ပေးနိုင်သည်အထိ ပြီးပြည့်စုံအောင် “ဆရာဒကာ နှစ်ဖြာနှစ်ဝ၊ သဒ္ဓါမျှလျက်၊ အမတကြငှန်း၊ နိဗ္ဗာန်နန်းတိုင်၊ စောင်းတန်းသွယ်နိုင်ကြပါစေ” လို့ ဆုတောင်းရင်း မုဒိတာပွား လိုက်ပါတယ်။

 

ဓမ္မဘေရီ - အရှင်ဝီရိယ
June 27, 2014

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET